← Chapters

ဓားပြများကို သတ်ဖြတ်ခြင်း။

Vol. 3 Ch. 34

ဓားပြများကို သတ်ဖြတ်ခြင်း။

Vol. 3 Ch. 34

လူအများ၏ စုပေါင်းအားထုတ်မှုအောက်တွင် တစ်ရက်အတွင်းမှာပင် သော်ကရွာ၏ ပတ်ပတ်လည်၌ ခြံစည်းရိုးများ ခတ်လုပ်ပြီးစီးသွားခဲ့လေသည်။ သူစိမ်းများ ဝင်ထွက်သွားလာခြင်း မပြုနိုင်စေရန်အတွက် ရွာဝင်ပေါက် တစ်ပေါက်တည်းသာ ချန်လှပ်ထားလိုက်၏။

ထို့ပြင် ရွာထဲရှိ အိမ်တိုင်းတွင် မောင်းများနှင့် ဗုံများကို ဝယ်ယူထားကြသည်။

ညဘက်၌ သူခိုးဝင်လာပါက အခြားရွာသားများကို သတိပေးနိုင်ရန်အတွက် မောင်းများနှင့် ဗုံများကို ချက်ချင်းတီးခတ်နိုင်ရန် ဖြစ်၏။

သို့မှသာ သူခိုးကို အချိန်မီ ဖမ်းဆီးနိုင်မည် ဖြစ်ပေသည်။

"ယောကျာ်း... ကိစ္စတစ်ခုခု ဖြစ်လာမယ်လို့ ထင်လားဟင်"

စုဝေဝေက စိုးရိမ်တကြီး မေးရှာသည်။

ရွာထဲရှိ လှုပ်ရှားမှုများသည် ကြီးမားလွန်းလှသဖြင့် မုန်တိုင်းမလာမီ ကြိုတင်ပြင်ဆင်နေသကဲ့သို့ ခံစားနေရသောကြောင့်ပင်။

"ဘာမှ စိတ်ပူစရာ မရှိပါဘူး... ဒါက ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်ထားတာပါ"

"တကယ်လို့ အဲ့ဒီသူခိုးတွေ လာရဲရင် အကုန်သတ်ပစ်လိုက်မယ်"

ကျန်းဖန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ ဤသည်မှာ စွမ်းအားက သူ့အား ပေးစွမ်းသော ယုံကြည်မှုပင် ဖြစ်သည်။

အကယ်၍ သူသာ ယခင်က တံငါသည်လေး အဖြစ် ရှိနေဆဲဆိုလျှင် ဤကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရပါက ကြောက်လန့်တကြား ဖြစ်နေခဲ့ပြီးလောက်ပြီ။

ယခုကဲ့သို့ လေမုန်တိုင်းကို အေးဆေးစွာ ထိုင်ကြည့်နေနိုင်မည် မဟုတ်ချေ။

သို့သော် လတ်တလောတွင် သူခိုးဓားပြများ သောင်းကျန်းနေသဖြင့် ငါးဖမ်းမထွက်ခြင်းက ပိုကောင်းပေသည်။

သူက ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်သော်လည်း အိမ်ရှိ စုဝေဝေ တစ်ခုခုဖြစ်သွားမည်ကို အစိုးရိမ်ဆုံး ဖြစ်သည်။

သူခိုးကို ရက်ပေါင်းတစ်ထောင် ကာကွယ်စောင့်ကြည့်နေရန် အကြောင်းမရှိပေ။

အနာဂတ် ပြဿနာများကို ရှင်းလင်းရန်အတွက် သူခိုးအားလုံးကို တစ်ကြိမ်တည်းဖြင့် ဖမ်းဆီးသတ်ဖြတ်ပစ်မည့် အခွင့်အရေးတစ်ခု ရှာဖွေသင့်ပေသည်။

"ကောင်းပါပြီ"

ထိုစကားကို ကြားရသော် စုဝေဝေ စိတ်သက်သာရာ ရသွားလေသည်။

ဤအမျိုးသား၏ ဘေးနားတွင် ရှိနေသမျှ ကာလပတ်လုံး သူမသည် အလုံခြုံဆုံးသော ဆိပ်ကမ်းတွင် ရောက်ရှိနေသည်ဟု ခံစားနေရသည်။

အခြားပြဿနာများကို စိုးရိမ်နေစရာ မလိုတော့ပေ။

......

သန်းခေါင်ယံ အချိန်၊ ကြယ်ရောင် မရှိသလောက် နည်းပါးနေသော ကောင်းကင်အောက်တွင် ဖြစ်သည်။

လူရိပ်သုံးခုသည် သော်ကရွာ၏ သစ်သားစည်းရိုးကို တိတ်တဆိတ် ကျော်တက်ကာ ရွာထဲသို့ ဝင်ရောက်လာကြ၏။

သူတို့၏ လှုပ်ရှားမှုများမှာ အလွန် လျင်မြန်သွက်လက်လှပေသည်။

"အစ်ကိုကျောက်... ဒီည သော်ကရွာထဲကို တကယ်ကြီး ထပ်ဝင်ဦးမလို့လား"

"မနေ့ညကမှ ဒီရွာက မိသားစုတစ်စုကို သတ်ခဲ့လို့ သူတို့ သတိထားနေကြပြီလေ"

"အခုဆို လုံခြုံရေးက တော်တော်တင်းကြပ်နေပြီတဲ့"

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော သန်မာသည့် လူတစ်ယောက်က အသံနက်ကြီးဖြင့် ပြောလိုက်သည်။

"မကြောက်ပါနဲ့ကွ... တံငါသည်တွေပဲဟာ... ငါတို့ကို ဘာလုပ်နိုင်မှာလဲ"

"မြောက်ပိုင်းမှာ ခိုးတုန်းကဆို ငါတို့က မျက်နှာကျက်တွေ၊ တံတိုင်းတွေကိုတောင် ကျော်ခဲ့တာလေ"

"ဒီစည်းရိုးလောက် ကာရံထားရုံနဲ့ ငါတို့ကို တားနိုင်မယ် ထင်နေလား... အိပ်မက်မက်နေကြတာပါ"

"ငါက ထပ်ပြီး ခိုးပြလိုက်ချင်တာ... သူတို့ ဘယ်လောက်ကြိုးစားကြိုးစား အလကားပဲဆိုတာ ပြချင်လို့"

"ပြီးတော့ ဒီအလုပ်ပြီးတာနဲ့ တို့တွေ ထွက်ပြေးပြီး မျက်ခုံးနီ သူပုန်တပ်ထဲ ဝင်လိုက်ကြမယ်"

"အဲ့ကျရင် သူတို့ ဒေါသထွက်နေရင်တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး"

ကျောက်လောင်ဝူက မောက်မာစွာ ပြောလိုက်သည်။

သူသည် ရွာသားများက သူ့ကို မုန်းတီးနေသော်လည်း သူ့ကို ဘာမှမလုပ်နိုင်သည့် အခြေအနေမျိုးကို မြင်ချင်နေခြင်း ဖြစ်သည်။

"အစ်ကိုကျောက်... ဒီည ဘယ်အိမ်ကို ခိုးမှာလဲ"

အခြားလူငယ်တစ်ယောက်က စပ်စုလိုက်သည်။ သူသည် ဂိုဏ်းထဲသို့ စောစောစီးစီး ဝင်ရောက်ခဲ့ပြီး ကျောက်လောင်ဝူကို အကြွင်းမဲ့ ယုံကြည်သူလည်း ဖြစ်၏။

"ငါ အရင်ကတည်းက တံငါသည်အိမ်တစ်အိမ်ကို အကဲခတ်ထားတယ်"

"လင်မယားနှစ်ယောက်တည်း နေတာ... အသက် ၁၇၊ ၁၈ လောက်ပဲ ရှိဦးမယ်"

"တစ်နေ့ သုံးနပ် ချက်ပြုတ်စားသောက်ကြပြီး နေ့တိုင်း မီးခိုးတလူလူ ထွက်နေတာဆိုတော့ သူတို့အိမ်က တော်တော် ချမ်းသာပုံရတယ်"

"သာမန်မိသားစုဆိုရင် တစ်နေ့ သုံးနပ် ဘယ်စားနိုင်မလဲ"

"ပြီးတော့ လူလည်း နည်းတာဆိုတော့ သူတို့ တွေ့သွားရင်တောင် ငါတို့က အချိန်မီ နှိမ်နင်းနိုင်မှာပါ"

ကျောက်လောင်ဝူ၏ မျက်လုံးများ အေးစက်စွာ အရောင်လက်သွား၏။ သူသည် ကျန်းဖန်၏ မိသားစုကို ပစ်မှတ်ထားသည်မှာ ကြာပြီဖြစ်ပြီး ကြီးပွားချမ်းသာရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

"အစ်ကိုကျောက်... အစ်ကို့သဘောပါပဲ"

"ဒီအလုပ်ပြီးရင် ပျောက်ချင်းမလှ ပျောက်သွားပြီး မျက်ခုံးနီ သူပုန်တပ်ထဲ ဝင်ကြတာပေါ့"

ထိုနှစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။

ဝှစ်…

ညအမှောင်ထု၏ တိတ်ဆိတ်မှုကြားတွင် ကြောင်များကဲ့သို့ သွက်လက်သော လူသုံးယောက်သည် ကျန်းဖန်၏ နေအိမ်စီသို့ တိတ်တဆိတ် တိုးကပ်လာကြသည်။

အိမ်ထဲမှ အသံဗလံများကို နားစွင့်လိုက်ရာ ပုံမှန် အသက်ရှုသံများကို ကြားလိုက်ရလေသည်။

ချက်ချင်းပင် စိတ်အေးသွားကြ၏။ အိမ်ရှင် အိပ်ပျော်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။

အသံမထွက်အောင် ဂရုစိုက်ပြီး ပစ္စည်းများကို ခိုးယူကာ ထွက်ပြေးရုံသာ ရှိတော့သည်။

ကလစ်…

ကျောက်လောင်ဝူနှင့် အပေါင်းအပါများသည် တံခါးသော့ကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး အိမ်ထဲသို့ ဝင်ရောက်ရန် ပြင်လိုက်ကြသည်။

ရုတ်တရက် ရှည်လျားသော လူရိပ်တစ်ခုသည် သူတို့ရှေ့တည့်တည့်တွင် ပေါ်လာပြီး သူတို့ကို စိုက်ကြည့်နေလေသည်။

"မင်းတို့သုံးယောက်... ငါ့အိမ်ထဲကို ခိုးဝင်ပြီး ဘာလုပ်ကြမလို့လဲ"

ထိုလူမှာ ကျန်းဖန်ပင် ဖြစ်သည်။

သူသည် အိပ်ပျော်နေခဲ့သော်လည်း မြွေပျံသိုင်းကျမ်းကို ကျင့်ကြံထားသဖြင့် အာရုံခံစားမှု ငါးပါးသည် အလွန် ထက်မြက်နေပြီ ဖြစ်သည်။

အနည်းငယ်သော လှုပ်ရှားမှုကပင် သူ့ကို နိုးသွားစေနိုင်သည်။

ရန်သူက သတ်ဖြတ်လိုစိတ် ရှိနေပါက မီတာအနည်းငယ် အကွာကတည်းကပင် သူ အာရုံခံစားမိနိုင်သည်။

ထို့ကြောင့် သူခိုးသုံးယောက် အိမ်ထဲဝင်လာသည်နှင့် သူ ချက်ချင်း သတိထားမိလိုက်ခြင်း ဖြစ်သည်။

စုဝေဝေမှာမူ အိပ်မောကျနေဆဲပင်။

"ငါ..."

ကျောက်လောင်ဝူနှင့် အပေါင်းအပါများ တုန်လှုပ်ထိတ်လန့်သွားကြသည်။ တံခါးဖွင့်လိုက်ရုံသာ ရှိသေးသည်၊ ဤတံငါသည် လူငယ်လေး မိသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။

အကယ်၍ ဤလူငယ်က အော်ဟစ်ပြီး ရွာသားများကို နှိုးလိုက်ပါက သူတို့ သေချာပေါက် သေဆုံးရမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရွာသားများ၏ သူခိုးများအပေါ် မုန်းတီးမှုမှာ အတိုင်းအဆ မရှိသောကြောင့်ပင်။

အဖမ်းခံရသည်နှင့် ရိုက်သတ်ခံရမည်မှာ သေချာသည်။

သူတို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်လာကြသည်။

လူများကို မနှိုးမီ လက်ဦးမှုရယူပြီး ဓားဖြင့်ထိုးသတ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ထိုနည်းဖြင့် သူတို့ စိတ်ကြိုက် လုယက်နိုင်မည် ဖြစ်သည်။

"တော်ပါတော့ကွာ... မင်းတို့ ဘာရည်ရွယ်ချက်ပဲ ရှိရှိ..."

"ငရဲကိုသာ သွားကြပေတော့"

ကျန်းဖန်သည် ထိုလူသုံးယောက်ကို ကြည့်လိုက်ပြီး တည်ငြိမ်သော စိတ်အာရုံဖြင့် ချန်ယင်းဓားကို ထုတ်လိုက်လေသည်။

ဓားသည် နဂါးတစ်ကောင်အလား ထွက်ပေါ်လာခြင်း။

အလင်းတန်းကဲ့သို့ အေးစက်သော ဓားသွား...။

ချလွင်…

ဓားအလင်းရောင် တစ်ချက် လက်သွားပြီး ညအမှောင်ထုကို ထိုးခွင်းလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

ဘာ…

ကျောက်လောင်ဝူနှင့် အပေါင်းအပါများမှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ကြချေ။ ရုတ်ခြည်းပင် သူတို့၏ ခေါင်းများသည် ဖရဲသီးများကဲ့သို့ ပြတ်ထွက်သွားပြီး လေထဲသို့ လွင့်ပျံသွားကာ သွေးများ ပန်းထွက်လာတော့သည်။

ဘုန်း…

ခေါင်းများသည် မြေကြီးပေါ်သို့ ကျသွားပြီး ဖုန်မှုန့်များ ထသွားစေသည်။

မျက်လုံးများ ပြူးကျယ်လျက် မကျွတ်မလွတ် သေဆုံးသွားရသည့်ပုံ ပေါက်နေလေ၏။

ဤတံငါသည် လူငယ်လေး၏ ဓားချက်တစ်ချက်တည်းဖြင့် ခေါင်းဖြတ်ခံလိုက်ရသည်မှာ ယုံကြည်နိုင်စရာ မရှိပေ။

စကားပြောရန် အခွင့်အရေးပင် မရလိုက်ချေ။

"ငါ့ကို သတ်ချင်တဲ့စိတ် ရှိနေမှတော့... မင်းတို့ မသေရင် ဘယ်သူ သေရမှာလဲ"

ကျန်းဖန်သည် မြေပြင်ပေါ်ရှိ အလောင်းသုံးလောင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

မူလက စကားပြောရန် စိတ်ကူးရှိသော်လည်း သတ်ဖြတ်လိုစိတ်ကို အာရုံခံမိလိုက်သည်နှင့် စကားပြောရန် မလိုအပ်တော့ကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် သူခိုးဓားပြများသာ ဖြစ်ကြသည်။ သေသွားတော့လည်း အေးတာပဲဟု တွေးလိုက်သည်။

သူတို့ ကိုယ်တိုင်ကိုက တံခါးလာခေါက်ပြီး သေလမ်းရှာကြတာပဲလေ... သူ့ကို အပြစ်တင်၍ မရပေ။

အကယ်၍ သူ့တွင် အရည်အချင်းသာ မရှိပါက ကံဆိုးမည့်သူမှာ သူသာ ဖြစ်ပေလိမ့်မည်။

ယခင်က ဦးလေးရှဲ့ မိသားစုတစ်ခုလုံး သူခိုးများ၏ လက်ချက်ဖြင့် မျိုးပြုန်းသွားခဲ့ရသည် မဟုတ်ပါလော။

ဒါကြောင့် သူ လက်မတွန့်ခဲ့ပေ။

"နတ်ဘုရားဓားလို့ ခေါ်ကြတာ မမှားဘူး... တကယ်ကို စွမ်းအားကြီးတာပဲ"

ကျန်းဖန်သည် ချန်ယင်းဓားကို ကိုင်ဆောင်ရင်း စိတ်ထဲမှ ချီးကျူးလိုက်မိသည်။

ဤနတ်ဘုရားဓား ရှိနေသမျှ ကာလပတ်လုံး အရွတ်ကြွက်သား သန့်စင်ခြင်းအဆင့် သိုင်းပညာရှင်ကိုပင် သူ ယှဉ်ပြိုင်ရဲပေသည်။

အဆင့်မြင့် လက်နက်တစ်ခုသည် သိုင်းပညာရှင်တစ်ယောက်ကို များစွာ အထောက်အကူ ပြုလေသည်။

အထူးသဖြင့် သံကို ရွှံ့လိုဖြတ်နိုင်သော ရတနာဓားမျိုး ဆိုလျှင်ပေါ့။

ရန်သူကို ထိမှန်လိုက်သည်နှင့် ချက်ချင်း ဖောက်ဝင်သွားနိုင်ပြီး ကုသ၍ မရနိုင်တော့ချေ။

ဓားချက်တစ်ချက်ဆိုရုံဖြင့် ဟင်းသီးဟင်းရွက်များကို လှီးဖြတ်လိုက်သကဲ့သို့ ရန်သူကို အလွယ်တကူ နှစ်ပိုင်းပိုင်းလိုက်နိုင်သည်။

ဤသူခိုးသုံးယောက်သည် ကျွမ်းကျင်မှု အသင့်အတင့် ရှိပြီး သွက်လက်ကြသော်လည်း…

သူ၏ အခြေခံအဆင့် အလင်းတန်း ဓားသိုင်းကို ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိကြချေ။

ကြက်ကလေးများကို သတ်ဖြတ်လိုက်သကဲ့သို့ တခဏချင်းအတွင်း ကိစ္စတုံးသွားစေခဲ့သည်။

All Chapters