← Chapters

မလိုလားအပ်သော ဧည့်သည် လာရောက်လည်ပတ်ခြင်း။

Vol. 3 Ch. 29

မလိုလားအပ်သော ဧည့်သည် လာရောက်လည်ပတ်ခြင်း။

Vol. 3 Ch. 29

ရက်အနည်းငယ် ထပ်မံ ကုန်လွန်သွားခဲ့ပြန်သည်။

ကျန်းဖန်သည် ငါးဖမ်း မထွက်ဖြစ်တော့ဘဲ အိမ်၌သာ နေထိုင်ကာ ဇနီးသည် စုဝေဝေနှင့် ရင်းနှီးနွေးထွေးစွာ အချိန်ကုန်ဆုံးနေလေသည်။

အမှန်စင်စစ် တံငါသည်များအနေဖြင့် နေ့စဉ် ငါးဖမ်းထွက်ရန် မလိုအပ်ဘဲ အနားယူချိန်လည်း ရှိသင့်ပေသည်။

ထို့ပြင် သူတို့သည် ကြင်စဉ်ီး လင်မယားများ ဖြစ်ကြသဖြင့် အိမ်ထောင်သည် ဘဝကို ပျော်ဝင်နေကြပြီး ရုန်းထွက်၍ မရနိုင်လောက်အောင် ဖြစ်နေကြခြင်းပင်။

"ယောကျာ်း... ကျွန်မ ခွန်အားတွေ အများကြီး တိုးလာသလို ခံစားရတယ်"

အကြေးခွံနီ ရတနာငါး အချို့ကို စားသုံးပြီးနောက်၊ ကျန်းဖန်၏ စွမ်းအင်များကိုပါ စုပ်ယူပြီးသည့် အချိန်တွင် သူမ၏ ခန္ဓာကိုယ်အနှံ့ စွမ်းအင်စီးကြောင်းတစ်ခု လည်ပတ်နေသည်ကို စုဝေဝေ သတိပြုမိလိုက်သည်။ ၎င်းက သူမကို ယခင်ကထက် သိသိသာသာ သန်မာလာစေသည်။

ယခင်က သူမသည် သာမန် ကျေးလက်အမျိုးသမီး တစ်ယောက်သာဖြစ်ပြီး ခွန်အားမှာလည်း သာမန်သာ ရှိခဲ့သည်။

ယခုအခါတွင်မူ သူမ၏ ခွန်အားသည် အနည်းဆုံး ပေါင်နှစ်ရာကျော်အထိ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ပျမ်းမျှ သက်လတ်ပိုင်းယောကျာ်း တစ်ယောက်၏ ခွန်အားသည်ပင် သူမနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။

၎င်းမှာ အကြေးခွံနီ ရတနာငါးကြောင့် ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

၎င်းငါးသည် သိုင်းပညာရှင်များအတွက် အကျိုးရှိရုံသာမက သာမန်လူများအပေါ်၌လည်း သိသာထင်ရှားသော အကျိုးသက်ရောက်မှု ရှိနေပေသည်။

အမှန်စင်စစ် သူမအတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးမှာ ခွန်အားတိုးပွားလာခြင်း မဟုတ်ဘဲ အရေပြား ပိုမို ကောင်းမွန်လာခြင်းပင် ဖြစ်သည်။ သူမ၏ အသားအရေသည် ယခင်ကထက် ပို၍ ချောမွတ်နူးညံ့လာခဲ့သည်။

"အကြေးခွံနီ ရတနာငါးကြောင့် ဖြစ်မှာပါ"

"နှမြောစရာကောင်းတာက မင်းက မြွေပျံသိုင်းကျမ်းကို သင်လို့မရတာပဲ... မဟုတ်ရင် မင်းလည်း သိုင်းကျင့်လို့ရမှာ"

ကျန်းဖန် နှမြောတသစွာ ပြောလိုက်သည်။

သူသည် စုဝေဝေကို မိမိကိုယ်မိမိ ကာကွယ်နိုင်စေရန် သိုင်းပညာ သင်ကြားပေးချင်ခဲ့သည်။

ကံဆိုးစွာဖြင့် မြွေပျံသိုင်းကျမ်းသည် ထိပ်တန်းအဆင့် သိုင်းကျမ်းတစ်ဆူဖြစ်ပြီး သိုင်းသင်ခါစ လူသစ်များအတွက် အလွန် ခက်ခဲနက်နဲလွန်းလှသည်။

သာမန်လူများ သင်ယူနိုင်သော အရာမျိုး မဟုတ်ချေ။

သူကိုယ်တိုင်ပင်လျှင် ထိုသိုင်းကျမ်းကို တတ်မြောက်ရန် ကံကောင်းခြင်း အမှတ်များ၏ စွမ်းအားကို အားကိုးခဲ့ရခြင်း ဖြစ်သည်။

ထို့ကြောင့် ရက်အနည်းငယ်ကြာအောင် လေ့ကျင့်ခဲ့သော်လည်း စုဝေဝေသည် နည်းစနစ်မှန်ကို ရှာမတွေ့ခဲ့ရှာပေ။

"တောင်းပန်ပါတယ် ယောကျာ်းရယ်... ကျွန်မရဲ့ ပါရမီက တကယ်ကို ညံ့လွန်းပါတယ်"

စုဝေဝေ စိတ်မကောင်းစွာဖြင့် ပြောရှာသည်။

သူမသည် သင်ယူချင်သော်လည်း လုံးဝ သဘောမပေါက်နိုင် ဖြစ်နေသည်။

မည်မျှပင် ကြိုးစားအားထုတ်ပါစေ နားလည်ရန် ခက်ခဲနေဆဲပင်။

"မဟုတ်ပါဘူး... မင်း ပါရမီညံ့လို့ မဟုတ်ဘူး"

"ဒီသိုင်းကျမ်းက မင်းနဲ့ မကိုက်ညီလို့ပါ"

"နောက်ကျရင် မင်းနဲ့ ကိုက်ညီတဲ့ သိုင်းကျမ်း တွေ့တဲ့အခါကျရင် ကိုယ် သင်ပေးမှာပေါ့"

ကျန်းဖန်သည် စုဝေဝေကို ပွေ့ဖက်ရင်း နှစ်သိမ့်ပေးလိုက်သည်။

စုဝေဝေတွင် သာမန်အမျိုးသမီးများနှင့် မတူသော ထူးခြားသည့် အရည်အသွေးများ ရှိနေသည်ဟု သူ အမြဲတစေ ခံစားမိသည်။

သင့်တော်သော သိုင်းကျမ်းကို ရှာမတွေ့သေးသဖြင့် သိုင်းပညာလမ်းကြောင်းသို့ မဝင်ရောက်နိုင်သေးခြင်းသာ ဖြစ်ပေလိမ့်မည်။

အကယ်၍ ဤလောကတွင် ကျင့်ကြံခြင်း နည်းလမ်းသာ ရှိပါက စုဝေဝေသည် စမ်းသပ်ကြည့်နိုင်ပြီး အံ့ဖွယ်ရာ ရလဒ်များပင် ထွက်ပေါ်လာနိုင်ကောင်းသည်။

သို့သော် ကျင့်ကြံခြင်း နည်းလမ်းကို ရရှိရန်မှာလည်း ထိုမျှ မလွယ်ကူလှချေ။

"အင်း..."

ထိုစကားကို ကြားရသော် စုဝေဝေသည် ခေါင်းညိတ်လိုက်ပြီး ရင်ထဲတွင် နွေးထွေးသွားလေသည်။

ဒေါက်... ဒေါက်... ဒေါက်…

ထိုအချိန်၌ အိမ်ရှေ့တံခါးကို အလျင်စလို ခေါက်လိုက်သံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

ကျန်းဖန်သည် မေးမြန်းရင်း အိပ်ရာထကာ အဝတ်အစားများကို အမြန်ဝတ်ဆင်လိုက်သည်။

"ငါပါကွ... ကျန်းလေးရေ... ဦးလေး ဖူကွေ့ပါ"

ရင်းနှီးနေသော အသံတစ်သံ အပြင်ဘက်မှ ထွက်ပေါ်လာသည်။ ထိုသူမှာ အိမ်နီးနားချင်း စုန့်ဖူကွေ့မှလွဲ၍ အခြားသူ မဟုတ်ချေ။

စုန့်ဖူကွေ့ ဟုတ်လား...။

ထိုအသံကို ကြားလိုက်ရသော် ကျန်းဖန် မျက်ခုံးပင့်လိုက်မိသည်။ မိဘများ ရှိစဉ်က စုန့်ဖူကွေ့ မိသားစုနှင့် ဆက်ဆံရေးမှာ ကောင်းသည်လည်း မဟုတ်၊ ဆိုးသည်လည်း မဟုတ်ဘဲ ခေါင်းညိတ်နှုတ်ဆက်ရုံ အဆင့်သာ ရှိခဲ့သည်။

မိဘများ ဆုံးပါးသွားပြီးနောက်ပိုင်းတွင် စုန့်ဖူကွေ့ မိသားစုနှင့် ထိတွေ့ဆက်ဆံမှုသည် ပို၍ပင် နည်းပါးသွားခဲ့သည်။

အပြင်ထွက်ချိန် လမ်းတွင် ဆုံတွေ့မှသာ တစ်ခါတစ်ရံ နှုတ်ဆက်လေ့ ရှိသည်။

ယခုအချိန်တွင် စုန့်ဖူကွေ့က သူ့အိမ်တံခါးဝအထိ ရောက်လာလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိပေ။

ဘာကိစ္စများ ရှိနိုင်မလဲ။ ပိုက်ဆံချေးမလို့များလား၊ ဒါမှမဟုတ် တခြားကိစ္စများလား။

မည်သို့ပင်ဖြစ်စေ မီးမရှိဘဲ မီးခိုးမထွက်နိုင်ပေ။

ကောင်းသောကိစ္စ မဟုတ်ကြောင်း သူ့အလိုလို အာရုံခံစားမိနေသည်။

သို့သော် အိမ်နီးနားချင်း ဖြစ်နေသဖြင့် တွေ့ဆုံရန်ကို ငြင်းဆန်၍ မဖြစ်နိုင်ချေ။

ထိုသို့ တွေးတောရင်း ကျန်းဖန် တံခါးဖွင့်ပေးပြီး ပြောလိုက်သည်။ "ဪ... ဦးလေး ဖူကွေ့ပါလား... ဘာကိစ္စများ ရှိလို့လဲဗျ"

"ဟားဟား... သတင်းကောင်းပါကွ... မင်းအတွက် သတင်းကောင်းပါလာတာပေါ့"

"ဒါပေမဲ့ ဒီနေရာက စကားပြောလို့မကောင်းဘူး... တခြားတစ်နေရာ သွားကြမလား"

စုန့်ဖူကွေ့က ရိုးသားဖြူစင်ဟန်ဆောင်သော အပြုံးဖြင့် ပြောလိုက်ပြီး ကျန်းဖန်ကို ခင်မင်ရင်းနှီးသည့်ပုံစံဖြင့် ကြည့်နေလေသည်။

သူသည် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေပြီး အခြားသူများ ကြားသွားမည်ကို စိုးရိမ်သကဲ့သို့ အလွန် သတိထားနေပုံ ရသည်။

"တခြားနေရာ ဟုတ်လား... ဘယ်လောက်တောင် အရေးကြီးတဲ့ ကိစ္စမို့လို့လဲဗျ"

ကျန်းဖန်သည် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သော်လည်း ငြင်းဆန်ခြင်း မပြုခဲ့ပေ။ သူသည် သိုင်းပညာ တတ်မြောက်ထားသဖြင့် ယုံကြည်မှု ရှိနေသည်။ တစ်ဖက်လူက မရိုးသားသော ရည်ရွယ်ချက် ရှိလျှင်ပင် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ချေ။

စုန့်ဖူကွေ့က ဦးဆောင်ခေါ်သွားသည်။ မကြာမီ ရွာထဲရှိ လူပြတ်သော အိမ်တစ်လုံးသို့ ရောက်ရှိသွားလေသည်။

အိမ်ထဲတွင် လူအနည်းငယ် စုဝေရောက်ရှိနှင့်နေကြပြီ ဖြစ်သည်။

အားလုံးသည် ရွာသားများ ဖြစ်ကြပြီး အသက် (၂၀)၊ (၃၀) ဝန်းကျင် လူငယ်လူရွယ် သန်စွမ်းသော တံငါသည်များ ဖြစ်ကြသည်။

သိပ်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိသော်လည်း အနည်းဆုံးတော့ ယခင်က နှုတ်ဆက်ဖူးသူများ ဖြစ်ကြသည်။

"ကျန်းလေး... ငါ လိုရင်းကိုပဲ ပြောလိုက်တော့မယ်"

"နဂါးဘုရင်ဂိုဏ်းက ဒီရက်ပိုင်း ပိုပြီး အနိုင်ကျင့် ဗိုလ်ကျလာတာ မင်းလည်း သိမှာပါ"

"ဒီပုံစံအတိုင်းဆိုရင် လူတိုင်း စားဝတ်နေရေး ခက်ခဲလာတော့မယ်"

"ဆက်ပြီးသာ သည်းခံနေရင် နောက်လအတွက် လစဉ်ကြေးတောင် ပေးနိုင်တော့မှာ မဟုတ်ဘူး"

"ဒါကြောင့် ငါ ငွေရှာလို့ရမယ့် နည်းလမ်းတစ်ခု တွေ့ထားတယ်။ အားလုံး အတူတူ ပိုက်ဆံရှာပြီး ဆောင်းတွင်းကို အေးအေးဆေးဆေး ကျော်ဖြတ်နိုင်အောင်လို့လေ"

စုန့်ဖူကွေ့က ကျန်းဖန်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"မလိုပါဘူး ဦးလေးဖူကွေ့ရာ"

"ကျွန်တော် အခု ရုန်းကန်နေရတာ မှန်ပေမဲ့..."

"အနိုင်နိုင်တော့ ရပ်တည်နေနိုင်ပါသေးတယ်။ တခြားကိစ္စတွေထဲ ပါဝင်မပတ်သက်ချင်ဘူးဗျာ... ဦးလေးဖူကွေ့ နားလည်ပေးပါ"

ကျန်းဖန် လက်ကာပြပြီး ပြတ်သားစွာ ငြင်းပယ်လိုက်သည်။

တစ်ဖက်လူတွင် မည်သို့သော ငွေရှာနည်းလမ်း ရှိနေသည်ကို သူ မသိပေ။

သို့သော် ယခင်ဘဝက အကြိမ်ကြိမ် အလိမ်ခံခဲ့ရဖူးသဖြင့် ဤအချက်တစ်ချက်ကို စောစီးစွာ သင်ယူခဲ့ရဖူးသည်။

ဤလောကတွင် အလကားရသော နေ့လယ်စာဟူ၍ မရှိပေ။

သင့်ကို ငွေရှာနည်း သင်ပေးမည်ဟု ကမ်းလှမ်းလာသူ မည်သူမဆိုသည် အမှန်စင်စစ် သင့်ထံမှ ငွေပြန်ရှာချင်နေသူသာ ဖြစ်သည်။

ကံဆိုးစွာဖြင့် လူအများစုသည် ဤအချက်ကို နားမလည်ကြဘဲ မိမိသဘောဆန္ဒအလျောက် အလိမ်ခံနေကြဆဲ ဖြစ်သည်။

သို့သော် မတတ်နိုင်ချေ။ လူအများစုသည် ဆင်းရဲမွဲတေမှုကို ကြောက်ရွံ့ကြပြီး ကြွယ်ဝချမ်းသာမည့် မျှော်လင့်ချက်ကို မြင်လိုက်ရသည်နှင့် အလုအယက် တိုးဝင်တတ်ကြသည်။

ဤအချက်သည်ပင် လူအများ အလိမ်ခံရသည့် အကြောင်းရင်း ဖြစ်ပေသည်။

"ကျန်းလေး... ချက်ချင်း မငြင်းလိုက်ပါနဲ့ဦးကွ"

"မင်း အန္တရာယ်ရှိမှာကို စိုးရိမ်နေမှန်း ငါသိပါတယ်"

"ဒါပေမဲ့ အန္တရာယ်မှန်သမျှ ငါ စုန့်ဖူကွေ့ တာဝန်ယူတယ်။ မင်းနဲ့ သိပ်မဆိုင်ပါဘူး"

"ဒီလိုကွ... ငါက လူတိုင်း ဖမ်းမိလာတဲ့ ငါးတွေကို လိုက်ဝယ်ပြီး ထုန်ဟယ်မြို့နယ်မှာ သွားရောင်းမလို့ စီစဉ်ထားတာ"

"ငါ့မှာ ထုန်ဟယ်မြို့နယ်ဘက်က အဆက်အသွယ် ကောင်းကောင်း ရှိတယ်ကွ... ပိုက်ဆံ အများကြီး ရနိုင်တယ်"

စုန့်ဖူကွေ့က တဲ့တိုး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းဖန်သည် စုန့်ဖူကွေ့၏ အစီအစဉ်ကို ချက်ချင်း သဘောပေါက်သွားသည်။ သူသည် နဂါးဘုရင်ဂိုဏ်းကို ကြားပွဲစားအဖြစ်မှ ဖယ်ထုတ်ပြီး ငါးများကို ထုန်ဟယ်မြို့နယ်ရှိ ဆိုင်ကြီးများသို့ တိုက်ရိုက် သွားရောက်ရောင်းချလိုခြင်း ဖြစ်သည်။

ထိုသို့ လုပ်ဆောင်နိုင်ပါက အနည်းဆုံး အမြတ်နှစ်ဆ (သို့မဟုတ်) ထို့ထက်ပို၍ ရရှိနိုင်ပေသည်။

အောင်မြင်လျှင် သေချာပေါက် တွက်ခြေကိုက်မည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သဖြင့် စွန့်စားရကျိုးနပ်သည်ဟု ထင်မြင်စေနိုင်သည်။

ပြဿနာမှာ ထိုသို့လုပ်ဆောင်ခြင်းသည် နဂါးဘုရင်ဂိုဏ်း၏ နယ်မြေကို ကျူးကျော်ခြင်း ဖြစ်နေသည်။

နဂါးဘုရင်ဂိုဏ်းသည် ငါးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားသူများ ဖြစ်ကြပြီး အနီးအနားရှိ ရွာပေါင်းတစ်ဒါဇင်ကျော်မှ ငါးများကိုသာမက ထုန်ဟယ်မြို့နယ်ရှိ ဆိုင်ကြီးများကိုပါ ချုပ်ကိုင်ထားကြောင်း လူတိုင်း သိကြသည်။

အကယ်၍ နဂါးဘုရင်ဂိုဏ်းသာ တစ်စုံတစ်ယောက်က ငါးခိုးထုတ်ပြီး သူတို့၏ စီးပွားရေးကို ထိပါးရန် ကြိုးစားနေကြောင်း သိရှိသွားပါက ပြင်းထန်စွာ အပြစ်ပေးခံရမည်မှာ မလွဲဧကန်ပင်။

ကံကောင်းလျှင် ရစရာမရှိအောင် အရိုက်ခံရမည်ဖြစ်ပြီး၊ ကံဆိုးလျှင် အသတ်ခံရသည်အထိ ဖြစ်သွားနိုင်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤကိစ္စသည် ဥပဒေနှင့် မငြိစွန်းပေ။

ငါးရောင်းခြင်း သက်သက်သာ ဖြစ်သည်။

သို့သော် နဂါးဘုရင်ဂိုဏ်းသည် ဒေသခံ ဗိုလ်ကျသူများ ဖြစ်ကြပြီး သူတို့၏ စည်းမျဉ်းသည် ဥပဒေပင် ဖြစ်နေသည်။

မည်သူကမျှ သူတို့ကို ဘာမှမလုပ်နိုင်ကြဘဲ သူတို့၏ ခေါင်းပုံဖြတ်မှုကိုသာ ငုံ့ခံနေကြရသည်။

"ဦးလေးဖူကွေ့... ဦးလေးပြောတာ ကျွန်တော် သဘောပေါက်ပါတယ်"

"ဒါပေမဲ့ ဒီကိစ္စက တကယ် မဖြစ်နိုင်ဘူးဗျ"

"နဂါးဘုရင်ဂိုဏ်းက ဘယ်လိုလဲဆိုတာ ဦးလေးလည်း သိသားနဲ့"

"သူတို့သာ သိသွားရင် ကျွန်တော်တို့အသက်က အာမခံချက် ရှိတော့မှာ မဟုတ်ဘူး"

ကျန်းဖန် ခေါင်းခါလိုက်သည်။

အမှန်တိုင်းပြောရလျှင် အန္တရာယ် အလွန်များလွန်းသောကြောင့် ထိုကဲ့သို့သော စီးပွားရေးကို သူ စိတ်မဝင်စားပေ။

လက်ရှိအတိုင်းလည်း သူ ကောင်းမွန်စွာ နေထိုင်နိုင်ပါလျက်နှင့် ဘာကြောင့် ထိုကိစ္စများထဲ ဝင်ပါရမည်နည်း။

အကယ်၍ ထိုကဲ့သို့လွယ်လွယ်နှင့် အောင်မြင်နိုင်မည်ဆိုလျှင် နဂါးဘုရင်ဂိုဏ်းက ဒေသခံ ငါးလုပ်ငန်းရှင်ကြီး ဖြစ်လာစရာ အကြောင်းမရှိပေ။

"ဒါ... ဒါက..."

သူ့အနေအထားကို ရှင်းပြပြီးသည့်တိုင် ကျန်းဖန်က ငြင်းဆန်နေဆဲဖြစ်သဖြင့် စုန့်ဖူကွေ့ အံ့သြသွားလေသည်။

သူ မမျှော်လင့်ထားသော အခြေအနေပင်။

"ကျန်းလေး... မင်းက တကယ့်ကို ကျေးဇူးကန်းတာပဲကွာ"

"ဦးလေးဖူကွေ့ရဲ့ နွေးထွေးတဲ့ ဖိတ်ခေါ်မှုကို မငြင်းသင့်ပါဘူး"

"ဟုတ်တယ်... ဒီလောက် ကိစ္စကြီးကို မင်းကို ဖွင့်ပြောပြထားပြီးပြီကို... မင်းဘက်က အာမခံချက် တစ်ခုခု မပေးဘဲနဲ့ တို့တွေ စိတ်ချမယ် ထင်နေလား"

"မင်းသာ နဂါးဘုရင်ဂိုဏ်းကို သွားတိုင်လိုက်ရင် တို့တွေ သွားပြီပေါ့"

ထိုအချိန်၌ ကျန်းဖန်၏ ဘေးနားရှိ တံငါသည် လူငယ်အချို့က မနှစ်မြို့သော အမူအရာများဖြင့် စိုက်ကြည့်ရင်း ဝင်ရောက် ပြောဆိုလာကြတော့သည်။

All Chapters