← Chapters

အလင်းတန်း ဓားသိုင်းနှင့် နတ်ဘုရားဓား။

Vol. 3 Ch. 31

အလင်းတန်း ဓားသိုင်းနှင့် နတ်ဘုရားဓား။

Vol. 3 Ch. 31

ယခုအချိန်၌ ကျန်းဖန်သည် ထိုအိမ်မှ ထွက်ခွာခဲ့ပြီး နေအိမ်ဆီသို့ ဦးတည်ပြန်လာခဲ့လေသည်။

"တကယ်ပဲ... ဒီလို မငြိမ်မသက်ဖြစ်နေတဲ့ ခေတ်ကြီးမှာ အင်အားရှိဖို့က လိုနေတုန်းပါလား"

ကျန်းဖန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။

ရွာထဲ၌ အေးဆေးစွာ နေထိုင်နေသော်လည်း ဤကဲ့သို့သော သေရေးရှင်ရေး ကိစ္စရပ်များနှင့် ပတ်သက်မိလုနီးပါး ဖြစ်ခဲ့ရလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိချေ။

အကယ်၍ စုန့်ဖူကွေ့နှင့် အခြားသူများကိုသာ မိမိ၏ အင်အားကို ထုတ်ဖော်မပြသခဲ့ပါက ဤမျှလွယ်ကူစွာ လွတ်မြောက်လာနိုင်မည် မဟုတ်ပေ။

စောစီးစွာကပင် သူတို့အဖွဲ့ထဲသို့ အတင်းအဓမ္မ ဆွဲသွင်းခံရပြီး သစ္စာခံခိုင်းခြင်းကို ခံရနိုင်ပေသည်။

ထိုအခြေအနေသို့ ရောက်ရှိသွားပါက ဖြစ်ပျက်လာမည့် ကိစ္စရပ်များကို သူ ထိန်းချုပ်နိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် မည်သည့် အင်အားစုကမျှ သူ့ကို မထိခိုက်နိုင်၊ မခြိမ်းခြောက်နိုင်သည့် အချိန်အထိ မိမိ၏ စွမ်းအားကို အစဉ်မပြတ် မြှင့်တင်နေရန် လိုအပ်ပေသည်။

မငြိမ်မသက်သော ခေတ်ကာလတွင် စွမ်းအားသည်သာ အရေးအကြီးဆုံး ဖြစ်၏။

ကျန်သည့်အရာများမှာ အတုအယောင်များသာ ဖြစ်သည်။

အမှန်အတိုင်း ဆိုရလျှင် သူသည် ထိုလူများကို သတ်ဖြတ်ရန် စဉ်းစားခဲ့မိသည်။

သို့သော် စုန့်ဖူကွေ့နှင့် သူ့လူများကို ရှင်းလင်းပစ်လိုက်ပါက နောက်ဆက်တွဲ ဆိုးကျိုးများမှာ ကြီးမားလွန်းလှသည်။

အကယ်၍ သူသည် သော်ကရွာ၌ ဆက်လက် နေထိုင်လိုပါက ထိုကဲ့သို့သော အရာများကို လုပ်ဆောင်၍ မဖြစ်နိုင်ချေ။

သို့သော် ထိုသူတို့က ဆက်လက်၍ နှောင့်ယှက်နေမည် ဆိုပါက သူသည် မိမိကိုယ်မိမိ ကာကွယ်ခဲ့ခြင်းအတွက် အပြစ်တင်ခံရမည် မဟုတ်ပေ။

ဝုန်း…

ထိုအချိန်၌ပင် သူ၏ စိတ်အာရုံ နက်ရှိုင်းသော နေရာမှ သတင်းစကားတစ်ခု ပေါ်ထွက်လာလေသည်။

"သင်သည် စုန့်ဖူကွေ့၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့ပြီး ပြဿနာများကို ရှောင်ရှားနိုင်ခဲ့သဖြင့် သေစေနိုင်သော ကပ်ဘေးတစ်ခုကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သည်။ အဋ္ဌမအဆင့် ကံကောင်းခြင်း အခွင့်အလမ်းနှင့် ကံကောင်းခြင်း အမှတ် (၁၅၀) ကို ရရှိသည်။"

"သေစေနိုင်တဲ့ ကပ်ဘေးတဲ့လား"

ထိုသတင်းစကားကို မြင်လိုက်ရသော် ကျန်းဖန် အံ့သြဝမ်းသာ ဖြစ်သွားမိ၏။ စုန့်ဖူကွေ့နှင့် အပေါင်းအပါများ၏ လုပ်ရပ်များတွင် အန္တရာယ်ရှိကြောင်း သူ ကြိုတင်သိရှိထားသော်လည်း ဤမျှအထိ သေစေနိုင်သော ကပ်ဘေးတစ်ခု ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။

ကံကောင်းထောက်မစွာဖြင့် သူသည် အလွန် သတိထားခဲ့ပြီး မဆင်မခြင် သဘောတူခြင်း မပြုခဲ့ချေ။

သို့မဟုတ်ပါက မည်သို့သော အဖြစ်အပျက်များ ကြုံတွေ့ရနိုင်သည်ကို မည်သူ သိနိုင်ပါမည်နည်း။

အမှန်တကယ်ပင် ဤကဲ့သို့သော ပရမ်းပတာ လောကကြီးတွင် အန္တရာယ်များသည် နေရာတိုင်း၌ ပုန်းအောင်းနေတတ်သည်။ တစ်ခဏတာ သတိလက်လွတ် ဖြစ်သွားသည်နှင့် ထောင်ချောက်အတွင်းသို့ ကျရောက်သွားနိုင်ပေသည်။

သို့သော် ယခုအခါ သူသည် အဋ္ဌမအဆင့် ကံကောင်းခြင်း အခွင့်အလမ်းကို ရရှိခဲ့ပြီဖြစ်ရာ ကြီးမားသော အကျိုးကျေးဇူးများကို ရရှိမည်မှာ သေချာပေသည်။

ထိုသို့ တွေးတောရင်း ကျန်းဖန်သည် အခွင့်အလမ်း အလင်းစက်ကလေးကို ဖွဖွလေး နှိပ်လိုက်ရာ အခြားသတင်းအချက်အလက် တစ်ခု ထပ်မံ ပေါ်ထွက်လာလေသည်။

"မနက်ဖြန် သန်းခေါင်ယံအချိန်တွင် ယွင်မုန်ကန်အတွင်းရှိ လူမနေသော ကျွန်းတစ်ကျွန်းသို့ သွားရောက်တူးဖော်ပြီး အဋ္ဌမအဆင့် အခွင့်အလမ်းကို ရယူပါ။"

"ယွင်မုန်ကန်ထဲက ကျွန်းပေါ်မှာ ဟုတ်လား"

ကျန်းဖန် မေးစေ့ကို ပွတ်သပ်လိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် ယွင်မုန်ကန်သည် မိုင်ပေါင်း (၈၀၀) မျှ ကျယ်ဝန်းသောကြောင့် ဖြစ်သည်။

သာမန်လူများအဖို့ဆိုလျှင် အဆုံးအစ မရှိပေ။

ယွင်မုန်ကန်၏ နက်ရှိုင်းသော နေရာများတွင် ကျွန်းများနှင့် ကျောက်ဆောင်များ အများအပြား ရှိနေပြီး လူမနေသော ကျွန်းများလည်း ရှိသည်။

အကယ်၍ အချို့သော ကျွန်းများပေါ်တွင် ရတနာများ ဖုံးကွယ်ထားသည်ဆိုပါက မဖြစ်နိုင်စရာ အကြောင်းမရှိပေ။

တစ်ချိန်က ဤရေကန်ကြီးတွင် ဒဏ္ဍာရီလာ ဇာတ်လမ်းအများအပြား ရှိခဲ့ဖူးသည် မဟုတ်ပါလော။

"ထားလိုက်ပါတော့လေ... ဘယ်လို အခွင့်အလမ်းလဲဆိုတာ မနက်ဖြန် သန်းခေါင်ယံကျရင် သိရမှာပဲ"

ကျန်းဖန် စိတ်လှုပ်ရှားသွားပြီး သူ၏ ပုံရ်ိပ်ယောင် မျက်နှာပြင်ကို ဖွင့်လိုက်လေသည်။

[အမည် - ကျန်းဖန်]

[ကံဇာတာ - ကောင်းကင်နှင့်အမျှ ကြီးမားသော ကောင်းချီးမင်္ဂလာ (စွမ်းရည် - ကြီးမားသော ဘေးအန္တရာယ်မှ လွတ်မြောက်ပြီးနောက် ကောင်းချီးမင်္ဂလာ ရရှိမည်)]

[သက်တမ်း - ၇၀ နှစ်]

[ကံကောင်းခြင်း အမှတ် - ၂၂၀]

[ကျင့်စဉ် - မြွေပျံသိုင်းကျမ်း (မပြည့်စုံ) ၊ ဒုတိယအဆင့်]

[ကျွမ်းကျင်မှု - ငါးဖမ်းခြင်း (ကျွမ်းကျင်အဆင့်)]

[ရုပ်ဖျက်သိုင်း - ကျွမ်းကျင်အဆင့်]

[ချောင်မိသားစု အဆိပ်ကျမ်း - ဆရာတစ်ဆူအဆင့်]

[နယ်ပယ် - အသားမျှင် သန့်စင်ခြင်း (၆၀%)]

သိသာထင်ရှားသည်မှာ သူ၏ ကံကောင်းခြင်း အမှတ်များသည် (၂၂၀) အထိ ရောက်ရှိနေပြီ ဖြစ်သည်။

အကယ်၍ အမှတ် (၃၀၀) ပြည့်ပါက သူသည် ကျင့်စဉ်ကို ထပ်မံ အဆင့်မြှင့်တင်နိုင်မည်ဖြစ်ပြီး အရွတ်ကြွက်သား သန့်စင်ခြင်း အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာနိုင်ပေသည်။

ထိုအချိန်ရောက်လျှင် သူ၏ စွမ်းအားများသည် သေချာပေါက် တိုးတက်လာပေလိမ့်မည်။

သူ၏ ငါးဖမ်းခြင်း စွမ်းရည်သည်လည်း ကျွမ်းကျင်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူသည် ၎င်းအတွက် ကံကောင်းခြင်း အမှတ်များကို အသုံးပြုခဲ့ခြင်း မရှိချေ။

သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု တိုးတက်လာခြင်းနှင့် မကြာခဏ ငါးဖမ်းထွက်ခြင်းတို့ကြောင့်သာ စွမ်းရည်အဆင့် တိုးတက်လာခြင်းဖြစ်သည်။ ဆရာတစ်ဆူအဆင့်သို့ပင် ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

မကြာမီ ကျန်းဖန် အိမ်သို့ ပြန်ရောက်လာခဲ့သည်။

"ယောကျာ်း... ဦးလေးဖူကွေ့က ရှင့်ကို ဘာကိစ္စပြောတာလဲဟင်"

စုဝေဝေက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူးကွာ... စီးပွားရေးကိစ္စလေး လာဆွေးနွေးတာပါ"

"ဒါပေမဲ့ ကိုယ် သဘောမတူလိုက်ပါဘူး... ဦးလေးဖူကွေ့ကို ငြင်းလိုက်တယ်"

ကျန်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

သူနှင့် စုဝေဝေကြားတွင် လျှို့ဝှက်ချက် များများစားစား မရှိသော်လည်း ဤကိစ္စကို ဆွေးနွေးခြင်းသည် သူမကို စိတ်ပူပင်စေရုံသာ ရှိပေလိမ့်မည်။

ဘာမှမဖြစ်ခဲ့သလို ထားလိုက်ခြင်းက ပိုကောင်းပေသည်။

"ဟုတ်ကဲ့... ယောကျာ်း ထမင်းဟင်းတွေ ကျက်ပြီ... အတူတူ စားကြရအောင်နော်"

စုဝေဝေက ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စကို အလေးအနက် မထားတော့ချေ။

ဇနီးမောင်နှံနှစ်ဦး ထိုင်လိုက်ကြပြီး နေ့လယ်စာကို ကြည်နူးစွာ အတူတကွ သုံးဆောင်လိုက်ကြသည်။

......

နောက်တစ်နေ့ ထပ်မံ ကုန်ဆုံးသွားပြန်သည်။

သန်းခေါင်ယံအချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေလေသည်။

အခွင့်အလမ်း ညွှန်ပြချက်အတိုင်း ကျန်းဖန်သည် ညဘက်တွင် ငါးဖမ်းလှေကလေးဖြင့် ထွက်ခွာလာခဲ့ပြီး လူမနေသော ကျွန်းပေါ်သို့ ရောက်ရှိလာခဲ့၏။

ကျွန်းသည် သိပ်မကြီးလှဘဲ စတုရန်းမီတာ ရာဂဏန်းခန့်သာ ရှိသည်။ သူ ရောက်ရှိသည်နှင့် သံပေါက်ပြားဖြင့် စတင်တူးဖော်ရာ နောက်ဆုံးတွင် ရိုးရှင်းသော သစ်သားသေတ္တာရှည် တစ်လုံးကို ဖော်ထုတ်နိုင်ခဲ့သည်။

သေတ္တာထဲတွင် သံကဲ့သို့ ထက်သော ရတနာဓားတစ်လက် ရှိနေပြီး ၎င်း၏ အမည်မှာ ချန်ယင်းဓား ဖြစ်သည်။

ဓား၏ ကိုယ်ထည်ကို ကျောက်စိမ်းနက်နှင့် သတ္တုတို့ဖြင့် ယှက်နွှယ် ပုံဖော်ထားပြီး ကြည့်ရှုသူကို ဖမ်းစားနိုင်ကာ တင့်တယ်လှပသည့် နဂါးနက်တစ်ကောင်နှင့် တူနေသည်။

ဓားလက်ကိုင်ရိုးကို ကျောက်စိမ်းဖြူဖြင့် ထွင်းထုထားပြီး ချောမွတ်ပြေပြစ်သော ကနုတ်များဖြင့် ပုံဖော်ထားရာ မျက်စိပသာဒ ဖြစ်ဖွယ် ရှိလှသည်။

ဓားပေါ်တွင် ချန်ယင်း ဟူသော စာလုံးကို ထွင်းထုထား၏။

ဓားအိမ်မှ ဆွဲထုတ်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းရောင်များ ထွက်ပေါ်လာပြီး မည်သည့်အရာကမျှ တားဆီးနိုင်မည့်ပုံ မပေါ်ချေ။

သံသယဖြစ်ဖွယ်မရှိပေ... ဤသည်မှာ နတ်ဘုရားဓား တစ်လက်ပင် ဖြစ်သည်။

"သိပ်စွမ်းတာပဲ"

ကျန်းဖန်သည် ချန်ယင်းဓားကို ကိုင်ဆောင်လျက် ကျောက်တုံးတစ်တုံးကို အလွယ်တကူ ခုတ်ပိုင်းလိုက်သည်။ ကျောက်တုံးမှာ နှစ်ပိုင်းကွဲသွားပြီး ပြတ်ရာမှာ ချောမွတ်နေကာ အားစိုက်ထုတ်လိုက်ရခြင်းပင် မရှိပေ။

ဤမျှ ထက်မြက်သော ရတနာဓားမျိုးကို သိုင်းပညာရှင် တစ်ယောက်ပင် တောင့်ခံနိုင်စွမ်း ရှိမည် မဟုတ်ချေ။

ဓားချက်တစ်ချက်တည်းဖြင့် သိုင်းပညာရှင် တစ်ယောက်၏ ခန္ဓာကိုယ်ကို အလွယ်တကူ ထိုးဖောက်သွားနိုင်ပေသည်။

ဤနတ်ဘုရားဓားကို ကိုင်ဆောင်ထားသော မည်သည့် သိုင်းပညာရှင်မဆို စွမ်းအားများ အဆမတန် တိုးပွားလာမည် ဖြစ်သည်။

သူတို့၏ တိုက်ခိုက်ရေး စွမ်းရည်သည် အဆပေါင်းများစွာ မြင့်တက်လာပေလိမ့်မည်။

"ဒီထဲမှာ ဓားသိုင်းကျမ်း တစ်အုပ်တောင် ပါသေးတာပဲ"

"နာမည်က အလင်းတန်း ဓားသိုင်းတဲ့"

ကျန်းဖန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ ဤသည်မှာ သူ ပထမဆုံးအကြိမ် ရရှိသော ဓားသိုင်းပညာရပ်ဖြစ်၏။ အလွန်မြင့်မားသော အဆင့်ရှိသည့် ဓားသိုင်းတစ်ခု ဖြစ်မည်မှာ သေချာသည်။

ဤဓားသိုင်း၏ သဘောတရားမှာ ရိုးရှင်းသည်။ အမြန်နှုန်း... ယုံကြည်နိုင်စရာမရှိလောက်အောင် မြန်ဆန်သော အမြန်နှုန်းပင် ဖြစ်သည်။

ဓားချက်များ၏ အမြန်နှုန်းကို အမြင့်ဆုံးအထိ တင်လိုက်သည်နှင့် ဓားအလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး တားဆီး၍ မရနိုင်တော့ချေ။ ရန်သူများသည် ခုခံနိုင်စွမ်း မရှိတော့ဘဲ ချက်ချင်း အသတ်ခံလိုက်ရပေလိမ့်မည်။

အကယ်၍ ဤဓားသိုင်းကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံနိုင်ပါက ဓားချက်များသည် မရေမတွက်နိုင်သော အလင်းတန်းများသဖွယ် တဖျပ်ဖျပ် လက်နေမည် ဖြစ်သည်။

ဓားအလင်းရောင် ရောက်ရှိရာ နေရာတိုင်းတွင် ပရမ်းပတာ ဖြစ်သွားစေနိုင်သည်။

ချန်ယင်းဓားကို ကိုင်ဆောင်လျက် စစ်တပ်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ပါက ပြိုင်ဘက်ကင်းသော သတ်ဖြတ်သူ ဖြစ်လာပေလိမ့်မည်။

ဤအရာသည် ဓားသိုင်းပညာရှင် တစ်ဦး၏ အမွေအနှစ် ဖြစ်ပေသည်။

သို့သော် မည်သည့် ဓားသိုင်းပညာရှင်က သူ၏ တစ်သက်တာ ပညာရပ်များကို ဤနေရာတွင် ထားရစ်ခဲ့သည်ကိုမူ မသိရှိရပေ။

အကယ်၍ သူ့တွင် ကောင်းကင်နှင့်အမျှ ကြီးမားသော ကောင်းချီးမင်္ဂလာ ကံဇာတာသာ မရှိပါက ဤကဲ့သို့သော အခွင့်အလမ်းမျိုးကို ရရှိနိုင်လိမ့်မည် မဟုတ်ချေ။

"ဒီဓားသိုင်းက တော်တော် စွမ်းတာပဲ"

"ငါသာ ဒါကို ပိုင်နိုင်အောင် ကျင့်ကြံနိုင်ရင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သေချာပေါက် တိုးတက်လာမှာ"

"ပြီးတော့ ငါ့မှာ ချန်ယင်းဓားကို သိမ်းထားဖို့ ဟင်းလင်းပြင်လက်စွပ်လည်း ရှိနေတာပဲဟာ"

"အရေးကြီးတဲ့ အချိန်ကျမှ ထုတ်သုံးလိုက်ရင် ရန်သူကို သေချာပေါက် အံ့အားသင့်သွားစေမှာပဲ"

ကျန်းဖန်သည် တွန့်ဆုတ်မနေဘဲ အလင်းတန်း ဓားသိုင်းကို တတ်မြောက်ရန် ကံကောင်းခြင်း အမှတ် (၂၀) ကို သုံးစွဲလိုက်လေသည်။

ဝုန်း…

ချက်ချင်းပင် သိုင်းကျမ်းသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားပြီး သတင်းအချက်အလက်များ အဖြစ် ပြောင်းလဲကာ သူ၏ အသိစိတ်အာရုံ နက်ရှိုင်းသော နေရာသို့ ဝင်ရောက်သွားသည်။

သူ၏ စိတ်အာရုံထဲတွင် ဓားသိုင်းပညာရှင် တစ်ဦး ပေါ်လာသည်။

ထိုသူသည် ဓားရှည်တစ်လက်ကို ဝှေ့ယမ်းလိုက်ရာ အဆုံးအစမဲ့ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် ဓားအလင်းတန်းများ ကျန်ရစ်ခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကျန်းဖန်သည် သူ့ခန္ဓာကိုယ်အတွင်း၌ ဆန်းကြယ်သော အရှိန်အဝါတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။ ယင်းက သူ၏ ကြွက်သားမှတ်ဉာဏ်များကို ပြုပြင်ပြောင်းလဲပေးနေသကဲ့သို့ ရှိသည်။

သူသည် ဤဓားသိုင်းကို နှစ်နှစ်၊ သုံးနှစ်ခန့် လေ့ကျင့်ခဲ့ပြီးနောက် နောက်ဆုံးတွင် တတ်မြောက်သွားသကဲ့သို့ပင် ခံစားနေရသည်။

ရွှပ်…

ထိုခဏ၌ပင် ကျန်းဖန်သည် ချန်ယင်းဓားကို ကိုင်ဆောင်လျက် လျင်မြန်စွာ ထိုးစိုက်လိုက်ရာ အသံ၏ အတားအဆီးကို ဖောက်ထွက်သွားသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေ၏။ သူ၏ အတွင်းအား အားလုံးသည် ဤပြိုင်ဘက်ကင်းသော ဓားချက်တစ်ခုတည်းအပေါ်သို့ စုစည်းသွားသကဲ့သို့ ဖြစ်သွားလေတော့သည်။

All Chapters