မင်းကို မျက်နှာသာပေးတာ။
Vol. 3 Ch. 41
"ဘာဖြစ်လို့လဲ... မကျေနပ်ကြဘူးလား"
"မင်းက ငါ့ကို ပြန်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာလား"
လော့ကျန့် ချက်ချင်း ရယ်မောလိုက်သည်။
အကယ်၍ ဤတံငါသည်လေးသာ သူ့ကို ပြန်တိုက်ခိုက်ရဲပါက သူ၏ မှတ်တမ်းထဲတွင် နောက်ထပ် ဝိညာဉ်တစ်ခု ထပ်ထည့်လိုက်ရန် သူ ဝန်လေးနေမည် မဟုတ်ချေ။
၎င်းသည် ဤနေရာရှိ အခြားတံငါသည်များကို သတိပေးရာလည်း ရောက်မည့် အခွင့်အရေးတစ်ခု ဖြစ်ပေသည်။
"မဟုတ်ရပါဘူးဗျာ... သခင်ကြီးလော့ကို ကျွန်တော်က ဘယ်လိုလုပ် ပြန်တိုက်ရဲမှာလဲ... ကျားသည်းခြေ စားထားရင်တောင် မလုပ်ရဲပါဘူး"
"ဒါ့အပြင် သခင်ကြီးလော့က သိုင်းပညာရှင် တစ်ယောက်လေ... ကျွန်တော် ဘယ်လိုလုပ် ယှဉ်ရဲမှာလဲ"
"ဒါကြောင့် ကျွန်တော် သုံးဆတိုးထားတဲ့ လစဉ်ကြေးကို အသင့်ပြင်ထားပါ့မယ်... သခင်ကြီးလော့ အနေနဲ့ ကျွန်တော့်အပေါ် ညှာတာပြီး အသက်ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်"
ကျန်းဖန်သည် လူမြင်ကွင်းတွင် ပြန်လည် မတိုက်ခိုက်လိုသဖြင့် လောလောဆယ် သည်းခံရန် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်လူအနေဖြင့် ကျေးဇူးကန်းသော လုပ်ရပ်မျိုး မလုပ်ဆောင်ရန်သာ မျှော်လင့်ရသည်။
"ဒီကောင်လေး..."
လော့ကျန့်၏ မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။ အကြောင်းရင်း တစ်စုံတစ်ရာ မရှိဘဲ ဤကောင်လေးသည် ခြိမ်းခြောက်နိုင်စွမ်း ရှိနေသည်ဟု သူ ခံစားလိုက်ရသည်။
အပြင်ပန်းတွင် ကြည့်ရသည်မှာ နာခံတတ်ပုံ ပေါက်နေသော်လည်း…
တကယ်တမ်းတွင်မူ သူ့ကို အလေးမထားသည့်ပုံ ပေါက်နေသည်။
သာမန်တံငါသည်လေး တစ်ယောက်ကို သူ အတော်လေး မျက်နှာသာ ပေးထားခဲ့ခြင်းပင်။
"သခင်ကြီးလော့... ဂိုဏ်းချုပ်ကြီးဆီက သတင်းစကား ရောက်လာပါတယ်... ကျွန်တော်တို့ကို အမြန်ဆုံး ပြန်လာခဲ့ပါတဲ့"
"အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်သွားပုံရတယ်"
ထိုအချိန်၌ ရွာအပြင်ဘက်မှ လူတစ်ယောက် အလျင်စလို ပြေးဝင်လာ၏။ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည့်အလား ထိတ်လန့်တကြားဖြင့် လော့ကျန့်အား အကြောင်းကြားလေသည်။
သူသည် လော့ကျန့်၏ နားနားကပ်၍ ဂိုဏ်း၏ သတင်းများကို တိုးတိုးလေး ပြောပြလိုက်သည်။
ဘာ…
ထိုစကားကို ကြားရသော် လော့ကျန့်၏ မျက်နှာသည် ပျက်သွားတော့သည်။ မကြာသေးမီက နဂါးဘုရင်ဂိုဏ်း၏ အခြေအနေ သိပ်မကောင်းလှသည်ကို သူ သိထားသည်။
မျက်ခုံးနီ သူပုန်တပ်က ဒုက္ခပေးနေပြီး နန်းတော်၏ တပ်ဖွဲ့များမှာလည်း ဆက်တိုက် ဆုတ်ခွာနေရသည်။
အကယ်၍ မျက်ခုံးနီ သူပုန်တပ်သာ ထုန်ဟယ်မြို့နယ်ကို ကျူးကျော်လာပါက နဂါးဘုရင်ဂိုဏ်းသည် ဦးဆုံး ခံရမည့်သူ ဖြစ်ပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူတို့အားလုံး ကပ်ဘေးနှင့် ရင်ဆိုင်ရပေတော့မည်။
ထို့ကြောင့် သူသည် ဤနေရာရှိ တံငါသည်များနှင့် ဆက်လက် အချိန်ဖြုန်းနေ၍ မဖြစ်နိုင်တော့ချေ။
လော့ကျန့်သည် စကားတစ်ခွန်းမျှ မပြောတော့ဘဲ လက်ဝှေ့ယမ်းပြလိုက်ကာ သူ့လူများကို ဦးဆောင်၍ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
သူ၏ အမိန့်ကို ထုတ်ပြန်ပြီး ဖြစ်သည်။
နောက်တစ်ကြိမ် ပြန်လာလျှင် အစစ်အမှန် ဖြစ်လာပေလိမ့်မည်။
အကယ်၍ ဤတံငါသည်များက အမှန်တရားကို လက်မခံကြပါက သူ မညှာတာသည်ကို အပြစ်တင်၍ ရမည် မဟုတ်ချေ။
"ဟေ့... ကျန်းလေး... မင်း ပစ္စည်းတွေသိမ်းပြီး မြန်မြန် ထွက်ပြေးတော့"
"တကယ်ပါကွာ... လော့ကျန့်ကို ပြစ်မှားမိမှတော့ မင်း ဒီနေရာမှာ ဆက်နေလို့မရတော့ဘူး"
"တခြားနေရာမှာ သွားနေရင်တော့ အခွင့်အရေး ရှိကောင်းရှိနိုင်ပါသေးတယ်"
တံငါသည် အများအပြားသည် ကျန်းဖန်ကို စာနာသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ နဂါးဘုရင်ဂိုဏ်း၏ အကြီးအကဲ လော့ကျန့်ကို ပြစ်မှားမိခြင်းက ဤနေရာတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့ကြောင်း ပြသနေသည်။
ထွက်ခွာပြီး အခြားနေရာတွင် သွားရောက်နေထိုင်မှသာ မျှော်လင့်ချက် ရောင်ခြည် ရှိနိုင်ပေမည်။
အမှန်စင်စစ် သူတို့၏ အခြေအနေသည်လည်း သိပ်ပြီး ကောင်းမွန်လှသည် မဟုတ်ချေ။
သာမန်လစဉ်ကြေးကိုပင် မတတ်နိုင်ကြရာ သုံးဆတိုးထားသော လစဉ်ကြေးဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ပေ။
"သတိပေးတာ ကျေးဇူးပါ ဦးလေးတို့ရာ... ကျွန်တော် သတိထားပါ့မယ်"
ကျန်းဖန် ခေါင်းညိတ်လိုက်သည်။ ရွာသူရွာသားများကို စကားပို မပြောလိုတော့ပေ။ ပြောနေလည်း အပိုသာ ဖြစ်မည်ကို သူ သိသည်။
သူ လှည့်ထွက်လိုက်ပြီး ရွာအပြင်ဘက်သို့ လျှောက်သွားလိုက်သည်။
ယခုတစ်ကြိမ်တွင် သူသည် နဂါးဘုရင်ဂိုဏ်းနောက်သို့ လိုက်ပြီး အပြတ်ရှင်းပစ်ချင်နေသည်။
သူ ဆက်လက် စောင့်ဆိုင်းမနေနိုင်တော့ပေ။
"ဒီကောင်က တကယ့် အဆိပ်အတောက်ပဲ"
"နဂါးဘုရင်ဂိုဏ်းက ကောင်တွေက တစ်လေတည်း တစ်သံတည်းပါပဲ"
"အထက်ကနေ အောက်အထိ လူကောင်းတစ်ယောက်မှ မရှိဘူး"
ကျန်းဖန်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ လက်သွား၏။ သတ်ဖြတ်ရန် သူ ဆုံးဖြတ်ပြီး ဖြစ်သည်။
သူ့တွင် လစဉ်ကြေး ပေးဆောင်ရန် လုံလောက်သော ငွေစများ ရှိနေသော်လည်း…
ဤအတိုင်း ဆက်သွားနေပါက ငွေအားလုံးကို နဂါးဘုရင်ဂိုဏ်းက ယူဆောင်သွားပေလိမ့်မည်။
ထို့ပြင် လော့ကျန့်၏ လောဘသည် အောက်ခြေမရှိသော တွင်းနက်ကြီးကဲ့သို့ ဖြစ်နေ၏။ ငွေမည်မျှ ပေးပါစေ ကျေနပ်နိုင်မည့်သူ မဟုတ်ချေ။
ထိုအခြေအနေ ရောက်သွားပါက သော်ကရွာ တစ်ရွာလုံးသည် လော့ကျန့်ကြောင့် ကပ်ဆိုက်သွားနိုင်သည်။
သော်ကရွာ အတွက်ဖြစ်စေ၊ သူ့ကိုယ်သူအတွက်ဖြစ်စေ... ဤလူ သေကို သေရမည်။
ပို၍ အရေးကြီးသည်မှာ လော့ကျန့်သည် သူ့ကို ပစ်မှတ်ထားနေပြီဖြစ်ရာ ပဋိပက္ခကို ဖြေရှင်းရန် အခွင့်အလမ်း မရှိသလောက် နည်းပါးနေသည်။
ဝှစ်…
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းဖန်သည် လော့ကျန့်နှင့် သူ့လူများနောက်သို့ စတင် လိုက်ပါသွားတော့သည်။
အရွတ်ကြွက်သား သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိထားသဖြင့် သူ၏ အမြန်နှုန်းသည် ကျားသစ်တစ်ကောင်အလား မယုံကြည်နိုင်လောက်အောင် မြန်ဆန်နေပြီ ဖြစ်သည်။
အမြန်နှုန်းအရဆိုလျှင် မြင်းတစ်ကောင်နှင့် နှိုင်းယှဉ်နိုင်ပေသည်။
…
မကြာမီ အချိန်အတွင်းမှာပင် လော့ကျန့်နှင့် သူ့လူများသည် မြင်းလှည်းပေါ်သို့ တက်လိုက်ကြသည်။
အဘယ်ကြောင့်ဆိုသော် နဂါးဘုရင်ဂိုဏ်း၏ ဌာနချုပ်သည် ထုန်ဟယ်မြို့နယ်တွင် တည်ရှိပြီး အနီးအနားရှိ ငါးဒိုင်သည် ဂိုဏ်းခွဲတစ်ခုမျှသာ ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ဂိုဏ်းတွင် အရေးကြီးကိစ္စ ပေါ်ပေါက်လာပါက ဆွေးနွေးတိုင်ပင်ရန်အတွက် ထုန်ဟယ်မြို့နယ်သို့ ပြန်လေ့ရှိကြသည်။
ထို့ပြင် သော်ကရွာသည် ထုန်ဟယ်မြို့နယ်နှင့် မိုင် (၂၀) ခန့် ကွာဝေးသည်။
လမ်းလျှောက်ပြန်မည်ဆိုပါက အချိန်အတော်အတန် ကြာမြင့်မည်မှာ သေချာသည်။
ထို့ကြောင့် အဆင်ပြေစေရန်နှင့် အားအင်ချွေတာနိုင်ရန် သူတို့သည် မြင်းလှည်းဖြင့်သာ အဓိကထား သွားလာကြသည်။
သို့သော် မြင်းလှည်းတစ်စီးသည် လူ ၄၊ ၅ ယောက်သာ တင်ဆောင်နိုင်လေသည်။
ဤနေရာတွင် မြင်းလှည်း အလုံအလောက် မရှိချေ။
အခြားသူများမှာ ထုန်ဟယ်မြို့နယ်သို့ လမ်းလျှောက်ပြန်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
ထိုအချိန်၌ နဂါးဘုရင်ဂိုဏ်းသား တစ်ဦးသည် မြင်းလှည်းကို မောင်းနှင်လျက် လော့ကျန့်နှင့် အခြားသူများကို ထုန်ဟယ်မြို့နယ်ဘက်သို့ ခေါ်ဆောင်သွားလေသည်။
"သခင်ကြီးလော့... ဂိုဏ်းချုပ်ကြီးက ဘာလို့ ရုတ်တရက် ခေါ်တာလဲ သိလား"
"ဘာလို့ ဒီလောက် အရေးတကြီး ဖြစ်နေရတာလဲ"
လက်အောက်ငယ်သား တစ်ယောက်က စပ်စုလိုက်သည်။ လော့ကျန့်၏ မျက်နှာထား ဤမျှ တင်းမာနေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
"နန်းတော်ရဲ့ သောင်းချီတဲ့ စစ်တပ်တွေ ရှုံးနိမ့်သွားပြီ... မျက်ခုံးနီ သူပုန်တပ် အနိုင်ရသွားတယ်"
"ကြားတာတော့ မျက်ခုံးနီ သူပုန် စစ်သည် တစ်သိန်းလောက် ထုန်ဟယ်မြို့နယ်ဘက်ကို ဦးတည်လာနေတယ်တဲ့"
"သံသယဖြစ်စရာ မလိုပါဘူး... သူတို့ရည်မှန်းချက်က ထုန်ဟယ်မြို့နယ်ပဲ"
"ပြီးတော့ ငါတို့ နဂါးဘုရင်ဂိုဏ်းက ဒေသခံ အင်အားကြီးအဖွဲ့ ဖြစ်နေတော့ မျက်ခုံးနီ သူပုန်တပ်ရဲ့ အမုန်းဆုံး အဖွဲ့အစည်း ဖြစ်နေတာပေါ့"
"ဒါကြောင့် မျက်ခုံးနီ သူပုန်တပ် ရောက်လာရင် ငါတို့ဂိုဏ်း ဘာဖြစ်သွားမယ်လို့ မင်း ထင်လဲ"
လော့ကျန့်က မေးခွန်းပြန်ထုတ်လိုက်သည်။
သူက နိဂုံးချုပ်ကို ထုတ်မပြောသော်လည်း ရှိနေသူများအနက် မည်သူကမျှ အရူးများ မဟုတ်ကြရာ သူတို့ခေါင်းဆောင်၏ ဆိုလိုရင်းကို သဘာဝကျစွာ နားလည်လိုက်ကြသည်။
အင်အားသစ် တစ်ခုသည် နယ်မြေတစ်ခုကို တည်ထောင်လိုပါက ရှိရင်းစွဲ လွှမ်းမိုးထားသော အင်အားစုကို သေချာပေါက် ဖယ်ရှားပစ်ရမည် ဖြစ်သည်။
နဂါးဘုရင်ဂိုဏ်းသည် မျက်ခုံးနီ သူပုန်တပ်အတွက် မျက်စိစူးစရာ ဆူးတစ်ချောင်း ဖြစ်နေသည်။
ထိုအချိန်ရောက်လျှင် နဂါးဘုရင်ဂိုဏ်းဝင်များ အနေဖြင့် သူတို့အားလုံး ကပ်ဘေးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
လူတိုင်း၏ မျက်နှာများ ဖြူဖျော့သွားကြတော့သည်။
မူလက နဂါးဘုရင်ဂိုဏ်းသို့ ဝင်ရောက်ခြင်းဖြင့် နယ်မြေကို လွှမ်းမိုးနိုင်မည်ဟု ထင်မှတ်ခဲ့ကြသည်။
မည်သူကမျှ သူတို့ကို ရန်မစရဲကြပေ။
သို့သော် မျက်တောင်တစ်ခတ်အတွင်း သူတို့သည် နေရာတိုင်းတွင် ပစ်မှတ်ထားခံရသော အပယ်ခံများ ဖြစ်သွားကြချေပြီ။
အကယ်၍ မျက်ခုံးနီ သူပုန်တပ် ရောက်လာပါက သူတို့အေးချမ်းစွာ အနားယူစရာ နေရာပင် ရှိတော့မည် မဟုတ်ချေ။
"သခင်ကြီးလော့... အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
အများစုမှာ တံတွေးမြိုချရင်း ထိတ်လန့်တကြား မေးလိုက်ကြသည်။
"မပူပါနဲ့... ဂိုဏ်းချုပ်ကြီးက ဒါကို ကြိုမြင်ပြီးသားပါ... ဒါကြောင့် ငါတို့ အကြီးအကဲတွေကို ပြန်ခေါ်တာပေါ့"
"ငါထင်တာ မမှားဘူးဆိုရင် ငါတို့ ယွင်ဇီခရိုင်ဘက်ကို ဆုတ်ခွာရလောက်တယ်"
"ခရိုင်မြို့ကြီးဘက်ကို သွားရလောက်မယ်"
လော့ကျန့် လေးနက်စွာ ပြောလိုက်သည်။
ခရိုင်မြို့ကြီးကို သွားမယ် ဟုတ်လား...။
ထိုစကားကို ကြားလိုက်သည်နှင့် လူတိုင်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။
အကယ်၍ ထုန်ဟယ်မြို့နယ်တွင် ဆက်နေပါက သေလမ်းသာ ရှိပေသည်။
သို့သော် ခရိုင်မြို့ကြီးသို့ ဆုတ်ခွာခြင်းသည် လုံးဝ ကွာခြားသော ကိစ္စဖြစ်သည်။
မျက်ခုံးနီ သူပုန်တပ်သည် မည်မျှပင် ကြမ်းကြုတ်ပါစေ ခရိုင်မြို့ကြီးကိုမူ မကြာမီအချိန်အတွင်း ကျူးကျော်နိုင်မည် မဟုတ်ချေ။
"ကြည့်ရတာ မင်းတို့အားလုံး ဂိုဏ်းချုပ်ကြီးရဲ့ စေတနာကို နားလည်ကြပုံရတယ်"
"ငါ့အထင်တော့ ဒီတစ်ခေါက် ဂိုဏ်းချုပ်ကြီးက ငါတို့ကို ဆုတ်ခွာစေပြီး မျက်ခုံးနီ သူပုန်တပ်ရဲ့ ရန်စွယ်ကို ရှောင်ခိုင်းမယ့်ပုံပဲ"
"စိတ်မပူပါနဲ့... နန်းတော်ရဲ့ စစ်တပ်က ရှုံးနိမ့်သွားတယ်ဆိုပေမဲ့ အဲဒါက တပ်စိတ်တစ်စိတ်လောက်ပဲ ရှိပါသေးတယ်"
"တကယ့် ပင်မစစ်တပ်ကြီးက မလှုပ်ရှားရသေးပါဘူး"
"နန်းတော်ရဲ့ ပင်မစစ်တပ်ကြီး ရောက်လာတာနဲ့ မျက်ခုံးနီ သူပုန်တပ် ချေမှုန်းခံရမှာပါ"
"အဲ့ကျရင် ငါတို့ ထုန်ဟယ်မြို့နယ်ကို ပြန်လာကြတာပေါ့"
လော့ကျန့် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ဒါပေမဲ့ အဲ့လိုဆိုရင် ဒီက အကျိုးစီးပွားတွေကို ယာယီ စွန့်လွှတ်လိုက်ရမှာပေါ့"
လက်အောက်ငယ်သား အချို့က တွန့်ဆုတ်စွာဖြင့် မေးလိုက်ကြသည်။
မည်သို့ပင်ဆိုစေကာမူ ငါးဒိုင်မှ ရရှိသော အကျိုးစီးပွားများကို ဆုံးရှုံးလိုက်ရပါက တံငါသည်များကို ခေါင်းပုံဖြတ်၍ ရတော့မည် မဟုတ်သလို သူတို့၏ ဘဝနေထိုင်မှုလည်း ယခင်လောက် ကောင်းမွန်တော့မည် မဟုတ်ချေ။
"တုံးလိုက်တာကွာ... ဒါက ယာယီ စွန့်လွှတ်မှုပဲလေ"
"နဂါးဘုရင်ဂိုဏ်းအတွက် အရည်အချင်းရှိတဲ့ လူအင်အားက အရေးအကြီးဆုံးပဲ"
"လူရှိနေသရွေ့ နယ်မြေဆိုတာ ပြန်ယူလို့ရတာပဲ"
"မျက်ခုံးနီ သူပုန်တပ်ကို ဒီနေရာလေး ခဏ ပေးထားလိုက်စမ်းပါ"
"နောက်ကျရင် ထုန်ဟယ်မြို့နယ်ကို ငါတို့ သေချာပေါက် ပြန်ယူမှာပါ"
လော့ကျန့် အေးစက်စွာ ရယ်မောလိုက်တော့သည်။