အနိုင်ကျင့် ဗိုလ်ကျလွန်းခြင်း။
Vol. 3 Ch. 40
"ဒါက..."
ဤမြင်ကွင်းကို မြင်လိုက်ရသော် တံငါသည် အများအပြားမှာ ကြောက်စိတ်ကြောင့် တုန်လှုပ်သွားကြသည်။ နဂါးဘုရင်ဂိုဏ်း၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို အမှန်တကယ်ပင် ကြောက်ရွံ့သွားကြခြင်း ဖြစ်သည်။
အမှန်တိုင်းပြောရလျှင် ဘဝနေထိုင်မှု ခက်ခဲကြမ်းတမ်းလာသည်နှင့်အမျှ တံငါသည်များသည် နဂါးဘုရင်ဂိုဏ်း၏ ခေါင်းပုံဖြတ်မှုမှ လွတ်မြောက်ရန်နှင့် မိမိတို့ဖမ်းမိသော ငါးများကို အခြားနေရာများသို့ တိုက်ရိုက်ရောင်းချရန် စိတ်ကူးရှိခဲ့ဖူးကြသည်။
ထိုသို့လုပ်ဆောင်နိုင်ပါက သူတို့၏ ဝင်ငွေသည် အနည်းဆုံး နှစ်ဆ တိုးလာမည် မဟုတ်ပါလော။
သို့သော် နဂါးဘုရင်ဂိုဏ်းသည် အမှန်တကယ်ပင် ရက်စက်လွန်းလှသည်။
ကိစ္စပေါ်ပေါက်သွားသည်နှင့် သေမိန့်ကျသည်နှင့် အတူတူပင်။
ထို့ကြောင့် မည်သူမျှ နဂါးဘုရင်ဂိုဏ်းကို ရန်စရဲခြင်း မရှိကြချေ။
လူငယ်တံငါသည်များ သေဆုံးသွားသည်ကို မြင်လိုက်ရသော် တံငါသည်တိုင်း၏ မျက်နှာပေါ်တွင် စာနာသော အမူအရာများ ပေါ်လာကြသည်။
အဘယ်ကြောင့်ဆိုသော် ဤလူများသည် မည်သည့်အမှားကိုမျှ မလုပ်ခဲ့ကြပေ။
သူတို့သည် ဘဝနေထိုင်မှု အနည်းငယ် ပိုကောင်းလာရန်နှင့် ဝဝလင်လင် စားသောက်နိုင်ရန်သာ မျှော်လင့်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ဤမျှရိုးရှင်းသော ဆန္ဒလေးကိုပင် နဂါးဘုရင်ဂိုဏ်းက ခွင့်မပြုခဲ့ချေ။
ယခုအခါ သူတို့၏ ရင်ထဲတွင် ဒေါသတရားများဖြင့် ပြည့်နှက်နေလေသည်။
"ဒါပေမဲ့ ဒီသုံးယောက်က ကြံရာပါတွေပဲ ရှိသေးတယ်... တကယ့် တရားခံတွေ မဟုတ်သေးဘူး"
"တကယ့် နောက်ကွယ်က ကြိုးကိုင်သူက မင်းတို့ သော်ကရွာသား စုန့်ဖူကွေ့ပဲ"
"ဒါပေမဲ့ အဲ့ဒီကောင်က သတင်းကြိုရသွားပြီး ငါတို့ နဂါးဘုရင်ဂိုဏ်း လှုပ်ရှားတော့မယ်ဆိုတာ သိသွားတယ်"
"သူ့မိသားစုတစ်ခုလုံးကို ခေါ်ပြီး ကြိုတင်ထွက်ပြေးသွားတယ်"
"ဘုန်းကြီးတော့ ပြေးနိုင်ပါရဲ့... ကျောင်းကတော့ မလွတ်ပါဘူးကွာ"
"မင်းတို့က စုန့်ဖူကွေ့နဲ့ တစ်ရွာတည်းသားတွေ ဖြစ်ပြီးတော့ ဒီကိစ္စကို လာမတိုင်ကြားခဲ့ကြဘူး... ဒါကြောင့် မင်းတို့မှာလည်း အပြစ်ရှိတယ်"
"ဒါကြောင့် ဒီလကစပြီး မင်းတို့ ပေးဆောင်ရမယ့် လစဉ်ကြေးကို နှစ်ဆတိုး ကောက်ခံမယ်"
ထိုအချိန်၌ လော့ကျန့်သည် သူ၏ အစီအစဉ်ကို ထုတ်ဖော်လိုက်ပြီး နဂါးဘုရင်ဂိုဏ်း၏ ဆုံးဖြတ်ချက်ကို လူအများအား ကြေညာလိုက်လေသည်။
ထွက်ပြေးသွားတယ် ဟုတ်လား...။
ထိုစကားကို ကြားသော် ကျန်းဖန် အနည်းငယ် အံ့သြသွား၏။ မူလက စုန့်ဖူကွေ့ ထွက်ပြေးလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း သူသည် ဤမျှ ပါးနပ်ပြီး ကြိုတင် ထွက်ပြေးနိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ငွေအများအပြား ရရှိသွားရုံသာမက ဘေးကင်းလုံခြုံစွာ ထွက်ပြေးလွတ်မြောက်သွားခြင်းမှာ တကယ့်ကို အံ့မခန်းပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ နဂါးဘုရင်ဂိုဏ်းကို အမြတ်ထုတ်နိုင်သူ မည်မျှရှိပါမည်နည်း။
သို့သော် စုန့်ဖူကွေ့၏ ကံကြမ္မာ ကောင်းမွန်လိမ့်မည်ဟု သူ မထင်ပေ။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်သည် ပရမ်းပတာ ခေတ်ကာလဖြစ်ပြီး နေရာတိုင်းတွင် ဘေးအန္တရာယ်များ ရှိနေသောကြောင့်ပင်။
စုန့်ဖူကွေ့ မိသားစုသည် အင်အားကြီးမားခြင်း မရှိသော်လည်း ငွေကြေးအမြောက်အမြားကို သယ်ဆောင်သွား၏။
အကယ်၍ ရာဇဝတ်ကောင်များနှင့် တွေ့ဆုံမိပါက သတ်ဖြတ်ခံရရန် စောင့်ဆိုင်းနေသော သိုးဝဖြိုးဖြိုးကြီးများ ဖြစ်သွားပေလိမ့်မည်။
အကယ်၍ သူတို့ ထုန်ဟယ်မြို့နယ်ထဲတွင်သာ ဆက်နေပါက သူငယ်ချင်း၊ ဆွေမျိုးများ ရှိသဖြင့် အဆင်ပြေနိုင်ကောင်းသည်။
အခြားနေရာများသို့ သွားရောက်ပါက ရင်းနှီးကျွမ်းဝင်မှု မရှိသဖြင့် မည်သည့်အရာမဆို ဖြစ်ပျက်သွားနိုင်သည်။
ထို့ကြောင့် ကျန်းဖန်သည် နဂါးဘုရင်ဂိုဏ်း၏ ရက်စက်မှုကို သိသော်လည်း ဆက်လက် သည်းခံပြီး နေထိုင်နေခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သော်ကရွာမှလွဲ၍ အခြားနေရာများသည်လည်း သိပ်ပြီး ကောင်းမွန်နေသည် မဟုတ်ချေ။
အကြွင်းမဲ့ အင်အားကို ပိုင်ဆိုင်ထားမှသာလျှင် ဤကျယ်ပြန့်သော ကမ္ဘာကြီးထဲတွင် လွတ်လပ်စွာ သွားလာနိုင်မည် ဖြစ်သည်။
သို့မဟုတ်ပါက ငွေရှိလျှင်ပင် အခြားသူများအတွက် မင်္ဂလာဝတ်စုံ ချုပ်ပေးရမည့် သိုးဝဖြိုးဖြိုးကြီးများသာ ဖြစ်သွားပေလိမ့်မည်။
ဘာ…
ထိုစကားကို ကြားသောအခါ တံငါသည် အများအပြား၏ မျက်နှာများ ပျက်သွားကြတော့သည်။ မူလ လစဉ်ကြေးသည်ပင် ဝန်ထုပ်ဝန်ပိုး ကြီးမားနေပြီဖြစ်ရာ ယခု နှစ်ဆတိုးလိုက်ခြင်းသည် သူတို့၏ ရိုးတွင်းခြင်ဆီကို စုပ်ယူလိုက်ခြင်းနှင့် အတူတူပင်။ သူတို့ကို အသက်ရှင်ခွင့် မပေးချင်တော့သည့် သဘော ဖြစ်နေသည်။
"ဒါက သက်သက်မဲ့ အနိုင်ကျင့်တာပဲ... စုန့်ဖူကွေ့ အပြစ်လုပ်တာလေ... ငါတို့နဲ့ ဘာဆိုင်လို့လဲ"
"ဟုတ်တယ်... လစဉ်ကြေးက များနေပါတယ်ဆိုမှ အခု နှစ်ဆတိုးလိုက်တော့ ငါတို့ကို သေခိုင်းနေတာလား"
"နဂါးဘုရင်ဂိုဏ်းက အင်အားကြီးတယ် ဆိုပေမဲ့ ဒါကတော့ တရားလွန်လွန်းနေပြီ"
"မှန်တာပေါ့... စုန့်ဖူကွေ့ရဲ့ အမှားကို ငါတို့က ဘာလို့ ခံရမှာလဲ"
တံငါသည် အများအပြားသည် သူတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုကြလေသည်။
"ပါးစပ်ပိတ်ထားကြစမ်း"
ထိုအချိန်၌ လော့ကျန့်က ဟိန်းဟောက်လိုက်သည်။
"ဘယ်သူက မင်းတို့နဲ့ ဈေးလာဆစ်နေလို့လဲ... မကျေနပ်တဲ့ကောင်ရှိရင် ထွက်ခဲ့။ ဟိုသုံးကောင်လို ဖြစ်သွားမယ်"
သူသည် ကျားခေါင်း ဓားမကြီးကို ထုတ်လိုက်ရာ သူ၏ ကြွက်သားများမှာ ဘီလူးငယ်တစ်ကောင်ကဲ့သို့ တင်းမာသွားပြီး ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါး အရှိန်အဝါများကို ထုတ်လွှတ်နေလေသည်။ တောနက်ထဲမှ ထွက်လာပြီး ဟိန်းဟောက်နေသော ကျားရိုင်းတစ်ကောင်ကဲ့သို့ပင်။
ချက်ချင်းပင် ရွာသားများသည် ကြောက်လန့်တကြား တိတ်ဆိတ်သွားကြပြီး မည်သူမျှ စကားထပ်မပြောရဲကြတော့ပေ။
စကားတစ်ခွန်း မှားပြောမိသည်နှင့် ဓားအောက်က ဝိညာဉ်ဖြစ်သွားနိုင်သည်ဟု တွေးမိလိုက်ကြသည်။
တစ်ခဏအတွင်း လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
"သုံးရက်..."
"လစဉ်ကြေး လာသွင်းဖို့ မင်းတို့ကို ငါ သုံးရက်ပဲ အချိန်ပေးမယ်"
"ပိုက်ဆံမလောက်တဲ့ကောင် ရှိရင်တော့ နဂါးဘုရင်ဂိုဏ်းက အရေးယူပြီး မင်းတို့အားလုံးကို ဖမ်းခေါ်သွားလိမ့်မယ်"
"ကျွန်စခန်းကို ရောင်းစားပြီး စစ်တပ်အတွက် အမြောက်စာအဖြစ် အမှုထမ်းခိုင်းပစ်မယ်"
လော့ကျန့်က အေးစက်စွာ ပြုံးရင်း လူအုပ်ကြီးကို အထင်သေးသော မျက်လုံးများဖြင့် ဝေ့ဝဲကြည့်လိုက်သည်။
သူ့အမြင်တွင်မူ သူ၏ ခြိမ်းခြောက်မှုအောက်တွင် ဤရွာသားများသည် သိုးကလေးများကဲ့သို့ ယဉ်ပါးစွာ အညံ့ခံကြလိမ့်မည်ဟု ယူဆထားသည်။
အကယ်၍ သူတို့ ခုခံလျှင်လည်း သူ မကြောက်ပေ။
အရွတ်ကြွက်သား သန့်စင်ခြင်း အဆင့် သိုင်းပညာရှင်တစ်ယောက် အနေဖြင့် ဤသာမန်လူများသည် ပုရွက်ဆိတ်များသာ ဖြစ်ကြပြီး လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့်ပင် မရေမတွက်နိုင်အောင် သတ်ဖြတ်ပစ်နိုင်သည်။
တကယ်တမ်း သတ်မည်ဆိုလျှင် ရွာသားအကုန်လုံး ပေါင်းရင်တောင် သူ့အတွက် သတ်လို့ဝမည် မဟုတ်ချေ။
သို့သော် ထိုသို့ လုပ်ဆောင်ရန် မလိုအပ်ပေ။
အကယ်၍ တံငါသည် အားလုံးကို သတ်ပစ်လိုက်ပါက နောင်တွင် နဂါးဘုရင်ဂိုဏ်းအတွက် မည်သူက ငါးဖမ်းပေးတော့မည်နည်း။
မြင့်မြတ်သော သိုင်းပညာရှင်များ အနေဖြင့် မပြောပလောက်သော ငါးအနည်းငယ် ရရှိရန် နေပူမိုးရွာထဲတွင် ပင်ပန်းဆင်းရဲ ခံကြမည် မဟုတ်ချေ။
ထိုအချိန်များကို ဘဝစည်းစိမ် ခံစားနေခြင်းက ပိုကောင်းပေလိမ့်မည်။
ထို့ကြောင့် မဖြစ်မနေ လိုအပ်မှသာလျှင် နဂါးဘုရင်ဂိုဏ်းက လူသတ်ပွဲ ကျင်းပလေ့ရှိသည်။
သူတို့သည် ဤတံငါသည်များကို သူတို့၏ ပိုင်ဆိုင်မှု ပစ္စည်းများအဖြစ် သတ်မှတ်ထားကြပြီး ဖြစ်သည်။
"ဒါ... ဒါက..."
ရွာသားများသည် တိတ်ဆိတ်ငြိမ်သက်နေကြပြီး မျက်နှာများ ညှိုးငယ်ကာ စကားတစ်ခွန်းမျှ မပြောနိုင်ကြရှာပေ။
"မင်းနာမည်က ကျန်းဖန် ဆိုလား"
ထိုအချိန်၌ လော့ကျန့်သည် ကျန်းဖန်ကို သတိထားမိလိုက်သကဲ့သို့ တည့်တည့် လျှောက်လာပြီး ငုံ့ကြည့်လိုက်သည်။
"ပြီးခဲ့တဲ့တစ်ခေါက် ငါ့သား လော့ချန် သော်ကရွာကို လာတုန်းက မင်းနဲ့ ပြဿနာတက်ခဲ့တယ်ဆို"
"ဟုတ်ပါတယ်... စကားနည်းနည်း များခဲ့ကြပါတယ်"
ကျန်းဖန် ရုတ်တရက် ထိတ်လန့်သွားမိ၏။ လော့ချန်ကို သတ်ခဲ့သည်မှာ သူဖြစ်ကြောင်း ပေါက်ကြားသွားပြီး သူ့ကို လာဖမ်းခြင်း ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။
သို့သော် လက်ရှိအခြေအနေအရ ထိုသို့ မဟုတ်ပုံရသည်။
သို့တိုင်အောင် လော့ကျန့်သည် သဘောထားသေးသိမ်သူ ဖြစ်ပုံရသည်။
လော့ချန်နှင့် အနည်းငယ် ပြဿနာတက်ခဲ့သည်ကိုပင် လော့ကျန့်က သူ့ကို လွှတ်ပေးရန် အစီအစဉ် မရှိပုံရသည်။
"ဟားဟား... ငါ့သားနဲ့ ပြဿနာဖြစ်ရဲတယ်ဆိုတော့ မင်းမှာ သတ္တိရှိသားပဲ"
"မင်းက သိပ်ခေါင်းမာပြီး ခြေမငြိမ်မယ့်ကောင်ပဲ"
"မင်းကို ဒီတိုင်းလွှတ်ထားရင် နောက်ထပ် စုန့်ဖူကွေ့ ဖြစ်လာနိုင်တယ်"
"တခြားလူတွေက လစဉ်ကြေး နှစ်ဆပဲ ပေးရမယ်... ဒါပေမဲ့ မင်းကတော့ သုံးဆ ပေးရမယ်"
"မပေးနိုင်ရင်တော့ ကျွန်စခန်းကိုသာ သွားပေတော့"
လော့ကျန့်က အေးစက်စွာ ရယ်မောရင်း ကျန်းဖန်ကို ဂရုမစိုက်သည့်ပုံစံဖြင့် ကြည့်လိုက်သည်။
ဤတံငါသည် လူငယ်လေး ကျန်းဖန်သည် သူ့သားကို သတ်ဖြတ်သည့် တရားခံဖြစ်လိမ့်မည်ဟု သူ မယုံကြည်ပေ။
သာမန်တံငါသည်လေး တစ်ယောက်က သူ့သားကို မည်သို့ သတ်ဖြတ်နိုင်ပါမည်နည်း။
သို့သော် ဤကောင်လေးကို ကြည့်ရသည်မှာ စိတ်ရှုပ်စရာ ကောင်းနေသည်။
အထက်လူကြီး တစ်ယောက်အနေဖြင့်၊ အားကြီးသူ တစ်ယောက်အနေဖြင့် သာမန်လူတစ်ယောက်ကို သတ်ဖြတ်ရန် အကြောင်းပြချက် မလိုပေ။
စိတ်အခြေအနေ မကောင်းလျှင် သတ်ချင်သတ်ပစ်လိုက်နိုင်သည်။
မည်သည့် အကြောင်းပြချက်မှ ပေးနေစရာ မလိုချေ။
"ဒါက..."
ကျန်းဖန်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး မသိစိတ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ သူ၏ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ နိုးထလာလေသည်။
လက်နက်ကို ကိုင်ဆောင်ထားသည်နှင့် သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာတတ်သည်။
အကယ်၍ သူသာ အားနည်းသူ တစ်ယောက်ဖြစ်နေဆဲဆိုလျှင် ဒေါသကို မျိုသိပ်ထားရပေလိမ့်မည်။
သို့သော် ယခုအခါ အရွတ်ကြွက်သား သန့်စင်ခြင်း အဆင့် သိုင်းပညာရှင် တစ်ယောက်ဖြစ်နေပြီ ဖြစ်သလို၊ နတ်ဘုရားဓားကိုလည်း ပိုင်ဆိုင်ထားရာ... အဆင့်တူ သိုင်းပညာရှင် တစ်ယောက်ကို သတ်ဖြတ်ခြင်းသည် ကြက်ကလေးတစ်ကောင်ကို သတ်ဖြတ်သကဲ့သို့ လွယ်ကူနေပြီ ဖြစ်သည်။
သည်းခံရန် အလွန် ခက်ခဲနေပြီ ဖြစ်သည်။
သို့သော် ယခုအချိန်သည် လှုပ်ရှားရမည့်အချိန် မဟုတ်သေးပေ။
လူအများ၏ မျက်စိရှေ့မှောက်တွင် လော့ကျန့်ကို သတ်လိုက်ပါက သူ သော်ကရွာတွင် ဆက်လက် နေထိုင်နိုင်တော့မည် မဟုတ်ချေ။
ထို့ပြင် လော့ကျန့်၏ နောက်ကွယ်တွင် ကြီးမားသော နဂါးဘုရင်ဂိုဏ်း ရှိနေသေးသည်။
သို့သော် လော့ကျန့်သာ ဆက်လက်၍ ဖိနှိပ်နေမည်ဆိုပါက သူ့ကို သတ်ပစ်လိုက်ရုံသာ ရှိတော့သည်။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော ပရမ်းပတာ ခေတ်ကာလတွင် နဂါးဘုရင်ဂိုဏ်း အကြီးအကဲ တစ်ယောက်၊ နှစ်ယောက် သေဆုံးခြင်းသည် ပုံမှန်ကိစ္စသာ ဖြစ်သည်။
သူ ထုန်ဟယ်မြို့နယ်မှ ထွက်ခွာသွားသရွေ့ နဂါးဘုရင်ဂိုဏ်းသည် သူ့ကို ဘာမှလုပ်နိုင်မည် မဟုတ်ချေ။
စုန့်ဖူကွေ့တောင်မှ ထွက်ပြေးလွတ်မြောက်နိုင်သေးသည်ပင်... သူ မပြေးနိုင်စရာ အကြောင်းမရှိပေ။