← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 13 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 13 Ch. 141-142

အခန်း ( ၁၄၁ ) သေလူတွေက လိမ်မပြောတတ်ပါ။

ဒါက နေပြည်တော်မို့လို့လား … ။

နေပြည်တော်မှာ ရှိတဲ့ အရေးပါတဲ့ နေရာ မဟုတ်သလို စစ်တပ် အခိုင်အမာ တပ်စွဲထားတဲ့ နေရာလည်း မဟုတ်ပါ။ ဝေးလံခေါင်ဖျားတဲ့ ဒေသမှာ ရှိနေတဲ့ ရွာငယ်လေး တစ်ရွာမျှသာပင်။

အုပ်ချုပ်ရေးမှူးဟူ ရှိနေရင် မင်းသားတစ်ပါးကို ‌ကြောက်စရာလိုဦးမတဲ့လား။

“ အရှင်မင်းသား။ ” စိုက်ပျိုးမွေးမြူရေးဝန်ကြီးကျိုးက သတ္တိစုစည်းပြီး ပြောလိုက်သည်။ “ ကျေးဇူးပြုပြီး ပြဿနာဖြေရှင်းနေတဲ့ ဒီအမှုထမ်းနဲ့ အုပ်ချုပ်ရေးမှူးဟူကို မနှောင့်ယှက်ဘဲ ဘေးထွက်နေပေးပါ။ ”

“ မင်း … ” ဒေါသကြောင့် လျှို့ယွင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာခဲ့သည်။ “ မင်းကများ ရာရာစစ ငါမင်းသားရဲ့ စကားကို ဆန့်ကျင်ရဲတယ်။ ”

“ ဒီအမှုထမ်းက အတင့်ရဲတာ မဟုတ်ပါဘူး။ ဒီအရာရှိက ပြဿနာကို ဖြေရှင်းခိုင်းထားတဲ့ ဧကရာဇ်ရဲ့ အမိန့်အောက်မှာ ဆောင်ရွက်နေတာပါ ၊ အရာအားလုံးကိုလည်း တာ့လင်တိုင်းပြည်ရဲ့ ဥပဒေအတိုင်း လုပ်သွားမှာပါ။ ဒီအမှုထမ်းက ဘာအမှားမှ မလုပ်ထားပါဘူး။ အရှင်မင်းသားက ဆက်နှောင့်ယှက်နေမယ် ဆိုရင် ဒီအမှုထမ်းက အရှင်မင်းသားကို ယာယီ အဆင်မပြေဖြစ်အောင် ‌လုပ်ရုံက လွဲလို့ ရွေးချယ်စရာ မရှိတော့ပါဘူး။ ”

“ မင်းကများ ရာရာစစ။ ”

“ ဒီအမှုထမ်းရဲ့ အသက်ကို ရင်းရမယ် ဆိုရင်တောင် တာ့လင်တိုင်းပြည်တစ်ခွင်မှာ တရားမျှတမှုပဲ လွှမ်းမိုးရပါမယ်။ ”

လျှို့ယွင် အလွန် ခံပြင်းသွား၏။ ဒီကျိုးပေါ် ဆိုတဲ့ လူဟာ လီယောင့်ကို မဟုတ်မမှန် စွပ်စွဲနေတာတောင် သူ့ကိုယ်သူ အမှန်တရားဘက်တော်သားလို ပုံစံဖမ်းပြီး အရှက်မရှိ ပြောဆိုပြုမူနေပါသည်။

“ သိပ်ကောင်းတယ်။ မောင်မင်း ဆောင်ရွက်တာ သိပ်ကို ကောင်းပါပေတယ်။ ” ဟု လျှို့ယွင်က ပြောလိုက်သည်။ “ မင်း လီယောင့်ကို ဒီနေ့ ဘယ်လို ဖမ်းဆီးသွားမလဲ ဆိုတာ ကြည့်ရသေးတာပေါ့။ ဘုရင့်အမိန့်စာလွှာကို ယူလာခဲ့ပါ ပိုင်စုန့်။ ”

“ ဟုတ်ကဲ့။ ”

ပိုင်စုန့်က သူ့ဓားကို ပြန်ချပြီး ဝတ်ရုံထဲက ဘုရင့်အမိန့်စာလွှာကို ထုတ်ယူလိုက်၏။

ကျိုးပေါ်နှင့် အုပ်ချုပ်ရေးမှူးဟူသည် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း အခြေအနေတွေက အဆိုးဘက်ကို ဦးတည်သွားပြီဟု ခံစားလိုက်ရလေသည်။

နဝမမြောက်မင်းသားမှာ ဘုရင့်အမိန့်စာလွှာလို ပစ္စည်းမျိုး ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

“ ဘုရင့်အမိန့်စာလွှာကို ကြေညာလိုက်။ ”

“ ဟုတ်ကဲ့။ ”

ပိုင်စုန့်က ဘုရင့်အမိန့်စာလွှာကို လက်နှစ်ဖက်ဖြင့် ကိုင်ထားခဲ့ပြီး မြောက်အရပ်ကို ဦးညွှတ်၍ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။ “ ပိုင်ချွမ်းခရိုင် ၊ ယီကျိုးစီရင်စု ၊ ဟဲဝမ်ရွာက လီယောင် … ဘုရင့်အမိန့်စာလွှာကို နာခံပါ။ ”

ပိုင်စုန့်ရဲ့ လက်ထဲမှာ ဘုရင့်အမိန့်စာလွှာ ရောက်လာသည်နှင့်တစ်ပြိုင်နက် ကျိုးပေါ်နှင့် အုပ်ချုပ်ရေးမှူးဟူသည် ခေါင်းမမော့ရဲတော့ဘဲ နာခံစွာ ဒူးထောက်လိုက်ကြသည်။

သူတို့နောက်က တပ်သားတွေ ၊ ရွာသူ ရွာသားတွေလည်း ခေါင်းမမော့ရဲဘဲ ချက်ချင်း ဒူးထောက်ခဲ့ကြသည်။ လူတိုင်း ဒူးထောက်နေတာကို မြင်တော့ လီယောင်သည် မတ်တပ်ရပ်နေတဲ့ လူရယ်လို့ သူမ ၊ လျှို့ယွင်နှင့် ပိုင်စုန့်ပဲ ရှိတာကို စိတ်ရှုပ်သွားမိသည်။

သူတို့က သူမကိုပါ အတင်း ဒူးထောက်ခိုင်းနေတာလား။

“ အဟမ်း အဟမ်း။ ” ဒီတစ်ခေါက်တော့ လျှို့ယွင်က နှစ်ကြိမ် ချောင်းဟန့်ပြီးမှ ပြောလိုက်သည်။ “ အမျိုးသမီးလီယောင်က နေမကောင်းတဲ့အတွက် သူ ဒူးမထောက်တာကိုတော့ ခွင့်လွှတ်ပေးလိုက်မယ်။ ”

လီယောင် စိတ်သက်သာရာရသွားပြီး ဖျတ်ခနဲ ဦးညွှတ်ကာ ဧကရာဇ်ကို လေးစားမှု အနည်းငယ် ဖော်ပြလိုက်သည်။

“ ဧကရာဇ်ရဲ့ အမိန့်စာလွှာ : ဟဲဝမ်ရွာသူ လီယောင်ဟာ ရွာသူ ရွာသားတွေရဲ့ ရေရှားပါးပြတ်လပ်တဲ့ ပြဿနာကို ဖြေရှင်းပေးဖို့အတွက် ရေတွင်းနက်နက် တစ်တွင်းကို တူးဖော်ခဲ့တယ် ၊ မိုးခေါင်ရေရှားမှုကို လျှော့ချဖို့အတွက်လည်း ရေတွင်းတွေ တူးခဲ့တယ်။ ဒါ့ကြောင့် ယီကျိုးစီရင်စုမှာ နေထိုင်သူတွေဟာ နွေရာသီ ကောက်ပဲသီးနှံတွေ စိုက်ပျိုးနိုင်ခဲ့တယ်။ သူမရဲ့ စွမ်းဆောင်ချက်တွေက အဖိုးဖြတ်လို့ မရတဲ့အတွက် လီယောင့်ကို နဝမအဆင့်ရှိတဲ့ အမျိုးသမီးစွမ်း‌ဆောင်ရှင် ဘွဲ့ထူးဂုဏ်ထူးနဲ့အတူ ငွေချောင်း အချောင်း ( ၁၀၀ ) ကို ဆုရယူ‌စေ။ ”

နဝမအဆင့်ရှိတဲ့ အမျိုးသမီးစွမ်းဆောင်ရှင် ဘွဲ့ထူးဂုဏ်ထူးတဲ့လား … ။

လီယောင်တစ်ယောက် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။ သာမန် ရွာသူအမျိုးသမီးတစ်ယောက်အတွက် ဒီလို ဘွဲ့ထူးမျိုး ချီးမြှင့်ခံရတာ တကယ် ရှားသည်။

သူမ သိသမျှ ဘွဲ့ထူးရထားတဲ့ အမျိုးသမီးတွေအကုန်လုံးဟာ သူတို့ယောက်ျားရဲ့ ရာထူးရာခံကြောင့် ဘွဲ့ထူး‌တွေ ရထားတာပင်။

“ ဘုရင့်အမိန့်စာလွှာကို လာယူပါ လီယောင်။ ”

“ အရှင့်သားရဲ့ သဘောထားရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်ရှင်။ ”

လီယောင်က ဦးညွှတ်ပြီး ဘုရင့်အမိန့်စာလွှာကို လက်ခံယူလိုက်သည်။

လူတိုင်းက အမိန့်စာလွှာ ဖတ်ကြားပြီးတာကို မြင်တော့ မတ်တပ်ပြန်ရပ်လိုက်ကြ၏။

ထိုအချိန်မှာပဲ ကျိုးပေါ်က “ ကဲ … အခု ဘုရင့်အမိန့်စာလွှာကိုလည်း ဖတ်ပြီးပြီ ဆိုတော့ ဒီအမှုထမ်းက ထုံးစံအတိုင်း ဆက်ဆောင်ရွက်လိုက်ပါဦးမယ်။ အုပ်ချုပ်ရေးမှူးဟူ ၊ ခင်ဗျားရဲ့ လူတွေကို ဒီအပြစ်သားကို … ဒီအမျိုးသမီးလီကို ခေါ်သွားခိုင်းလိုက်ပါ။ ”

“ မင်းက သူ့ကို အခုထိ ခေါ်သွားချင်နေသေးတာလား။ သူက အခု နဝမအဆင့်ရှိတဲ့ အမျိုးသမီးစွမ်းဆောင်ရှင် ဘွဲ့ထူးဂုဏ်ထူးကို ရထားတာနော်။ ”

“ နဝမအဆင့်ရှိ အမျိုးသမီးစွမ်းဆောင်ရှင်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တာ့လင်တိုင်းပြည်ရဲ့ ဥပဒေကို ချိုးဖောက်တဲ့ ဘယ်သူမဆို တရားဥပဒေအတိုင်း အပြစ်ပေးခံရမှာပါ အရှင့်သား။ ” ဟု ကျိုးပေါ်က ပြောလိုက်သည်။ “ ဒါပေမဲ့ ဒီအမှုထမ်း နေပြည်တော်ကို ပြန်ရောက်ရင် အရှင်မင်းမြတ်ကို ဒီကိစ္စကို အစီရင်ခံလိုက်ပါ့မယ်။ ”

“ ကြည့်ရတာ မင်းက အခုထိ လက်မလျှော့သေးတဲ့ပုံပဲ။ ”

“ ဒါက လက်လျှော့တာ ၊ မလျှော့တာနဲ့ မဆိုင်ပါဘူး။ ” ကျိုးပေါ်သည် သူ့ကိုယ်သူ အမှန်တရားဘက်တော်သားတစ်ယောက်ပမာ ပုံစံဖမ်းကာ အသံကောင်းဟစ်နေခဲ့သည်။ “ ဒီအမှုထမ်းနဲ့ အုပ်ချုပ်ရေးမှူးက အမြဲတမ်း ဘယ်သူ့ကိုမှ မျက်နှာမလိုက်ဘဲ သမာသမတ်ကျကျ ဆောင်ရွက်တာပါ။ ”

လျှို့ယွင်က “ ကောင်းပြီလေ။ မင်းတို့ ပြောသလိုပဲ သမာသမတ်ကျကျပဲ ဆောင်ရွက်ကြပါ။ ” ဟု ပြန်ပြောပြီး ပိုင်စုန့်ဘက် လှည့်ကာ “ ဘုရင့်အမိန့်စာလွှာကို ကြေညာလိုက်။ ” ဟု ပြောလိုက်လေသည်။

လူတိုင်းသည် တစ်ယောက်ကို တစ်ယောက် အံ့ဩတကြီး ကြည့်လိုက်မိကြ၏။ အခုမှ ဘုရင့်အမိန့်စာလွှာကို ဖတ်ပြီးတာ မဟုတ်ဘူးလား။ ဘာလို့ နောက်တစ်ခေါက် ထပ်ကြေညာမှာလဲ … ။

ပိုင်စုန့်က သူ့ဝတ်ရုံထဲက နောက်ထပ် ဘုရင့်အမိန့်စာလွှာကို ထုတ်ယူလိုက်သည်။

“ ဟဲဝမ်ရွာသူ လီယောင် … ဘုရင့်အမိန့်စာလွှာကို နာခံစေ။ ”

အကုန်လုံး နောက်တစ်ကျော့ ဒူးထောက်ရပြန်သည်။

ဒီတစ်ခေါက်တော့ လီယောင်သည် လျှို့ယွင် ထောက်ပေးစရာ မလိုတော့ဘဲ သူမဘာသာ အမြန် ဦးညွှတ်လိုက်သည်။

“ ဧကရာဇ်ရဲ့ အမိန့်စာလွှာ : ဟဲဝမ်ရွာသူ အမျိုးသမီးလီယောင်ဟာ ပိုင်ချွမ်းခရိုင်ရဲ့ တရားသူကြီးစုန့်ဖန်ကို ကပ်ရောဂါလျှော့ကျစေရေးနဲ့ ရေကို အလေအလွင့်မရှိ စနစ်တကျ အသုံးပြုနိုင်စေရေးအတွက် ငွေချောင်းတွေ လှူဒါန်းခဲ့ပြီး လူထုအကျိုးပြု စွမ်းဆောင်ချက်တွေကို ဆောင်ရွက်ခဲ့တယ်။ ဒါ့ကြောင့် လီယောင့်ကို အဌမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင် ဘွဲ့ထူးဂုဏ်ထူးနဲ့အတူ ငွေချောင်း အချောင်း ( ၁၀၀ ) ၊ ကျောက်စိမ်းဆံထိုး တစ်ချောင်းနဲ့ ကျောက်စိမ်းဖြူလက်ကောက် တစ်ဆင်စာ ချီးမြှင့်လိုက်တယ်။ ”

လီယောင်သည် မျက်စိတစ်မှိတ်အတွင်း နဝမအဆင့်ကနေ အဌမအဆင့်ကို ခုန်တက်သွားတဲ့ သူမဟာ သမိုင်းတစ်လျှောက်မှာ အချိန်တိုအတွင်း ဘွဲ့ထူးဂုဏ်ထူးတွေ အများဆုံး ရတဲ့ လူ ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။

ဒါပေမဲ့ အမိန့်စာလွှာတွေက မပြီးသေးပါ။

“ ဟဲဝမ်ရွာသူ လီယောင် … ဘုရင့်အမိန့်စာလွှာကို နာခံစေ။ ”

လီယောင် : ......

နေရာမှာ ရှိနေတဲ့ လူများ : ......

ဒါက ဒီတစ်သက် ပြီးရော ပြီးဦးမှာလား။

“ ဧကရာဇ်ရဲ့ အမိန့်စာလွှာ : ဟဲဝမ်ရွာသူ အမျိုးသမီးလီယောင်ဟာ ထွန်တုံးအကွေးကို ဆန်းသစ်တီထွင်ခဲ့ပြီး လူထုအကျိုးပြု ဆောင်ရွက်ချက်တွေကို စွမ်းဆောင်ခဲ့တဲ့အတွက် သတ္တမအဆင့်ရှိတဲ့ အမျိုးသမီးစွမ်းဆောင်ရှင် ဘွဲ့ထူးဂုဏ်ထူးနဲ့အတူ ငွေချောင်း အချောင်း ( ၁၀၀ ) ကို ဆုချီးမြှင့်လိုက်တယ်။ ”

သတ္တမအဆင့်တဲ့လား … ။

ဘွဲ့ထူးဂုဏ်ထူး သုံးခုကို တစ်ထိုင်တည်း အဆင့်တက်သွားခြင်းကပင် လွန်ကြူးရာရောက်နေပြီ မဟုတ်လား။

သို့သော်လည်း ပိုင်စုန့်ရဲ့ လက်က သူ့ဝတ်ရုံထဲကို ထပ်နှိုက်နေလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့။

အမိန့်စာလွှာတွေ ထပ်ရှိသေးတာလား … ။

စိုက်ပျိုးမွေးမြူရေးဝန်ကြီးကျိုးရဲ့ နှလုံးသားထဲမှာ အသံအကျယ်ကြီး မြည်ဟည်းသွားကာ သူ့မျက်နှာက စိမ်းပုပ်သွားခဲ့သည်။ အရင့်အရင် မင်းဆက်တွေ တစ်လျှောက်လုံးမှာ ဒီလိုမျိုး ဘွဲ့ထူးချီးမြှင့်တာ ဘယ်တုန်းက ရှိခဲ့ဖူးလို့လဲ … ။

သာမန်လူတစ်ယောက်အဖို့ တစ်နေ့တည်းနှင့် သတ္တမအဆင့်ကို ခုန်တက်သွားခြင်းကပင် အံ့ဩဘနန်းဖြစ်ဖွယ်ကောင်းနေပြီ မဟုတ်လား။ ရူးသွပ်နေတဲ့ ‌ဒီဇကရာဇ်ဟာ သူမကို တစ်ထိုင်တည်းနှင့် ပထမအဆင့် ဘွဲ့ထူးဂုဏ်ထူးအထိ ပေးချင်နေပုံရသည်။

သူ ဒီအတိုင်းတော့ လက်ပိုက်ကြည့်မနေနိုင်ပါ။ ဒီကိစ္စကို ရပ်ဖို့ တစ်ခုခုတော့ လုပ်မှ ရမည်။

မဟုတ်ရင် လီယောင်သာ ပဉ္စမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင် ဖြစ်သွားရင် သူမကို ပြစ်ဒဏ်စီရင်ချက်ချဖို့ ပိုခက်သွားမှာ ဖြစ်သလို သူ နေပြည်တော်ကို မအောင်မြင်ဘဲ ပြန်သွားရင်လည်း အိမ်ရှေ့မင်းသားနှင့် ဝန်ကြီးချုပ်က သူ့ရဲ့ ညံ့ဖျင်းမှုအတွက် သေချာပေါက် အပြစ်တင်လိမ့်မည်။ သူ့ကို ရာထူးလျှော့ချတာမျိုးတောင် လုပ်ရင် လုပ်နိုင်သည်။

“ အရှင့်သား။ ” ထိုအချိန်မှာပဲ သူ့ဘေးက အုပ်ချုပ်ရေးမှူးဟူဆီက ရုတ်တရက် အသံထွက်လာသည်။ “ အရှင့်သား အလှည့်စားခံလို့ မဖြစ်ပါဘူး။ ”

“ ဘယ်လို။ ငါ့ကို ဘယ်သူက လှည့်စားမှာလဲ။ ” သူ့စကားကြောင့် လျှို့ယွင် အတော်လေး ရယ်ချင်သွားသည်။

“ သူ ဆိုတာ အသိအသာကြီးပါပဲ။ ” အုပ်ချုပ်ရေးမှူးဟူက ပိုင်စုန့်ကို လက်ညှိုးထိုးပြီး အော်ပြောလိုက်သည်။ “ သမိုင်းထဲမှာ အရပ်သူတစ်ယောက်က တစ်နေ့တည်းနဲ့ ဘွဲ့ထူးဂုဏ်ထူး သုံးခု ချီးမြှင့်ခံရတဲ့ အဖြစ်အပျက်မျိုး တစ်ခါမှ မရှိဖူးဘူး။ အရှင်မင်းမြတ်ကလည်း ဘယ်တော့မှ အဲ့လောက် အတွေးတိမ်မှာ မဟုတ်ဘူး။ ဒါက အရှင်မင်းမြတ်ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး ဆိုကတည်းက ဒီလူက ဘုရင့်အမိန့်စာလွှာကို အတုလုပ်ထားတာပဲ။ ”

အခု အုပ်ချုပ်ရေးမှူး လုပ်နေတာတွေက စိုက်ပျိုးမွေးမြူရေးဝန်ကြီးထက်တောင် အများကြီး ရဲတင်းပါသည်။ သင့်တော်တဲ့ အကြောင်းပြချက်မရှိဘဲ စီရင်စုတပ်သား ( ၂၀၀၀ ) ကို စုဆောင်းလာခဲ့ခြင်းအတွက် သူသာ လက်ခံနိုင်လောက်အောင် ရှင်းမပြနိုင်ရင် လွယ်လွယ်နှင့် ပြီးသွားမှာ မဟုတ်ပါ။ အနက်ရောင်ပိတ်ကျဲခေါင်းဆောင်းကို ဆုံးရှုံးလိုက်ရရုံလောက်နှင့် ပြီးသွားလျှင် ကံကောင်းလှပြီ ဖြစ်ပြီး အခန့်မသင့်ရင် ခေါင်းတောင် အဖြတ်ခံလိုက်ရနိုင်သည်။

ထို့ကြောင့် သူ့မှာ မျက်နှာပြောင်တိုက်ရုံက လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့ပေ။

ပထမဆုံးအနေဖြင့် သူ ပိုင်စုန့်အား ဘုရင့်အမိန့်စာလွှာကို အတုပြုလုပ်ထားသည်ဟု စွပ်စွဲပြီး အခြေအနေကို ရှင်းပြခိုင်းကာ နဝမမြောက်မင်းသားကို အချိန်ဆွဲထားလို့ ရသည်။ အဲ့ဒီနောက် ရာဇဝတ်မှုတွေ အကုန်လုံးကို လီယောင့်အပေါ် ပုံချလိုက်လို့ ရသည်။

နေပြည်တော်ဆီ သတင်းရောက်သွားပြီး ဧကရာဇ်က စုံစမ်းစစ်ဆေးသူတွေကို စေလွှတ်လိုက်တဲ့ အချိန်ကျရင်တော့ အနည်းဆုံး တစ်လလောက် နောက်ကျသွားလောက်ပါပြီ။ အဲ့အချိန်လောက်ဆို လီယောင်လည်း အရိုးဖြစ်နေတာ ကြာလောက်ပြီပင်။

ကာကယံရှင် မရှိတော့တဲ့နောက်မှတော့ ဘာကို ဘယ်လို သွားစစ်ဆေးတော့မှာလဲ … ။

“ မင်းကများ ရာရာစစ ဒီလို စွပ်စွဲရဲတယ်။ ” လျှို့ယွင်က ဒေါသတကြီး ပြောလိုက်သည်။ “ သူက ငါ့ရဲ့ ကိုယ်ပိုင် သက်တော်စောင့်ပဲ။ သူက ဘုရင့်အမိန့်စာလွှာကို ဘာလို့ အတုလုပ်ရမှာလဲ။ ”

“ လူတစ်ယောက်ရဲ့ မျက်နှာကို မြင်နိုင်ပေမဲ့ သူတို့ရဲ့ နှလုံးသားကိုတော့ မမြင်နိုင်ပါဘူး အရှင့်သား။ ”

“ ဟုတ်ပါတယ် အရှင့်သား။ ” ကျိုးပေါင်က အုပ်ချုပ်ရေးမှူးဟူရဲ့ လိမ္မာပါးနပ်ကို စိတ်ထဲက လက်ခုပ်တီး၍ ချီးကျူးလိုက်သည်။ တကယ့် အာဏာ အစစ်အမှန်ကို ပိုင်ဆိုင်ထားတဲ့ လူတွေက ဉာဏ်အများဆုံးပဲ ဖြစ်သည်။ “ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အမှန်တရားကို စစ်ဆေးခွင့်ပြုပါ။ ”

“ တပ်သားတွေ .. နဝမမြောက်မင်းသားကို ကာကွယ်ပေးကြစမ်း။ အဲ့အပြစ်သားကိုလည်း ဖမ်းဆီးလိုက်။ ”

အုပ်ချုပ်ရေးမှူးဟူ ခေါ်လာတဲ့ စီရင်စုတပ်သားတွေ အကုန်လုံးက သူ့လူယုံတွေချည်းမို့ သဘာဝကျစွာပင် သူ့အမိန့်ကို နာခံကြလေသည်။

ကြံ့ခိုင်သန်မာတဲ့ တပ်သားတွေ အများကြီးဟာ ချက်ချင်းပဲ ရှေ့ထွက်လာခဲ့ပြီး ဆန့်ကျင်ဘက်သက်သေတွေ ထပ်ရှိမလာစေရန်အတွက် ပိုင်စုန့်ကို ဒီနေရာမှာပဲ လက်စဖျောက်ပစ်ဖို့ ဟန်ပြင်လိုက်ကြသည်။

…

အခန်း ( ၁၄၂ ) ကျပန်း သတ်ဖြတ်မှု။

ထိုလူတွေကို ဒီလောက် အတင့်ရဲလိမ့်မည်ဟု ထင်မထားခဲ့သော ပိုင်စုန့်သည် သူ ဘယ်လောက်ပဲ တိုက်ရည်ခိုက်ရည် ကျွမ်းကျင်ပါစေ ၊ တစ်ယောက်နှင့် အများ ဖြစ်နေတာကြောင့် “ မြန်မြန် ပြေးပါတော့ အရှင့်သား။ အရှင့်သား ပြေးလို့ ရအောင် ကျွန်တော် ကာပေးထားပါ့မယ်။ ” ဟု အော်ပြောပြီး သူ့ဓားရှည်ကို ဆွဲထုတ်ကာ တပ်သားအဖွဲ့နှင့် စတင်တိုက်ခိုက်ခဲ့သည်။

လျှို့ယွင်သည်လည်း မင်းသားတစ်ပါး ဆိုတဲ့ သူ့ဖြစ်တည်မှုက ဒီနေရာမှာ အသုံးမဝင်မှာကို မျှော်လင့်မထားသဖြင့် စိတ်ပျက်ကာ ဘာလုပ်လို့ လုပ်ရမှန်းမသိ လမ်းပျောက်သွားတော့သည်။

ဟူရှစ်သည် တပ်သားတွေဟာ ပိုင်စုန့်ကို အချိန်အတော်ကြာတဲ့ထိ အနိုင်မယူနိုင်ကြောင်း သိသွားသော်လည်း ဘာကိုမှ မစိုးရိမ်မိပေ။ သူ နဝမမြောက်မင်းသားကို မထိနိုင်ရင်တောင် သာမန်လူ တစ်စုကိုတော့ မထိန်းနိုင်စရာမရှိ။

“ သွား … လျှို့ယွင်ကို ငါ့ဆီ ဖမ်းခေါ်လာခဲ့။ ”

နောက်ထပ် တပ်သားတစ်ဖွဲ့ ပြေးလာပြန်ပါသည်။

တာ့ကျွမ်းက အဲ့ဒါကို မြင်တော့ လက်ထဲမှာ သစ်သားတုတ် တစ်ချောင်းကို ကိုင်ထားလျက် အကုန်လုံးရှေ့မှာ ထွက်ရပ်လိုက်သည်။ သူ့ဘယ်ညာ တစ်ဖက်တစ်ချက်ဆီမှာတော့ ဝမ်အာ ၊ ဝမ်ရှောင်စစ်နှင့် စုန့်ကျယ်တို့လည်း ရပ်နေကြသည်။

“ ကျုပ် ခင်ဗျားတို့ကို ကျုပ်အမေကို ခေါ်သွားခွင့်မပေးဘူး။ ”

ဟူရှစ်က ဒေါသပေါက်ကွဲစွာ အော်ပြောလိုက်သည်။ “ အတင့်ရဲလိုက်တာ။ သူတို့အားလုံးကို ဖမ်းလာခဲ့။ ခုခံတဲ့ ဘယ်သူ့ကိုမဆို သက်ညှာမနေနဲ့။ အကုန် သတ်ပစ်လိုက်။ ”

တာ့ကျွမ်းနှင့် ကျန်လူတွေက ခန္ဓာကိုယ်ထွားထွားကျိုင်းကျိုင်း တပ်သားများကို ကြည့်ကာ မျက်နှာဖြူဖတ်ဖြူရော်ဖြစ်ပြီး ခန္ဓာကိုယ်တွေ အနည်းငယ် တုန်ယင်သွားကြသော်လည်း အဲ့လို ဆိုရင်တောင် ဘယ်သူကမှ ခြေလှမ်း တစ်ဝက်စာတောင် နောက်ဆုတ်မသွားပေ။

လီယောင်က ရေခဲလို အေးစက်တောက်ပြောင်နေတဲ့ ဓားရှည်များဖြင့် ပြေးလာနေတဲ့ တပ်သားတွေကို ကြည့်ပြီး သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်မိသည်။

သစ်ပင်က ငြိမ်းငြိမ်းချမ်းချမ်းပဲ နေချင်ပေမဲ့ လေကတော့ ညှိနှိုင်းလို့ မရဘူးပဲ။ သူမက ဒီတောင်ပေါ်ရွာလေးမှာ အေးချမ်းရိုးရှင်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ချင်ရုံလေးပါ။ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ။ အိုး … ဟုတ်ပြီလေ။

သူတို့မိခင်ကို ကာကွယ်ပေးနေတဲ့ ဒီကလေးတွေရဲ့ တွယ်တာမှုအတွက် သူမလည်း ဒီတိုင်း ငြိမ်နေလို့ မရတော့ပါ။ အဆိုးဆုံး အခြေအနေတွေ ဖြစ်လာရင်လည်း တခြား တစ်နေရာမှာ ဘဝသစ် စတင်လို့ ရသည်။

လီယောင်သည် စိတ်ဆုံးဖြတ်လိုက်ခြင်းနှင့်အတူ အရှေ့ကို ခုန်တက်သွားပြီး လက်ထဲမှာ သံမဏိဓားကြီးတစ်လက်ကို ဆုပ်ကိုင်၍ တပ်သားတွေကို ရင်ဆိုင်လိုက်လေသည်။

ချွမ် ချွမ် ချွမ် … ။

လီယောင်သည် လက်ထဲမှာ သံမဏိဓားကြီးတစ်လက်ကို ဆုပ်ကိုင်ကာ ရဲရဲရင့်ရင့် တိုက်ခိုက်ကာ တပ်သားတွေ အများကြီးကို တစ်ယောက်ပြီး တစ်ယောက် ချေမှုန်းခဲ့သည်။

လျှို့ယွင်ကတော့ သူ့မျက်လုံးကိုတောင် မယုံနိုင်တော့ပေ။ “ သူ … သူက ဒီလောက်တောင် တိုက်ရည်ခိုက်ရည်ကျွမ်းကျင်တာလား။ ”

တာ့ကျွမ်းနှင့် ကျန်လူတွေက လီယောင့်ကို ကြည့်ကာ ကြောင်အနေချိန်မှာ ရွာသူ ၊ ရွာသားတွေကတော့ ပိုလို့တောင် အံ့ဩဆွံ့အသွားခဲ့ကြသည်။

ဟူရှစ်က လီယောင်ဟာ တပ်သားတွေ အကုန်လုံးကို ဖောက်ထွင်းပြီး သူတို့ကို သတ်ဖို့ ကြံရွယ်နေတာကို မြင်တော့ ရုတ်တရက် ရယ်မောလိုက်၏။ ဒါက လီယောင့်ရဲ့ ပုန်ကန်မှုကို သေချာပေါက် အတည်ပြုပေးလိုက်တာပဲ ဖြစ်သည်။

သူမရဲ့ သိုင်းပညာနှင့် တိုက်ခိုက်မှုစွမ်းရည်တွေကိုတော့ သူတို့ အရေးစိုက်မနေပါ။ သူမက အရမ်း သန်မာတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက် ဆိုရင်တောင် တပ်သားတွေ အများကြီးကိုတော့ တစ်ယောက်တည်း တိုက်ခိုက်နိုင်မှာ မဟုတ်။ သူ့ဘက်မှာ မြို့စောင့်တပ်သား နှစ်ထောင်ကျော် ရှိနေလို့ သူ ဒီလို ယုံကြည်ချက်ရှိနိုင်တာ ဆိုရင်လည်း မမှားပေ။

“ မြှားတွေကို အဆင်သင့် ပြင်ထားလိုက်။ ”

ခပ်ဝေးဝေးမှာ ရှိတဲ့ တပ်သားတွေက လေးတွေ ၊ မြှားတွေကို ထုတ်ယူပြီး လီယောင့်ကို ချိန်ရွယ်လိုက်ကာ သူမကို ဖြူကောင်တစ်ကောင်အဖြစ် ပြောင်းလဲခိုင်းမယ့် ဟူရှစ်ရဲ့ အမိန့်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

ဒါပေမဲ့ လီယောင်က သူ့ကို အမိန့်ပေးနိုင်မယ့် အခွင့်အရေးလေးတောင် မပေးဘဲ သူမ လွှင့်ပစ်လိုက်တဲ့ ဓားရှည်ကြီးက ဟူရှစ်ရဲ့ လည်မျိုကို တည့်တည့်မတ်မတ် ထိုးဖောက်သွားခဲ့လေသည်။

ဟူရှစ်ရဲ့ မျက်လုံးတွေ အဆမဆန် ပြူးကျယ်ထွက်လာပြီး မြေပြင်ပေါ် လဲကျသွားတာကို လူတိုင်းက ဆွံ့အစွာ ကြည့်နေမိကြသည်။

ဟူရှစ်ဟာ တရားရုံးတော်က ခန့်အပ်ထားတဲ့ တော်ဝင်အရာရှိ တစ်ယောက် ဖြစ်ပြီး ဒေသအတွက် အရေးပါတဲ့ ပုဂ္ဂိုလ် ဆိုရင်လည်း မမှားပါ။

ဒါပေမဲ့ လီယောင်ကတော့ ဟူရှစ်ကို သူတို့မျက်စိရှေ့မှာပဲ တစ်ချက်တည်းနှင့် သတ်ပစ်ခဲ့သည်။ သူမရဲ့ ပြတ်သားမှုက ကြက်တစ်ကောင်ကို လည်ဖြတ်တာထက်တောင် လျင်မြန်သေသပ်နေပါသည်။

ပိုင်စုန့်နှင့် နဝမမြောက်မင်းသားပင်လျှင် သူတို့ အိပ်မက်,မက်နေတာပဲ ဖြစ်မှာပါဟု ခံစားလိုက်ရသည်။ လီယောင် ဒီလောက်ထိ ရဲတင်းစရာ အကြောင်း မရှိပါ။

သို့သော်လည်း သူတို့မျက်စိရှေ့က အဖြစ်အပျက်တွေက အမှန်တကယ်ပဲမို့ သူတို့မှာ ထိုအဖြစ်အပျက်ကို လက်ခံယုံကြည်ဖို့က လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့။

စိုက်ပျိုးမွေးမြူရေးဝန်ကြီးက လုံးဝကို ဆွံ့အသွားခဲ့ပြီး သတိဝင်လာသောအခါ ချက်ချင်းပဲ တုန်ယင်စွာ နောက်ဆုတ်ရင်း မြေပြင်ပေါ်ကို လဲကျသွား၏။ သို့သော် ထိုလဲကျရာ နေရာမှာပဲ ဒီတိုင်း ရပ်မနေရဲဘဲ စစ်သားတွေနောက်ကို အမြန် တွားသွားပြီး ပုန်းကွယ်နေခဲ့သည်။

ဟူရှစ်ရဲ့တူ ဟူကန်နှင့် ယီကျိုးစီရင်စုရဲ့ မြို့စောင်တပ် တပ်မှူးသည် အမျက်ချောင်းချောင်းထွက်သွား၏။ ဒီမိန်းမယုတ်ဟာ သူ့ဦးလေးကို သူ့မျက်စိရှေ့မှာ အတင့်ရဲစွာ သတ်ပစ်ရဲသည်။ ဒီမိန်းမ လူ့လောကမှာ အသက်ဆက်မရှင်ချင်တော့တာ ဖြစ်ရမည်။

“ မြှားတွေ ပစ်လိုက်တော့။ ”

“ ကျုပ်အမေကို ထိတဲ့ ဘယ်သူ့ကိုမဆို ကျုပ် တစ်ယောက်မှ အရှင်မထားဘူး။ ” စစ်သားတွေက မြှားပစ်ဖို့ ချိန်ရွယ်နေစဉ်မှာပဲ ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ခြံထဲကို စစ်မြင်းတစ်ကောင် ပြေးဝင်လာခဲ့သည်။

စစ်မြင်းပေါ်က အမျိုးသားသည် သံချပ်ကာ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လက်ထဲမှာလည်း သံမဏိတုတ် တစ်ချောင်းကို စွဲကိုင်ထားကာ ဗိုလ်ချုပ်ကြီးတစ်ယောက်ကဲ့သို့ပင် ခမ်းနားကြီးကျယ်နေခဲ့သည်။

တပ်သားတွေ ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပဲ သူက သူတို့အကုန်လုံးကို သံတုတ်ကြီးနှင့် တစ်ယောက်ပြီး တစ်ယောက် ဖြတ်ရိုက်ပစ်လိုက်သည်။

ရွာသူ ၊ ရွာသားတွေဆီက “ ဒါ ဝမ်စန်းအာပဲ။ ” ဟူသော ပျော်ရွှင်စွာ ရေရွတ်သံတွေ ထွက်ပေါ်လာခဲ့သည်။ ဝမ်စန်းအာကို ဒီလို အရေးပေါ် အခြေအနေမှာ ပြန်ရောက်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပါ။

ဝမ်စန်းအာက တပ်သားတွေ အများကြီးကို ချေမှုန်းပြီးသွားတော့ သူ့စစ်မြင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်လာကာ လီယောင့်ရှေ့မှာ ရပ်ခိုင်းလိုက်သည်။ “ ယီကျိုးစီရင်စု မြို့စောင့်တပ်ရဲ့ တပ်မှူး ဟူကန်က ဘယ်သူလဲ။ ”

“ ငါ ဒီမှာ ရှိတယ်။ ” ဟူကန်က မြို့စောင့်တပ်သား နှစ်ထောင်ကျော်နောက်မှာ ရပ်နေတာမို့ နည်းနည်းလေးတောင် ကြောက်ရွံ့မနေပါ။ “ မင်းက ဘယ်သူလဲ။ မင်းကရော ပုန်ကန်ချင်တာလား။

“ ငါ့အမိန့်ကို နားထောင်စမ်း ယီကျိုးခရိုင် မြို့စောင့်တပ် တပ်မှူးချုပ်။ ” ဝမ်စန်းအာက တောက်ပသော တိုကင် တစ်စောင်ကို ထုတ်ယူပြီး ကျယ်လောင်စွာ ကြေညာခဲ့သည်။ “ လက်ရှိ တော်ဝင်တပ်မှူးချုပ်ရဲ့ အမိန့်အရ ယီကျိုးစီရင်စု မြို့စောင့်တပ်ရဲ့ တပ်မှူး ဟူကန်ဟာ စစ်ကန်ရဲ့ ဓလေ့ထုံးတမ်း စည်းမျဉ်းစည်းကမ်းတွေကို လုံးဝ မလိုက်နာဘူး။ အမှုထမ်းတွေနဲ့ ပူးပေါင်းပြီး မြို့စောင့်တပ်သားတွေကို မကောင်းတဲ့ လုပ်ရပ်တွေကို သူ့စိတ်ကူးပေါက်သလို ထင်ရာမြင်ရာ လုပ်ခိုင်းခဲ့တယ်။ အခု သူ့ကို ရာထူးကနေ ထုတ်ပယ်ပြီး နေပြည်တော်ကို ပို့ဆောင်ပြီးတော့ ပြစ်ဒဏ်ချမှတ်မယ်။ ”

တော်ဝင်တပ်မှူးချုပ်ရဲ့ အမိန့်တဲ့လား … ။

ဟူကန်သည် ဝမ်စန်းအာရဲ့ လက်ထဲက တိုကင်လေးကို ကြည့်ကာ အနည်းငယ် သွေးပျက်စပြုလာခဲ့သည်။ တော်ဝင်တပ်မှူးချုပ်က နယ်စပ်ဒေသမှာ ရှိနေတာ မဟုတ်ဘူးလား။ သူက တော်ဝင်တပ်မှူးချုပ်ရဲ့ အမိန့်စာကို ဘယ်လိုလုပ် ရတာလဲ။

“ တပ်သားတွေ … မင်းတို့ သူ့ကို ဘာလို့ မြန်မြန် မဖမ်းဆီးသေးတာလဲ။ ”

ခြံဝင်းထဲက တပ်သားတွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဘယ်သူမှ နည်းနည်းလေးတောင် နေရာမရွေ့ခဲ့ကြပေ။ သူတို့က ဟူရှစ်ရဲ့ ယုံကြည်ရတဲ့ အတွင်းလူတွေပါ။ ဟူရှစ် မရှိတော့တဲ့နောက်မှတော့ ဘယ်လို နေ့ကောင်းရက်သာတွေက သူတို့ကို စောင့်ကြိုနေမှာမို့လဲ။

ဟူရှစ်က အဲ့ဒါကို မြင်တော့ အကျယ်ကြီး အော်ရယ်သည်။ “ ကောင်လေး ၊ မင်း ဘယ်နေရာကို ရောက်နေတာလဲ ဆိုတာရော သိရဲ့လား။ ဒါက ငါ့ပိုင်နက် ယီကျိုးစီရင်စုပဲ။ တော်ဝင်တပ်မှူးချုပ်ရဲ့ အမိန့်တွေ ဘာတွေကို ခေါက်ထားလိုက်။ ဒီနေရာမှာ ငါ့စကား ငါ့အမိန့်ပဲ စိုးမိုးတယ်။ ”

ဝမ်စန်းအာ မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရတာ ဟူရှစ်က ဒီနေ့ အဆုံးထိ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပုံ‌ပေါ်သည်။

အသေအချာပဲ ဟူရှစ်က ကောက်ကျစ်ယုတ်မာစွာ ပြုံးလိုက်ပါသည်။ “ ဟဲဝမ်ရွာသူ ရွာသားတွေက ကိုယ်ပိုင်စစ်တပ်ကို လျှို့ဝှက် ဖွဲ့စည်းတယ် ၊ လက်နက်တွေကို မှောင်ခိုရောင်းဝယ်တယ် ၊ မင်းသားကို အကျဉ်းချပြီး တိုင်းပြည်ကို ပုန်ကန်ဖို့ ကြံစည်တယ်။ သူတို့အားလုံး သေသင့်တယ်။ ”

ဘာ … ။

စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ထိုစကားကို မြင်တော့ တုန်လှုပ်သွားသည်။ ဒီလူ ဟဲဝမ်ရွာမှာ ရှိတဲ့ လူတွေ အကုန်လုံးကို သတ်ပစ်ဖို့ တကယ် ရည်ရွယ်နေတာလား။

“ မင်း ရူးသွားပြီပဲ ဟူကန်။ မင်းလို ကောင်ကများ ရာရာစစ အတင့်ရဲလို့။ ”

“ ဟားဟားဟား …။ ငါက ဘာလို့ မလုပ်ရဲရမှာလဲ။ ဟဲဝမ်ရွာမှာ ရှိတဲ့ လူတွေ အကုန်လုံး သေသွားရင် ဒီနေ့ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို ဘယ်သူမှ သိတော့မှာ မဟုတ်ဘူး။ တပ်သားတွေ အကုန်လုံးကို အမိန့်ပေးမယ် ၊ ဘယ်သူ့ကိုမှ အရှင်မထားနဲ့။ ”

ဟဲဝမ်ရွာသူ ၊ ရွာသားတွေက ရက်စက်မှုများဖြင့် ဖုံးလွှမ်းနေသော တပ်သားတွေကို ကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်ခဲ့ပြီး အရပ်လေးမျက်နှာကို ဆောက်တည်ရာမရ ထွက်ပြေးသွားခဲ့ကြသည်။

ခြံဝင်းထဲက တပ်သားတွေက သူတို့ရဲ့ လေးတွေ ၊ မြှားတွေကို ပြန်ချိန်ရွယ်ပြီး လီယောင်နှင့် ကျန်လူတွေကို ပွဲချင်းပြီး သုတ်သင်ဖို့ အဆင်သင့် ဖြစ်နေခဲ့ကြလေသည်။

ထိုအချိန်မှာပဲ ဟိုးအဝေးကနေ ကျယ်လောင်ပြင်းထန်တဲ့ စစ်ပွဲဗုံသံတွေကို ကြားလိုက်ရသည်။ စစ်မြင်းတွေရဲ့ မြင်းခွာသံ တခွပ်ခွပ်က မိုးခြိမ်းသံတမျှ ကျယ်လောင်ကာ ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်သွားစေခဲ့ပြီး ဟဲဝမ်ရွာထဲကို တပ်သားထောင်ချီ ဝင်ရောက်လာခဲ့သည်။

တော်ဝင်တပ်မှူးချုပ်သည် စစ်ပွဲချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ့နောက်မှာတော့ အောင်လံတံခွန်က လေအဝေ့မှာ တလွင့်လွင့် လွှင့်ဝဲနေခဲ့သည်။ သူက အရှိန်ပြင်းတဲ့ ဒီရေလှိုင်းလို မြင်းတပ်သား ( ၅၀၀ ) ကို ဦးဆောင်လာခဲ့ပြီး ရွာဝင်ပေါက်ကို ပိတ်ဆို့ထားတဲ့ မြို့စောင့်တပ်သားတွေကို ချက်ချင်းပဲ တကွဲတပြားစီ ထွက်ပြေးသွားစေခဲ့သည်။

မြင်းတပ်ရဲ့ နောက်မှာတော့ တပ်သား နှစ်ထောင်ကျော်က တစ်ဆက်တည်း လိုက်ပါလာကာ တညီတညွှတ်တည်း ကေကညာခဲ့သည်။ “ မင်းတို့အားလုံး လက်နက်ချရင် အသက်ချမ်းသာရာရမယ်။ အဆုံးထိ ခုခံနေရင်တော့ ဘယ်သူ့ကိုမှ သနားညှာတာနေမှာ မဟုတ်ဘူး။ ”

ကျယ်လောင်ပြတ်သားသော အသံက ကောင်းကင်နှင့် မြေကြီးကို ဖြတ်သန်း၍ ပဲ့တင်မြည်ဟည်းသွားစေခဲ့သည်။

ဟူကန် ခေါ်လာတဲ့ မြို့စောင့်တပ်သားတွေက အနည်းငယ်မျှပင် မဆန့်ကျင်ရဲတော့ဘဲ လက်နက်တွေကို လွှင့်ပစ်ကာ မြေပြင်ပေါ်မှာ ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။

ဟူကန် ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပဲ လီယောင့်ရဲ့ ခြံထဲကို တပ်သားတွေ အများအပြား ဝင်ရောက်လာပြီး အခြေအနေကို ချက်ချင်း ထိန်းချုပ်သွားခဲ့သည်။

ဟူကန်သည် ဒီတစ်ခေါက်တော့ သူ လုံးဝ ဇာတ်သိမ်းပြီမှန်း နားလည်လိုက်သော်လည်း သူ့ကံတရားကို လက်ခံဖို့ ငြင်းဆန်လိုက်သည်။

သူ့ဘေးက စိုက်ပျိုးမွေးမြူရေးဝန်ကြီးကို ဆွဲဖမ်းပြီး ထိုလူ့လည်ပင်းပေါ် ဓားတင်ကာ “ တစ်ယောက်မှ အနားကပ်မလာနဲ့ ၊ ကပ်လာရင် ငါ သူ့ကို သတ်ပစ်လိုက်မယ်။ မင်းတို့အားလုံး ငါ့ကို လမ်းဖယ်ပေးကြစမ်း။ ” ဟု အော်ပြောလိုက်သည်။

တော်ဝင်တပ်မှူးချုပ်ရှုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး တပ်သားတွေကို လမ်းဖယ်ပေးဖို့ လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်၏။

ဟူကန်က တုန်ယင်နေတဲ့ စိုက်ပျိုးမွေးမြူရေးဝန်ကြီးကို လူသားဒိုင်းကာအဖြစ် အသုံးပြုပြီး ဝင်ပေါက်ကို တရွေ့ရွေ့ နောက်ဆုတ်သွားခဲ့သည်။ သူ့အကြံအစည်ကတော့ ဝန်ကြီးကို ဓားစာခံလုပ်ပြီး လွတ်လမ်းရှာဖို့ပါပဲ။

ဒါပေမဲ့ လီယောင်ကတော့ သူ့အကြံအစည်ကို အကောင်အထည်ဖော်ခွင့်မပေးခဲ့ပါ။ သူမက မြေပြင်ပေါ်က ဓားကို ကောက်ယူပြီး သူတို့နှစ်ယောက်ရှေ့မှာ ချက်ချင်း ပေါ်လာခဲ့သည်။

“ မင်း ဘာလုပ်တာလဲ။ ” ဟူကန်သည် လီယောင်ဟာ စိုက်ပျိုးမွေးမြူရေးဝန်ကြီးရဲ့ သေခြင်း ၊ ရှင်ခြင်းကို ဂရုမစိုက်ဘဲ နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ “ အနားကပ်မလာနဲ့နော်။ ငါ သူ့ကို သတ်ပစ်မှာ။ ”

“ လုပ်လေ။ သတ်ပစ်လိုက်။ ” ဟု လီယောင်က အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ “ ကျွန်မ သူ့ကို သိတောင် မသိဘူး။ ရှင် သတ်ချင်တဲ့ လူကို သတ်လို့ ရတယ်။ ”

…

All Chapters