အခန်း (၁၄၃-၁၄၄)
Vol. 13 Ch. 143-144
အခန်း ( ၁၄၃ ) ကိုယ်လုပ်တော်။
ဟူကန် : … မင်းက စကားကို တရားလက်လွတ် ပြောနေတာပဲ။
လီယောင်က သူ ခဏ သတိလွတ်သွားတာကို အခွင့်ကောင်းယူကာ စိုက်ပျိုးမွေးမြူရေးဝန်ကြီးရဲ့ ဗိုက်ကို ရုတ်တရက် လှမ်းကန်လိုက်လျှင် ဝန်ကြီးက နာကျင်မှုကြောင့် ခန္ဓာကိုယ် ငုံ့ကိုင်းသွား၏။ သူ့နောက်မှာ ရှိတဲ့ ဟူကန်မှာ အကာအကွယ်မရှိတော့သောအခါ လီယောင့်ဓားက ဝန်ကြီးရဲ့ နားရွက်ကို ရှပ်တိုက်သွားပြီး ဟူကန်ရဲ့ လည်မျိုကို ခုတ်ပိုင်းပစ်လိုက်လေသည်။
ဟူကန်က စစ်မြေပြင်မှာ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ဖူးတဲ့ ဝါရင့်စစ်သည်တော်တစ်ယောက် ဖြစ်သော သူဟာ သူ့ရှေ့မှာ လူအကာအကွယ်လည်း ရှိနေလျက်ပါနှင့် သာမန် အရပ်သူတစ်ယောက်ဆီမှာ အလွယ်အကူ အသက်ခံလိုက်ရသော အဖြစ်ကို မယုံနိုင်သလို မျက်လုံးတွေ ပြူးကျယ်နေခဲ့သည်။
ဒီမိန်းမရဲ့ သရုပ်မှန်က ဘာလဲ … ။
“ ရှင်က ကျွန်မအိမ်မှာ ပြဿနာလာရှာပြီးတော့ ဒီတိုင်း အေးအေးဆေးဆေး ထွက်သွားလို့ ရမယ်လို့ ထင်နေတာလား။ ရှင် ဘယ်သူ့အားကိုးနဲ့ ဒီလောက် ယုံကြည်ချက်ရှိနေတာလဲ။ ”
လီယောင်က လက်ခုပ်တီးပြီး သူမရဲ့ မိသားစုဘက်ကို လျှောက်လာခဲ့လိုက်သည်။
“ တော်ဝင်တပ်မှူးချုပ်။ ” တပ်သားတစ်ယောက်က အာရုံပျံ့လွင့်နေပုံရတဲ့ တော်ဝင်တပ်မှူးချုပ်ကို ခပ်တိုးတိုး သတိပေးလိုက်သည်။ “ ကျွန်တော်တို့ မြို့စောင့်တပ်သားတွေကို ထိန်းချုပ်လို့ ရသွားပါပြီ တော်ဝင်တပ်မှူးချုပ်။ ”
“ အိုး ၊ ငါ နားလည်ပြီ။ ” နောက်ဆုံးတော့ တော်ဝင်တပ်မှူးချုပ်က ဖျတ်ခနဲ သတိဝင်လာကာ လီယောင့်ဆီက အကြည့်လွှဲလိုက်သည်။ “ အဟမ်း။ ကောင်းပြီလေ။ ဒါဆိုလည်း တစ်ယောက်ယောက်ကို သူတို့တွေကို နေပြည်တော်ကို ခေါ်သွားခိုင်းလိုက်ပါ။ ”
“ တပ်မှူးချုပ်ကရော ဘယ်လို လုပ်မှာလဲ။ ”
“ ငါလား … ။ ငါကတော့ နဝမမြောက်မင်းသားကို ကာကွယ်ဖို့ ဒီမှာ ကျန်နေခဲ့ရမှာပေါ့။ သုံး ၊ လေးရက် နေမှ ငါ ပြန်လာဖြစ်မယ် ထင်တယ်။ ”
တပ်သားငယ်လေးက နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်လိုက်ပြီး ဒီနေ့ တော်ဝင်တပ်မှူးချုပ် တစ်ခုခုတော့ ပုံမှန်မဟုတ်ဘူးလို့ ခံစားလိုက်ရ၏။
…
တစ်နေ့တာ ကုန်ဆုံးသွားသော်လည်း ဟဲဝမ်ရွာသူ ရွာသားတွေကတော့ ကြောက်စိတ်မပြေသေးပါ။ ထိုအချိန်မှာ လီယောင့်ရဲ့ အိမ်မှာတော့ လုပ်စရာ ကိစ္စတွေ ပျားပန်းခတ်မျှ ရှုပ်ယှက်ခတ်နေခဲ့သည်။
အုပ်ချုပ်ရေးမှူးနှင့် တပ်မှူးတစ်ယောက်ကို လူမြင်ကွင်းမှာ သတ်ဖြတ်ပစ်ခြင်းကပင် ကြီးလေးတဲ့ အကြမ်းဖက်မှု ဖြစ်နေပါပြီ။ သို့သော်လည်း တော်ဝင်တပ်မှူးချုပ်ရှုရဲ့ အပြုအမူတွေက လီယောင့်အား အမှန်တရားကို နှောင့်ယှက်ပြီး လူတွေကို လှည့်စားဖို့ လုပ်တဲ့ လူတွေရဲ့ အဆုံးသတ်က ဘယ်လို ဖြစ်မလဲ ဆိုတာကို အပြည့်အဝ မျက်မြင်တွေ့စေခဲ့သည်။
ယီကျိုးစီရင်စုရဲ့ အုပ်ချုပ်ရေးမှူးဟူသည် လူတိုင်းရဲ့ လေးစားခြင်းကို ခံရတဲ့ သူရဲကောင်းအမျိုးသမီး လီယောင်ကို သတ်ဖြတ်ပြီး သူ့အတွက် နာမည်ကောင်းကို လုယူရန် ရည်ရွယ်ချက်ဖြင့် မြို့စောင့်တပ်သားတွေကို သူ့တစ်ဦးတည်း သဘောဆန္ဒနှင့် ခေါ်သွားခဲ့သည်။ အဲ့ဒါက ကြီးလေးတဲ့ ရာဇဝတ်မှုတစ်ခု ဖြစ်ကာ လီယောင် သူ့ကို ထိုနေရာမှာပဲ သတ်ပစ်လိုက်တာကလည်း သူနှင့် ထိုက်တန်တဲ့ အပြစ်ဒဏ်ပဲ ဖြစ်ပါသည်။
ဟူကန်ကတော့ ပိုလို့တောင် စက်ဆုပ်ဖွယ်ကောင်းပါသည်။ တော်ဝင်တပ်မှူးချုပ်ရှုက သူ့ကို တခြားတိုင်းပြည်က ရန်သူတွေနှင့် ပူးပေါင်းကာ တိုင်းပြည်ကို သစ္စာဖောက်နေသည်ဟု စွဲချက်တင်ခဲ့သည်လေ။
သတ္တမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင် ဘွဲ့ထူးဂုဏ်ထူးကို ရထားတဲ့ လီယောင်ကတော့ ရန်သူကို သတ်လိုက်တဲ့အတွက် သဘာဝကျစွာပင် နာမည်ကောင်းရရှိခဲ့ပြီး ဒီအမှုမှာ အရေးအပါဆုံး သူရဲကောင်း ဖြစ်လာခဲ့သည်။ ဒီသတင်းကို ဧကရာဇ်ထံ အစီရင်ခံလိုက်လျှင် သူမ နောက်ထပ် ဘွဲ့ထူးဂုဏ်ထူး သုံးခုလောက် ရနိုင်သည်။
လီယောင်ကတော့ ဘွဲ့ထူးဂုဏ်ထူးတွေကို လုံးဝ ဂရုမစိုက်ဘဲ အတော်လေး စိတ်ရှုပ်နေခဲ့ရသည်။
အခု မင်းသားလျှို့ယွင်ရဲ့ သရုပ်မှန်ကို လူတိုင်း သိသွားပြီမို့ သူမ သူ့ကို ဆရာလုပ်လို့ မရတော့ပါ။ ကလေးတွေရှေ့မှာဆို လျှို့ယွင်ကို စကားပြောတဲ့အခါ သူမရဲ့ လေသံကိုတောင် နှိမ့်ထားရသလို ဟဲရှောင်ယာသည်လည်း အပြင်ထွက်မလာရဲတော့ဘဲ အခန်းထဲမှာသာ ပုန်းကွယ်နေခဲ့သည်။
ဘာပဲပြောပြော လျှို့ယွင်ကလည်း သူတို့အပေါ် အထက်စီးဆန်ဆန် မဆက်ဆံတာကြောင့် ရက်ပိုင်းလောက်အကြာမှာ အကုန်လုံး အသားကျပြီး အိုးတိုးအမ်းတမ်းနိုင်သော ထိုခံစားချက်ကလည်း ပျောက်ကွယ်သွားခဲ့သည်။
ဒါပေမဲ့ ဒီတော်ဝင်တပ်မှူးချုပ်ရှုနှင့် ပြောဆိုဆက်ဆံရတာကတော့ သိပ်မလွယ်ပေ။
တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ စစ်တပ်အင်အားတွေကို ထိန်းချုပ်ထားတဲ့ တော်ဝင်တပ်မှူးချုပ်ဟာ သူမရဲ့ အရင်ဘဝတုန်းက ကာကွယ်ရေးဝန်ကြီးချုပ်နှင့် ရာထူးချင်း ညီမျှပြီး နိုင်ငံတော်ရဲ့ အားကိုးရာ ထောက်တိုင် ဆိုရင်လည်း မမှားပါ။
ဒါပေမဲ့ အဲ့လို ရာထူးကြီးမြင့်ပြီး ဩဇာအရှိန်အဝါရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်က သူမကို အချစ်စိတ်မွှန်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ပြီး ပေါက်ကရ မေးခွန်းတွေကို တရစပ် မေးလိမ့်မည်ဟု ဘယ်သူက ထင်ခဲ့မှာလဲ … ။
သူက တကယ်လို့ လီယောင်သာ ဆန္ဒရှိလျှင် သူမကို ခြွင်းချက်ထားပြီး သူမအား သူ့တပ်သားတွေကို လေ့ကျင့်ပေးခိုင်းမည် ဟူ၍တောင် စကားအရိပ်အခြည်သန်းနေခဲ့လေသည်။
လီယောင်ကတော့ ခပ်တိုးတိုးသာ ရယ်မိသည်။
ဘာအတွက် လေ့ကျင့်ပေးရမှာလဲ။ သူမက အငြိမ်းစားယူပြီးပြီလေ။ ပြီးတော့ မင်းသားနှင့် တော်ဝင်တပ်မှူးချုပ်ဟာ ညစာစားပြီးတဲ့အထိ နေပြည်တော်ကို ပြန်ဖို့အကြောင်း စကားမဟသေးပေ။
“ အဒေါ်လီ။ ” လျှို့ယွင်က သူမကို အရင်တုန်းက အခေါ်အဝေါ်အတိုင်း ခေါ်နေဆဲ ဖြစ်သည်။ “ ဒီနေ့က နောက်လည်း နောက်ကျနေပြီ ဆိုတော့ ဒီနေ့တော့ ကျွန်တော်တို့ ဒီမှာပဲ အားနာနာနဲ့ အိပ်လိုက်တော့မယ်နော်။ ”
“ သဘော သဘော။ ”
လီယောင်က သူတို့ကို စိတ်ရှုပ်ခံပြီး စကားဆက်ပြောမနေနိုင်တော့ဘဲ သူမရဲ့ အခန်းဆီ သွားကာ ခြေလက်သန့်စင်၍ အိပ်ရာဝင်လိုက်သည်။
နောက်တစ်နေ့ကျရင်တော့ သူတို့ ပြန်လောက်မှာပါဟု ထင်ထားခဲ့သော်လည်း သူတို့ရဲ့ မျက်နှာပြောင်မှုကို လျှော့တွက်မိကြောင်း လီယောင် နားလည်သွားခဲ့ရသည်။
လျှို့ယွင်က ဟဲဝမ်ရွာမှာ သူ့ရဲ့ တော်ဝင်နည်းပြဆရာထက်တောင် အဆပေါင်းများစွာ ပိုတော်တဲ့ ၊ အရည်အချင်းရှိတဲ့ ဆရာတွေ ရှိသော ကျောင်းကောင်းကောင်း ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် ဟဲဝမ်ရွာက ကျောင်းမှာ နေပြီး စာပေဆက်လေ့လာဖို့ ဆုံးဖြတ်လိုက်ပါသည်တဲ့။
သို့သော် လွီရှို့ချိုက်ဟာ ဩချချီးကျူးဖွယ်ကောင်းတဲ့ ကျောင်းသားတစ်ယောက်သာ ဖြစ်ပြီး သူ့ရဲ့ ရာထူးဂုဏ်ဝါက လုံလောက်တဲ့ အနေအထားမှာ ရှိမနေသောကြောင့် နဝမမြောက်မင်းသားသည် နေပြည်တော်ကို လူအမြန်လွှတ်ပြီး လွီရှို့ချိုက်အား အငယ်တန်းဆရာ တစ်ယောက်အဖြစ် ခန့်အပ်ဖို့ ဘုရင့်အမိန့်စာလွှာကို တောင်းခံလိုက်သည်။
ထိုအရာက လွီရှို့ချိုက်ကို အတော်လေး အံ့အားသင့်သွားစေပြီး သူ ရရှိလိုက်တဲ့ မျက်နှာသာပေးခံရမှုအတွက်လည်း အလွန် ဝမ်းသာသွားစေခဲ့ပါသည်။
မျက်စိတစ်မှတ်အတွင်းမှာပဲ သူက ထာဝရကျောင်းသားအဆင့်ကနေ အငယ်တန်းဆရာ ဆိုတဲ့ သတ္တမအဆင့်ရှိတဲ့ အမှုထမ်းအဆင့်ကို ခုန်တက်သွားပြီး တရားရုံးတော်က ပေးအပ်တဲ့ လစာကိုလည်း ရပါတော့မည်။ ဒါက ကောင်းကင်ဘုံကို ခြေတစ်လှမ်းတည်းနှင့် ရောက်သွားသလိုပဲ ဖြစ်သည်။
လွီမိသားစုရဲ့ ဘိုးဘေးအုတ်ဂူတွေကနေတောင် ပျော်ရွှင်မှုကြောင့် မီးခိုးတွေ သိပ်သိပ်သည်းသည်း ထွက်လာသလို ထင်ရသည်။
လီယောင်ကတော့ ဒါဟာ နန်းတော်အပြင်မှာ အချိန်ထပ်ဖြုန်းဖို့ နဝမမြောက်မင်းသား ပေးတဲ့ ဆင်ခြေတစ်ခုသာ ဖြစ်ကြောင်း သိပါသည်။
ငယ်ငယ်ကတည်းက အလိုလိုက်ခံခဲ့ရလို့ ထင်ရာစိုင်းတတ်တဲ့ ဒီမင်းသားရဲ့ စိတ်ရူးပေါက်ခြင်းကို သူမ နားလည်ပေးလို့ ရသည်။ သူက အနာဂတ်မှာ ဘုရင်လည်း ဖြစ်လာမှာ မဟုတ်သလို အပြင်းအထန် ကြိုးစားရုန်းကန်စရာလည်း မလိုအပ်တာမို့ သူ့တစ်ဘဝလုံး အပျော်ကြူးနေရင်တောင် ကိစ္စမရှိ။
သို့သော်လည်း တော်ဝင်တပ်မှူးချုပ်ရှုကိုတော့ သူမ နားလည်ပေးလို့ မရပါ။ သူက ဝမ်စန်းအာ သူ့သံတုတ်ကို ဘယ်လို လေ့ကျင့်ထားလဲ ဆိုတာ ဆွေးနွေးချင်လို့ ရှားရှန့်ကို မနက်အစောကြီးကတည်းက သွားရှာခဲ့လေသည်။ ထိုအဖြစ်အပျက်က လီယောင့်ကို ပြောစရာ စကားပျောက်ရှသွားစေသည်။
ရှားရှန့်က ဘယ်သူမို့လို့လဲ။ သူမရဲ့ ကိုယ်ပိုင် ပန်းပဲဆရာလေ ၊ နေ့တိုင်း တာဝန်တွေ အများကြီးနဲ့ အလုပ်ရှုပ်နေတဲ့ ပန်းပဲဆရာ။ ရှားရှန့်မှာ သူ့ကို နှုတ်ဆက်နေဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ။
ကဲပါလေ ၊ သူမလည်း ဒီကိစ္စကြောင့် ဆက်စိတ်ရှုပ်ခံမနေချင်ပါ။ ။ လက်ရှိ ဟဲဝမ်ရွာက သူမရဲ့ စိတ်ကူးထဲက ပုံစံမျိုး ဖြစ်ဖို့ အများကြီး လိုသေးသည်။ မကြာခင် ကလေးမွေးတော့မယ့် ဟဲရှောင်ယာကြောင့်သာ မဟုတ်ရင် ယောက္ခမဖြစ်တဲ့ သူမကလည်း ခရီးဝေး မသွားနိုင်စရာ အကြောင်း မရှိ။ သူမရဲ့ အိတ်တွေကို ထုပ်ပိုးပြီး ခရီးထွက်ခဲ့တာ ကြာလှပါပြီ။
နဝမမြောက်မင်းသားနှင့် တော်ဝင်တပ်မှူးချုပ်ရှုက အလုပ်မရှိ အလုပ်ရှာပြီး မအားလပ်နိုင်အောင် ဖြစ်နေစဉ်မှာ လီယောင်ကတော့ အိမ်ထဲမှာပဲ နေ့တိုင်း နေပြီး ဟဲရှောင်ယာကို အဖော်ပြုပေးကာ ကလေးအတွက် အထောက်အကူဖြစ်စေမယ့် လေ့ကျင့်ခန်း တချို့ကို သင်ပေးနေခဲ့သည်။
မိသားစုထဲက လူတိုင်းက အဆင်ပြေနေပြီး ဟဲရှောင်ယာကလည်း စိတ်ကို အပေါ့ပါးဆုံးဖြစ်အောင် လျှော့ချထားကာ ကလေးကို ပြုစုပျိုးထောင်ဖို့ပဲ အာရုံစိုက်ထားခဲ့သည်။ လီယောင်နှင့်အတူ ရှိနေချိန်မှာ တခြားကိစ္စတွေအကြောင်း မမေးပါ။
တစ်လကျော် ဆိုတဲ့ အချိန်က အဲ့လိုနှင့်ပဲ ကုန်ဆုံးသွားခဲ့သည်။
တစ်နေ့မှာတော့ လီယောင်က ဟဲရှောင်ယာအတွက် သိုးနို့ နည်းနည်းပါးပါး ရလို့ရငြား ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် အကောင်ပေါက်ထားခါစ သိုးပေါက်လေးတွေကို ဝယ်လာခဲ့သည်။ ထိုအချိန်မှာ ပုံမှန် အဝတ်အစားတွေကို ဝတ်ဆင်ထားတဲ့ တော်ဝင်တပ်မှူးချုပ်ရှုကလည်း ခြံဝင်းထဲကို ဆင်းလာသည်။
“ တော်ဝင်တပ်မှူးချုပ်ရှုက နောက်ဆုံးအနေနဲ့ နှုတ်ဆက်စကား လာပြောတာပါ အမျိုးသမီးလီ။ ”
သူ နောက်ဆုံးတော့ ပြန်တော့မှာလား။
လီယောင်ရဲ့ နှလုံးသားထဲမှာ လှိုက်ခနဲ ပျော်သွားသော်လည်း ပါးစပ်ကတော့ ယဉ်ယဉ်ကျေးကျေးပဲ မေးလိုက်ပါသည်။ “ တော်ဝင်တပ်မှူးချုပ်က ဒီနေရာကို သဘောကျတယ် ဆိုတာ ကျွန်မ သတိထားမိပါတယ်။ နှစ်ရက် ၊ သုံးရက်လောက် ထပ်နေပါဦးလား။ ”
“ အာ … ကျွန်တော်လည်း တကယ် နေချင်ပါတယ်။ ” တော်ဝင်တပ်မှူးချုပ်ရှုက တွန့်ဆုတ်စွာ ပြောသည်။ “ ဒါပေမဲ့ ဒီမနက်စောစောမှာပဲ ကျွန်တော့်ဆီကို အရေးပေါ် သတိပေးစာ ရောက်လာတယ်။ မြောက်ပိုင်းက လူရိုင်းတွေက တပ်သားတွေ စုနေတယ်တဲ့ ၊ ကြည့်ရတာ တိုက်ပွဲစစ်တော့မယ့် ပုံပဲ။ ကျွန်တော် နေပြည်တော်ကို ပြန်မှ ဖြစ်မှာမို့ပါ။ ”
လီယောင်လည်း ဒါက ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။ အခုမှ နွေရာသီအစောပိုင်းတောင် မရောက်သေးတာမို့ မြက်ခင်းပြင်တွေမှာ ရေတွေ ၊ မြက်တွေ အလျှံအပယ် ရှိနေသေးသည်။ အကျိုးသင့်အကြောင်းသင့် ပြောရလျှင် လူရိုင်းတွေက သူတို့ရဲ့ ခြံမွေးတိရစ္ဆာန်တွေကို အစာကျွေးဖို့ ဒီအချိန်ကို မိမိရရ အသုံးချသင့်တာပါ။
ဒါပေမဲ့ တိုင်းရေးပြည်ရေးကိစ္စ ဆိုတာ သူမ စိတ်ပူပေးလို့ ရတဲ့ ကိစ္စ မဟုတ်သလို စိတ်လည်း ပူမပေးချင်ပါ။
“ တိုင်းပြည်ရေးရာ ကိစ္စတွေက အရေးအကြီးဆုံးပါပဲ။ ဒါဆို ကျွန်မ တော်ဝင်တပ်မှူးချုပ်ကို နှောင့်နှေးကြန့်ကြာအောင် လုပ်မနေတော့ပါဘူး။ ”
“ အင်း … ” တော်ဝင်တပ်မှူးချုပ်ရှုက ခဏလောက် နှုတ်ဆိတ်နေပြီးမှ “ ကျွန်တော် မင်းနဲ့ နှစ်ယောက်တည်းသီးသန့် စကားပြောလို့ ရမလား အမျိုးသမီးလီ။ ” ဟု ပြောလာခဲ့သည်။
“ ရတယ်လေ။ အနောက်ဘက် တောင်တန်းပေါ်ကို သွားရအောင်။ ”
သူတို့နှစ်ယောက်က ဟဲဝမ်ရွာ တစ်ရွာလုံးကို အပေါ်စီးကနေ အကျယ်ချဲ့၍ စီးမိုးမြင်နေရတဲ့ တောင်ထိပ်ပေါ်ကို ရောက်လာခဲ့ကြသည်။ တော်ဝင်တပ်မှူးချုပ်က သူ့အမှုထမ်းတွေကို နေရာက ရှောင်ပေးဖို့ ညွှန်ကြားပြီးမှ လီယောင့်ကို ပြောလိုက်သည်။ “ အမျိုးသမီးလီ … ကျွန်တော့်မှာ ထုံးစံမဟုတ်တဲ့ တောင်းဆိုစရာလေး ရှိပါတယ် ၊ ပုံမှန်ဆို ကျွန်တော် ဒီလို တောင်းဆိုလေ့မရှိပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပွင့်လင်းလွန်းတယ် ဆိုပြီး အပြစ်မတင်ပါနဲ့ဗျာ။ ”
“ ရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောပါ တော်ဝင်တပ်မှူးချုပ်။ ”
“ ကျွန်တော် … ” မျှော်လင့်မထားစွာဖြင့် တော်ဝင်တပ်မှူးချုပ်သည် သူ့အသက်အရွယ်နှင့် မလိုက်ဖက်စွာပင် ရုတ်တရက် မျက်နှာကြီး ရဲတက်လာခဲ့သည်။ “ ဟို … ကျွန်တော့်ကို ပြောခွင့်ပြုပါနော်။ ကျွန်တော် မင်းကို ကိုယ်လုပ်တော်အဖြစ် ခန့်အပ်ချင်တယ်။ မင်း … မင်းဘက်က … ဆန္ဒရှိရဲ့လား ဆိုတာကိုတော့ မသိပေမဲ့လို့ပေါ့။ ”
လီယောင်ကတော့ တည်ငြိမ်စွာပင်ရှိသည်။
ဘယ်လောက်ပဲ စကားအလှသုံးသုံး ကိုယ်လုပ်တော် ဆိုတာ ကိုယ်လုပ်တော်အဆင့်မှာပဲ ရှိတာပါ။ တခြားလူတွေရဲ့ မျက်လုံးထဲမှာ အမျိုးသမီးတစ်ယောက်အဖို့ တော်ဝင်တပ်မှူးချုပ်ဆီမှာ ကိုယ်လုပ်တော်အဖြစ် ခန့်အပ်ခံရခြင်းက ဂုဏ်တက်ဖွယ် ကိစ္စရပ် ဆိုပေမဲ့ ဒီကိစ္စက အဲ့ဒီလောက် မရိုးရှင်းပါ။
ဟဲဝမ်ရွာမှာ တော်ဝင်တပ်မှူးချုပ်ရှု နေတာ တစ်လကျော်ပြီမို့ ထိုအချိန်က နေပြည်တော်ကို လူလွှတ်ကာ သတင်းပို့ပြီး ခွင့်ပြုချက်တောင်းခံ၍ ဘုရင့်အမိန့်စာလွှာနှင့် ပြန်လာဖို့ လုံလောက်တဲ့ အချိန်ပဲ ဖြစ်သည်။
ထို့ကြောင့် သူမကို ကိုယ်လုပ်တော်အဖြစ် ခန့်အပ်ချင်တဲ့ သူ့ကမ်းလှမ်းချက်ကလည်း ဧကရာဇ်ရဲ့ အစီအစဉ် ဖြစ်လောက်သည်။ ဘာလို့လဲ ဆိုတာကိုတော့ မေးနေစရာပင် မလို။ သူမရဲ့ တီထွင်မှုတွေ ၊ စက်မှုလုပ်ငန်းတွေကြောင့် ဆိုတာ အသိအသာကြီးပါ။
ဘိလပ်မြေက တိုင်းပြည်အတွက် အရေးပါတဲ့ အဖိုးတန် ပစ္စည်းတစ်မျိုး ဖြစ်ပြီး သန့်စင်တဲ့ သံမဏိကလည်း အရည်အသွေးမြင့် လက်နက်တွေကို ထုတ်လုပ်ကာ တိုင်းပြည်ရဲ့ စစ်တပ်အင်အားကို တိုးမြှင့်ပေးနိုင်သည်။
တကယ်လို့သာ သူမက ယောက်ျားတစ်ယောက် ဆိုလျှင်တော့ ဇာတ်လမ်းက ဒီအခြေအနေထိ ရောက်လာမှာ မဟုတ်ပါ။ ပစ္စည်းတွေ အကုန်လုံးကို နိုင်ငံ့ဘဏ္ဍာအဖြစ် တိုက်ရိုက် သိမ်းဆည်းခံလိုက်ရဖို့ အလားအလာ ပိုများသည်။
ဒါပေမဲ့ သူမက မိန်းမတစ်ယောက် ဖြစ်နေတော့ သူမမှာ ကိုယ်ပိုင်စစ်တပ်ကို ထူထောင်ပြီး ပုန်ကန်နိုင်တဲ့ အရည်အချင်း ရှိလိမ့်မည်ဟု ဘယ်သူကမှ မယုံကြည်ကြ။
သို့သော်လည်း သူမကို ဒီတိုင်း တစ်ကိုယ်တည်းလည်း မထားနိုင်သောကြောင့် တော်ဝင်တပ်မှူးချုပ်ရဲ့ ကိုယ်လုပ်တော်အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်သည်။ သူမသာ တော်ဝင်တပ်မှူးချုပ်ရဲ့ ကိုယ်လုပ်တော် ဖြစ်လာရင် သူမရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးဟာ တော်ဝင်တပ်မှူးချုပ်နှင့် သက်ဆိုင်သွားလိမ့်မည်။ သူနှင့် သက်ဆိုင်တဲ့ ပစ္စည်းတွေဟာ တော်ဝင်မိသားစုနှင့်လည်း သက်ဆိုင်ပါလိမ့်မည်။
တွေးကြည့်ရုံနှင့် တော်တော်လေး စိတ်ပျက်စရာကောင်းပေမဲ့လည်း ဒါက ဒီခေတ် ဒီစနစ်ရဲ့ လည်ပတ်ပုံပဲ ဖြစ်လေသည်။
….
အခန်း ( ၁၄၄ ) အနမ်းကို ငြင်းပယ်ခြင်း။
“ လေးစားရပါတဲ့ တော်ဝင်တပ်မှူးချုပ်ရှင် … ဒီကမ်းလှမ်းမှုအတွက် ကျွန်မ ဂုဏ်လည်း ယူမိသလို အံ့လည်း အံ့ဩမိပါတယ်။ ” ဟု လီယောင်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။ “ ဒါပေမဲ့ ကျွန်မယောက်ျားရဲ့ အုတ်ဂူရှေ့မှာ ဒီတစ်သက် ဘယ်တော့မှ နောက်အိမ်ထောင်ထပ်မပြုပါဘူးလို့ ကတိပြုပြီးပါပြီ။ ဒါ့ကြောင့် တော်ဝင်တပ်မှူးချုပ်ရဲ့ ကမ်းလှမ်းချက်ကို ကျွန်မ အားနာနာနဲ့ပဲ ငြင်းဆန်ရမှာပါ။ ”
သူမရဲ့ စကားကို ကြားသည်နှင့် တော်ဝင်တပ်မှူးချုပ်ရဲ့ အမူအရာက ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု သူ့ပခုံးပေါ်က ဖယ်ရှားခံလိုက်ရသလို ပေါ့ပါးသွားခဲ့သည်။
သို့သော်လည်း ဘာ့ကြောင့်ရယ်မသိဘဲ သူ့နှလုံးသားထဲမှာ အဖိုးတန်တဲ့ တစ်စုံတစ်ရာကို ဆုံးရှုံးသွားတဲ့ ခံစားချက်ကို လေးလေးနက်နက် ခံစားလိုက်ရပါသည်။ လီယောင် ဟူကန်ကို သတ်ပစ်လိုက်တာကို သူကိုယ်တိုင် မျက်မြင်တွေ့ပြီးကတည်းက သူမရဲ့ ရဲစွမ်းသတ္တိရှိကာ လှပကြော့ရှင်းသော ပုံရိပ်ဟာ သူ့စိတ်နှလုံးမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်သွားခဲ့လေသည်။
သူ့ဘက်က ဆန္ဒရှိပေမဲ့ မိန်းမလှလေးဘက်ကတော့ သူ့အပေါ် ဘာခံစားချက်မှ မရှိတာ သိသာပါသည်။
“ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းသွားတယ်။ ” တော်ဝင်တပ်မှူးချုပ်ရှုရဲ့ အကြည့်က စိတ်ပျက်အားလျော့သော အကြည့်အဖြစ် ပြောင်းလဲသွားကာ လက်သီးနှစ်ဖက်ကို ဆုပ်၍ ရှေ့ထုတ်လိုက်၏။ “ ဒါဆို ကျွန်တော် နေပြည်တော်ကို ပြန်ပါတော့မယ်။ ”
“ ခဏလေး နေပါဦး။ ”
လီယောင်ရဲ့ တားဆီးစကားကြောင့် တော်ဝင်တပ်မှူးချုပ်ရှုရဲ့ ခြေလှမ်းတွေ ရပ်သွားကာ သူ့အလိုလို နှလုံးခုန်သံမြန်လာခဲ့သည်။
“ တော်ဝင်တပ်မှုးချုပ် … ရှင် ဟဲဝမ်ရွာကို နောက်တစ်ခေါက် လာလည်တဲ့အခါ ကျွန်မတို့ ထပ်တွေ့ဖို့ အခွင့်အရေးရှိချင်မှ ရှိတော့မှာ။ ဒါ့ကြောင့် ကျွန်မ ရှင့်ကို လက်ဆောင်လေးတစ်ခု ပေးပါရစေ။ ”
လီယောင်သည် ပြောရင်း စာအုပ်လေးတစ်အုပ်ကို လှမ်းပေးလာခဲ့သည်။ တော်ဝင်တပ်မှူးချုပ်ရှုက ထိုစာအုပ်လေးကို လက်ခံယူပြီး ကြည့်လိုက်တော့ စာအုပ်ထဲမှာ သတ္တုရိုင်းတွေကို အရည်ကျိုနည်းအား ပုံဖော်ထားသော ပန်းချီများနှင့်အတူ အရည်အသွေးမြင့် သတ္ထုအမျိုးအစားမျိုးစုံ ကျိုချက်နည်းတွေကို အသေးစိတ် ရေးသားထားတာကို တွေ့လိုက်ရ၏။
“ အမျိုးသမီးလီ .. ဒါက ဘာလဲ … ”
“ ကျွန်မက တိုင်းပြည်ရေးရာကိစ္စတွေအတွက် ဘာအထောက်အကူမှ မပေးနိုင်တဲ့ သာမန် အရပ်သူတစ်ယောက်ပါ။ ” ဟု လီယောင်က ပြန်ပြောလိုက်သည်။ “ ဒါပေမဲ့ ကျွန်မ တတ်နိုင်တဲ့ တချို့ ကိစ္စလေးတွေကိုတော့ ကျွန်မ ငြင်းမှာ မဟုတ်ပါဘူး။ ဒီစာအုပ်က သန့်စင်တဲ့ သံမဏိ ပြုလုပ်နည်းစနစ်တွေကို တစ်စုတစ်စည်းတည်း ရေးသားထားတာပါ။ ဒီစာအုပ်နဲ့ဆို တော်ဝင်တပ်မှူးချုပ်ရှု ကျွန်မတို့ရဲ့ တပ်သားတွေကို ဦးဆောင်ပြီး နယ်စပ်ဒေသမှာ စစ်မက်ငြိမ်းအေးအောင် လုပ်နိုင်လိမ့်မယ် ၊ တာ့လင်တိုင်းသူပြည်သားတွေအတွက် ငြိမ်းချမ်းရေးကို ရက်ပိုင်းလောက်ပဲဖြစ်ဖြစ် ယူဆောင်လာပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ”
တော်ဝင်တပ်မှူးချုပ်ရှုရဲ့ ခံစားချက်တွေ လှုပ်ခတ်နင့်သည်းသွားသည်မှာ လီယောင့်ကို စကားတောင် တော်တော်နှင့် ပြန်မပြောနိုင်သည် အထိ။ သူ ဟဲဝမ်ရွာမှာ ဒီအချိန်ထိ အကြာကြီး နေခဲ့ရတဲ့ အကြောင်းပြချက်ထဲမှာ ဒီနည်းစနစ်တွေက အဓိကအကျဆုံး မဟုတ်လား။ ရနိုင်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တဲ့ အရာက နောက်ဆုံးအချိန်မှ သူ့လက်ထဲကို လွယ်ကူချောမွေ့စွာ ရောက်လာခဲ့သည်။
“ တိုင်းပြည်အတွက် တွေးပေးတဲ့ အမျိုးသမီးလီရဲ့ စိတ်က ကျွန်တော်တို့ရဲ့ တာလင်တိုင်းပြည်အတွက်တော့ ဘုရားချီးမြှင့်တဲ့ ဆုမွန်ကောင်းတစ်ခုလနုပါပဲ။ ကျွန်တော် နေပြည်တော်ကို ပြန်ရောက်တာနဲ့ အရှင်မင်းမြတ်ကို တင်ပြပြီး အမျိုးသမီးလီကို ဆုတော်လာဘ်တော်တွေ ချီးမြှင့်ပေးဖို့ အကြံပြုလိုက်ပါ့မယ်။ ”
“ မလိုပါဘူးရှင်။ ” ဟု လီယောင်က အပြုံးလေးဖြင့် ပြောလိုက်သည်။ “ ဒါနဲ့ စကားမစပ် စစ်တပ်က ကျွန်မတို့ရွာက ထုတ်လုပ်တဲ့ ဘီးနှစ်ဘီး စက်ဘီးတွေ ၊ သုံးဘီးစက်ဘီးတွေကို ဝယ်ဖို့ စိတ်ဝင်စားလား ဆိုတာ ကျွန်မ သိချင်မိပါတယ်။ ”
“ ဝယ်ဖို့လား။ ကျွန်တော်တို့ သေချာပေါက် ဝယ်မှာပါ။ ”
တော်ဝင်တပ်မှူးချုပ်ရှု လှိုက်ခနဲ ဝမ်းသာသွား၏။ ထိုပစ္စည်းတွေက ကုန်ပစ္စည်းတွေကို ထောက်ပံ့ပို့ဆောင်တဲ့ နေရာမှာ ကျွဲတွေ ၊ နွားတွေ ၊ မြင်းတွေထက် ပိုအသုံးဝင်ပါသည်။ လီယောင့်ရဲ့ လက်ဆောင်ကို သူ လက်ခံပြီးပြီမို့ သူမရဲ့ ကြင်နာမှုအတွက် ကျေးဇူးတုံ့ပြန်မှသာ သင့်တော်မည်လေ။
သူ ချက်ချင်းပဲ စက်ဘီး အစီးပေါင်း ( ၃၀၀၀ ) ဝယ်ယူဖို့ အမှာစာ တင်သွင်းလိုက်သည်။
ဒီပမာဏနှင့် ဆိုလျှင် ဟဲဝမ်ရွာသူ ၊ ရွာသားတွေ အနည်းဆုံး နှစ်ဝက်လောက် အလုပ်ရှုပ်နေရပါလိမ့်မည်။
ရွာသူရွာသားတွေက ထိုသတင်းကို ကြားသည်နှင့် တော်ဝင်တပ်မှူးချုပ်ရှုအပေါ် ကျေးဇူးတင်တဲ့ စိတ်ကို ဖော်ပြတဲ့အနေဖြင့် သူတို့ရဲ့ စိုက်ခင်းတွေက ထွက်တဲ့ အသီးအနှံတွေ ၊ ဟင်းသီးဟင်းရွက်တွေ အများကြီးကို အလျင်အမြန် လာပေးကြသည်မှာ ရထားလုံး တစ်စင်းလုံးပင် ပြည့်လျှံသွားခဲ့သည်။
ဝမ်စန်းအာကလည်း ရွာကနေ ပြန်ထွက်ခွာဖို့ တွန့်ဆုတ်နေခဲ့ပေမဲ့ စစ်သားတစ်ယောက် ဖြစ်တဲ့ သူဟာ သူ့အိမ်နှင့် တိုင်းပြည်ကို ကာကွယ်ဖို့ တာဝန်ရှိနေတာမို့ သစ္စာစောင့်သိမှုနှင့် သားသမီးဝတ္တရားကြား ဒွိဟဖြစ်ရဖို့က သူ့ကံကြမ္မာပဲ ဖြစ်လေသည်။
ဒီတစ်ခေါက် ကိစ္စမှာ သူလည်း ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် သူ့ကို သီးသန့် ကိုယ်ရံတော်အဖြစ် ခန့်အပ်ထားတဲ့ တော်ဝင်တပ်မှူးချုပ်ရှုထံမှ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။
လီယောင်ကတော့ ဝမ်စန်းအာကို နည်းနည်းပါးပါးတော့ စိုးရိမ်နေဆဲပင်။ သူမ သူ့ကို ဒီတစ်လျှောက်လုံး သိုင်းပညာ သင်ပေးလာခဲ့တာ ဆိုပေမဲ့ ဝမ်စန်းအာက အသက်လည်း ငယ်သေးသည် ၊ ပြီးတော့ အချိန်ခဏပဲ သင်ယူဖူးတာမို့ သူမအမြင်မှာ သူ့စွမ်းရည်တွေက အခြေခံအဆင့်လောက်ပဲ ရှိသည်။
သူတို့ မြောက်ပိုင်းနယ်စပ်ဆီသို့ တော်ဝင်တပ်မှူးချုပ်နှင့်အတူ တိုက်ပွဲစတင်ဖို့ ပြင်နေစဉ်မှာပဲ လီယောင်သည် ရှားရှန့်အား ဝမ်စန်းအာအတွက် သံချပ်ကာ တစ်စုံကို ရက်ပေါင်းများစွာ ကြိုတင်ပြီး ပြုလုပ်ခိုင်းထားခဲ့သည်။ ထိုသံချပ်ကာကို အကောင်းဆုံး သတ္ထုပစ္စည်းများနှင့် ပြုလုပ်ထားပြီး သံတုတ်ကိုလည်း ရန်သူတွေကို ချေမှုန်းတိုက်ခိုက်ဖို့ ပိုသင့်တော်တဲ့ ဓားရှည်တစ်လက်အဖြစ် ပြုပြင်မွမ်းမံပေးခဲ့သည်။
ဝမ်စန်းအာ ထိုသံချပ်ကာကို ဝတ်ဆင်ထားချိန်မှာ ခန့်ညားတည်ကြည်သော အသွင်အပြင် ရှိနေသည်ဟု ပြောလို့ ရသည်။
“ စစ်ပွဲအနုပညာ ” နှင့် “ စစ်ပွဲပရိယာယ် ( ၃၆ ) ချက် ” ကို သူမ မမှတ်မိတော့တာ တစ်ချက် ဆိုးသည်။ မဟုတ်ရင် ထိုစာအုပ်တွေကို သူ လေ့လာလို့ ရအောင် တရုတ်ဘာသာဖြင့် ဘာသာပြန်လိုက်ရင် အတော်လေး အသုံးဝင်နိုင်သည်။
“ ကျွန်တော် သွားတော့မယ်နော် အမေ။ ”
“ ငါ မင်းကို ပေးထားတဲ့ စစ်ပွဲပရိယာယ်စာအုပ်ကို သေချာပေါက် လေ့လာနော်။ မနက်တိုင်း ၊ ညနေတိုင်းလည်း မပျက်မကွက် လေ့ကျင့်။ ”
“ ကျွန်တော် နားလည်ပါပြီ အမေ။ ”
“ စိတ်ချပါ အမျိုးသမီးလီ။ ” ဟု တော်ဝင်တပ်မှုူးချုပ်ရှုက ပြောလိုက်သည်။ “ ဝမ်စန်း နည်းနည်းလေးတောင် အန္တရာယ်မရှိအောင် ကျွန်တော် သေချာ စောင့်ရှောက်ပေးမှာပါ။ ”
“ ရှင် အထင်လွဲနေပြီ တပ်မှုူးချုပ်။ ဝမ်စန်းအာက စစ်သားတစ်ယောက်အနေနဲ့ စစ်မြေပြင်ကို သွားပြီး ရန်သူတွေကို မတိုက်ခိုက်ဘဲနဲ့ ရှင့်အကာအကွယ်အောက်မှာပဲ ပုန်းကွယ်နေရင် သူ ဘယ်လိုလုပ် တိုးတက်နိုင်မှာလဲ။ ”
တော်ဝင်တပ်မှုူးချုပ်ရှုသည် လီယောင့်ရဲ့ အခြေအနေကို သဘောပေါက် နားလည်မှုအား အံ့အားသင့်သွားမိလေသည်။ ကောင်းပါသည်။ လီယောင့်ဘက်က ဝမ်စန်းအာကို စိတ်ချနေသရွေ့ ဝမ်စန်းအာဟာ ရဲရင့်တဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာဖို့ မလွဲမသွေပင်။
တော်ဝင်တပ်မှုူးချုပ်ရှု နေပြည်တော်ကို ပြန်သွားတဲ့နောက် ဟဲဝမ်ရွာသူ ၊ ရွာသားတွေဟာ စတင် အလုပ်ရှုပ်လာခဲ့ကြသော်လည်း လီယောင်ကတော့ စိတ်မအေးချမ်းနိုင်သေးပေ။
နဝမမြောက်မင်းသားက ဒီမှာ ရှိနေသေးတာကို သူမ ဘယ်လိုလုပ် အေးအေးချမ်းချမ်း နေနိုင်မှာလဲ။
အခုဆို လီယောင်ကလည်း သတ္တမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင် ဖြစ်လာခဲ့ပါပြီ။ ဒီလို တရားဝင် ဘွဲ့ထူးဂုဏ်ထူးတစ်ခုကို ရလိုက်တာက ကိုယ့်ကိုယ်ကိုယ် စောင့်ထိန်းရတာတွေ ပိုများလာသလိုပဲမို့ လီယောင်သည် ဒီလို ကန့်သတ်ချုပ်ချယ်ခြင်းမျိုးကို သဘောမကျပါ။
နဝမမြောက်မင်းသားကတော့ သူမလည်း သူ့ကို သားတစ်ယောက်လို ဟိုခိုင်းဒီခိုင်း လုပ်ရတာနှင့် အသားကျနေပြီမို့ အဆင်ပြေပါသည်။
အခြားတစ်ဖက်၌ တရားသူကြီးစုန့်ကလည်း သူမဟာ သာမန်ကျေးတောသူလီယောင် မဟုတ်တော့တာကြောင့် သူမနှင့် ပြောဆိုဆက်ဆံရာမှာ အရင်လို မဟုတ်တော့ဘဲ နည်းနည်းလေး ဂရုတစိုက် ရှိလာခဲ့သည်။
ကံမကောင်းစွာဖြင့် သူက ဆွေးနွေးစရာ ကိစ္စတွေအတွက် ရွာကို မကြာခဏ လာတတ်သလို သူ့သား စုန့်ကျယ်ကို လာတွေ့တာ ဟူ၍လည်း ဆင်ခြေပေးကာ သုံး ၊ လေးရက် တစ်ခါ ရောက်လာတတ်သည်။ သူ လာတဲ့ အခေါက်တိုင်း သူ့ဘေးမှာ တရားသူကြီးကတော်သာ ရှိမနေလျှင် လီယောင်က သူ့မှာ တခြား ရည်ရွယ်ချက်တွေ ရှိနေတာလားဟု သံသယဝင်မိတော့မှာ ဖြစ်သည်။
“ ကျွန်တော်တို့ ကျောင်းဆင်းပြီ အမေ။ ”
ညနေအချိန် ရောက်တော့ ဝမ်အာ ၊ နဝမမြောက်မင်းသားနှင့် စုန့်ကျယ်တို့က ကျနေရောင်အောက်မှာ အိမ်ပြန်လာကြသည်။ အခုဆို ကောင်လေးသုံးယောက်ဟာ နေ့တိုင်း အတူတူ ကျောင်းသွားပြီး အတူတူ အိမ်ပြန်လာကြသည်။
စာကို ကြိုးကြိုးစားစား လေ့လာချင်စိတ်အပြင် နေပြည်တော်ရှိ ဧကရာဇ်က စေလွှတ်လိုက်သော အရည်အချင်းရှိသည့် ဆရာတချို့နှင့် ပေါင်းစပ်လိုက်သောအခါ သူတို့သည် လျင်လျင်မြန်မြန်ပဲ တိုးတက်လာခဲ့သည်။ ဆောင်းဦးရာသီစာမေးပွဲကိုတောင် ဒီနှစ်ထဲမှာ ဖြေရင် ဖြေဆိုနိုင်လောက်သည်။
ဒါပေမဲ့ နဝမမြောက်မင်သားက စာမေးပွဲဝင်ဖြေစရာ မလိုသလို စုန့်ကျယ်ကတော့ ဝင်ဖြေရင်တောင် သေချာပေါက် အောင်မှာ မဟုတ်ပါ။ အလားအလာရှိသူက ဝမ်အာတစ်ယောက်တည်းပင်။
သူက ထိုစာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ စိတ်အားထက်သန်စွာနှင့် ညတိုင်း ညနက်အထိ နေပြီး ကြိုးကြိုးစားစား စာလေ့လာနေ၏။
ဒီရာသီမှာ ခြင်တွေ အဆမတန် ပွားများလာပေမဲ့ တုရှောင်ဟွေ့က ခြင်တွေကို မမောမပန်း မောင်းပေးနေလို့ တော်သေးသည်။
လီယောင်ကတော့ ဝမ်အာနှင့် တုရှောင်ဟွေ့ကြားက ဆက်ဆံရေးကို ဝင်စွက်ဖက်ဖို့ အစီအစဉ်မရှိပေ။ အရာအားလုံးက ဝမ်အာရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်သည်။ သူ တုရှောင်ဟွေ့ကို သဘောကျရင် အနာဂတ်မှာ သူတို့အတွက် မင်္ဂလာပွဲစီစဉ်ပေးလို့ ရသည်။ လူမှုအဆင့်အတန်း ကွာခြားတာ ဘာညာက လီယောင့်အတွက် လုံးဝ အရေးမကြီး။
အမှန်တကယ် အရေးပါတဲ့ အရာက တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ချစ်မြတ်နိုးဖို့နှင့် အတူတူ အိုမင်းကြီးပြင်းသွားနိုင်ဖို့ပါပဲ။
…
မျက်စိတစ်မှိတ်အတွင်းမှာပဲ နွေဦးရာသီ ရောက်ရှိလာကာ နေ့ရက်တိုင်းဟာ အရင်တုန်းကထက် ပိုမို ပူပြင်းလာခဲ့သည်။
တစ်လတိတိ အနားယူပြီးတဲ့နောက်မှာ လျှို့ယွမ်ရဲ့ ကျန်းမာရေးအခြေအနေကလည်း လူကောင်းပကတိအတိုင်း ပြန်ကျန်းမာလုနီးပါး ဖြစ်နေပါပြီ။ ဒီအတောအတွင်း သူ့လုပ်ငန်းကို သူ့မိသားစုဝင်တွေဆီ လွှဲထားပေးခဲ့ပေမဲ့ စိတ်ဖြောင့်ဖြောင့် မနေနိုင်ခဲ့သဖြင့် ဒီနေ့ သူကိုယ်တိုင် ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားသည်။
“ ဒီအတောအတွင်း ဂရုစိုက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် အမျိုးသမီးလီ။ မင်းကြောင့် ကျွန်တော် အခုလို မြန်မြန် ပြန်သက်သာတာပါ။ ”
“ ရပါတယ်။ ရှင်လည်း ဒီတစ်ခေါက် မတရား ခံခဲ့ရတာပဲ ၊ ပြီးတော့ အဲ့ဒါတွေ အကုန်လုံးက ကျွန်မကြောင့်ပဲ ဖြစ်တာ။ ကျွန်မ ရှင့်ကို အချိန်တစ်ခုထိ ဂရုစိုက်ပေးမှ မှန်ကန်မှာပေါ့။ ”
သူမရဲ့ စကားကို ကြားတော့ လျှို့ယွမ် ဝမ်းသာသွားသည်။ တကယ်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေ ဖုံးလွှမ်းပြီး ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တာပါ။ ဒါပေမဲ့ အဲ့ဒီလို ထိခိုက်ခဲ့တာကြောင့်ပဲ လီယောင့်ရဲ့ ယုံကြည်မှုကို ပိုလို့တောင် ရရှိသွားခဲ့သည်။
လီယောင်က အခုအချိန်မှာ သတ္တမအဆင့် အမျိုးသမီးစွမ်းဆောင်ရှင် ဖြစ်လာခဲ့ပြီ ဖြစ်ကာ အနာဂတ်မှာလည်း နောက်ထပ် ဘွဲ့ထူးဂုဏ်ထူးတွေ ထပ်ချီးမြှင့်ခံရဖို့ မြေကြီးလက်ခတ်မလွဲပင်။ ထိုအခါ သူ့လုပ်ငန်းအတွက် ပိုကြီးကျယ်တဲ့ အောင်မြင်မှုတွေကိုလည်း မလွဲဧကန် ယူဆောင်လာပါလိမ့်မည်။
အဲ့တော့ သူ နည်းနည်းပါးပါးလောက် ဒုက္ခခံရရင်ရော ဘာအရေးလဲ။
“ အိုး ၊ ဒါနဲ့ နောက်တစ်ခေါက် ရှင် လာရင် ကျွန်မအတွက် ယမ်းစိမ်းတွေ ဝယ်လာပေးလို့ ရမလား။ ရာသီဥတုက တဖြည်းဖြည်း ပိုပူလာပြီ ၊ ကျွန်မကလည်း အပူမကြိုက်တဲ့ လူမျိုး ဖြစ်နေတော့ ရေခဲ နည်းနည်းပါးပါး လုပ်ချင်လို့။ ”
“ ရတယ်လေ။ မင်း ဘယ်လောက် လိုတာလဲ။ ”
“ နောက်ပိုင်းကျ လိုအပ်တဲ့ အချိန် အဆင်သင့် သုံးလို့ ရအောင် နည်းနည်းလေး ပိုဝယ်လာခဲ့ပါ။ ပြီးတော့ အသန့်စင်ဆုံး ယမ်းစိမ်းတွေကိုပဲ ရွေးဝယ်လာခဲ့ပေးပါ။ ဒါကို မမေ့ပါစေနဲ့။ ”
…