အခန်း (၁၄၅-၁၄၆)
Vol. 13 Ch. 145-146
အခန်း ( ၁၄၅ ) ငရုတ်သီးသနပ်။
ယမ်းစိမ်းက ရေခဲကို ဖန်တီးပေးနိုင်ပေမဲ့ ယမ်းမှုန့်လည်း ဖန်တီးလို့ ရသည်။
လီယောင်က လောလောဆယ်တော့ ထိုပစ္စည်းကို ထုတ်လုပ်ဖို့ အစီအစဉ်မရှိသေးသော်လည်း ဒီနှစ်ထဲမှာ လူရိုင်းတွေရဲ့ ထူးဆန်းသော လှုပ်ရှားမှုတွေအကြောင်း သတိရသွားလျှင် စိတ်မသက်မသာ ခံစားလိုက်ရပြီး သူမ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်သည်ဟု တွေးမိသွားလေသည်။
“ ပြီးတော့ ရာဘာတွေကိုလည်း ပိုအားစိုက်ပြီး ဝယ်ထားပေးပါဦးနော်။ ”
“ အဲ့ဒါက … ” လျှို့ယွမ်က ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ “ အခုက ရာဘာပင်တွေကို ရိတ်သိမ်းတဲ့ ရာသီ မရောက်သေးဘူးဗျ။ နန့်ကျောက်တိုင်းပြည်နယ်စပ်က သစ်တပ်ကြီးတွေကလည်း တမင်သက်သက် သိုလှောင်ထားတဲ့ ပုံပဲ။ အဲ့ … အဲ့ဒါကြောင့် ဈေးတွေက မိုးထိအောင် ထိုးတက်နေတယ်။ ”
“ နန့်ကျောက်တိုင်းပြည်ထဲက ကုန်သည်တွေနဲ့ တိုက်ရိုက် အရောင်းအဝယ် လုပ်လို့ ရမယ့် နည်းလမ်းတွေ ဘာတွေ မရှိဘူးလား။ ”
လျှို့ယွမ်က ထိုမေးခွန်းကို ကြားတော့ ခေါင်းကိုသာ ခါပြလိုက်သည်။
လက်ရှိအချိန်မှာ ဧကရာဇ်လင်နှင့် နန့်ကျောက်တိုင်းပြည်ကြား ဆက်ဆံရေးတင်းမာနေပြီး နယ်စပ်ဒေသပြဿနာတွေကြောင့် အသေးစား ပဋိပက္ခလေးတွေလည်း မကြာခဏ ဖြစ်ပေါ်နေတာမို့ သူ့လို ကုန်သည်ကြီးတစ်ယောက်ပင်လျှင် နန့်ကျောက်တိုင်းပြည်ထဲ သိပ်မသွားရဲသလို နန့်ကျောက်တိုင်းပြည်က ကုန်သည်တွေကလည်း ရှောရှောရှုရှု ကူးသန်းရောင်းဝယ်ချင်မှာ မဟုတ်ပါ။
တိုင်းပြည်နှစ်ခုကြားက ကူးသန်းရောင်းဝယ်မှုဟာ လုံးဝ ရပ်ဆိုင်းလုနီးပါး အခြေအနေ ဖြစ်နေ၏။
ထို့ကြောင့် ရာဘာရနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ နယ်စပ်ဒေသက သစ်တပ်တွေဆီက ဝယ်ယူဖို့ပါပဲ။
“ အခြေအနေကို အရင်ဆုံး သွားကြည့်ပြီးမှ ရှင် သေချာပြီ ဆိုရင် လူကြုံနဲ့ အကြောင်းပြန်စာဖြစ်ဖြစ် ပို့လိုက်ပါ။ အဲ့အချိန်ကျ ကျွန်မလည်း ဘာလုပ်ရမလဲ ဆိုတာ ပြန်ပြောမယ်။ ”
“ ကောင်းပါပြီ။ ”
လျှို့ယွမ် ထွက်သွားတော့ လီယောင့်မှာ လုပ်စရာမရှိတော့ဘဲ အားလပ်သွားပြန်သည်။ နေ့တိုင်း အလုပ်ရုံတွေက အခြေအနေကို သွားစစ်ဆေးလိုက် ၊ အနောက်ဘက်တောင်တန်းပေါ်ကို တက်ပြီး ကန်စွန်းဥတွေ ၊ ဟင်းသီးဟင်းရွက် အပင်ပေါက်တွေကို သွားကြည့်လိုက်ဖြင့် နေ့ရက်တွေကို ကုန်ဆုံးနေခဲ့ရသည်။
တာ့ကျွမ်းရဲ့ စေ့စေ့စပ်စပ် ပြုစုမှုကြောင့် အနောက်ဘက်တောင်တန်းပေါ်က သီးနှံတွေအကုန်လုံး ကောင်းကောင်း ကြီးထွားရင့်သန်နေကာ မွေးထားတဲ့ ကြက်တွေ ၊ ဘဲတွေ ၊ ငန်းတွေ ၊ ကျွဲတွေ ၊ နွားတွေလည်း တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် တောကြက်အုပ်ပဲ ဖြစ်သည်။ အစာကို လုံလုံလောက်လောက် ကျွေးထားတာကြောင့် အကြီးဆုံး အကောင်တွေဟာ ( ၃ ) ကတ်တီ အလေးချိန်ရှိသည်။ လီယောင်သည် ထိုတောကြက်တွေကို ကြည့်ပြီး လက်ညှိုးလေး တဆတ်ဆတ် လှုပ်လာမိသည်။
သူမ ငရုတ်သီးသနပ်နဲ့ ကြက်သားမွှေကြော်ကို မစားရတာ ဘယ်လောက် ကြာသွားပြီပါလိမ့် … ။
သို့သော် စိုက်ခင်းထဲက ငရုတ်အပင်ပေါက်လေးတွေက အခုမှ ပွင့်ဖူးခါစပဲ ရှိသေး၍ စားလို့ ရတဲ့ အနေအထားကို ရောက်ဖို့ အနည်းဆုံး တစ်လ စောင့်ရပါမည်။ လီယောင် အဲ့ဒီလောက် မစောင့်ချင်ပါ။
“ ငါတို့အိမ်မှာ ငရုတ်သီးသနပ်တွေ ဘယ်လောက် ကျန်သေးလဲ ရှောင်ယာ။ ”
“ သိပ်မကျန်တော့ဘူး အမေ။ ” ဟု ဟဲရှောင်ယာက တစ်ချက် စဉ်းစားပြီး ပြောလိုက်သည်။ “ သမီးတို့ ချွေချွေတာတာ စားမယ် ဆိုရင်တောင် ဟင်းနှစ်ခွက်စာလောက်ပဲ ကျန်တော့တယ်။ ”
“ ဒါဆို ဒီနေ့ အကုန်လုံး စားလိုက်ကြတာပေါ့။ ငါတို့နှစ်ယောက်တည်းပဲ စားမှာနော်။ ”
“ အမေ … အဲ့ဒါက သိပ်မကောင်းဘူးလားလို့။ ”
နဝမမြောက်မင်းသားက အိမ်မှာ နေ့တိုင်း စားသောက်နေတာမို့ အရသာရှိတဲ့ အစားအသောက်တွေကို သူ မမြင်အောင် ဖွက်ထားရင် သူ သိတဲ့အခါ ဘယ်လို ခံစားရမလဲ။
“ သူ့ကို ဂရုစိုက်မနေနဲ့။ သူက မင်းသားလေ။ သူသာ စားချင်ရင် ထူးခြားဆန်းပြားပြီး အရသာရှိတဲ့ အစားအသောက်တွေကို အချိန်မရွေး အလျှံအပယ် စားလို့ ရတယ်။ ”
လီယောင်က ထိုသို့ ပြောပြီး အကြီးဆုံး ကြက်ဖတွေထဲက တစ်ကောင်ကို ဆတ်ခနဲ ဖမ်းကာ အိမ်ဘက်ကို ပြန်လာခဲ့လိုက်သည်။
အခုဆို အိမ်က မီးဖိုချောင်မှာ နဝမမြောက်မင်းသား လျှို့ယွင်အတွက် အထူးတလည် လာရောက်ချက်ပြုတ်ပေးတဲ့ စားဖိုမှူးတွေက မီးဖိုချောင်အပြည့်နီးပါးပင် နေရာယူထားခဲ့သည်။ လီယောင်က အစတုန်းကတော့ အိမ်မှာ လူတွေ အများကြီး ရှိနေတာက ဘယ်လိုမှ အဆင်မပြေတာကြောင့် သူတို့ကို လက်မခံချင်ခဲ့။
သို့သော်လည်း အခုတော့ လီယောင်ကလည်း အလုပ်ရှုပ် ၊ ရှောင်ယာရဲ့ ဗိုက်ကလည်း ပူထွက်နေပြီ ဖြစ်ရာ မီးဖိုပေါ်ကို တက်ဖို့ မသင့်တော်တော့သဖြင့် ချက်ပြုတ်ရေးကို သူတို့နှင့်ပဲ လွှဲထားရသည်။
မိသားစုဟာ လျှို့ယွင်နှင့်အတူ အသင့်စား အစားအသောက်တချို့ကို ဝေမျှစားသောက်နိုင်တာလည်း မဆိုးတော့ မဆိုးပါ။
“ အမျိုးသမီးလီကို နှုတ်ခွန်းဆက်သပါတယ်။ ” သူမ မီးဖိုချောင်ထဲကို ဝင်လာခဲ့ချိန်မှာ ခေါင်းဆောင်စားဖိုမှူးဝမ်က ပြုံး၍ ရှေ့ထွက်လာကာ ဦးညွှတ်သည်။ “ အမျိုးသမီးလီ မီးဖိုချောင်ထဲကို ဘာအတွက် ရောက်လာတာလဲ ဆိုတာ သိပါရစေ။ ကျွန်တော့်ကို အမျိုးသမီးလီအတွက် ဟင်းတစ်ခွက်ခွက် ချက်ခိုင်းချင်လို့လား။ ”
“ ဒီနေ့တော့ ရှင်တို့ ဘာဟင်းမှ ချက်ပေးစရာ မလိုတော့ဘူး။ ကျွန်မကိုယ်တိုင်ပဲ ချက်မယ်။ ”
“ အမျိုးသမီးလီက ဟင်းချက်စွမ်းရည်တွေကို ထုတ်သုံးတော့မှာပေါ့။ အမျိုးသမီးလီ ဟင်းချက်တာကို ကျွန်တော်တို့ ဘေးကနေ ရပ်ကြည့်ပြီး လေ့လာလို့ရော ရမလား။ ”
“ ရှင်တို့သဘောပါ။ ”
လီယောင်က ကြက်ကို သွက်သွက်လက်လက် သတ်ပစ်လိုက်၏။ သွေးတွေကို ပြောင်စင်နေအောင် ဆေး ၊ ရေနွေးဖျော ၊ ရင်ခွဲ၍ အူကလီစာတွေကို ထုတ်ပစ်ကာ အသားကို ခုတ်ထစ်နေသည့် သူမရဲ့ ကျွမ်းကျင်သွက်လက်သော လှုပ်ရှားမှုတွေကို ကြည့်ကာ စားဖိုမှူးတွေရဲ့ စိတ်ထဲမှာ အထင်ကြီး လေးစားမှုတွေ ပြည့်လျှံသွားခဲ့သည်။ “ အမျိုးသမီးလီရဲ့ ဓားကိုင်တဲ့ စွမ်းရည်က ကျွန်တော်နဲ့ ယှဉ်လိုက်ရင် အတွေ့အကြုံ နှစ် ( ၂၀ ) ကျော်လောက်ကို ပိုသာနေတာပါလား။ ကျွန်တော်တို့ ရှက်ရွံ့မိပါတယ်။ ”
ခုတ်ထစ်ထားတဲ့ ကြက်သားတွေကို အတုံးသေးသေးလေးတွေ ဖြစ်အောင် လှီးကာ ဒယ်အိုးထဲမှာ ဆီကို အပူပေးပြီးနောက် လှီးထားတဲ့ ကြက်သားတုံးလေးတွေကို ဒယ်အိုးထဲ ထည့်ပြီး အသားနှစ်ဖက်လုံး ရွှေရောင်သမ်းကာ ကြက်အရေခွံထဲက အဆီတွေ ထွက်လာတဲ့အထိ မွှေကြော်လိုက်သည်။ အဲ့ဒီတော့မှပဲ စီချွမ်ငရုတ်ကောင်းစေ့ ၊ ကြက်သွန်ဖြူ ၊ ဂျင်းနှင့် ငရုတ်အနှစ်တို့ကို ထပ်ထည့်လိုက်ပါသည်။
မီးအေးအေးနှင့် ခဏလောက် မွှေကြော်ပြီးသွားတော့ ဆီနီတွေ စိမ့်ထွက်လာသည်။ ထို့နောက် လီယောင်က နောက်ဆုံးလက်ကျန် ငရုတ်သီးသနပ်တွေကို ထည့်လိုက်သောအခါ ရင်းနှီးနေသော မွှေးရနံ့ လှိုက်တက်လာတော့သည်။
လုပ်ငန်းစဉ် တစ်ခုလုံးကို ဘေးက ရပ်ကြည့်နေခဲ့တဲ့ စားဖိုမှူးဝမ်နှင့် ကျန်လူတွေရဲ့ အမြင်မှာ မွှေကြော်တဲ့ ဟင်းချက်နည်းက လူတိုင်း လုပ်နိုင်သော အတော်လေး သာမန်ဆန်တဲ့ ဟင်းချက်နည်းပဲ ဖြစ်ပါသည်။ ဒါပေမဲ့ သူတို့ နားမလည်နိုင်တာက မွှေကြော်လိုက်တဲ့အချိန်မှာ ထွက်လာတဲ့ ဆီက ဘာလို့ အနီရောင်ပြောင်းပြီး တောက်ပနေရတာလဲ ဆိုတာပါ။ ခုနတုန်းက ထပ်ထည့်လိုက်တဲ့ ပါဝင်ပစ္စည်းတွေက ဘာတွေလဲ … ။
အနံ့က နည်းနည်းလေး စူးရှသော်လည်း သူတို့ အရင်တုန်းက တစ်ခါမှ မရဖူးတဲ့ မရင်းနှီးသော အမွှေးနံ့ တစ်မျိုးလည်း ရှိနေသည်။
ဘုရင့်နန်းတော်က စားဖိုမှူး ဖြစ်တဲ့ စားဖိုမှူးဝမ်သည် သူ လေ့လာသင်ယူထားတဲ့ အရည်အချင်းတွေနှင့် ဆိုလျှင် ဒီဟင်းလျာကို အမျိုးအမည်တောင် ခွဲခြားနိုင်မှာ မဟုတ်ဘူးလို့ ခံစားလိုက်ရသည်။
“ ဒီဟင်းလျာက ဘာလဲ ဆိုတာ မေးလို့ ရမလား အမျိုးသမီးလီ။ ”
“ ငရုတ်သီးသနပ်လို့ ခေါ်တယ်။ ”
စားဖိုမှူးတွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သော်လည်း ငရုတ်သီးသနပ်က ဘယ်လို အရာမျိုးလဲ ဆိုတာ ဘယ်သူမှ မသိကြပေ။
“ ဒီငရုတ်သီးတွေကို တောင်ပေါ်ကနေ ခူးလာခဲ့တာပါ။ ကျွန်မတို့ အိမ်မှာလည်း စိုက်လို့ ရတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ဒါပေမဲ့ ရှင်တို့ စားချင်တယ် ဆိုရင်တော့ နောက်တစ်လ ထပ်စောင့်ရလိမ့်မယ်။ အခု ကျွန်မလည်း ဟင်းချက်ပြီးသွားပြီ ဆိုတော့ ရှင်တို့ အေးအေးဆေးဆေး ဟင်းဆက်ချက်လို့ ရပါပြီ။ ”
ငရုတ်သီးသနပ်နှင့် ကြက်သားမွှေကြော်ပန်းကန်ကြီးကို ယူသွားသော လီယောင့်ကို ကြည့်ကာ စားဖိုမှူးဝမ်တစ်ယောက် တံထွေးမျိုချလိုက်မိသည်။ သူ့ကိုယ်သူ နေရာအနှံ့က စားကောင်းသောက်ဖွယ်တွေကို စားဖူးတယ်လို့ ထင်မှတ်ထားတာတောင် သာမန် ကြက်သားဟင်းလေးတစ်ခွက်ကို သွားရည်ကျမိနေတဲ့ အဖြစ်က ထူးဆန်းလှသည်။
အမျိုးသမီးလီရဲ့ ငရုတ်သီးတွေ ရင့်မှည့်တဲ့ အချိန်ကျ သူ သေချာ မြည်းစမ်းကြည့်ရပါမည်။
လီယောင်သည် ငရုတ်သီးသနပ်နှင့် ကြက်သားမွှေကြော်ပန်းကန်ကို အိပ်ခန်းထဲ ယူသွားပြီး သူမနှင့် ဟဲရှောင်ယာသည် ထမင်းနှစ်ပန်းကန် ၊ လတ်လတ်ဆတ်ဆတ် အချဉ်ဖောက်ထားသော ဟင်းသီးဟင်းရွက်သနပ်တို့ဖြင့် မြိန်ရေယှက်ရေ စားသောက်ခဲ့ကြသည်။
ဟဲရှောင်ယာက ဆူးရှိတဲ့ နှင်းဆီပန်းကို မကြိုက်ပေမဲ့ ငရုတ်သီးကိုတော့ အမြဲတမ်း ကြိုက်သည်။ ကြက်သားတုံးလေးတွေကို တို့ထိသည် ဆိုရုံသောက်လာ စားပြီး ငရုတ်သီးတွေကတော့ သူတို့နှစ်ယောက်ကြောင့် ပန်းကန်ထဲမှာ ပြောင်သလင်းခါလုနီးပါးပင်။
ဒါပေမဲ့ သူတို့ စားနေရင်း ဟဲရှောင်ယာက တူကိုင်ထားတဲ့ လက်ကို ရုတ်တရက် ရပ်တန့်လိုက်သောကြောင့် လီယောင်က “ အရမ်း စပ်လို့လား။ ” ဟု မေးလိုက်သည်။
ဟဲရှောင်ယာက ဟင်းအင်းလို့ ဆိုကာ ခေါင်းခါပြပြီး သူမရဲ့ ပန်းကန်ထဲကို ငရုတ်သီးသနပ် နှစ်ဖတ်ကို ထည့်လိုက်ကာ ထမင်းနှင့် ရောနယ်ခဲ့သည်။
သူမရဲ့ စိတ်ထဲမှာ တစ်ခုခု ရှိနေတယ် ဆိုတာကို အပေါ်ယံ ကြည့်ရုံဖြင့် သိတဲ့ လီယောင်က တူတွေကို စားပွဲပေါ် ချပြီး မေးလိုက်၏။ “ ပြဿနာ တစ်ခုခု ရှိလို့လား။ ”
“ ကျွန်မ … ” ဟဲရှောင်ယာက အထစ်ထစ် အငေါ့ငေါ့နှင့် စကားရပ်သွားပြီးမှ ဆက်ပြောပါသည်။ “ အမေ … မနေ့တုန်းက ကျွန်မကို အဒေါ်ကျန်းက အချဉ်ကို ချဉ်ခြင်းတက်တာက သားယောက်ျားလေး မွေးမယ် ဆိုတဲ့ အဓိပ္ပာယ်တဲ့ ၊ အစပ်ကို ချဉ်ခြင်းတက်တာကတော့ သမီးမိန်းကလေး မွေးမယ် ဆိုတဲ့ အဓိပ္ပာယ်လို့ ပြောတယ်။ ကျွန်မက အစပ်စားရတာ အရမ်း ကြိုက်တယ် ဆိုတော့ ကျွန်မရဲ့ ဗိုက်ထဲက ကလေးက မိန်းကလေး ဆိုတာ သေချာနေပါပြီ … ”
“ အဲ့ဒါကြောင့် နင် ငိုင်သွားတာလား။ ”
လီယောင် ဘာပြောလို့ ပြောရမှန်းပင် မသိတော့။ “ ငါ နင့်ကို ဟိုးအရင်ကတည်းက ပြောပြီးပြီပဲ။ သားယောက်ျားလေးပဲ မွေးမွေး ၊ သမီးမိန်းကလေးပဲ မွေးမွေး အတူတူပဲ။ နင်က ဘာလို့ အဲ့ကိစ္စကို စိတ်ပူနေသေးတာလဲ။ ”
“ ဒါပေမဲ့ ကျွန်မက သားယောက်ျားလေး လိုချင်တာလေ အမေရဲ့။ အဲ့ဒါမှ လူတွေက ကျွန်မတို့မိသားစုကို သွားပုပ်လေလွင့်မပြောမှာ။ ”
“ နင် ဘာလို့ လူတွေ ပြောတဲ့ စကားတွေကို လိုက်ဂရုစိုက်နေမှာလဲ။ ” လီယောင်က ပန်းကန်ထဲမှာ ကျန်တဲ့ ငရုတ်သီးတွေကို သူမရဲ့ ထမင်းပန်းကန်ထဲ ဆွဲထည့်ရင်း နူးညံ့တဲ့ ကြက်ခြေထောက် သုံး ၊ လေးချောင်းကိုပါ ထည့်လိုက်သည်။ “ ပေါက်ကရတွေ လျှောက်အတွေးလွန်မနေနဲ့။ အတွေးလွန်တာ နင့်ကျန်းမာရေးအတွက် မကောင်းဘူး။ ”
“ ဟုတ်ကဲ့ပါ အမေ။ ကျွန်မ သိပါပြီ။ ”
ဟဲရှောင်ယာ စိတ်အားပြန်တက်သွားတာကို မြင်တော့မှ လီယောင် စိတ်ထဲက သက်ပြင်းချလိုက်မိဩ်။ ကိုယ်ဝင်ဆောင်အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်ဟာ တကယ့်ကို အတက်အကျမြန်သည်။ တာ့ကျွမ်းကလည်း အလုပ်ရှုပ်နေတာမို့ သူမကို သိပ်အချိန်မပေးနိုင်ပါ။
ကြည့်ရတာ ဟဲရှောင်ယာမှာ ပေါက်ကရအတွေးတွေ ဝင်မလာစေရန်အတွက် အတွေ့အကြုံရှိတဲ့ လူတစ်ယောက်ကို ရှာပြီး နေ့တိုင်း သူမအနား အဖော်ပြုခိုင်း ၊ စကားလေး ဘာလေး ပြောခိုင်းမှ အဆင်ပြေတော့မည် ထင်သည်။
ဒါပေမဲ့ အဲ့လို လူမျိုးကို ရှာဖို့ကလည်း တကယ့်ကို မလွယ်ကူတဲ့ ကိစ္စ ဖြစ်သည်။ ရွာထဲက လူတွေကတော့ လုံးဝ အဆင်ပြေမှာ မဟုတ်။ လူငယ်တွေက ဒီလို ကိစ္စတွေကို နားလည်မှာ မဟုတ်သလို လူကြီးတွေကျပြန်တော့လည်း သားယောက်ျားလေးက ပိုကောင်းတယ် ဆိုတဲ့ အတွေးကြီးက အမြစ်စွဲနေ၍ အဆင်မပြေပါ။
“ ဟင်းနံ့တွေ မွှေးနေတာပဲ။ ”
ကျောင်းက ပြန်ရောက်လာတဲ့ ဝမ်အာနှင့် ကျန်လူတွေရဲ့ အသံက အခန်းအပြင်ဘက်ကနေ ထွက်ပေါ်လာသည်။ လျှို့ယွင်ကတော့ အိမ်ထဲကို မရောက်သေးခင်ကတည်းက “ ထမင်းဟင်းတွေ မြန်မြန် လာချပေးတော့ ဝမ်ရှန်းရှန်း။ ” ဟု အော်ပြောလာခဲ့ပါသည်။
“ ဟုတ်ကဲ့။ ”
စားပွဲပေါ်ကို ကောင်းမွန်စွာ ပြင်ဆင်ထားတဲ့ ဟင်းလျာ ခြောက်ပွဲ ၊ ခုနှစ်ပွဲ ချက်ချင်း ရောက်လာသည်။ လျှို့ယွင်က ဒီနေ့ အတော်လေး ဗိုက်ဆာနေပုံဖြင့် တူတွေကို ကောက်ကိုင်ပြီး စတင် စားသောက်ခဲ့လေသည်။
ဒါပေမဲ့ ဟင်းလျာ တစ်မျိုးချင်းစီကို မြည်းစမ်းကြည့်ပြီးတဲ့နောက် သူ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့မျက်နှာအမူအရာကို စောင့်ကြည့်နေတဲ့ တော်ဝင်စားဖိုမှူးဝမ်ကလည်း တစ်ခုခု မှားနေပြီ ဆိုတာကို သတိထားမိသွားကာ ချက်ချင်းပဲ လာမေးခဲ့သည်။ “ ဒီနေ့ ပြင်ဆင်ထားတဲ့ ဟင်းလျာတွေက အရှင့်သားရဲ့ အကြိုက် မဟုတ်လို့ပါလား။ ”
“ အဲ့လို မဟုတ်ဘူး။ ” လျှို့ယွင်က ခဏ စဉ်းစားပြီးမှ ပြောလိုက်သည်။ “ ကျွန်တော် အခန်းထဲကို မဝင်ခင်တုန်းက အမွှေးနံ့ တစ်ခုကို ရလိုက်တယ်။ ဒါပေမဲ့ ဒီဟင်းလျာတွေထဲမှာ အဲ့အမွှေးနံ့ရှိတဲ့ ဟင်းလျာ တစ်ခုမှ မရှိဘူး။ ”
…
အခန်း ( ၁၄၆ ) နန့်ကျောက်တိုင်းပြည်။
“ အဲ့ဒါက … ” တော်ဝင်စားဖိုမှူးဝမ်က တွန့်ဆုတ်ဆုတ် ဖြစ်သွားသည်။ “ အရှင့်သား သတိပြုမိတဲ့ အမွှေးနံ့က လီယောင်ကိုယ်တိုင် ချက်ပြုတ်ထားတဲ့ ကြက်သားအစပ်မွှေကြော်ဟင်းလျာရဲ့ အနံ့ ဖြစ်နိုင်ပါတယ် အရှင့်သား။ ”
“ အဒေါ်လီကိုယ်တိုက် ချက်ထားတာတဲ့လား … ။ အဲ့ဟင်း ဘယ်မှာလဲ။ ကျွန်တော်တို့လည်း မြည်းစမ်းကြည့်ရအောင် ဘာလို့ ချမပေးတာလဲ။ ”
“ ဟို … ”
တော်ဝင်စားဖိုမှူးဝမ်ရဲ့ နဖူးပေါ်မှာ ချွေးစတွေ ချက်ချင်းပဲ စိမ့်ထွက်လာခဲ့သည်။ ထိုဟင်းလျာကို လီယောင်ကိုယ်တိုင် ချက်ပြုတ်ထားခဲ့တာ ဆိုပေမဲ့ အခန်းထဲကို ယူသွားပြီး သူမတစ်ယောက်တည်း စားပစ်တယ်လို့ သူ သေချာပေါက် ပြောလို့ မရပါ။
အပြင်က အသံတွေ အကုန်လုံးကို ကြားနေတဲ့ အခန်းထဲက လီယောင်က ဆက်ပုန်းမနေတော့ဖို့ ဆုံးဖြတ်လိုက်သည်။ သူမလည်း ကြက်သားအစပ်ဟင်းကို စားပြီးသွားပြီလေ။ ကျန်တာ ဆိုလို့ သူမနှင့် ဟဲရှောင်ယာ မစားနိုင်တော့တဲ့ ကြက်သားတုံးတွေပဲ ကျန်သည်။
ထို့ကြောင့် လီယောင်သည် ကြက်သားဟင်းအကျန် ပန်းကန်ကို ကိုင်ကာ ဟဲရှောင်ယာနှင့်အတူ အခန်းထဲက ထွက်လာခဲ့လိုက်သည်။
“ အဲ့ဟင်းက ဒီမှာ ရှိတယ်။ ”
“ တော်သေးတာပေါ့။ အဒေါ်လီက အဲ့လောက်တောင် မွှေးတဲ့ ဟင်းကို ချက်ထားပြီး ကျွန်တော်တို့ကိုကျ မမြည်းခိုင်းဘူးနော်။ ”
“ ဒါက ကိုယ်ဝန်သည်အမျိုးသမီးတွေ စားဖို့အတွက်လေ။ နင်က ကိုယ်ဝန်သည်တွေနဲ့ပါ ဒီဟင်းကို လုစားချင်တာလား။ ”
“ လုမစားရဲပါဘူး လုမစားရဲပါဘူး။ ” လျှို့ယွင်က အပြုံးလေးဖြင့် တံထွေးမျိုချလိုက်သည်။ “ ဒါပေမဲ့ နည်းနည်းလောက် မြည်းကြည့်တာကတော့ အဆင်ပြေတယ် မဟုတ်လား အဒေါ်လီ။ ”
အဆက်မပြတ် တံထွေးမျိုချနေတဲ့ သူ့ကို ကြည့်ကာ လီယောင့်မှာ တကယ့်ကို ပြောစရာစကားပင် မရှိတော့ပါ။ ဒီကောင်လေးက ဘယ်လို တော်ဝင်မင်းသားမျိုးလဲ။ သူ့ရဲ့ မင်းသားတစ်ပါးနဲ့ တူတဲ့ ပုံရိပ်ကရော ဘယ်မှာလဲ … ။
“ စား စား။ ငါတို့လည်း ဗိုက်ပြည့်နေပြီ။ ”
“ ကျေးဇူးပါ အဒေါ်လီ။ ”
လျှို့ယွင်သည် တူကို ကောက်ကိုင်ပြီး ကြက်သားတုံး တစ်တုံးကို သူ့ပါးစပ်ထဲ ထည့်လိုက်၏။ သူ့ရဲ့ လျှပ်တစ်ပြက် လှုပ်ရှားမှုကြောင့် တောက်ပြောင်သော ဟင်းအဆီတွေ သူ့မေးစေ့တစ်လျှောက် စီးကျသွားသော်လည်း သူကတော့ ဂရုစိုက်မနေဘဲ တစ်တုံး စားပြီးသွားသည်နှင့် နောက်တစ်တုံး ထပ်နှိုက်လိုက်လေသည်။
“ ငရုတ်သီးတွေ မပါတာက လွဲရင် အရမ်း အရသာရှိတယ်။ ” လျှို့ယွင်သည် ပြောရင်း ကျန်တဲ့ ငရုတ်သီးတွေ အကုန်လုံးကို ယူကာ ဝမ်အာ ၊ ရှောင်ကျယ်တို့နှင့် မျှဝေလိုက်သည်။ “ သွေးသောက်ညီအစ်ကိုတွေ ဆိုတာ အစားကောင်း အသောက်ကောင်းတွေကို ခွဲဝေ စားရတယ်။ ”
တော်ဝင်စားဖိုမှူးဝမ်ကတော့ ဘေးကနေ ကြောင်တောင်တောင် အမူအရာလေးဖြင့် ရပ်ကြည့်နေခဲ့သည်။ အရှင့်သားသာ တော်ဝင်မင်းသားတစ်ပါး ဖြစ်ပါလျက်နှင့် တခြားသူတွေရဲ့ စားကြွင်းစားကျန်ကို မင်းသား ဆိုတဲ့ အရှိန်အဝါနှင့် မလိုက်ဖက်စွာ စားရုံသာမက ဝမ်အာနှင့် စုန့်ကျယ်ကိုတောင် သွေးသောက်ညီအစ်ကိုလို့ ခေါ်လိုက်သေးရဲ့ … ။
ဒီသတင်းတွေသာ နေပြည်တော်ကို ပြန်ရောက်သွားရင် နန်းတော်တစ်ခုလုံး သေချာပေါက် ထိတ်လန့်ပြီး အံ့ဩဘနန်း ဖြစ်သွားလိမ့်မည်။
လီယောင်ကလည်း သူမ စားလို့ မပြီးသေးတဲ့ ထမင်းပန်းကန်လုံးကို ယူလာပြီး ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်၏။
“ ငါ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး နင့်အကူအညီကို လိုအပ်နေတယ် လျှို့ယွင်။ ”
“ ဘာများလဲ ပြောပါ အဒေါ်လီ။ ”
“ ငါ ဟဲရှောင်ယာကို အဖော်လုပ်ပေးနိုင်မယ့် လူတစ်ယောက် လိုချင်တယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ သင့်တော်တဲ့ စကားကို ပြောတတ်ပြီး အသိအမြင်ကျယ်တဲ့ လူတစ်ယောက်ပေါ့။ အသက်လည်း အရမ်း မကြီးသေးရင် ပိုကောင်းမယ်။ ”
လျှို့ယွင်က ခဏလောက် စဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။ “ အဲ့လောက် မခက်ပါဘူး။ စိတ်မပူနဲ့ အဒေါ်လီ။ ကျွန်တော် ပိုင်စုန့်ကို နေပြည်တော်ကို စေလွှတ်ပြီး ဒီကို နန်းတွင်းအစေခံ နှစ်ယောက်လောက် ခေါ်လာခိုင်းလိုက်မယ်။ ”
“ အရမ်း ကြာမှာလား။ ”
“ မကြာပါဘူး။ အရှိန်မြန်တဲ့ မြင်းတွေနဲ့ ဆိုရင် တောင်တွေကို ဖြတ်ကျော်ရတဲ့ ခရီးက ဆယ်ရက်ကျော်မှာ မဟုတ်ဘူး။ ”
နန်းတွင်းအစေခံတွေဟာ လုံလောက်တဲ့ အရည်အချင်းပြည့်မီလိမ့်မည်ဟု မျှော်လင့်ရပါသည်။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းပြီးပြီဟု ပြောလို့ ရသည်။
လီယောင်သည် နေ့လယ်စာ စားပြီးတော့ ခဏတဖြုတ် အနားယူဖို့ ပြင်နေတုန်း လျှို့ယွမ် လွှတ်လိုက်တဲ့ လူတစ်ယောက်က နန့်ကျောက်တိုင်းပြည်ကနေ ရောက်လာကာ အရေးကြီးသတင်းပို့စရာရှိသည်ဟု လာပြောသည်။
သူတို့တွေ နန့်ကျောက်တိုင်းပြည်ကို ရက်ပိုင်းအတွင်း ရောက်အောင် အမြန် သွားခဲ့ပေမဲ့ တိုင်းပြည်ထဲကို မဝင်နိုင်ဘဲ နယ်စပ်ဒေသမှာပဲ တားဆီးခံလိုက်ရပါသည်တဲ့။ ထို့ကြောင့် နယ်စက်ဒေသနားက သစ်တပ်တွေကို လိုက်ရှာပြီး ရာဘာတွေ ဝယ်ဖို့ ဆွေးနွေးခဲ့ရသည်ဟု ဆိုသည်။
သို့သော် သစ်တပ်ထဲကို လျှို့ယွမ်ရဲ့ လူတွေ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သစ်တပ်ထဲက လူတွေက သူတို့ကို ဖမ်းဆီးလိုက်ပြီး တစ်ယောက်ကို ငွေချောင်း ( ၃၀၀၀ ) နှင့် ပြန်ရွေးရမည်ဟု အမိန့်ပေးလာခဲ့သည်။ ထိုသို့ ပြန်မရွေးပါက ( ၁၅ ) ရက်အတွင်း လျှို့ယွမ်တို့အဖွဲ့ကို ခေါင်းဖြတ်ပစ်မည်ဟု ဆိုသည်။
" ကျွန်တော်တို့ရဲ့ သခင်ကြီးက အဒေါ်လီ့ကို ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ငွေတစ်ပြားတစ်ချပ်မှ မပေးပါနဲ့လို့ မှာလိုက်ပါတယ်။ အဲ့လူတွေက အရမ်း လောဘကြီးလို့ ယုံကြည်လို့ မရဘူးတဲ့။ ပိုက်ဆံ တစ်ခါ ရသွားရင် ထပ်ပြီး တောင်းမှာကို သူ စိုးရိမ်တယ်လို့ ပြောပါတယ်။ ”
“ ငါ နားလည်ပြီ။ နင့်နာမည် ဘယ်လို ခေါ်လဲ။ ”
“ ကျွန်တော့်နာမည် အပြည့်အစုံက ဟွမ်းကျန်းပါ ၊ အိမ်နာမည်ကတော့ ရှစ်ထိုပါ။ ”
“ လောလောဆယ်တော့ သွားနားလိုက်ဦး။ ငါတို့ ညရောက်တာနဲ့ ခရီးစထွက်မယ်။ ”
…
ရာဘာ ဝယ်တာ မအောင်မြင်ရုံလောက်ပဲ ဆိုရင်တော့ လီယောင်က အလုပ်ရှုပ်ခံ ၊ အချိန်ကုန်ခံပြီး သူမကိုယ်တိုင် ခရီးထွက်နေမှာ မဟုတ်ပေ။ ဒါပေမဲ့ အခုတော့ လျှို့ယွမ်ရဲ့ လူတွေ အကုန်လုံး ဖမ်းဆီးခံထားရတာမို့ သူမ အခြေအနေသွားမကြည့်ဘဲ ထိုင်နေလို့ မရတော့။
လျှို့ယွင်က လီယောင် နယ်စပ်ဒေသကို သွားတော့မယ် ဆိုတဲ့ စကားကို ကြားသည်နှင့် သူလည်း အတူတူ လိုက်ချင်သည်ဟု ပြောလာခဲ့သည်။
လီယောင်က ထိုခွေးကောင်လေးကို ခေါ်မသွားချင်ပေမဲ့ သူမ နယ်စပ်ဒေသစောင့်တပ်သားတွေရဲ့ အကူအညီကို လိုလောက်သည်ဟု တွေးမိသွားတော့ သူ့ကို လိုက်ခွင့်ပေးလိုက်၏။
“ ဒါပေမဲ့ ငါ့မှာ အခြေအနေ တစ်ခုတော့ ရှိတယ်။ မင်း ငါ့စကားကို နားထောင်ရမယ်။ ”
“ စိတ်ချပါ အဒေါ်လီ။ ကျွန်တော် ဘာပြဿနာမှ မရှာဘူးလို့ ကတိပေးပါတယ်။ ”
လျှို့ယွင်ရဲ့ စိတ်သဘော သဘာဝကို ကြည့်ရသလောက် သူ ပြဿနာမရှာဘူး ဆိုတာ မဖြစ်နိုင်မှန်း လီယောင် သိပါသည်။ သို့သော်လည်း သူ့ကို ချန်မထားနိုင်ခဲ့ပါ။ ပြဿနာရှာမယ် ဆိုရင်တောင် ဆိုးဆိုးဝါးဝါး ပြဿနာတွေတော့ မရှာဖို့ မျှော်လင့်ရသည်။
ညနေစောင်းအချိန်ကို ရောက်တော့ လီယောင်သည် သူမရဲ့ မိသားစုအား အခြေအနေကို အကျဉ်းချုံ့ ပြောခဲ့ပြီး တခြားလူတွေနှင့်အတူ နန့်ကျောက်တိုင်းပြည်သို့ ခရီးစတင်ခဲ့တော့သည်။ ဘယ်သူ့ကိုမှ အစိုးရိမ်မလွန်စေချင်တာကြောင့် သူမ နန့်ကျောက်တိုင်းပြည်မှာ ဆွေးနွေးစရာကိစ္စလေးတွေ ရှိလို့ပါ ဟူ၍သာ ပြောထားခဲ့သည်။
အိမ်သားတွေ အကုန်လုံးကလည်း သူမ ခရီးရှည်ကြီးတွေ ထွက်တာနှင့် ကျင့်သားရနေပြီမို့ သိပ်ရှည်ရှည်ဝေးဝေး မတွေးခဲ့ကြပေ။
ပိုင်စုန့်ကိုတော့ နေပြည်တော်ကို စေလွှတ်ထားသည်။ လျှို့ယွင်ရဲ့ ဘေးမှာ ယုံကြည်ရတဲ့ လူတစ်ယောက်မှ မရှိတော့သဖြင့် သူတို့ ကိုယ်ရံတော်တွေ မပါဘဲ ခရီးထွက်ဖို့သာ ပြင်ဆင်ထားခဲ့ကြတာ ဖြစ်သည်။
ဒါပေမဲ့ လီယောင်က စိတ်မချတာမို့ ခရိုင်တရားရုံးတော်ကို သွားပြီး တရားသူကြီးစုန့်ထံက ကာကွယ်ရေးခေါင်းဆောင်ကျန်းနှင့် တခြား စာရေးတစ်ယောက်ကို ခဏ လာခဲ့လေသည်။ ထိုနှစ်ယောက်ရဲ့ တာဝန်ကတော့ လျှို့ယွင်ရဲ့ လုံခြုံရေးကို အထူး ဂရုစိုက်ပေးရမှာပါ။
တရားသူကြီးစုန့်ကို နှုတ်ဆက်စကားပြောပြီးတဲ့နောက်မှာတော့ သူတို့ငါးယောက်သည် အပြေးမြန်သော မြင်းတွေနှင့် နန့်ကျောက်တိုင်းပြည်သို့ ညတွင်းချင်းပဲ ခရီးထွက်လာခဲ့ကြသည်။
ယီကျိုးစီရင်စုနယ်မြေထဲက ထွက်ခွာလာပြီးနောက် သိပ်မကြာခင်မှာပဲ ဘေးဘီဝဲယာရှိ တောင်တန်းတွေက တဖြည်းဖြည်း မြင့်မားလာကာ လမ်းတွေကလည်း အန္တရာယ်များလောက်အောင်ပင် အကွေ့အဝိုက်တွေ များလာခဲ့သည်။ ကံကောင်းစွာဖြင့် ခရီးကတော့ သိပ်မဝေးပါ။ မြင်းတွေကို အရှိန်ပြင်းပြင်းနှင့် မောင်းလိုက် ၊ ဖြည်းဖြည်းမှန်မှန်လေး သွားလိုက်နှင့် သုံးရက်အကြာမှာတော့ ဟိုးခပ်ဝေးဝေးက နယ်စပ်ဒေသကို ပျပျ လှမ်းမြင်နိုင်ခဲ့သည်။
နန့်ကျောက်တိုင်းပြည်ဟာ ရာသီဥတုပူပြင်းပြီး မိုးရာသီလည်း မရောက်သေးတာမို့ နေရောင်က ခြစ်ခြစ်တောက်ပူနေ၏။ အဝတ်လွတ်နေတဲ့ လျှို့ယွင်ရဲ့ မျက်နှာတွေ ၊ လက်တွေက အပူရှိန်ကြောင့် စတင်နီမြန်းလာသည်။
“ ဒီဒေသမှာ ဘာလို့ ဒီလောက် နေပူနေရတာလဲ။ ”
သူ့ဘေးမှာ လိုက်ပါလာတဲ့ ကာကွယ်ရေးခေါင်းဆောင်ကျန်းက ရှင်းပြလိုက်သည်။ “ အရှင့်သားက မသိဘူး ထင်တယ်။ နန့်ကျောက်တိုင်းပြည်က တစ်နှစ်လုံးမှာမှ နွေဦး ၊ နွေရာသီနဲ့ ဆောင်းဦး ဆိုပြီး ရာသီဥတု သုံးမျိုးပဲ ရှိတာ။ ပြောရရင် ဆောင်းရာသီ မရှိဘူး ဆိုပါတော့။ ပြီးတော့ နွေရာသီကလည်း တော်တော်လေး ကာလရှည်ကြာတဲ့အတွက် အခုလို အချိန်မျိုးဆို ခြစ်ခြစ်တောက်ကို ပူတယ်။ မိုးရာသီ ရောက်လာရင်တော့ စိုထိုင်းထိုင်းနဲ့ ပူတဲ့ အပူမျိုးပေါ့။ အဲ့အချိန်ကျ စိုက်ပျိုးမွေးမြူရေးမြေတွေမှာပဲဖြစ်ဖြစ် ၊ သစ်တောတွေထဲမှာဖြစ်ဖြစ် အဆိပ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေက မြေကြီးထဲကနေ အလွယ်တကူ စိမ့်ထွက်လာနိုင်တယ်။ အဲ့ဓာတ်ငွေ့တွေကို သတိမထားမိဘဲ ရှူမိရင်တော့ ရှူမိတဲ့ လူ သေပြီပဲ။ ”
သူ့စကားက လျှို့ယွင်ကို အတော်လေး ကြောက်လန့်သွားစေခဲ့ပြီး လီယောင်ကတော့ ထိုမြင်ကွင်းကို ကြည့်ကာ ရယ်ချင်သွားသည်။
ဆေးပညာနှင့် သိပ္ပံပညာ မဖွံ့ဖြိုးသေးတဲ့ ရှေးခေတ်မှာ ငှက်ဖျားရောဂါ ၊ ဝမ်းကိုက်ရောဂါ ၊ တိုက်ဖွိုက်အဖျား ၊ သွေးလွန်အဖျား စတဲ့ ရောဂါဝေဒနာတွေ အကုန်လုံးဟာ အဆိပ်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေကြောင့် ဖြစ်တာဟု မှတ်ယူထားကြ၏။
အထူးသဖြင့် ငှက်ဖျားရောဂါ ဆိုတာ ကပ်ပါးကောင်တွေကြောင့် ၊ ဒါမှမဟုတ် ခြင်ကိုက်ခံရဝာာကြောင့် အလွယ်တကူ ရောဂါပြန့်နိုင်သည်။ ရောဂါလက္ခဏာတွေထဲမှာ ချမ်းတုန်တာတွေ ၊ အဖျားတက်တာတွေ ပါဝင်ပြီး ပြတ်တောင်းအဖျားလို့လည်း လူသိများသည်။
ခေတ်မီတိုးတက်မှုမရှိတဲ့ ဆေးဝါးတွေကြောင့် ပြင်းထန်တဲ့ ရောဂါဝေဒနာတွေ ဆိုလျှင် အခြေခံအားဖြင့် ကုသလို့ မရပေ။ သို့သော်လည်း ဒေသခံတွေမှာတော့ ငှက်ဖျားရောဂါကို ကာကွယ်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါသည်။ ခြင်ကိုက်မခံရစေဖို့ သူတို့ရဲ့ အရေပြားပေါ်ကို ဆေးရည်တွေ လိမ်းတာမျိုး ၊ အိမ်က ယူလာတဲ့ ရေကိုပဲ သောက်တာမျိုး စသည်ဖြင့် … ။
လီယောင် သိတဲ့ သမိုင်းကြောင်းအရ ငှက်ဖျားရောဂါကို ကာကွယ်တဲ့ နေရာမှာ ကျူးခယ်လျန်း ( တရုတ်သမိုင်းကြောင်းတွင် နာမည်ကျော်ကြားခဲ့သော စစ်ဗျူဟာရေးဆွဲသူ ) တို့လို ကျွမ်းကျင်ပညာရှင်တွေလည်း ရှိသည်။ သူက မင်ဟွေ့ကို ခုနှစ်ကြိမ် ဖမ်းဆီးပြီး ခုနှစ်ကြိမ် ပြန်လွှတ်ပေးခဲ့တဲ့ ဇာတ်လမ်းကို ရေးသားချိန်မှာ ကာကွယ်မှုတွေကိုလည်း ကြိုတင်ပြင်ဆင်ထားတာကြောင့် စစ်တပ်ထဲက တပ်သားအနည်းငယ်သာ ငှက်ဖျားမိခဲ့သည်။
လီယောင်ကတော့ ရှေးခေတ် နည်းလမ်းတွေကို သုံးမှာ မဟုတ်ပါ။ သူမမှာ ပိုကောင်းတဲ့ နည်းလမ်းတွေ ရှိသည်။ အစိမ်းရောင်လိမ်းဆေးဟာ ခြင်ကိုက်မခံရအောင် ကာကွယ်တဲ့ နေရာမှာ အားကိုးရာ တစ်ခု ဖြစ်ပြီး အပူရှပ်တာကိုလည်း ကာကွယ်ပေးနိုင်သည်။ ဘယ်လို ရောဂါပိုးမျိုးက သူမတို့အနား ကပ်ရဲမှာတဲ့လဲ … ။
“ နယ်စပ်ဒေသအစောင့်တပ်က ရှေ့မှာပါ။ ” ဟု ရှစ်ထိုက ပြောလိုက်သည်။ “ အဒေါ်လီ နေဖို့ နေရာတစ်နေရာ အရင်ဆုံး ရှာချင်လား။ ”
“ လူတွေက နယ်စပ်ဒေသအစောင့်တပ်မှာ သူတို့သဘောနဲ့သူတို့ ဝင်နေလို့ ရတယ်လား။ ”
“ အတွင်းထဲကိုတော့ ဝင်လို့ မရပါဘူး။ ” ဟု ရှစ်ထိုက ပြန်ပြောလိုက်သည်။ “ ဒါပေမဲ့ အရင်တုန်းက ကုန်သည်တွေ အများကြီး အသွားအလာရှိခဲ့တော့ အစောင့်တပ်က ကုန်သည်တွေကို နေစရာ ၊ စားစရာပေးဖို့နဲ့ မြင်းတွေကိုလည်း အစာကျွေးဖို့အတွက် တည်းခိုခန်း တစ်ခု ဆောက်လိုက်တာပါ။ ”
ကြည့်ရတာ ဒီမှာ ရှိတဲ့ အစောင့်တပ်ဟာ တော်တော်လေး စီးပွားရေးအကွက်မြင်ပုံပေါ်သည်။
“ ဒါဆိုလည်း အဲ့ဒီကို တစ်ချက်လောက် သွားကြည့်ကြတာပေါ့။ ငါတို့ နေစရာ လိုတယ်။ ”
…