← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 13 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 13 Ch. 147-148

အခန်း ( ၁၄၇ ) ပင်ပန်းလည်း သည်းခံပါ။

ရှစ်ထိုနောက်ကို လိုက်လာတဲ့ လီယောင်တို့လူစုသည် သစ်သားနှင့် ဆောက်ထားတဲ့ အဖီနိမ့်နိမ့်လေးတွေဆီကို ရောက်လာခဲ့ကြသည်။ အပေါ်ပိုင်းအင်္ကျီဗလာကျွတ်နှင့် တပ်သားတွေက ခုံတန်းလျားတွေပေါ်မှာ အိပ်ပျော်နေကြပြီး လူတွေ လာတာကို မြင်တော့ ပျင်းရိပျင်းတွဲ ထလာသည်။

“ ဗိုလ်ချုပ်။ ” ရှစ်ထိုက အပြုံးလေးဖြင့် လျှောက်သွားလိုက်သည်။ “ ကျွန်တော်တို့ အခန်း နည်းနည်း ငှားပြီး နှစ်ညလောက် နေချင်လို့ပါ။ ”

“ မင်းတို့က ဘာအလုပ် လုပ်တာလဲ။ ” ဟု တပ်သားခေါင်းဆောင်က သူ့ကို ပြန်မေးသည်။

“ ကျွန်တော်တို့က နန့်ကျောက်တိုင်းပြည်ကို သွားမယ့် ကုန်သည်တွေပါ။ ”

“ မင်းတို့မှာ ခရီးသွားလာခွင့် စာရွက်စာတမ်းတွေရော ပါလား။ ”

“ ဟုတ်ကဲ့။ ပါ,ပါတယ်။ ”

ရှစ်ထိုသည် သူ့ဝတ်ရုံထဲက စာရွက်စာတမ်းတွေကို ထုတ်ပြီး တပ်သားခေါင်းဆောင်ရဲ့ လက်ထဲ တလေးတစား ထည့်ပေးလိုက်၏။

တပ်သားခေါင်းဆောင်က စာရွက်စာတမ်းတွေကို စစ်ဆေးကြည့်ပြီး ဘာပြဿနာမှ မရှိတာကို မြင်တော့မှ “ တစ်ခန်းကို တစ်ရက်ကို အကြွေစေ့ ပြား ( ၅၀၀ ) ပေးရမယ်။ အဲ့ထဲမှာ အစားအသောက်ဖိုး ၊ ရေဖိုး ၊ မြင်းစာဖိုးတွေ မပါဘူးနော် ၊ အဲ့ဒါတွေက သက်သက် ရှင်းရမှာ။ မင်းတို့ အခန်း ဘယ်နှခန်း လိုချင်တာလဲ။ ”

“ ဈေးကြီးလိုက်တာ။ ” ရှစ်ထို့ ပြန်မဖြေရသေးခင်မှာပဲ လျှို့ယွင်ရဲ့ ညည်းညူသံက ထွက်ပေါ်လာခဲ့သည်။ “ ဒါတွေက သစ်သားနဲ့ ဆောက်ထားတဲ့ အဖီလေးတွေပဲကို။ အထဲမှာ ကုတင်တွေ ဘာတွေလည်း မမြင်မိပါဘူး။ အဲ့ဒါနဲ့တောင် ခင်ဗျားက အကြွေစေ့ ( ၅၀၀ ) တောင်းနေတယ်။ ”

တပ်သားခေါင်းဆောင်က သူ့ကို မကျေမနပ် ကြည့်ပြီး “ ဈေးကြီးတယ် ထင်ရင် မင်း မနေနဲ့။ ” ဟု ပြန်ပြောခဲ့သည်။

လျှို့ယွင်က ထပ်ပြောဖို့ ပါးစပ်ပြင်နေသော်လည်း ကာကွယ်ရေးခေါင်းဆောင်ကျန်းက သူ့အင်္ကျီလက်ကို ဆွဲ၍ ဆွဲခေါ်သွားလေသည်။ ဒီလို နေရာမျိုးမှာ အကြွေစေ့ ( ၅၀၀ ) မပြောနှင့် ၊ တစ်ရက်ကို ငွေတုံး တစ်တုံး ၊ နှစ်တုံး ပေးရမည် ဆိုလျှင်တောင် သူတို့က သဘောတူညီစွာ ပေးလိုက်မှာပါ။ မဟုတ်ရင် တောအုပ်ထဲမှာပဲ သွားအိပ်ရလိမ့်မည်။

တောအုပ်တွေက အိပ်ဖို့ သင့်တော်တဲ့ နေရာ မဟုတ်တာတော့ အသေအချာပင်။ ခြင်တွေ ၊ ပုရွက်ဆျတ်တွေ ၊ တခြား အင်းဆက်တွေနှင့်ပင် သည်းမခံနိုင်စရာကောင်းတဲ့ နေရာ ဖြစ်နေရတဲ့ကြားထဲ တောရိုင်းတိရစ္ဆာန်တွေနှင့် တိုးဖို့လည်း အလားအလာများသည်။ ပုံမှန်ကုန်သည်တွေကတော့ သူတို့ အသက်ကို ရင်းပြီး တောထဲမှာ အိပ်တာထက် ပိုက်ဆံပိုကုန်ဖို့ပိုပဲ ရွေးချယ်လေ့ရှိပါသည်။

“ ကျွန်တော်တို့ အခန်း လေးခန်း ယူပါမယ် ဗိုလ်ချုပ်။ ” ဟု ရှစ်ထိုက ပြောလိုက်သည်။

“ အိုး ၊ လူငါးယောက်အတွက် အခန်း လေးခန်းတောင်လား။ ” တပ်သားခေါင်းဆောင်က ချက်ချင်းပဲ ပျော်ရွှင်သွားသည်။ “ မင်းတို့က တကယ် ရက်ရောတာပဲ။ ငါ မင်းတို့အတွက် ရေဖိုးနဲ့ မြင်းစာဖိုးတွေ လျှော့ပေးမယ်။ ”

“ ကျေးဇူးပါ ဗိုလ်ချုပ်။ ”

ကာကွယ်ရေးခေါင်းဆောင်ကျန်းက ငွေတုံး နှစ်တုံး ပေးလိုက်သောအခါ ထိုလူက သူတို့အားလုံးကို အရှေ့ဘက်က သစ်သားအဖီလေးတွေဆီသို့ ခေါ်သွား၏။ ထိုတပ်သားခေါင်းဆောင်က သူတို့ကို အခန်းပြပြီးတော့ “ အခန်း လေးခန်းက ဒီမှာပဲ။ မင်းတို့ တစ်ခုခု လိုအပ်ရင် ကျယ်ကျယ်လေးသာ အော်ခေါ်လိုက် ၊ တစ်ယောက်ယောက် ရောက်လာလိမ့်မယ်။ ” ဟု ပြောကာ ပြန်သွားသည်။

လီယောင်က သူမရဲ့ အခန်းလေးထဲကို ဝင်ကြည့်လိုက်တော့ သစ်သားချောင်းတွေနှင့် လုပ်ထားတဲ့ ရိုးရိုးရှင်းရှင်း ကုတင်တစ်လုံးက လွဲလို့ တခြား ဘာမှ မရှိတာကို မြင်လိုက်ရသည်။ ကုတင်ပေါ်မှာလည်း ကောက်ရိုး အနည်းငယ်သာ ခင်းထားကာ အိပ်ရာခင်းတို့ ၊ မြက်ကြမ်းဖျာတို့ လုံးဝ မရှိပါ။ ကြမ်းပြင်ကလည်း ညစ်ပတ်ပြီး ထူးဆန်းတဲ့ အနံ့အသက်တွေ ထွက်နေသည်။

အရင်တုန်းက ဆိုးဝါးတဲ့ ပတ်ဝန်းကျင်ပေါင်းစုံမှာ နေခဲ့ဖူးတဲ့ လီယောင်ကတော့ စိတ်ထဲ ဘယ်လိုမှ မနေသော်လည်း လျှို့ယွင်ကတော့ အဆင်မပြေပါ။

“ လူတွေ ဒီလို နေရာမျိုးမှာ ဘယ်လိုလုပ် နေနိုင်ကြတာလဲ။ ပြီးတော့လည်း တစ်ရက်ကို အကြွေစေ့ ( ၅၀၀ ) တဲ့လား။ ဒါ တကယ့်ကို အမြတ်ကြီးစားနေတာပဲ။ ”

လျှို့ယွင်သည် မကျေမနပ် ညည်းညူနေ‌သော်လည်း သုံးရက်ဆက်တိုက် မနားမနေ ခရီးသွားခဲ့ရတာ မောပန်းနေပြီမို့ ညစ်ပတ်ပေပွနေတဲ့ ကောက်ရိုးတွေပေါ် လဲလျောင်းပြီးနောက် သိပ်မကြာလိုက်ဘဲ အိပ်မောကျသွားခဲ့လေသည်။

လီယောင်လည်း ခဏ အနားယူခဲ့သည်။ နေဝင်ရီတရောအချိန် ရောက်တော့ ရှစ်ထိုက အစားအသောက် တချို့ ယူလာကာ ကာကွယ်ရေးခေါင်းဆောင်ကျန်းကလည်း သောက်ရေကို ပုံးအနည်းငယ် သွားခပ်လာခဲ့သည်။

ထမင်းစားပွဲ မရှိသောကြောင့် အစားအသောက်တွေကို ကျောက်တုံးတစ်တုံးပေါ်မှာပဲ တင်ပြီး သူတို့ ဝိုင်းဖွဲ့စားလိုက်ကြသည်။

ရှစ်ထိုရဲ့ ပြောစကားအရ လျှို့ယွမ်တို့ အဖမ်းခံထားရတဲ့ သစ်တပ်သာ ဒီနေရာကနေ လီ နှစ်ဆယ်ကျော်လောက် ဝေးသေးသည်ဟု ဆိုသည်။ လမ်းကလည်း မကောင်း၍ ခြေကျင်သာ သွားလို့ ရသည်တဲ့။

“ သစ်တပ်ထဲမှာ လူ ဘယ်လောက် ရှိလဲ။ ”

“ ကျွန်တော့်အထင်တော့ အနည်းဆုံး လူတစ်ထောင်လောက် ရှိမယ်။ နည်းနည်းနောနော အရေအတွက် မဟုတ်ဘူး။ ” ဟု ရှစ်ထိုက ပြောလိုက်သည်။ “ သစ်တပ်ကို တောင်ကြားထဲမှာ ဆောက်ထားတာ ဆိုတော့ နေရာတိုင်းမှာ မတ်စောက်တဲ့ ချောက်ကမ်းပါးတွေက ဝန်းရံထားတာ။ အထဲကို ဝင်ဖို့ လမ်းမရှိဘူး။ ”

“ ဝင်ဖို့ လမ်းမရှိဘူး .. ဟုတ်လား။ ” လျှို့ယွင်က ဇဝေဇဝါဖြစ်သွားသည်။ “ ဒါဆို သူတို့ သစ်တပ်ထဲကို ဘယ်လို အဝင်အထွက် လုပ်လဲ။ ”

“ သံနန်းကြိုးတွေနဲ့ပါ။ သစ်တပ်ဂိတ်ပေါက်နဲ့ တောင်ခါးပန်းကို ချိတ်ဆက်ထားတဲ့ သံနန်းကြိုး နှစ်ကြိုး ရှိတယ်။ ”

“ အဲ့ဒါက ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ ”

“ ဒါပေမဲ့ လုံတော့ လုံခြုံပါတယ်။ ” ဟု ကာကွယ်ရေးခေါင်းဆောင်ကျန်းက ပြောလိုက်သည်။ “ တာ့လင်တိုင်းပြည်လိုတော့ မဟုတ်ဘူးပေါ့။ နန့်ကျောက်မှာ ရှိတဲ့ သစ်တပ်တွေက သူတို့ခေါင်းဆောင်နဲ့သူတို့ တိုင်းပြည်အသေးစားလေးတွေလို ဖြစ်နေတာ။ သစ်တပ်တွေထဲမှာ ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကတောင် ပုံမှန်ပဲ ၊ မထူးဆန်းဘူး။ ”

“ ဒါဆို နန့်ကျောက်တိုင်းပြည်ရဲ့ ဘုရင်က သူတို့အပေါ် အာဏာမသက်ရောက်ဘူးလား။ ”

“ ဘယ်လိုလုပ် အာဏာသက်ရောက်နိုင်မှာလဲ။ ဒီ‌နယ်စပ်ဒေသမှာ တောင်တွေ ဘယ်လောက် မြင့်တယ် ၊ လမ်းတွေ ဘယ်လောက် ကြမ်းတယ် ဆိုတာ အရှင့်သားလည်း အမြင်ပဲလေ။ တပ်သားတွေ ဘယ်လောက်ပဲ စေလွှတ်ပါစေ ၊ အသုံးဝင်မှာ မဟုတ်ဘူး။ အဲ့တော့ ဒီသစ်တပ်က လူတွေကို ဒီတိုင်းပဲ လွှတ်ထားရတယ်။ ”

အခုတော့ လျှို့ယွင် နားလည်သွားပြီ ဖြစ်သည်။ နန့်ကျောက်က တရားဥပဒေ မစိုးမိုးတဲ့ နေရာလို့ အကြီးတန်း အရာရှိတွေ အမြဲတမ်း ပြောတာ အံ့ဩစရာမရှိပါ။ အမှန်တကယ်လည်း မင်းမဲ့တိုင်းပြည်လို ဖြစ်နေတာကိုး … ။

ဒီလို စီမံခန့်ခွဲမျိုး ဆိုရင် နန့်ကျောက်တိုင်းပြည်က ရှေ့လျှောက် ဘယ်လိုလုပ် တိုးတက်လာမှာလဲ။

“ ဒီနယ်စပ်ဒေသမှာ တောင်ပေါ်သစ်တပ် စုစုပေါင်း ( ၅ ) ခု ရှိတယ်။ ” ဟု ရှစ်ထိုက ပြောပြီး တုတ်ချောင်းတစ်ချောင်းနှင့် မြေပြင်ပေါ်မှာ ရိုးရှင်းသော မြေပုံတစ်ခုကို ရေးဆွဲလိုက်သည်။ ထို့နောက် အနီးဆုံးက အဝိုင်းလေးကို ညွှန်ပြကာ “ ကျွန်တော်တို့ရဲ့ သခင်ကြီးကို ဒီသစ်တပ်မှာ ဖမ်းဆီးထားတာ။ အဲ့ဒီ သစ်တပ်ကို ဟုန်ရှန်းသစ်တပ်လို့ ခေါ်တယ်။ ”

လျှို့ယွင်က မြေပုံကို ခဏ ကြည့်ပြီး “ ကြည့်ရတာ သူတို့ကို ကယ်တင်ဖို့ နယ်စပ်ဒေသအစောင့်တပ်ကို အကူအညီတောင်းရမယ့်ပုံပဲ။ မဟုတ်ရင် နည်းလမ်းမရှိလောက်ဘူး။ ” ဟု ပြောလိုက်သည်။

“ ကျွန်တော်လည်း အဲ့လိုပဲ‌ တွေးမိတာပါ။ ဒါပေမဲ့ နယ်စပ်ဒေသအစောင့်တပ်ကို အကူအညီတောင်းရင် ပိုက်ဆံ အများကြီး ကုန်လိမ့်မယ်။ ”

“ ကျွန်တော်တို့ သူတို့ကို ကယ်နိုင်မယ် ဆိုရင် ပိုက်ဆံ နည်းနည်းပါးပါး ကုန်လည်း ဘာအရေးလဲ။ ဟုန်ရှန်းသစ်တပ်ကို ပိုက်ဆံပေးရတာထက်တော့ ပိုကောင်းပါသေးတယ်။ ”

“ ကျွန်မတို့ သွားမေးကြည့်တာပေါ့။ ဒါပေမဲ့ ကျွန်မတို့ရဲ့ သရုပ်မှန်ကိုတော့ ထုတ်ပြလို့ မရဘူး။ ” ဟု လီယောင်က ပြောလိုက်သည်။

“ ဘာလို့လဲ။ ” အကုန်လုံးက သူမကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လာခဲ့ကြသည်။ သူတို့ရဲ့ သရုပ်မှန်ကို ထုတ်ပြတာက ပိုကောင်းတာ မဟုတ်ဘူးလား။

ကောင်းကင်အောက်မှာ ရှိတဲ့ နယ်မြေတွေ အကုန်လုံးက ဧကရာဇ်ရဲ့ ပိုင်နက် ဆိုပေမဲ့ ပြင်ပမှာ အခြေစိုက်တဲ့အခါမှာတော့ စစ်တပ်ရဲ့ အမိန့်တွေကိုပဲ လိုက်နာရပါသည်။ ပြီးတော့ ဒီနေရာက လူ‌ဦးရေကျဲပါးပြီး ဝေးလံခေါင်သီတဲ့ နန့်ကျောက်တိုင်းပြည်နယ်စပ် ဖြစ်သည်။

ကိုယ်ရံတော်အဖွဲ့လည်း မပါဘဲ ဒီကို ရောက်,ရောက်ချင်း လျှို့ယွင်ရဲ့ သရုပ်မှန်ကို ဖော်ထုတ်လိုက်ရင် တကယ်လို့ နယ်စပ်ဒေသတပ်မှူးမှာသာ မသမာတဲ့ ရည်ရွယ်ချက်တွေ ရှိနေပါက သူတို့ ဘယ်အချိန် အသက်ထွက်သွားမှန်းတောင် သိလိုက်မှာ မဟုတ်။

လီယောင်သည် လျှို့ယွင်အား အများကြီး ရှင်းပြဖို့ ပျင်းရိနေသောကြောင့် “ အကြောင်းပြချက် မရှိဘူး။ သတိထားတာ ပိုကောင်းတယ်။ ” ဟူ၍သာ တိုတိုတုတ်တုတ် ပြောလိုက်တော့သည်။

အစပိုင်းမှာတော့ လျှို့ယွင်က ‘ သူဟာ မင်းသား ဆိုတာကို ထုတ်ဖော်လိုက်ရင် တော်တော်လေး အသုံးဝင်မှာပဲ။ နယ်စပ်ဒေသအစောင့်တပ်က သူတို့စကားကို မနာခံမှာလည်း စိုးရိမ်စရာမလိုတော့ဘူး။ ’ ဟူသော အတွေးဖြင့် အင်တင်တင် ဖြစ်နေပေမဲ့ ခရီးမထွက်ခင် လီယောင့်ကို ပေးခဲ့တဲ့ ကတိကို ပြန်သတိရသွားလျှင် “ ဟုတ်ကဲ့ပါ။ ဒါဆိုလည်း ကျွန်တော်တို့ သာမန်ကုန်သည်တွေအနေနဲ့ပဲ သွားပါ့မယ်။ ” လို့သာ ပြန်ပြောနိုင်လေသည်။

လီယောင်နှင့် လျှို့ယွင်သည် ခရီးသွားတွေကို လမ်းပြပေးတဲ့ စခန်းကို စောင့်ကြပ်နေသော စစ်သားတွေကို ဖြတ်ကျော်လာခဲ့ပြီး အကြိမ်ပေါင်းများစွာ ကြိုးစားပြီးတဲ့နောက် နောက်ဆုံးတော့ နယ်စပ်ဒေသအစောင့်တပ်ရဲ့ ဗိုလ်ချုပ်ကြီးဝူနှင့် တွေ့ခွင့်ရခဲ့သည်။

လမ်းပြနှစ်ယောက်နောက်ကို လိုက်လာခဲ့ရင်း နေရာတိုင်းမှာ အပေါ်ပိုင်း အင်္ကျီဗလာနှင့် တပ်သားတွေကို မြင်ခဲ့ရသည်။ တချို့က ကောက်ရိုးဖျာပေါ်မှာ ခြေပစ်လက်ပစ် အိပ်ပျော်နေကြပြီး တချို့ကတော့ သုံးယောက်တစ်ဖွဲ့ ၊ လေးယောက်တစ်ဖွဲ့ဖြင့် တဲအဝင်ဝတွေမှာ စုထိုင်ကာ ကြွေအံပစ် လောင်းကစားလုပ်နေကြသည်။ တချို့ ဆိုလျှင် နီရဲသော မျက်နှာဖြင့် အရှက်မရှိစွာပင် မထိတထိ စကားတွေကို လာပြောကြသည်။

လီယောင်ရဲ့ ချောမောလှပသော ရုပ်ရည်ကို မြင်ချိန်မှာ တချို့ဟာ လေတချွန်ချွန်နှင့် ညစ်ညမ်းတဲ့ စကားတွေကိုတောင် အော်ပြောခဲ့ကြသည်။

အတိုချုံ့ ပြောရလျှင်တော့ သူတို့ထဲက တစ်ယောက်မှ လူ့ကျင့်ဝတ် ၊ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာကြပါ။ နယ်စပ်ဒေသကို စောင့်ကြပ်တဲ့ တပ်သားတွေထက် လမ်းပေါ်က တေလေကြမ်းပိုးတွေ ၊ လူဆိုးလူမိုက်တွေနှင့် ပိုတူနေသည်။

ဒေါသကြောင့် လျှို့ယွင်ရဲ့ မျက်နှာက ပြာနှမ်းသွားခဲ့သည်။ နယ်စပ်ဒေသကို စောင့်ကြပ်တဲ့ တပ်သားတွေ ဖြစ်ပြီး ဘယ်လိုလုပ် ဒီလောက် အကျင့်ပျက်နေရတာလဲ ။ ဒီလို ပုံစံနဲ့ တာ့လင်တိုင်းပြည်ကို ဘယ်လို ကာကွယ်မှာလဲ … ။

လျှို့ယွင်သည် ဒေါသကို မျိုသိပ်ပြီး လီယောင်နှင့်အတူ ဗိုလ်ချုပ်ကြီးဝူရဲ့ အိမ်တော်ထဲကို ဝင်လာခဲ့လိုက်သည်။

ဒီမှာကတော့ နောက်ထပ် မြင်ကွင်းတစ်မျိုး ဖြစ်ပြီး အဝတ်ပါးပါးလေးတွေကို ဝတ်ဆင်ထားတဲ့ မိန်းကလေး ဆယ့်နှစ်ယောက်ကျော်လောက်က ကယုကယင် အမူအရာလေးတွေဖြင့် မြှူဆွယ်နေခဲ့ကြသည်။ သူတို့ရဲ့ မျက်စိရှက်စရာကောင်းသော အသွင်အပြင်ကြောင့် လျှို့ယွင်ပင်လျှင် မျက်နှာရဲတက်သွားခဲ့ရသည်။

အဓိကထိုင်ခုံမှာ ထိုင်နေတာကတော့ ပိုးသားဝတ်စုံကို ဝတ်ဆင်ထားကာ အဆမတန် အစ်ထွက်နေသော ဗိုက်ပူကြီးနှင့် လူဝကြီးတစ်ယောက် ဖြစ်ပြီး ကျောမှီပါသည့် ခုံရှည်ပေါ်မှာ ပျင်းရိစွာ လဲလျောင်းနေခဲ့သည်။ မိန်းမလှလေးတစ်ယေက်ရဲ့ ခြေထောက်သွယ်သွယ်လေးတွေပေါ်ကို ခေါင်းတင်ထားပြီး သူ့ဘေးတစ်ဖက်တစ်ချက်မှာလည်း နောက်ထပ် မိန်းမလှလေးနှစ်ယောက် ရှိနေသည်။ တစ်ယောက်က သူ့ကို နူးညံ့စွာ ယပ်ခတ်ပေးနေပြီး ကျန်တစ်ယောက်ကတော့ အသီးစိပ်လေးတွေကို ညင်ညင်သာသာလေး ခွံ့ကျွေးနေသည်။

လီယောင်က သူ့ကို တန်းမှတ်မိသွားသည်။ ဒီလူက တာ့လင်တိုင်းပြည်နှင့် နန်းကျောက်တိုင်းပြည် နယ်စပ်ဒေသကို စောင့်ကြပ်ပေးတဲ့ ဗိုလ်ချုပ်ကြီးဝူလင်ပါ။ တခြားနေရာမှာသာ ဆိုပါက လျှို့ယွင်သည် သူ့သရုပ်မှန်ကို ချက်ချင်း ဖော်ထုတ်ပြီး ဒီလူကို အစစ်အဆေး အမေးအမြန်းမရှိ ဖမ်းဆီးလိုက်ပြီးပါပြီ။

သို့သော်လည်း လက်ရှိအချိန်မှာတော့ စိတ်ထဲက ရွံရှာစက်ဆုပ်မှုတွေကို မျိုသိပ်ထားရကာ တစ်ချိန်တည်းမှာပဲ အဒေါ်လီ သူ့ကို ဘာ့ကြောင့် သရုပ်မှန် ထုတ်မပြခိုင်းတာလဲ ဆိုတာကိုလည်း နားလည်သွား၏။ ဝူလင်သာ သူ့သရုပ်မှန်ကို သိသွားရင် နှုတ်ပိတ်သည့်အနေဖြင့် သူ့ကို သတ်ပစ်လောက်ပါသည်။

…

အခန်း ( ၁၄၈ ) တစ်ဆင့်ချင်း သွားတာ အကောင်းဆုံး။

“ မင်းတို့နှစ်ယောက် ဒီမှာ ခဏ ရပ်စောင့်နေဦး။ ”

တပ်သားခေါင်းဆောင်က စကားဆုံးသည်နှင့် ထွက်ခွာသွားပြီး လီယောင်နှင့် လျှို့ယွင်သည် အဲ့ဒီမှာ ဆယ့်ငါးမိနစ်လောက် ရပ်နေခဲ့သည်။ ကနေတဲ့ မိန်းကလေးတွေ ပင်ပန်းလာလို့ အနားယူဖို့ ထွက်သွားတော့မှ ဝူလင်က သူတို့နှစ်ယောက်ကို လက်ယပ်ခေါ်သည်။

လီယောင်က ကိုယ်ကိုယ်ကိုယ် လျှို့ယွမ်ရဲ့ အစ်မဝမ်းကွဲပါလို့ မိတ်ဆက်ပြီးမှ ရှေ့ထွက်ကာ လာရင်းကိစ္စကို ရှင်းပြလိုက်၏။ “ ဗိုလ်ချုပ်ဝူ … ကျွန်မရဲ့ မောင်ဝမ်းကွဲလေး လျှို့ယွမ်ကို ကယ်တင်ပေးဖို့ စိတ်ရင်းနဲ့ အနူးအညွှတ် အကူအညီတောင်းပါတယ်ရှင်။ ”

“ ဒါက အဲ့လောက် မလွယ်ဘူးလေ။ ” ဟု ဝူလင်က ပြန်ပြောသည်။ “ အဲ့လူကို ဟုန်ရှန်းသစ်တပ်က လူတွေက ဖမ်းဆီးထားတာ ၊ ပြီးတော့ ဟုန်ရှန်းသစ်တပ် ဆိုတာ နန့်ကျောက်တိုင်းပြည်ရဲ့ နယ်စပ်‌‌ထဲမှာ ရှိတာ။ ကျုပ်က တပ်သားတွေကို လက်လွတ်စပယ် စေလွှတ်လိုက်ရင် နန့်ကျောက်တိုင်းပြည်ကို ဒေါသထွက်အောင် လုပ်မိသလို ဖြစ်သွားလိမ့်မယ်။ ဒါဆို တိုင်းပြည်နှစ်ခုကြားမှာ လက်နက်တွေကို အသုံးပြုရတဲ့ ပဋိပက္ခတွေ ရှိလာလိမ့်မယ်။ ပြီးတော့ တပ်သားတွေထဲမှာ ထိခိုက်ဒဏ်ရာရတဲ့ လူတို့ ၊ အသက်ဆုံးရှုံးသွားတဲ့ လူတို့ သေချာပေါက် ရှိမှာပဲ။ အဲ့ဒါဆို ကျုပ်ရဲ့ စစ်တပ်ထဲက အခြေခံ တပ်သား အရေအတွက်လည်း လျော့ကျသွားလိမ့်မယ်။ ”

လီယောင်ကတော့ ဝူလင်ဟာ ဈေးတင်ဖို့အတွက် တမင်တကာ စကားကို သောင်မတင်ရေမကျ ပြောနေတာ ဖြစ်ကြောင်း သဘောပေါက်သည်။

“ ကျေးဇူးပြုပြီး ကူညီပေးပါ ဗိုလ်ချုပ်ကြီးရယ်။ ကျွန်မရဲ့ မောင်လေးကလည်း တာ့လင်တိုင်းပြည်ရဲ့ ပြည်သူပါပဲ။ သူ့ကို ကယ်တင်ဖို့ တပ်သားတွေ စေလွှတ်ပေးတာက တိုင်းပြည်နဲ့ ပြည်သူအတွက် လုပ်ပေးသလိုပါပဲ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ တပ်သားတွေကို စေလွှတ်တာက စားနပ်ရိက္ခာအတွက် ကုန်ကျစရိတ်တွေ ရှိမှာပါ။ အဲ့ဒီ ကုန်ကျစရိတ်တွေကို ကျွန်မ ပေးပါ့မယ်။ ”

“ ဟဲဟဲ ၊ မင်းက ဒီလောက်တောင် ပြောနေပြီ ဆိုမှတော့ ဒီဗိုလ်ချုပ်ကြီးက ငြင်းဆန်လို့ မရတော့ဘူးပေါ့လေ။ ” ဝူလင်က စဉ်းစားတွက်ချက်ပြီးမှ ဆက်ပြောလိုက်သည်။ “ ဟုန်ရှန်းသစ်တပ်ကို သွားပြီး ဓားစာခံတွေကို ကယ်တာက အနည်းဆုံး တပ်သား တစ်ထောင်ကျော် လိုလိမ့်မယ် ၊ အချိန်ကလည်း အနည်းဆုံး သုံး ၊ လေးရက်တော့ ကြာလိမ့်မယ်။ အဲ့ဒီအတွက် ကုန်ကျစရိတ်က … ငွေချောင်း ( ၅၀၀၀ ) လို့ပဲ ပြောကြပါစို့။ ”

လျှို့ယွင်သည် ထိုစကားကို ကြားသောအခါ ပိုလို့တောင် ဒေါသထွက်သွားရလေသည်။ ငွေချောင်း ( ၅၀၀၀ ) ဆိုတဲ့ ပမာဏက အစောင့်တပ် တစ်ခုလုံးကို တစ်နှစ်ကျော် ကျွေးထားနိုင်ဖို့ လုံလောက်ပါသည်။ ဒီလူက အတင့်ရဲလွန်းသည်။

သူ အခုချက်ချင်း ယီကျိုးစီရင်စုကို ပြန်သွားပြီး မြို့စောင့်တပ်တွေကို ခေါ်လာကာ ဒီလူကို ရာထူးက ဖြုတ်ချချင်စိတ်တွေ တဖွားဖွား ဝင်လာသည်။

“ ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်ဝူ။ ခဏနေရင် ငွေချောင်းတွေကို ပို့လိုက်ပါ့မယ်။ ”

“ ကောင်းပါပြီ။ အရင်ဆုံး မင်း ပြန်လိုက်ပါဦး။ ငွေချောင်းတွေ ရောက်လာတာနဲ့ ဒီဗိုလ်ချုပ်က မနက်ဖြန်ကျရင် စီစဉ်စရာရှိတာတွေကို စီစဉ်လိုက်ပါ့မယ်။ ”

လီယောင်နှင့် လျှို့ယွင် ပြန်သွားသောအခါ ဝူလင်က သူ့အပျော်မယားတွေထဲက တစ်ယောက်ကို လက်ဝှေ့ယမ်းပြပြီး ဝတ်ကောင်းစားလှတွေကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ယောက်ကို ခေါ်ခိုင်းလိုက်သည်။

“ ခုနတုန်းက လာသွားတဲ့ တစ်ယောက်က လီယောင် မဟုတ်လား။ ”

“ ဟုတ်တယ်။ ”

“ ကြည့်ရတာ မင်း ပြောတာ မှန်တယ် ထင်တယ်။ သူ့မှာ တကယ် ပိုက်ဆံရှိတယ်။ ” ဝူလင်က ပြောရင်း တဟားဟား ရယ်မောလိုက်သည်။ “ သူ့အတွက် ကုန်ပစ္စည်းတွေကို ကူရောင်းပေးနေတဲ့ ကုန်သည်အတွက်လည်း ဆိုရော သူက အမူအရာတောင် တစ်ချက် မပျက်ဘဲနဲ့ ငွေချောင်း ( ၅၀၀၀ ) ကို ထုတ်ပေးဖို့ အဆင်သင့် ဖြစ်နေတာ။ ”

“ ဒီအမှုထမ်း သိသလောက်တော့ အဲ့ဒီ လီယောင် ဆိုတဲ့ အမျိုးသမီးက တော်တော်လေး ချမ်းသာတာပါ။ ငွေချောင်း ( ၅၀၀၀ ) ဆိုတာ သူ့အတွက်တော့ ရေအပြည့်ဖြည့်ထားတဲ့ ရေပုံးထဲက ရေတစ်စက်လိုပဲ။ ငွေချောင်း ( ၅၀၀၀ ) ပဲ တောင်းတာက နည်းလွန်းတယ်နော် ဗိုလ်ချုပ်။ ”

“ အေးဆေးပေါ့။ ဝိုင် ဆိုတာ တစ်ခါ သောက်ရင် တစ်ငုံချင်းပဲ သောက်ရတာ ၊ အသား ဆိုတာလည်း တစ်ခါကို တစ်လွှာချင်းစီပဲ လှီးစားရတာ။ ဟားဟား … သူ့ဆီက ပိုက်ဆံယူပြီးသွားရင် တပ်သားတွေကိုတော့ တကယ် စေလွှတ်မှာပါ။ ဒါပေမဲ့ အဲ့လူကို ကယ်တင်နိုင်မှာလား ၊ မကယ်တင်နိုင်ဘူးလား ဆိုတာကတော့ ငါ့ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်တယ်။ ”

“ ဗိုလ်ချုပ်ကြီးက ထက်မြက်လှပါပေတယ်။ ”

…

ဗိုလ်ချုပ်ကြီးရဲ့ အိမ်ကနေ ပြန်လာတဲ့ လမ်းမှာ လျှို့ယွင်ရဲ့ မျက်နှာက မကျေနပ်ချက်တွေဖြင့် မည်းမှောင်နေခဲ့သည်။ လူရှင်းတဲ့ နေရာကို ရောက်သည်နှင့် သူ မေးချင်စိတ်ကို ထိန်းမရတော့ပါ။ “ ကျွန်တော် အခု ယီကျိုးစီရင်စုကို သွားပြီး အစောင့်တပ်တွေကို ခေါ်လာခဲ့ရင် ကောင်းမလား အဒေါ်လီ။ ”

“ ဘာရယ်။ နယ်စပ်ဒေသက စစ်ပွဲတွေနဲ့တင် နင့်အတွက် မလုံလောက်သေးဘူးလား။ နင်က ဝူလင်ကို ပုန်ကန်ချင်စိတ် ဝင်အောင် ရန်စပြီးတော့ တာ့လင်တိုင်းပြည်ထဲမှာ ပြဿနာတွေ ထပ်တိုးအောင် လုပ်ချင်နေတာလား။ ”

“ ကျွန်တော် … ”

ဟုတ်ပါတယ်လေ ၊ သူ တော်တော်လေး စိတ်လိုက်မာန်ပါနိုင်တယ် ဆိုတာကိုတော့ လျှို့ယွင် ကိုယ့်ကိုယ်ကိုယ် ဝန်ခံရပါမည်။

ဝူလင့်မှာ လက်ရှိ စုဆောင်းထားတဲ့ တပ်သားအင်အားနှင့် ဒီနေရာက ထူးခြားတဲ့ ပထဝီအနေအထားကို ပေါင်းစပ်လိုက်တဲ့အခါ သူသာ ပုန်ကန်ရင် တာ့လင်တိုင်းပြည်ရဲ့ အနောက်ပိုင်းဒေသတစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားလိမ့်မည်။

“ ဒါဆို ကျွန်တော်တို့ သူ့ကို ပိုက်ဆံပေးပြီးတော့ သူ့တပ်သားတွေကို စေလွှတ်ပြီး ကျွန်တော်တို့လူတွေကို ကယ်တင်ခိုင်းတဲ့ နည်းလမ်းတစ်မျိုးပဲ ရှိတာပေါ့။ ”

“ ပိုက်ဆံကတော့ ပေးရလိမ့်မယ်။ ဒါပေမဲ့ ငါတို့ရဲ့ လူတွေကတော့ လွတ်လာမှာ မဟုတ်ဘူး ၊ သေချာတယ်။ ”

“ ဘာလို့လဲ။ ”

ဒီလှည့်ကွက်လေးကိုတောင် ဖောက်မမြင်နိုင်တဲ့ နဝမမြောက်မင်းသားဟာ ငယ်လွန်းသေးတယ်လို့ လီယောင်ရဲ့ စိတ်ထဲကပဲ ပြောလိုက်မိသည်။ သူက အနာဂတ်မှာ ထီးနန်းဆက်ခံရမယ့် အိမ်ရှေ့မင်းသား မဟုတ်လို့ တော်သေးရဲ့။ မဟုတ်ရင် တာ့လင်တိုင်းပြည်အတွက်တော့ မတွေးရဲစရာ။

“ အဒေါ်လီ။ ” လီယောင် ဘာမှ ပြန်မပြောတော့ လျှို့ယွင်က စိတ်မရှည်တော့သလို မေးသည်။ “ ကျွန်တော်က ဉာဏ်မကောင်းမှန်း ကိုယ့်ကိုယ်ကိုယ် သိပါတယ်။ စာလည်း မကြိုးစားခဲ့သလို သိုင်းပညာလည်း သေချာ မလေ့လာခဲ့ဘူး။ ဒါပေမဲ့ ဒီလို အရေးကြီးတဲ့ ကိစ္စမျိုးကိုတော့ ကျွန်တော် နားလည်အောင် ပြောပြပါ အဒေါ်လီရယ်။ ”

“ နန်းတွင်းထဲက နည်းဗျူတာတွေကို ငါ နားမလည်ပေမဲ့ လူ့သဘာဝကို ဘယ်လို လေ့လာရမလဲ ဆိုတာကိုတော့ နားလည်တယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ဝူလင်က သူ သွားလေရာ နေရာတိုင်းမှာ အရမ်း လောဘကြီးပြီး ရန်လိုတတ်တယ်။ အဲ့ဒါကို သူ့လက်အောက်က တပ်သားလေးတွေကို ကြည့်ပြီး မြင်နိုင်တယ်။ သူ့လို လူမျိုးက ပိုက်ဆံရှာနိုင်မယ့် အခွင့်အရေးကို ဘယ်တော့မှ လက်လွှတ်ခံမှာ မဟုတ်ဘူး။ ”

“ သူ ပိုက်ဆံရသွားရင် တပ်သားတွေကို မစေလွှတ်ရအောင်လို့ တစ်ခုခု ဆင်ခြေပေးပြီး ကျွန်တော်တို့ဆီက ပိုက်ဆံထပ်တောင်းလိမ့်မယ်လို့ အဒေါ်လီ ပြောချင်တာလား။ ”

“ မဟုတ်ဘူး။ အဲ့လို လုပ်ရင် သူ့အတွက် အကျိုးရှိမှာ မဟုတ်ဘူး။ တပ်သားတွေကိုတော့ သေချာပေါက် လွှတ်ပေးလိမ့်မယ် ၊ ဒါပေမဲ့ လျှို့ယွမ်တို့ကတော့ လွတ်လာမှာ မဟုတ်ဘူး။ ”

အခြေအနေကို လျှို့ယွင် သဘောပေါက်သွားကာ ဝူလင် ဆိုတဲ့ လူအပေါ် စိတ်ပျက်ရွံရှာစိတ်တွေ ပိုလို့တောင် တိုးလာခဲ့လေသည်။

“ ဒါဆို အခု ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ”

“ အရင်ဆုံး ပိုက်ဆံပို့လိုက်။ ပြီးမှ အခြေအနေကြည့်ပြီး စကားဆက်ပြောမယ်။ ”

သူတို့နှစ်ယောက်သား စကားပြောရင်း သစ်သားဖြင့် ဆောက်ထားတဲ့ အဖီလေးတွေတစ်ဖြစ်လဲ သူတို့ရဲ့ တည်းခိုခန်းကို ပြန်ရောက်လာခဲ့ကြသည်။

ကောင်းကင်က နက်မှောင်နေပြီး ညအချိန် ရောက်နေပြီ ဖြစ်ကာ ဟိုးခပ်ဝေးဝေးမှာ စစ်မြင်းတွေကို စီးလာတဲ့ စစ်သားများစွာက ခြေလျင်တပ်သား ( ၁၀၀ ) ကို ဦးဆောင်လာ၏။

ကာကွယ်ရေးခေါင်းဆောင်ကျန်းက သတင်းစုံစမ်းပြီးသွားတော့ ထိုတပ်သားတွေဟာ ယီကျိုးစီရင်စုက လွှဲပြောင်းပေးလိုက်တဲ့ တပ်သားအသစ်တွေ ဖြစ်ကြောင်း သိသွားခဲ့သည်။

ခရီးရှည်ကြီး လာခဲ့ရတာကြောင့်လားတော့ မပြောတတ်။ တပ်သား ( ၁၀၀ ) ကျော်သည် တက်ကြွမှုမရှိတော့ဘဲ ပင်ပန်းနွမ်းနယ်နေပုံပေါ်ကာ လေးပင်သော ခြေလှမ်းများဖြင့် လျှောက်လာခဲ့ကြသည်။

သူတို့ကို ဦးဆောင်လာတဲ့ လူငယ်လေးတစ်ယောက်သာ အားအင်ပြည့်ဝ တက်ကြွနေပုံပေါ်သည်။ ထိုလူငယ်လေးက အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာပြီး ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ထားကာ သူ့ကျောပေါ်မှာ သံမဏိဓားရှည်ကြီးတစ်လက်ကို သယ်ဆောင်ထားခဲ့သည်။ သူ့မျက်လုံးတွေကလည်း တောက်ပနေပြီး လမ်းလျှောက်လာသော ကိုယ်ဟန်က မြင့်မားတည်မတ်နေလျက်ပင်။

လီယောင်က သူ့ဓားရှည်ကြီးဆီ အကြည့်ရောက်သွားမိသည်။ ထိုဓားက သာမန် စစ်ပွဲဝင်ဓားမျိုး မဟုတ်ပါ။ အသုံးပြုထားတဲ့ ကုန်ကြမ်းပစ္စည်းကို ဟဲဝမ်ရွာ တစ်နေရာတည်းမှာသာ သွန်းလုပ်လို့ ရသည်။

သူမ မှတ်မိသလောက်ဆို ဝမ်စန်းအာက သူမအား သူ စစ်တပ်ထဲမှာ အရည်အချင်း သိပ်မဆိုးတဲ့ သူငယ်ချင်းတစ်ယောက် ရခဲ့သည်ဟု ပြောခဲ့သည်။ သူ့လက်‌နက်တွေသာ ဝမ်စန်းအာရဲ့ သံတုတ်ထက် အရည်အသွေးမနိမ့်ကျရင် သူတို့နှစ်ယောက် လက်ရည်တစ်ညီတည်း ယှဉ်ပြိုင်နိုင်မှာပါ။

ဝမ်စန်းအာသည် စစ်တပ်ကို မပြန်ခင်မှာ ရှားရှန့်အား သူ့သူငယ်ချင်းကို လက်ဆောင်ပေးချင်သည်ဟု ပြောကာ စစ်ပွဲဝင်ဓားရှည်တစ်လက် သွန်းလုပ်ခိုင်းခဲ့သည်။ ထိုသူငယ်ချင်းက သူမမျက်စိရှေ့က လူငယ်လေး ဖြစ်လောက်မည်။

“ အဲ့ဒါက တပ်ဖွဲ့ခေါင်းဆောင်ပဲ။ သူ့ကို ကြည့်ရတာ ( ၁၈ ) နှစ်ထက် ကြီးဦးမယ့်ပုံမပေါ်ဘူး။ ” ဟု ကာကွယ်ရေးခေါင်းဆောင်ကျန်းက ပြောလိုက်သည်။ “ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နိုင်တယ် ဆိုတော့ သူက တကယ် မဆိုးဘူးပဲ။ ကံမကောင်းတာကတော့ ဒီလို နေရာမျိုးမှာ တာဝန်ပေးခံရတော့ အောင်မြင်မှု ကြီးကြီးမားမား ရတော့မှာ မဟုတ်ဘူး။ ”

တပ်သားအသစ်တွေ သူတို့ဘေးနားက ဖြတ်သန်းကျော်တက်သွားတဲ့နောက်မှာတော့ လူတိုင်းက စတင် အနားယူပြီး နောက်တစ်နေ့ ရောက်ဖို့ စောင့်ဆိုင်းနေခဲ့ကြတော့သည်။

သို့သော်လည်း လီယောင်ကတော့ ပြဿနာဖြေရှင်းနည်းတွေကိုသာ အဆက်မပြတ် တွေးမိနေကာ အိပ်မပျော်နိုင်ပေ။ ညလယ်လောက် ရောက်တော့ ကာကွယ်ရေးခေါင်းဆောင်ရှန်းရဲ့ အော်သံတိုးတိုးနှင့်အတူ တစ်ယောက်ယောက်နောက်ကို အမြန် ပြေးလိုက်သွားတဲ့ ခြေသံတွေကိုပါ တစ်ဆက်တည်း ဆိုသလို ကြားလိုက်ရသည်။

လီယောင်သည် အိပ်ရာထဲက ထွက်ပြီး လျှို့ယွင် ဘာမှ ထိခိုက်မထားတာကို သေချာအောင် အတည်ပြုပြီးမှ အပြင်ကို အမြန် ထွက်ခဲ့လိုက်လျှင် တောင်ကုန်းတစ်ခုအောက်မှာ လူတစ်ယောက်ကို မြေကြီးပေါ်တွင် မလှုပ်ရှားနိုင်အောင် ဖိချထားတဲ့ ခေါင်းဆောင်ကျန်းကို မြင်လိုက်ရပါသည်။

“ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ ဆရာရယ်။ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ကျွန်တော် ဒါမျိုး ထပ်မလုပ်ရဲတော့ပါဘူး။ ”

ဖမ်းချုပ်ခံထားရတဲ့ လူက တကယ်တော့ တပ်သားတစ်ယောက် ဖြစ်နေတာကို တောက်ပသော လရောင်ရဲ့ အကူအညီဖြင့် လီယောင် သတိထားမိသွားသည်။

ဒီလူက တပ်ပြေးလား … ။

မေးခွန်းအဆင့်ဆင့် မေးပြီးချိန်မှာတော့ ထိုလူရဲ့ နာမည်က ကျန်းချွမ် ဖြစ်ကာ ဒီနေ့မှ ရောက်လာတဲ့ တပ်သားအသစ်တွေထဲက တစ်ယောက် ဖြစ်ကြောင်း သိလိုက်ရသည်။

“ မင်း ဘာလို့ တပ်ထဲက ထွက်ပြေးလာတာလဲ။ ”

“ ကျွန်တော် တပ်ပြေးလာတာ မဟုတ်ပါဘူး။ ” ဟု ကျန်းချွမ်က ပျာပျာသလဲ ရှင်းပြသည်။ “ ကျွန်တော့်အမေကို သွားကြည့်ချင်ရုံလေးပါ။ ”

သူတို့ ယီကျိုးစီရင်စုကနေ ထွက်လာခါနီးမှာမှ ကျန်းချွမ်သည် သူ့အမေဟာ အပြင်းအထန် နေမကောင်းဖြစ်နေပြီး သေမင်းနှုတ်ခမ်းဝကို ရောက်နေပြီ ဆိုတဲ့ သတင်းကို ကြားခဲ့ရသည်။ ဒါပေမဲ့ အဓိကစစ်တပ်က စစ်ချီတက်တော့မှာ ဖြစ်ပြီး ဘယ်သူမှ အိမ်ပြန်ခွင့်မရှိတော့ပါ။

ထို့ကြောင့် ဒီညမှာပဲ နေရာသစ်ကို အခုမှ ရောက်လာတဲ့ တပ်သားအသစ်တွေအနေဖြင့် သူတို့နှင့် သက်ဆိုင်ရာ တန်းလျားတွေဆီ သွားနေတာကို အခွင့်ကောင်းယူကာ အိမ်သာတက်မည်ဟု ဆင်ခြေပေးပြီး လစ်ထွက်လာခဲ့တာ ဖြစ်လေသည်။ သူ့ရည်ရွယ်ချက်က အိမ်ပြန်ပြီး သူ့အမေအခြေအနေကို ကြည့်ချင်ရုံလေးပါပဲ။

“ တပ်ပြေးတွေက ခေါင်းဖြတ်ကွပ်မျက်ခံရတယ် ဆိုတာ မင်း သိလား။ ”

“ ဒီလက်အောက်ငယ်သား သိပါတယ်။ ကျွန်တော် ခေါင်းဖြတ်ခံရမယ် ဆိုရင်လည်း ကျွန်တော့်ကို သနားညှာတာသောအားဖြင့် အမေ့ဆီ အရင် ပြန်ခွင့်ပေးဖို့ တောင်းပန်ပါရ‌စေ။ ကျွန်တော့်ရဲ့ အစ်ကိုသုံးယောက်လုံး စစ်ပွဲထဲမှာ သေသွားကြပြီ။ အခု မိသားစုထဲမှာ သားယောက်ျားလေး ဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ရှိတော့တာပါ။ ကျွန်တော် အဝေးရောက်နေတဲ့ အချိန်မှာ အမေ တစ်ခုခု မကောင်းတာ ဖြစ်သွားရင် သူ့ကို မြေမြုပ်ပေးမယ့် သားသမီး ၊ သူ့အတွက် ငိုကြွေးပေးမယ့် သားသမီးတောင် ရှိတော့မှာ မဟုတ်ဘူး။ ”

“ မင်း မတ်တပ်ရပ်လို့ ရပြီ။ ”

လီယောင်က ဒီဒေသမှာ ရှိတဲ့ စစ်တပ်ထဲက မဟုတ်တာမို့ သူ့ကို စစ်တပ်ဥပဒေအတိုင်း အပြစ်ပေးမှာတော့ မဟုတ်ပါ။ သူမလည်း စိတ်ကူးကောင်းလေး တစ်ခုကို တွေးမိထားသည်။

…

All Chapters