အခန်း (၁၄၉-၁၅၀)
Vol. 13 Ch. 149-150
အခန်း ( ၁၄၉ ) ဝူလင်ကို ဖမ်းဆီးခြင်း။
ကျန်းချွမ်ကျန်းရဲ့ မျိုးရိုးနာမည်က ကျန်း ဖြစ်ကာ ကာကွယ်ခေါင်းဆောင်ကျန်းရဲ့ မျိုးရိုးနာမည်ကလည်း ကျန်းပဲ ဖြစ်ပါသည်။ သူတို့နှစ်ယောက်က အသက်အအရွယ်အရ ဆယ်နှစ်ကျော် ကွာခြားနေပေမဲ့ အရပ်အမြင့်နှင့် ကိုယ်လုံးကိုယ်ထည်က အကွာကြီး မဟုတ်။
စစ်တန်းလျားထဲက အခြေအနေကို တစ်ခုချင်း မေးမြန်းကြည့်လိုက်တော့ တပ်သားအသစ် ( ၁၀၀ ) ကျော်ကို တစ်နေရာစီ ခွဲကာ တာဝန်ချပေးမည့် အကြောင်းကို သိလိုက်ရသည်။ ထို့ကြောင့် ကာကွယ်ရေးခေါင်းဆောင်ကျန်းအား ကျန်းချွမ်အဖြစ် အချိန်တစ်ခုထိ ဝင်ဟန်ဆောင်ခိုင်းလို့ ပြဿနာမတက်လောက်ပါ။
“ မင်းရဲ့ သားသမီးဝတ္တရားကို ငဲ့ကွက်ပြီး ငါ မင်းကို ဒီနေ့ အိမ်ပြန်ခွင့်ပေးလိုက်မယ် ကျန်းချွမ်။ ဒါပေမဲ့ မင်း တစ်လကြာမှ ဒီကို ပြန်လာရမယ်။ ”
“ ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် သေချာပေါက် အချိန်မီ ပြန်လာပါ့မယ်။ ”
ကျန်းချွမ် ထွက်သွားသောအခါ ကာကွယ်ရေးခေါင်းဆောင်ကျန်းက အလိုအလျောက်ပဲ ကျန်းချွမ် ဖြစ်သွား၏။ ခေါင်းဆောင်ကျန်းက ဟိုဟိုဒီဒီ လျှောက်သွားမနေဘဲ စစ်တန်းလျားဂိတ်ပေါက်ဆီကိုပဲ ချက်ချင်း လျှောက်သွားလိုက်သည်။
အစောင့်တပ်သားတွေက အစကတည်းက စည်းကမ်းလိုက်နာမှု အားနည်းတဲ့အပြင် ကျန်းချွမ်တစ်ဖြစ်လဲ ခေါင်းဆောင်ကျန်းက အိမ်သာတက်ရင်း လမ်းပျောက်သွားတဲ့ တပ်သားသစ်လေးတစ်ယောက်လည်း ဖြစ် ၊ စကားဝှက်ကိုလည်း ပြောနိုင်နေတာမို့ အစောင့်တွေက သူ့ကို ရှည်ရှည်ဝေးဝေး မေးမြန်းမနေဘဲ ဝင်ခွင့်ပေးခဲ့သည်။
ခေါင်းဆောင်ကျန်းက အရင်တုန်းကလည်း တပ်သားတစ်ယောက် ဖြစ်ခဲ့တာမို့ စစ်တပ်ထဲက သဘော သဘာဝတွေကို ကောင်းကောင်း နားလည်သည်။ ကျန်းချွမ် ပြောထားတဲ့ အချက်အလက်တွေနှင့် လီယောင် ပေးလိုက်တဲ့ ငွေအိတ်လေးကို ပေါင်းစပ်လိုက်သောအခါ သူနှင့် တန်းလျားတစ်ခုတည်းက ဝါရင့်တပ်သားတွေနှင့် လျင်လျင်မြန်မြန်ပဲ ရင်းနှီးသွားခဲ့သည်။
တန်းလျားတစ်ခုတည်းက တပ်သားတွေနှင့် လောင်းကစားလုပ်ရင်း ငွေစ တချို့ကို တမင် အရှုံးခံလိုက်တဲ့နောက်မှာတော့ ဝါရင့်တပ်သားတွေဟာ သူ့ကို ရတနာတစ်ပါးလိုပင် ဆက်ဆံလာခဲ့ကြသည်။
“ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ကြမယ်။ ” ဟု တပ်သားကြီးတစ်ယောက်က ပြောသည်။ “ မနက်ဖြန် အလုပ် လုပ်ဖို့ ရှိသေးတယ်။ နောက်ကျတဲ့အထိ မနေနဲ့ ၊ မနက်ကျ အိပ်ရာမထနိုင်ဘဲ နေမယ်။
…
နောက်တစ်နေ့မနက် နေထွက်ချိန်ရောက်တော့ တပ်မှူးက စစ်တန်းလျားထဲက လူတွေကို ဟိန်းဟောက်ပြီး မောင်းထုတ်ခဲ့သည်။
လူတိုင်းက မနက်စာကို ပျင်းရိပျင်းတွဲ စားပြီး သံချပ်ကာကို စိတ်မပါလက်မပါ ဝတ်ဆင်ကာ မညီမညာ စီတန်း၍ ဟုန်ရှန်းသစ်တပ်သို့ စတင် စစ်ချီတက်လာခဲ့ကြသည်။
တောင်တက်လမ်းက တော်တော်လေး လမ်းခရီးကြမ်းတမ်းတာမို့ ဘယ်လိုမှ ခရီးမတွင်ပါ။ နှစ်နာရီတိတိ ချီတက်လာပြီးတဲ့နောက်မှာတောင် ခရီးအကွာအဝေးက သုံးလီ မပြည့်သေး။
ရှေ့ဆုံးက တပ်မှူးသည် ဘေးပတ်ပတ်လည်ရှိ မြေပြင်အနေအထားကို ကြည့်ပြီး “ အဆင့်ဆင့် ပြောလိုက်ကြ။ ဒီနေရာမှာ စခန်းချမယ်။ ” ဟု ခပ်ကျယ်ကျယ် အမိန့်ပေးလိုက်သည်။
“ နောက်ဆုဲးတော့ နားရတော့မယ်။ ” ဝါရင့်တပ်သားတွေက ချက်ချင်းပဲ လူစုခွဲပြီး လမ်းဘေးတစ်ဖက်တစ်ချက်က တောအုပ်တွေထဲ ပြေးဝင်သွားကာ စခန်းချလို့ ရမယ့် အရိပ်ကောင်းသော နေရာတွေကို လိုက်ရှာခဲ့သည်။
ရိုးရိုးရှင်းရှင်း ရွက်ဖျင်တဲတွေကို အချိန်ခဏအတွင်းမှာပဲ စိုက်ထူနိုင်ခဲ့ပြီး ဟင်းချက်တဲ့ အဖွဲ့ကလည်း အစေားအသောက်တွေကို စတင် ပြင်ဆင်နေခဲ့ကြသည်။ ကျန်တဲ့ လူတွေကတော့ သူ့အဖွဲ့နှင်သူ ဟာသတွေ ပြောပြီး တဟားဟား အော်ရယ်နေတဲ့ လူတွေက ရယ် ၊ မြက်ခင်းပေါ် လဲလျောင်းပြီး အိပ်တဲ့ လူတွေက အိပ်။
ဒါက စစ်ချီတက်တာမှ မဟုတ်တာ။ မသိရင် ပျော်ပွဲစားထွက်တာကျနေတာပဲ။
သို့သော်လည်း ခေါင်းဆောင်ကျန်းသည် သူ့တာဝန်ကို မမေ့လျော့ဘဲ ဝါရင့်တပ်သားတချို့ကို ခေါ်ကာ လောင်းကစားဝိုင်းဖွဲ့လိုက်၏။
“ အစ်ကိုဟွမ်း။ ” ခဏ လောင်းကစားလုပ်ပြီးသွားတော့မှ ခေါင်းဆောင်ကျန်းက တွေးတွေးဆဆ အမူအရာဖြင့် ပြောလိုက်သည်။ “ ကျွန်တော်တို့ ဘာလုပ်ဖို့ စစ်ချီတက်လာတာလဲ။ ”
“ လမ်းလျှောက်ဖို့လေ။ ”
“ ဒါကလည်း လေ့ကျင့်ရေး တစ်မျိုးပဲလား။ ”
“ ဟားဟား … ”
ဝါရင့်တပ်သားကြီးတွေက သဘောတကျ ရယ်မောလိုက်ကြသည်။ အခုမှ အသစ်ရောက်လာတဲ့ မလည်မဝယ် တပ်သားလေးတွေကို သူတို့ သဘောကျသည်လေ။
“ လေ့ကျင့်ရေးဆင်းတာ မဟုတ်ဘူးကွ။ ငါတို့ ဟုန်ရှန်းသစ်တပ်ကို သွားပြီး လူကယ်ရမှာ။ ” ဟု တပ်သားကြီးတစ်ယောက်က ပြောသည်။ “ ဒါပေမဲ့ ဟုန်ရှန်းသစ်တပ်ရဲ့ အစောင့်တပ်က အန္တရာယ်များလို့ ငါတို့တွေ အဲ့ဒီကို ရောက်ရင် တောင်ပေါ်မှာပဲ တစ်ည အိပ်ပြီး ပြန်လာမှာ။ ”
လီယောင့်ခန့်မှန်းချက်တွေက ကွက်တိ မှန်ကန်နေပုံပေါ်သည်။ လူတွေကို ကယ်တင်မယ် ဆိုတာက အပေါ်ယံ ဟန်ပြသက်သက်ပင်။
“ ဟုန်ရှန်းသစ်တပ်က ကျွန်တော်တို့တာ့လင်တိုင်းပြည်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ မဟုတ်ဘူးလား။ ”
“ မဟုတ်ဘူး။ ဟုန်ရှန်းသစ်တပ်က နန့်ကျောက်တိုင်းပြည်ပိုင်နက်ထဲမှာ ပါတာ။ ”
“ ဒါဆို … ” ကာကွယ်ရေးခေါင်းဆောင်ကျန်းက တွန့်ဆုတ်နေသလို ဟန်ဆောင်ပြီးမှ မေးလိုက်သည်။ “ သူတို့တွေက ရန်သူတွေ ဆိုရင်လည်း ကျွန်တော်တို့ရဲ့ စခန်းက ဒီလောက်တောင် လျော့ရဲနေတာ … ၊ သူတို့က ဘာလို့ ရုတ်တရက် အလစ်ဝင်မတိုက်တာလဲ။ ”
တပ်သားကြီးတွေက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးရုံသာ ပြုံးလိုက်ကြသည်။ သတင်းတွေ ပြန့်သွားမှာ စိုးရိမ်ရတာကြောင့် တချို့ ကိစ္စတွေကို တပ်သားသစ်တွေကို ပြောပြလို့ သိပ်အဆင်မပြေပါ။
ဒါပေမဲ့ စစ်တန်းလျားကို စရောက်ကတည်းက သူတို့ကို ငွေစတွေ ပေးခဲ့တဲ့ ခေါင်းဆောင်ကျန်းကတော့ ဉာဏ်ကောင်းတဲ့ လူငယ်လေးတစ်ယောက် ဖြစ်ပုံပေါ်သည်။ သူက အရိပ်သုံးပါး နားလည်သည်။
“ ငါ မင်းကို့ ဒဲ့တိုးပဲ ပြောတော့မယ်။ ” တပ်သားကြီးတစ်ယောက်က အသံကို နှိမ့်ချပစ်လိုက်သည်။ “ အဲ့ဒီ ဟုန်ရှန်းသစ်တပ် ဆိုတာ ငါတို့နဲ့ တစ်လှေတည်း စီးနေတဲ့ မိသားစုတွေလို့ ပြောလို့ ရတယ်။ ”
“ ဘာလို့လဲ။ ”
“ ငါတို့က တာ့လင်တိုင်းပြည်က ကုန်သည်တွေကို ဝင်ခွင့်ပေးတယ် ၊ သူတို့က အဲ့ကုန်သည်တွေကို ဖမ်းတယ်။ ပြီးတော့ ငွေပမာဏတစ်ခုနဲ့ ပြန်ရွေးခိုင်းတယ်။ ပိုက်ဆံပေးပြီး လာရွေးရင် ငါတို့ တစ်ယောက်တစ်ဝက် ခွဲယူတယ်။ လာမရွေးရင်တော့ အဖမ်းခံထားရတဲ့ ကုန်သည်တွေကို ကယ်တင်ဖို့ ငါတို့ဘက်က တပ်သားတွေ စေလွှတ်ပေးလိုက်တယ် ၊ ငါတို့ဘက်က ရထားတဲ့ ပိုက်ဆံကို တစ်ဝက်စီ ပြန်ခွဲယူတယ်။ အဲ့အတိုင်းပဲပေါ့။ နန့်ကျောက်တိုင်းပြည်က ကုန်သည်တွေ ရောက်လာရင် ငါတို့က ဖမ်းဆီးလိုက်တယ် ၊ ဟုန်ရှန်းသစ်တပ်က ကယ်ဆယ်ရေးအတွက် ကုန်ကျစရိတ်လို့ ခေါင်းစဉ်တပ်ပြီး သူတို့မိသားစုတွေဆီက ပိုက်ဆံတောင်းတယ်။ ”
ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် အသိအမြင်သစ်တွေ ပွင့်သွားတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားလိုက်ရလေသည်။
ဒီပိုက်ဆံရှာနည်းကို ဘယ်သူ စဉ်းစားမိတာလဲ ဆိုတာ သူ မသိပေမဲ့ တကယ့်ကို အကြံအဖန်ကောင်းတဲ့ နည်းလမ်းပင်။ ဒီပုံအတိုင်း အကြာကြီး ဆက်သွားနေရင် ကုန်သည်ကြီးတွေ ဒီနယ်စပ်ဒေသကို ဆက်မလာရဲတော့ဘဲ တိုင်းပြည်နှစ်ခုကြားမှာ ကုန်သွယ်ရေး ပြတ်တောက်ရပ်တန့်သွားတော့မှာက လွဲလို့ပေါ့။
အဲ့ဒါက ရွှေဥတွေ မှန်မှန် ဥပေးနေတဲ့ ဘဲငန်းကို သတ်ပစ်တာနှင့် တူသည်။
ခေါင်းဆောင်ကျန်းသည် ဒီလို အကြံအဖန်ကောင်းကို စဉ်းစားမိထားသူကို ချီးကျူးဖို့ ပြင်နေစဉ်မှာပဲ သူ့ဘေးကနေ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ “ ဟမ့်။ တာ့လင်တိုင်းပြည်ရဲ့ တပ်သားတွေ ဖြစ်ပါလျက်နဲ့ ခင်ဗျားတို့က အပြင်လူတွေနဲ့ ပူးပေါင်းပြီး ဒီလို ကောက်ကျစ်ယုတ်မာတဲ့ အပေးအယူမျိုးတွေ လုပ်ရဲတယ်ပေါ့။ ”
ခေါင်းဆောင်ကျန်း လှည့်လိုက်တော့ မနေ့တုန်းက တပ်ဖွဲ့ခေါင်းဆောင် လူငယ်လေး ဖြစ်နေတာကို တွေ့လိုက်ရသည်။ ရာထူးကိုသာ ရထားသော်လည်း သူ့ခမျာ နာမည်ခံသာ ရှိ၍ သူ့လက်အောက်မှာ တပ်သားတစ်ယောက်မှ မရှိသလို တခြားသူတွေထက် လစာလည်း နည်းနည်းလေးတောင် ပိုမများဘဲ သာမန်တပ်သားတွေနှင့် ထူးမခြားနားပင်။
သူ့စကားကို ကြားသည်နှင့် တပ်သားကြီးတွေရဲ့ အမူအရာတွေက ချက်ချင်း ပြောင်းလဲသွား၏။ သူတို့က သွေးပူနေတဲ့ တပ်သားသစ် ကောင်လေးကို ကြည့်ကာ အချင်းချင်း ပြန်ကြည့်လိုက်ပြီး ထိုကောင်လေးကို ရှင်းပစ်ဖို့ တွေးလိုက်ကြသည်။
ပြောရရင် ဒီနေရာက နန့်ကျောက်တိုင်းပြည်ရဲ့ တောအုပ်မို့ လူတစ်ယောက်ကို သတ်ရတာက ကြက်ကလေး ၊ ငှက်ကလေးတစ်ကောင်ကို သတ်ရတာလောက်ပဲ ရှိသည်။
မကောင်းတာ တစ်ခုခု ဖြစ်တော့မယ် ဆိုတာကို ရိပ်စားမိတဲ့ ခေါင်းဆောင်ကျန်းကပဲ အမြန် ဝင်ပြောလိုက်ရသည်။ “ ဘာမှ မဖြစ်ဘူး အစ်ကိုဟွမ်း။ ကျွန်တော် သူ့ကို လွီကျိုးမှာကတည်းက သိတာ။ ကျွန်တော် သူနဲ့ စကား နည်းနည်းပါးပါး ပြောလိုက်ပါ့မယ်။ သူ လျှောက်မဖွဘူး ဆိုတာ ကျွန်တော် အာမခံတယ်။ ”
“ အဲ့လို ဆိုရင်တော့ အကောင်းဆုံးပေါ့။ ”
ခေါင်းဆောင်ကျန်းက ထိုကောင်လေးဆီ သွားပြီး မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။ “ ဟိုဘက်မှာ စကားသွားပြောကြမလား ညီလေး။ ”
ကောင်လေးက သူ့ကို ခေါင်းစခြေဆုံး ကြည့်နေပြီး သူ့ပုံစံက ခုနတုန်းက အဆီတဝင်းဝင်းပြန်နေသော မျက်နှာနှင့် မရိုးသားသော မျက်လုံးများ ရှိသည့် တပ်သားကြီးတွေနှင့် မတူဘူးလို့ ခံစားရသဖြင့် သူ့နောက်ကို လိုက်လာခဲ့လိုက်သည်။
ခေါင်းဆောင်ကျန်းက လူရှင်းတဲ့ နေရာကို ရောက်တော့မှ “ အစ်ကိုက ကျန်းချွမ်ပါ။ ညီလေးရဲ့ နာမည်ကိုလည်း သိပါရစေ။ ” ဟု မေးလိုက်သည်။
“ လျှိုဟူပါ။ ”
“ မင်း ဝမ်စန်းအာကို သိလား။ ”
“ ဝမ်စန်းအာ … ” လျိုဟူက အနည်းငယ် အံ့အားသင့်သွားပုံပေါ်သည်။ “ ကျွန်တော် သူ့ကို သိတယ်။ အစ်ကိုနဲ့ သူနဲ့က ဘယ်လို ပတ်သက်နေတာလဲ။ ”
“ အစ်ကိုကလည်း သူနဲ့ အသိအကျွမ်းပါပဲ။ ဒါပေမဲ့ ဝမ်စန်းအာရဲ့ အမေလည်း ဒီကို ရောက်နေတယ်။ ”
လျိုဟူတစ်ယောက် မျက်လုံးပါ ပြူးသွားရသည်။ သူ့အမေဟာ သူ့ကို လက်တစ်ဖက်တည်းနှင့် အမှောက်လဲပစ်နိုင်သည်အထိ တိုက်ရည်ခိုက်ရည် ကျွမ်းကျင်တယ်လို့ ဝမ်စန်းအာ အကြိမ်ပေါင်းများစွာ ပြောတာကို ကြားဖူးသည်။
“ အဒေါ်လည်း ဒီကို ရောက်နေတာလား။ ”
“ မင်းအနောက်တည့်တည့်မှာပဲ။ ”
လျိုဟူ ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ သစ်ပင်နောက်မှာ ဘယ်အချိန်ကတည်းက ရပ်နေသလဲ မသိသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။
ဒါဆို ဒီအမျိုးသမီးက ဝမ်စန်းအာရဲ့ အမေလား။
ဝမ်စန်းအာ ပြောသလို တိုက်ရည်ခိုက်ရည်ကျွမ်းကျင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ယောက်ျားလေးလိုပင် ခန္ဓာကိုယ်ကြီးမားတုတ်ခိုင်လိမ့်မည်လို့သာ ထင်ထားခဲ့တာ ဖြစ်ပြီး ဒီလောက်တောင် သိမ်မွေ့လှပနေလိမ့်မည်ဟု သူ လုံးဝ မထင်ခဲ့ပေ။
“ အဒေါ့်ကို နှုတ်ခွန်းဆက်သပါတယ်။ ”
“ အရမ်း ယဉ်ကျေးနေစရာ မလိုဘူး။ ” လီယောင်က ရှေ့ကို ထွက်လာခဲ့လိုက်သည်။ “ မင်းအကြောင်း ဝမ်စန်းအာ ပြောတာ ငါ ကြားဖူးတယ်။ မင်းက သူ့ပြိုင်ဘက်တွေထဲမှာ အသန်မာဆုံးပဲတဲ့။ သူ ချဲ့ကားပြောခဲ့တာ မဟုတ်ဘူးပဲ။ ”
“ အဒေါ်က ကျွန်တော့်ကို မြှောက်ပင့်နေတာပါပဲ။ ကျွန်တော်က လှည့်ကွက်လေးတွေ နည်းနည်းပါးပါး သိရုံလောက်ပါ။ ဒါနဲ့ … အဒေါ်က ဒီကို ဘာလာလုပ်တာလဲ။ ”
လီယောင် ရှင်းပြတဲ့ စကားတွေကို ကြားအပြီးမှာတော့ လျိုဟူရဲ့ အမူအရာက လေးနက်စွာ တည်ငြိမ်သွားခဲ့လေသည်။
“ ကျွန်တော် တပ်သားသစ်တွေ အကုန်လုံးကို ဒီမှာ စုဝေးခိုင်းပြီး ဟုန်ရှန်းသစ်တပ်ကို အဒေါ်နဲ့အတူ သွားပြီးတော့ လူတွေကို ကယ်လို့ ရပါတယ်။ ”
“ ကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ မင်းအကူအညီ မလိုဘူး။ ငါ့မှာ မင်းအတွက် ပိုအရေးကြီးတဲ့ တာဝန်တစ်ခု ပေးစရာ ရှိတယ်။ ”
“ ဘာတာဝန်များလဲ အဒေါ်။ ”
“ အစောင့်တပ်သားတွေ … အထူးသဖြင့် ဗိုလ်ချုပ်တွေနဲ့ တပ်ဖွဲ့ခေါင်းဆောင်တွေထဲမှာ ဘယ်သူတွေက ဝူလင်ရဲ့ လူယုံတွေလဲ ဆိုတာနဲ့ ဘယ်သူတွေက ငါတို့ဘက်ကို ယိမ်းယိုင်နိုင်လဲ ဆိုတာ သေချာ စုံစမ်းပေးပါ။ ပြီးတော့ တပ်သားသစ်တွေကိုလည်း လျှို့ဝှက်ပြီး စုဆောင်းပါ။ အချိန်ကျလာရင် ဝူလင်ကို ဖမ်းဖို့ နဝမမြောက်မင်းသားကို မင်း ကူညီပေးရမယ်။ ”
…
အခန်း ( ၁၅၀ ) လျှို့ဝှက်ဆောင်ရွက်ခြင်း။
“ နဝမမြောက်မင်းသားလည်း ဒီကို ရောက်နေတာလား။ ”
လီယောင် ခေါင်းညိတ်ပြလိုက်သည်။ “ ဒီကိစ္စကို လျှို့ဝှက်ထားရမယ်နော်။ ငါ မင်းကို နောက်ပိုင်းကျရင် နဝမမြောက်မင်းသားရဲ့ တိုကင်ကို ပေးမယ်။ ”
လျိုဟူသည် သူဟာ မင်းသားအတွက် ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်းနှင့် အထူးသဖြင့် စစ်တပ်ရဲ့ အကျင့်ပျက်မှုကို ပြင်ဆင်ဖို့အတွက် အရေးပါတဲ့ ကိစ္စကို ဆောင်ရွက်ရမှ ဖြစ်ကြောင်း နားလည်သွားချိန်မှာ ချက်ချင်းပဲ သူ့ရင်ဘတ်ကို လက်နှင့် ရိုက်ပြီး အမှားအယွင်းမရှိအောင် ဆောင်ရွက်ပါမည်ဟု အာမခံလိုက်၏။
လျိုဟူနှင့် ပြောစရာရှိတဲ့ စကားတွေကို ပြောပြီးချိန်မှာတော့ လီယောင်က သစ်တောထဲကို ပြန်လည် ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ဒီတစ်ခေါက် ဝူလင်က တပ်သား ( ၁၀၀၀ ) ကို ခေါ်ဆောင်လာခဲ့ပြီး စခန်းချဖို့အတွက် ရွက်ဖျင်တဲတွေ စိုက်ထူပြီးတဲ့အထိ ရှေ့ကို ခရီးဆက်မယ့် အရိပ်အယောင် လုံးဝ မမြင်ရပေ။ နောက်တစ်နေ့မနက် ရောက်တော့မှ သူတို့ မိုင်အနည်းငယ် ခရီးဆက်လာခဲ့ကြသည်။
နောက်ဆုံးတော့ လေးရက်မြောက်နေ့ နေ့လယ်မတိုင်ခင်မှာ ဟုန်ရှန်းသစ်တပ်နှင့် မျက်နှာချင်းဆိုင်ရှိ တောအုပ်ထဲကို သူတို့ ရောက်လာခဲ့ကြသည်။
လီယောင်က အမြင့်ဆုံးသစ်ပင်ပေါ်ကို တက်ပြီး ဟုန်ရှန်းသစ်တပ်နှင့် သူတို့ကြား တားဆီးထားတဲ့ ချောက်ကမ်းပါးကြီးကို စူးစမ်းကြည့်လိုက်သည်။
ဟုန်ရှန်းသစ်တပ်ရဲ့ ပထဝီအနေအထားက ခုခံဖို့ အလွန် လွယ်ကူပေမဲ့ တိုက်ခိုက်ဖို့ ခက်ခဲပါသည်။ အရှေ့တည့်တည့်မှာ မီတာ ( ၁၀၀ ) နက်ရှိုင်းတဲ့ ချောက်ကမ်းပါးကြီး ရှိနေပြီး တခြားတစ်ဖက်က ချောက်ကမ်းပါးကလည်း မတ်စောက်လွန်းသောကြောင့် ချိုင့်ဝှမ်းထဲကနေ တွယ်တက်ဖို့ မလွယ်ကူပေ။
ကေဘယ်လ်ကြိုး မြင့်မြင့်တစ်ချောင်းနှင့် နိမ့်နိမ့်တစ်ချောင်းရဲ့ ကြိုးအဆုံးတစ်ဖက်ကို တောင်နံရံနှင့် ချိတ်ဆက်ထားပြီး ကျန်တဲ့ ကြိုးအဆုံးတစ်ဖက်ကိုတော့ သစ်တပ်ရဲ့ အဓိကဂိတ်ပေါက်နှင့် ချိတ်ဆက်ထားသည်။
ကြိုးအဆုံးနှစ်ဖက်စလုံးမှာ အစောင့်တွေ ရှိနေပြီး အရေးပေါ် အခြေအနေမျိုး ရောက်လာတဲ့အခါ တောင်နံရံနှင့် ချိတ်ဆက်ထားတဲ့ ကေဘယ်လ်ကြိုးကို ဖြတ်ပစ်လိုက်လို့ ရသည်။ ထိုအခါ ဂိတ်ပေါက်နှင့် ချိတ်ဆက်ထားတဲ့ ကေဘယ်လ်ကြိုးကနေ တစ်ဆင့်သာ သစ်တပ်ထဲကို ဝင်လို့ ရပါတော့မည်။
သို့သော်လည်း သစ်တပ်က ချောက်ကမ်းပါးတစ်ဖက်က တောင်တန်းထဲမှာ ရှိနေတာမို့ ဒီဘက်ကနေ လှမ်းကြည့်လို့ အတွင်းထဲက ဘာကိုမှ မမြင်ရပါ။ လီယောင်က ညသန်းခေါင်ရောက်တော့မှ ခိုးထွက်ပြီး လှည့်လည်ထောက်လှမ်းဖို့ ဆုံးဖြတ်လိုက်သည်။
လီယောင်သည် နေဝင်ရီတရောအချိန် ရောက်တဲ့ထိ ချုံထဲမှာ စောင့်ရင်း သူမ ယူလာတဲ့ အစားအသောက်တွေကို စားကာ ပြင်ဆင်လာသော ကျောက်ဆူးသံချိတ်တွေကို ထုတ်ယူလိုက်သည်။ သူမက ချောက်ကမ်းပါးရဲ့ အောက်ခြေကို ဆင်းဖို့ ပြင်နေစဉ်မှာပဲ ဝူလင်ရဲ့ တပ်သားတွေက ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ လူတစ်ယောက်ကို အစောင့်အကြပ်အဖြစ် ဘေးက လိုက်ပါလာကာ ကေဘယ်လ်ကြိုးမြင့်မြင့်ဆီ သွားနေကြတာကို တွေ့လိုက်ရသည်။
သူ့ကို ကြည့်ရတာ ဟန်လူမျိုးနှင့် တူသော်လည်း ကေဘယ်လ်ကြိုးကို စောင့်ကြပ်နေတဲ့ အစောင့်တွေက သူ့အပေါ် အလွန် ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြကာ သူ့ကို သိုင်းကြိုးထဲမှာ နေရာကျသွားစေရန် သူ့ထက်ငါ အပြိုင်အဆိုင် ချိတ်ဆွဲပေးနေခဲ့ပြီး သူ့ကို သစ်တပ်ဂိတ်ပေါက်ဆီသို့ ကေဘယ်လ်ကြိုးနှင့် တရွေ့ရွေ့ လျှောဆင်းသွားစေခဲ့လေသည်။
ထိုလူက ဝူလင်နှင့် ဟုန်ရှန်းသစ်တပ်ကြား အဆက်အသွယ်လုပ်ပေးနေတဲ့ လူပဲ ဖြစ်ရမည်ဟု လီယောင် ကောက်ချက်ချလိုက်သည်။ သူ သစ်တပ်ကို သွားတာကလည်း ကိစ္စ တစ်ခုခုကို ဆွေးနွေးဖို့ သွားတာ ဖြစ်နိုင်သည်။
ထို့ကြောင့် သူမ ချောက်ကမ်းပါးအောက်ခြေကို အမြန် ဆင်းလာခဲ့ပြီးနောက် သစ်တပ်အနောက်ဘက် တောင်နံရံပေါ်ကို ကျောက်ဆူးသံချိတ်တွေနှင့် တွယ်တက်ကာ သစ်တပ်တစ်ခုလုံးကို အပေါ်ကနေ စီးမိုး ကြည့်လိုက်သည်။
တောင်ပေါ်မှာ အနည်းဆုံး ငါးလီ ၊ ခြောက်လီလောက် အနက်ရှိတဲ့ ရှည်လျားကျဉ်းမြောင်းသော ချိုင့်ဝှမ်းတစ်ခု ရှိနေကာ သစ်တပ်ကတော့ ထိုချိုင့်ဝှမ်းထဲမှာပါ။
သစ်တပ်ရဲ့ အရှေ့ပိုင်းက အလွန် ကျဉ်းမြောင်းပြီး အစောင့်အကြပ်တွေ အများကြီး ချထားသည်။ အလယ်ပိုင်းမှာတော့ လူနေရပ်ကွက်တွေ ရှိပြီး သစ်သားအိမ်တွေ အများကြီး တွေ့ရတာ လူဦးရေက အနည်းဆုံး တစ်ထောင်ကျော်လောက်တော့ ရှိလိမ့်မည်။
သစ်တပ်ရဲ့ အနောက်ပိုင်းကတော့ ဟင်းလင်းပြင် ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးအတွက် မြေယာတွေကို ရှင်းလင်းထားသည်။ ပြီးတော့ ဟိုးအနောက်ဘက်က တောင်ပေါက်ကနေ စမ်းချောင်းလေးတစ်ခု တသွင်သွင် စီးဆင်းနေ၏။
ဒီလို နေရာမျိုးသည် သဘာဝတရားက ပေးထားတဲ့ ခံတပ်တစ်ခု ဖြစ်ပြီး စားနပ်ရိက္ခာကိုလည်း ကိုယ်တိုင် စိုက်ပျိုးမွေးမြူနိုင်တာမို့ ရန်သူတွေ အဝိုင်းခံထားရရင်တောင် အကြာကြီး တောင့်ခံနိုင်ပါလိမ့်မည်။
လီယောင်က သူမရဲ့ ကြိုးကို သစ်ပင်ကြီးတစ်ပင်မှာ ချည်ပြီး ညအမှောင်ထုကို အားကိုးကာ သစ်တပ်ရဲ့ အလယ်ပိုင်းသို့ ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့လေသည်။ သူမကို ဖြတ်သွားဖြတ်လာတွေ မမြင်အောင် ရှောင်ရှားပြီး အကြီးဆုံး သစ်သားအဆောက်အအုံ တစ်ခုရဲ့ ခေါင်မိုးပေါ် တက်သွားလိုက်သည်။
အဆောက်အအုံထဲမှာတော့ မီးရောင်တွေ ထိန်ထိန်လင်းနေပြီး လူတစ်ယောက်က ခမ်းနားကြီးကျယ်သော ထိုင်ခုံတစ်လုံးမှာ ထိုင်နေခဲ့သည်။ ထိုလူက ဟုန်ရှန်းသစ်တပ်ရဲ့ အကြီးအကဲ ဖြစ်ပါလိမ့်မည်။
သူ့ပုံစံက အတော်လေး ဒေါသထွက်နေပုံရပြီး တရုတ်စကားကို မပီမသ ပြောနေခဲ့သည်။ “ ဒါ ဘာသဘောလဲ ဆရာထန်။ ခင်ဗျားပဲ ကျွန်တော့်ကို ရှောင်ဝါရွာရဲ့ ချင်းစုန့်ရွာကို ရှင်းပစ်နိုင်အောင် ကူညီပေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဒါပေမဲ့ အခုတော့ နှစ်ဝက်ကြာတဲ့အထိ ဘာမှ ထူးမလာဘူး။ ခင်ဗျား ဘာပြောဦးမှာလဲ။ ကျုပ် ခင်ဗျားရဲ့ စကားတွေကို ယုံရမှာလား ၊ မယုံရဘူးလား။ ”
“ ယုံလို့ ရတာပေါ့ အကြီးအကဲချွီရယ်။ ကျွန်တော့်ကို ယုံလို့ ရပါတယ်။ ” ဟု ဟန်လူမျိုး ဆရာထန်က ပြန်ပြောခဲ့သည်။ “ စိတ်ရှည်ရှည်ထားပါ အကြီးအကဲချွီ။ ဗိုလ်ချုပ်ဝူက ကျွန်တော်တို့ ဒီလုပ်ငန်းကို အဆုံးသတ်ပြီး စားနပ်ရိက္ခာနဲ့ မြင်းစာတွေ ရောင်းတာကနေ လုံလုံလောက်လောက် ပိုက်ဆံရတာနဲ့ ရှောင်ဝါရွာနဲ့ ချင်းစုန့်ရွာကို တိုက်ခိုက်ဖို့ တပ်သားတွေ ချက်ချင်း စေလွှတ်ပါ့မယ်လို့ ပြောထားပါတယ်။ သူက ပေးထားတဲ့ ကတိကို ဘယ်တော့မှ ဖျက်သိမ်းမယ့် လူမျိုး မဟုတ်ပါဘူး။ ဒါကို ယုံပေးပါ။ ”
“ ဟမ့်။ ငါ အဲ့စကားကို အကြိမ်ပေါင်းများစွာ ကြားခဲ့ပြီးပြီ။ ”
“ ဒေါသမထွက်ပါနဲ့ အကြီးအကဲလီ။ ဒီတစ်ခေါက်ကတော့ တကယ် သေချာပါတယ်။ ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်ကြီးက ရှောင်ဝါရွာနဲ့ ချင်းစုန့်ရွာရဲ့ ပတ်ပတ်လည်မှာ လောင်စာပင်တွေ စိုက်ဖို့ လူတွေ စေလွှတ်ထားပြီးပါပြီ။ မိုးရာသီမတိုင်ခင်မှာပဲ သူ သေချာပေါက် တိုက်ခိုက်မှုကို စတင်ပါလိမ့်မယ်။ မဟုတ်ရင် လောင်စာပင်တွေက အလကား ဖြစ်သွားမှာပါ။ ”
အကြီးအကဲချွီက အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်သည်။ “ အဲ့လိုပဲ ဖြစ်ပါစေ။ ”
“ စိတ်ချပါ အကြီးအကဲ။ ဒါနဲ့ ဓားစာခံတွေရော အခြေအနေ ဘယ်လိုပါလဲ။ ”
“ အကုန်လုံးကို လိုဏ်ဂူထဲ ထည့်ပိတ်ထားတယ်။ သူတို့ သေတော့ မသေပါဘူး။ ”
“ ဘယ်လို မတော်တဆဖြစ်ရပ်မျိုးတွေမှ မရှိရင် အကောင်းဆုံးပဲ။ သူတို့ အချိန်ကြာကြာ အသက်ရှင်နေသရွေ့ ကျွန်တော်တို့ သူတို့ကို အသုံးချပြီး ပိုက်ဆံများများ ရှာနိုင်လိမ့်မယ်။ ”
…
လီယောင်သည် ခေါင်မိုးပေါ်ကနေ အချိန်တစ်ခုထိ ခိုးနားထောင်နေခဲ့သော်လည်း အသုံးဝင်တဲ့ စကားတွေကို ထပ်မကြားရသောအခါ တိတ်ဆိတ်စွာပဲ ပြန်ဆင်းလာခဲ့လိုက်သည်။ သစ်တပ်ထဲကို လှည့်ပတ် သွားနေရင်း နောက်ဆုံးတော့ မြေကြီးထဲက ထိုးထွက်နေတဲ့ ကျောက်သားကျောက်ဆိုင် ကုန်းမို့တစ်ခုရဲ့ အောက်မှာ အစောင့်တွေ ချထားတဲ့ လိုဏ်ဂူကို ရှာတွေသွားခဲ့သည်။
လိုဏ်ဂူက အရမ်းကြီး မနက်ပါ။ အထဲမှာ လျှို့ယွမ်တို့ကုန်သည်အဖွဲ့ရဲ့ အရေးပါတဲ့ အဖွဲ့ဝင်တွေ အများကြီး ရှိနေတယ် ဆိုတာကိုလည်း သူမ အတည်ပြုနိုင်သွားခဲ့သည်။ သူတို့အားလုံး ပင်ပမ်းနွမ်းနယ်ကာ အားလျော့နေပေမဲ့ အနည်းဆုံးတော့ တစ်ယောက်မှ မထိခိုက်ကြ။
လိုဏ်ဂူထဲမှာ ဖမ်းခံထားရတာ လျှို့ယွမ်တစ်ယောက်တည်းသာ ဆိုပါက လီယောင်သည် သူ့ကို ခိုးထုတ်ပေးနိုင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသည်။ သို့သော်လည်း လူ ( ၁၂ ) နှစ်ယောက်ကျော်ကို ခိုးထုတ်ပေးဖို့ကတော့ အန္တရာယ်များသည်။ သူမ ဟုန်ရှန်းသစ်တပ်ကို အရင်ဆုံး သေချာ စူးစမ်းလေ့လာကြည့်ဖို့သာ တတ်နိုင်ပါသည်။
သစ်တပ်ထဲကနေ ထွက်ပြေးလွတ်မြောက်နိုင်မယ့် လမ်းကြောင်းတွေ ရှိလား ဆိုတာ သူမ သိချင်သည်။
ပုံမှန်အားဖြင့် ဒီလို နေရာမျိုးတွေမှာ အကြီးအကဲဟာ အရေးပေါ်အခြေအနေမျိုးတွေ ကျရောက်လာရင် သူ ထွက်ပြေးလွတ်မြောက်နိုင်စေနိုင်ရန်အတွက် တော်ရုံလူ မမြင်နိုင်တဲ့ တူးမြောင်းလို လွတ်လမ်းတွေကို စီမံထားတတ်သည်။
လီယောင်သည် ထိုအတွေးကြောင့် အနောက်ဘက်က လယ်ကွင်းတွေဆီ ပြန်သွားပြီး ညသန်းခေါင်အချိန်ထိ တောင်တန်းပေါ်မှာ လှည့်ပတ်ရှာဖွေကြည့်ခဲ့သည်။ ကံကောင်းစွာဖြင့် နောက်ဆုံးတော့ ချောင်ကျတဲ့ တောင်ကျရေတံခွန်တစ်ခုနားမှာ မှိန်ဖျော့ဖျော့ အလင်းရောင်လေးကို သတိထားမိသွားခဲ့သည်။
ခြေဖော့နင့်၍ ချဉ်းကပ်လာခဲ့လိုက်တော့ ထိုနေရာမှာ အစောင့် တစ်ယောက် အမှန်တကယ်ပဲ ရှိနေတာကို တွေ့လိုက်ရသည်။ ထိုအစောင့်က အနီးအနားက သစ်ကိုင်းပေါ်မှာ ခြင်ဆေးခွေ တစ်ခွေကို တွဲလောင်းချိတ်ပြီး ခြင်တွေကို ဝေးဝေးပြေးအောင် လုပ်နေခဲ့သည်။
လီယောင်က ဒီ့ထက် ပိုပြီး စုံစမ်းနိုင်ဖို့အတွက် ကျောက်တုံး တစ်တုံးကို မျက်နှာချင်းဆိုင် ဦးတည်ဘက်သို့ လွှင့်ပစ်လိုက်တော့ ရေတံခွန်နားက သစ်ပင်ရဲ့ နောက်ကနေ “ ဘယ်သူလဲ။ ” ဆိုတဲ့ အသံ ရုတ်တရက် ထွက်ပေါ်လာ၏။
သူမ နောက်ထပ် ကျောက်တုံးတွေကို ထပ်ပစ်လိုက်တော့ ခဏအကြာမှာပဲ လူရိပ်နှစ်ရိပ် ပြေးထွက်လာကာ အသံကြားရာကို သွားကြည့်ခဲ့သည်။ ဒါပေမဲ့ လီယောင်က သူမကိုယ်သူမ ချက်ချင်းကြီး ထုတ်မပြခဲ့ပါ။ တကယ်လို့ ဒါက တကယ်ပဲ အကြီးအကဲ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ စီမံထားတဲ့ လွတ်လမ်းသာ ဆိုပါက ဒီအစောင့်နှစ်ယောက်ထက် ထပ်ရှိနေဦးမှာ သေချာသည်။
သေချာစွာပဲ ပြေးထွက်သွားတဲ့ လူနှစ်ယောက် ပြန်ရောက်လာသောအခါ သစ်ပင်နောက်ကနေ နောက်ထပ် လူနှစ်ယောက် ထပ်ထွက်လာခဲ့သည်။
“ ဘာဖြစ်တာလဲ။ ”
“ ဘာမှ မဖြစ်ဘူး။ ယုန်ဖြတ်ပြေးတာ နေမှာပါ။ ”
အခု ဒီလျှို့ဝှက်ထားတဲ့ နေရာမှာ ရှိတဲ့ လူအရေအတွက်ကို သူမ သိသွားပြီမို့ ကိုင်တွယ်ဖြေရှင်းရတာ လွယ်ကူသွားပြီ ဖြစ်သည်။ လီယောင်က နောက်ထပ် နာရီဝက် ထပ်စောင့်ပြီး ဆူညံသံတွေ ထပ်လုပ်ပြီး အစောင့်လေးယောက်ထဲက နှစ်ယောက်ကို သွားကြည့်အောင် လုပ်ကာ လူစုကွဲစေခဲ့သည်။
ထိုနှစ်ယောက် ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူမက နောက်ထပ် ဦးတည်းဘက်တစ်ခုကနေ ဆူညံသံတွေ ထပ်လုပ်ပြီး ကျန်ရှိနေတဲ့ နှစ်ယောက်ကိုပါ အပြေးအလွှား သွားရောက်စစ်ဆေးအောင် လုပ်ခဲ့သည်။
သူတို့တွေက အလွန်ဆုံး ဆယ်မီတာ အကွာအဝေးလောက်သာ သွားမှာ ဆိုပေမဲ့ လီယောင့်ရဲ့ ပေါ့ပါးသွက်လက်သော လှုပ်ရှားမှုတွေနှင့် ညအမှောင်ထုရဲ့ အကာအကွယ်ပေးမှုက သူမကို လေအလျင်လို ဖျတ်လတ်နေစေခဲ့သည်။
ထိုသစ်ပင်ကြီးရဲ့ နောက်မှာ အပေါက်သေးသေးလေး တစ်ပေါက် ရှိနေပြီး ခြုံပင်ထူထူတွေရဲ့ အောက်မှာ ဖုံးကွယ်ထားသည်။
လီယောင်က ထိုအပေါက်ထဲကို လျှပ်တစ်ပြက် ဝင်ရောက်လိုက်ပြီး သူမ အထဲကို ရောက်သည်နှင့် လိုဏ်ဂူနံရဲတစ်လျှောက်မှာ မီးအိမ်တွေ ထွန်းထားတာကို မြင်လိုက်ရလေသည်။
သူမအထင် မှန်ကန်ပုံရသည်။ ဒီလိုဏ်ဂူကနေ အပြင်ကို ရောက်ဖို့ များသည်။
လီယောင်သည် လိုဏ်ဂူနက်နက်ထဲ ဆက်တိုက် ရှေ့ဆက်လာခဲ့ပြီး ဆယ့်ငါးမိနစ်ဝန်းကျင် ကြာချိန်မှာတော့ လေပြည်လေးတွေ တိုးဝှေ့တဲ့ ခံစားချက်ကို အနည်းငယ် ခံစားလိုက်ရသောကြောင့် ထွက်ပေါက် နီးလာပြီမှန်း သဘောပေါက်လိုက်သည်။
အပြင်မှာလည်း အစောင့်တွေ ရှိနေလောက်တယ် ဆိုတဲ့ သူမရဲ့ ခန့်မှန်းချက်နှင့် ကိုက်ညီစွာပဲ လိုဏ်ဂူအဝကို ခေါင်းပြူပြီး ကြည့်လိုက်တော့ လူသံတွေကို ကြားရသည်။ သို့သော် ဒီနေရာမှာ လုံခြုံရေးက အထဲမှာလောက် မတင်းကျပ်ဘဲ လူနှစ်ယောက်သည ရှိကာ တဖြည်းဖြည်း ညနက်လာသည်နှင့်အမျှ သူတို့အသံတွေ တိုးဖျော့သွားပြီး ဟောက်သံတိုးတိုးတွေကသာ အစား နေရာယူသွားခဲ့သည်။
လီယောင်သည် သွက်လက်သော ကြောင်မလေးတစ်ကောင်ကဲ့သို့ပင် လိုဏ်ဂူထဲက တိတ်တဆိတ် ထွက်လာခဲ့လိုက်သည်။ အပြင်မှာ မျက်စိတစ်ဆုံး သစ်ပင်ထူထပ်နေတဲ့ တောအုပ်ကြီးက နေရာယူထားသော်လည်း ခေါင်းပေါ်က ကြယ်တွေက သူမအား ဘယ်အရပ်ကို ရောက်နေတယ် ဆိုတာ ညွှန်ပြနေခဲ့သည်။ ဒါက ဟုန်ရှန်းသစ်တပ်ရဲ့ အနောက်ဘက်ကို ရောက်သွားတာ ဖြစ်သည်။
ဒီလမ်းကြောင်းနှင့်ဆို ဟုန်ရှန်းသစ်တပ်ဟာ မထိုးဖောက်နိုင်တဲ့ ခံတပ်ကြီး မဟုတ်တော့ပါ။
…