အခန်း (၈၉၂-၈၉၄)
Vol. 60 Ch. 892-894
အခန်း (၈၉၂) - မြက်ရိတ်လျှင် အမြစ်ပါနုတ်ရမည်
"ကျေးဇူးတင်ပါတယ် အရှင်တဲ့လား"
ထိုနေရာရှိ လူအားလုံး အနည်းငယ် အံ့သြသွားကြသည်။ ထို့နောက် နတ်ဘုရင်၏ သားတော် ဗီဒါနှင့် သွေးနတ်ဘုရားတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး တုန်လှုပ်အံ့သြနေမိကြသည်။
နတ်ဘုရားအားလုံး၏ ဘုရင်ဖြစ်သော Odin ကိုယ်တိုင်က ဤမျှ ရိုသေလေးစားစွာ ပြောဆိုဆက်ဆံရသည့် သူဆိုသည်မှာ မည်သူမည်ဝါဖြစ်ကြောင်း ခန့်မှန်းရ လွယ်ကူနေပြီ ဖြစ်သည်။
ထိုအချိန်တွင်...
ဟင်းလင်းပြင်ထဲ၌ ပုံရိပ်တစ်ခု ပေါ်ထွက်လာပြီးနောက် အလင်းနှင့် အရိပ်များကြားမှ အထွတ်အထိပ် အာဏာစက် အပြည့်ပါဝင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"Odin... ဘာတွေဖြစ်ခဲ့တာလဲ"
Odin သည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို ကပျာကယာ ပြန်လည်တင်ပြလေသည်။
၎င်း နားထောင်ပြီးနောက် အလင်းနှင့် အရိပ်များကြားတွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အေးစက်သော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
"လူသားမျိုးတွေ... ဟမ့်... နှစ်တွေ ဒီလောက်ကြာသွားတာတောင် ဒီလူမျိုးတွေက သူတို့ရဲ့ ခေါင်းမာတဲ့ အကျင့်စရိုက်ကို မပြင်ကြသေးဘဲ ဒီလောက် အစွမ်းထက်တဲ့သူတောင် ပေါ်လာသေးတယ်ပေါ့"
"ဘယ်လောက်ပဲ အစွမ်းထက်ထက် အရှင့်ရှေ့မှောက်မှာတော့ သူတို့က ပုရွက်ဆိတ်လေးတွေပါပဲ"
ဤအချိန်တွင် Odin သည် ဖားဖို့ မမေ့လျော့ပေ။
"ဟွန့်... မင်း ဒီကိစ္စကို ကောင်းကောင်း လုပ်ဆောင်ခဲ့တယ်၊ ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်သေးဘူး၊ အဲ့ဒီကမ္ဘာမှာ ဒီလောက် အစွမ်းထက်တဲ့သူ ပေါ်လာနိုင်တယ်ဆိုတာ အဲ့ဒီက ကောင်းကင်ဘုံ ဥပဒေသတွေ ပြန်လည်ကောင်းမွန်လာနေပြီလို့ ဆိုလိုတာပဲ၊ လူသားမျိုးနွယ် အစွန်းရောက်တွေရဲ့ စရိုက်အတိုင်းဆိုရင် သူတို့က ဒီအခွင့်အရေးကို လက်လွတ်ခံမှာ မဟုတ်ဘူး"
"ဒါဆို အရှင်က ကျွန်တော်တို့ကို ဘာလုပ်စေချင်တာပါလဲ..."
Odin ၏ မျက်နှာထား လေးနက်သွားသည်။
"မြက်ပင်ရိတ်ရင် အမြစ်ပါနုတ်ရမယ်... အဲ့ဒီကမ္ဘာကို ဆက်ထားလို့ မဖြစ်တော့ဘူး"
ထိုစကား ပြောလိုက်သည်နှင့် အခန်းတစ်ခုလုံးတွင် သေမင်းတမန်နယ်မြေပမာ တိတ်ဆိတ်မှုမျိုး ကျရောက်သွားသည်။
Odin ၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားသည်။
"သဘောပေါက်ပါပြီ... ဒါဆို ကျွန်တော်တို့ ဘာလုပ်ဖို့ လိုပါသလဲ"
"ငါ့ဘက်မှာ ဖြေရှင်းစရာ ကိစ္စတချို့ ရှိနေသေးတယ်၊ မင်းက မြောက်ပိုင်းဥရောပ နတ်ဘုရားတွေကို ဦးဆောင်ပြီး ပြင်ဆင်ထားလိုက်၊ ငါရောက်တာနဲ့ အဲ့ဒီကမ္ဘာဆီကို သွားကြမယ်"
သူ့ အသံမှာ အေးစက်နေသော်လည်း ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။
ထိုစကားကို ကြားသောအခါ Odin စိတ်ထဲတွင် မသက်မသာ ဖြစ်သွားသည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက စစ်ပွဲကြီးကို သူကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ရသည်။
လူသားမျိုးနွယ် ကျင့်ကြံသူ အရူးအမူးကောင်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် သူသည် ယနေ့အချိန်ထိ ကျောချမ်းဖွယ် အိပ်မက်ဆိုးများ မက်နေရဆဲ ဖြစ်သည်။
ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ သူ သိပ်မလုပ်ချင်လှပေ။ ထို့ကြောင့် တိုးတိုးလေး မေးလိုက်သည်။
"အရှင်... ဒါက အရှင့်ရဲ့ ဆန္ဒလား... ဒါမှမဟုတ် အထက်က လူကြီးတွေရဲ့ ဆန္ဒလားဆိုတာ သိခွင့်ရှိမလားခင်ဗျာ..."
"ရောင့်တက်လှချည်လား"
အလင်းနှင့် အရိပ်ကြားမှ အသံသည် ရုတ်တရက် တင်းမာသွားသည်။
လွှမ်းမိုးထားသော ဖိအားကြောင့် နတ်ဘုရင် Odin ပင်လျှင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
"ဒါက မင်း ငါ့ကို မေးခွန်းထုတ်ဖို့ ထိုက်တန်တဲ့ကိစ္စလား၊ ကိုယ့်နေရာကိုယ် သိစမ်း"
Odin ၏ မျက်နှာ ဖြူဖျော့သွားပြီး အကြိမ်ကြိမ် ဦးညွှတ်ကာ သတိထားပြီး ပြောလိုက်ရသည်။
"ဟုတ်... ဟုတ်ကဲ့ပါ အရှင်၊ စိတ်လျော့ပါခင်ဗျာ၊ လူသားမျိုးနွယ် ကျင့်ကြံသူက မဟာ ချိတ်ပိတ်ခြင်း နည်းစနစ်မိပြီး သေ သွားလောက်ပြီဆိုတော့... အဲ့ဒီကမ္ဘာကို သွားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်တာက နည်းနည်းများ လွန်လွန်းနေမလားလို့ တွေးမိလို့ပါ... ပြီးတော့ အထက်လူကြီးတွေကရော ဒီကိစ္စကို သိပါ့မလားလို့..."
"ဟမ့်၊ ငါလုပ်ချင်တာလုပ်ဖို့ သူတို့သဘောတူချက် ယူစရာလိုလို့လား၊ Odin ... မင်းဘာတွေးနေလဲ ငါမသိဘူး မထင်နဲ့၊ လူသားမျိုးနွယ် ကျင့်ကြံသူ သေသွားပြီ ဆိုပေမယ့် ငါတို့သာ အဲ့ဒီကမ္ဘာကို လုံးဝ မဖျက်ဆီးပစ်ရင် လူသားမျိုးနခတွေရဲ့ စရိုက်အရ နောက်ထပ် အစွမ်းထက်တဲ့သူ ပေါ်လာဖို့ သိပ်ကြာမှာ မဟုတ်ဘူး၊ အဲ့ဒီကျရင် တံခါးစောင့်ဖြစ်တဲ့ မင်းရဲ့ တာဝန်က ပိုကြီးသွားမှာနော်"
Odin ၏ မျက်နှာ ရုတ်ခြည်း ဖြူဖျော့သွားပြီး နာခံသော လေသံဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ ကျွန်တော် သဘောပေါက်ပါပြီ အရှင်"
"ကောင်းပြီ၊ Gaia"
သွေးမျိုးနွယ်သခင် ကိုင်းအာသည် ချက်ချင်း ရှေ့တိုးလာပြီး ပြန်ဖြေလိုက်သည်။
"အမိန့်ရှိပါအရှင်"
"ဒီတစ်ကြိမ်မှာ မင်းတို့ သွေးမျိုးနွယ်တွေလည်း အင်အားစိုက်ထုတ်ပေးရမယ်၊ နားလည်လား"
ကိုင်းအာသည်တော့ Odin နှင့်မတူဘဲ စိုးရိမ်ပူပန်မှု သိပ်မရှိလှပေ။ ထိုစကားကို ကြားသောအခါ ရက်စက်သော အပြုံးတစ်ခု ပြုံးလိုက်သည်။
"ဝမ်းမြောက်ဝမ်းသာပါပဲ အရှင်"
"ငါရောက်လာမှာကို ဒီမှာပဲ စောင့်နေကြ"
ထိုသို့ပြောပြီးသည်နှင့် ၎င်းပုံရိပ်သည် ပေါက်ကွဲထွက်သွားပြီး ကြယ်တာရာများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည်။
ယခုအခါ Odin ၊ နတ်ဘုရားများနှင့် သွေးမျိုးနွယ် အဖွဲ့ဝင်များသာ ကျန်ရစ်ပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။
ခဏကြာမှ Odin က အေးစက်စွာ ပြောလိုက်သည်။
"အရှင့်ရဲ့ အမိန့်တော်အတိုင်း... ဒီသွေးကမ္ဘာနယ်မြေကို ပြန်လည်ဖွဲ့စည်းခြင်းနဲ့ စတင်မယ်"
ကိုင်းအာစိတ်ထဲတွင် မကျေနပ်မှု အနည်းငယ် ဖြစ်ပေါ်လာသော်လည်း အခြေအနေက လူထက် ပိုအစွမ်းထက်နေသည်။ သူ၏ နတ်ဘုရားအဆင့်အတန်း ပျက်စီးနေပြီး အင်အားများစွာ ဆုံးရှုံးထားသည့်အတွက် အစွမ်းထက်သော မဟာမိတ်ကို ကျောထောက်နောက်ခံ ရထားသည့် နတ်ဘုရင်ကို ယှဉ်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် သဘောတူကြောင်း ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။
"ကောင်းပါပြီ"
မကြာမီပင်...
Odin သည် ရဲရင့်သော နတ်ဝိညာဉ် သောင်းချီကို အဆင့်မြင့် နတ်ဘုရားအချို့နှင့်အတူ အာကာသအချိန် လမ်းကြောင်းမှတဆင့် စေလွှတ်လိုက်သည်။
ထိုအင်အားစုများသည် သွေးကမ္ဘာနယ်မြေကို သန့်စင်ဖယ်ရှားမှု စတင်ရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် သူတို့သည် အဓိကသွေးကမ္ဘာနယ်မြေမှ ထွက်ခွာပြီး အပြင်ဘက် သွေးကမ္ဘာသို့ ရောက်ရှိလာသောအခါ သူတို့၏ မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် တစ်ချိန်က စည်ကားခဲ့သော အပြင်ဘက် သွေးကမ္ဘာနယ်မြေသည် ယခုအခါ လုံးဝ ခြောက်ကပ်နေသောကြောင့် ဖြစ်သည်။
ရွှယ်အန်း၏ ရှင်းလင်းရေး လုပ်ပြီးနောက်တွင် ထိုနေရာ၌ နေထိုင်ခဲ့သော သွေးမျိုးနွယ် ၁၀ ယောက်တွင် ၉ ယောက်ခန့် ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း သတ်ဖြတ်ခြင်းနှင့် မသက်ဆိုင်သော သူအချို့နှင့် သွေးမျိုးနွယ်၏ လျှို့ဝှက် အဖွဲ့အစည်းများသည် ကျန်ရှိနေခဲ့သေးသည်။
ထိုစဉ်က သွေးမျိုးနွယ် ဦးရေ လျော့ကျသွားသော်လည်း ယခုလောက်အထိတော့ မဟုတ်သေးပေ။
ယခုလက်ရှိ သွေးကမ္ဘာနယ်မြေကိုတော့ သက်ရှိတစ်ကောင်တစ်လေမျှ မရှိတော့သော စွန့်ပစ်မြေရိုင်းဟု ပြောနိုင်ပေသည်။
"ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ၊ ရွှယ်အန်းကို ထောက်ခံအားပေးသူတွေ ဘယ်ရောက်ကုန်ပြီလဲ"
ကိုင်းအာက သတ်ဖြတ်လိုစိတ် အပြည့်ပါသော မျက်နှာဖြင့် မေးလိုက်သည်။
သွေးနတ်ဘုရား Gaiaလည်း လုံးဝ ကြောင်အသွားသည်။
ဒီလူတွေက သတင်းဘယ်လိုရပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားရသလဲ ဆိုသည်ကို သူ နားမလည်နိုင်လိုက်ဘူး...
သို့သော် အခြေအနေမှာ ဤအဆင့်ထိ ရောက်နေပြီ ဖြစ်သောကြောင့် ရွှယ်အန်း၏ ထောက်ခံသူ တစ်စုလောက်ကို လိုက်ဖမ်းဖို့ အကြီးအကျယ် လုပ်မနေတော့ပေ။
သို့ဖြစ်ရာ ဤကိစ္စကို ဤမျှနှင့်ပင် ပြီးဆုံးသွားသည်ဟု သတ်မှတ်လိုက်ကြသည်။ တကယ်တမ်းတွင် ရွှယ်အန်း ပျောက်ကွယ်သွားသည့် အချိန်မှာပင် အပြင်ဘက် သွေးကမ္ဘာနယ်မြေရှိ အယ်ဒီလာ နှင့် အခြားသူများသည် ထိုအရာကို သတိထားမိလိုက်ကြသည်။ အယ်ဒီလာ၏ ကျင့်ကြံခြင်းအဆင့် မမြင့်သော်လည်း သူ့တွင် ထူးခြားသော ပါရမီတစ်ခု ရှိသည်။ ထိုအရာမှာ လူများအပေါ်တွင် စိတ်ဝိညာဉ်အာရုံ အမှတ်အသားတစ်မျိုး ချန်ထားနိုင်ခြင်း ဖြစ်သည်။ ဤအမှတ်အသားသည် တိုက်ခိုက်နိုင်စွမ်း မရှိဘဲ မှတ်သားထားရန်သာ အသုံးဝင်သည်။
သို့သော် အသုံးမဝင်ဟု ထင်ရသော ထိုပါရမီသည် အရေးကြီးချိန်၌ လူများကို ကယ်တင်နိုင်ခဲ့သည်။
ရွှယ်အန်းထံတွင် ထားရှိခဲ့သော စိတ်ဝိညာဉ်အာရုံ အမှတ်အသားကို အယ်ဒီလော့ အာရုံမခံနိုင်တော့သည့် အချိန်တွင် တစ်စုံတစ်ခု ပြောင်းလဲသွားပြီဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ယောက် သေဆုံးသွားခြင်း သို့မဟုတ် ဤကမ္ဘာမှ ပျောက်ကွယ်သွားခြင်း မရှိလျှင် ထိုအမှတ်အသားကို အာရုံမခံနိုင်ဘဲ ဖြစ်မလာနိုင်သောကြောင့်ဖြစ်သည်။
တကယ်လို့ ရွှယ်အန်း တစ်ခုခု ဖြစ်သွားပြီဆိုရင်...
သွေးမျိုးနွယ် အကြီးအကဲများသည် သူတို့လို လူတွေကို အလွတ်ပေးထားမှာ မဟုတ်ကြောင်း သေချာသည်။
အရေးပေါ်အခြေအနေတွင် အယ်ဒီလာသည် ပြတ်သားသော ဆုံးဖြတ်ချက်ကို ချပြီး သွေးမျိုးနွယ်ဝင် အားလုံးကို စုစည်းကာ အချိန်မဆိုင်းဘဲ ကြိုတင်ရှာဖွေထားသော အာကာသအချိန် လမ်းကြောင်းတစ်ခုမှတဆင့် သွေးနတ်ဘုရားနယ်မြေမှ ထွက်ခွာခဲ့ကြသည်။ သူတို့သည် အယ်ဒီလာ နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ထားသော လျှို့ဝှက် ပုန်းခိုရာနေရာတစ်ခုသို့ ရောက်ရှိသွားကြသည်။
ဤလျှို့ဝှက် ပုန်းခိုရာနေရာသည် ကပ်ဘေးကြီးတစ်ခုခု ကြုံလာပါက ပြေးစရာမြေ ရှိစေရန် အယ်ဒီလာ အရန်သင့် ပြင်ဆင်ထားခြင်း ဖြစ်သည်။
သူတို့ ထွက်ခွာသွားပြီး မကြာခင်မှာပင် သွေးနတ်ဘုရား ကိုင်းအာနှင့် မြောက်ပိုင်းဥရောပ နတ်ဘုရားများ ရောက်ရှိလာကြသည်။
အကယ်၍ အယ်ဒီလာသာ အနည်းငယ် တွေဝေနေခဲ့မည်ဆိုပါက သူတို့ကို စောင့်ကြိုနေမည့်အရာမှာ ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
ယခုအချိန်တွင်...
ထို လျှို့ဝှက် ပုန်းခိုရာနေရာလေး အတွင်း၌ လူတိုင်း၏ စိတ်အခြေအနေမှာ အလွန် ညှိုးငယ်နေကြသည်။
အထူးသဖြင့် ရွှယ်အန်းနောက်သို့ တောက်လျှောက် လိုက်ပါလာခဲ့သော အိုက်ရှီနှင့် ဟော့အာတို့ကဲ့သို့သော သွေးမျိုးနွယ်ဝင်များ၏ မျက်နှာတွင် စိတ်ဓာတ်ကျနေမှုများ ပြည့်နှက်နေသည်။
ထိုအခြေအနေကို မြင်သောအခါ အယ်ဒီလာက ခေါင်းကို အသာခါလိုက်သည်။
"ကဲပါ... အားလုံး စိတ်မကောင်းဖြစ်နေကြတယ်ဆိုတာ ကျွန်တော် သိပါတယ်။၊ ဒါပေမယ့် အမှတ်အသား ပျောက်သွားတာက အရှင် တကယ်ကျဆုံးသွားပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး"
အယ်ဒီလာ၏ စကားကို ကြားသောအခါ အိုက်ရှီနှင့် အခြားသူများ၏ မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည်သန်းလာသည်။
"အရှင် မသေသေးဘူးလို့ ဆိုလိုတာလား"
အိုက်ရှီက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
အယ်ဒီလာ ခေါင်းညိတ်လိုက်သည်။
"ကိုယ်တိုင် မျက်မြင် မတွေ့ရသရွေ့တော့ ဘာမဆို ဖြစ်နိုင်ပါတယ်"
ရှိနေသူများ၏ မျက်နှာထားများ အနည်းငယ် သက်သာရာ ရသွားကြသည်။
"ကဲ... အခု ကျွန်တော်တို့ လုပ်ရမှာက ဒီနေရာမှာ အင်အားမပျက်အောင် နေပြီး အရှင်ပြန်လာမယ့်အချိန်ကို စောင့်နေကြဖို့ပဲ"
"ဟုတ်ကဲ့"
လူတိုင်း လူစုခွဲသွားကြသည်။
သို့သော် အယ်ဒီလာ တစ်ယောက်တည်း ကျန်ရစ်ခဲ့ချိန်တွင် သူ့မျက်နှာ၌ နက်ရှိုင်းသော စိုးရိမ်မှုများ ပေါ်လာသည်။
"အရှင်... ကျွန်တော်တို့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်…”
အခန်း (၈၉၃) - ဤကမ္ဘာ၏ ကပ်ဘေး
လေပြင်းများ တိုက်ခတ်၍ တိမ်တိုက်များ လိမ့်တက်လာသည့် အချိန်မှာပင် ထို မသိနားမလည်နိုင်သော ကမ္ဘာကြီးထဲ၌ ရွှယ်အန်း မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ထို့နောက် သူ ခေါင်းမူးနေသကဲ့သို့ ခံစားလိုက်ရပြီး ကြွက်သားများ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။
ဒါက အချိန်နှင့် အာကာသကို ဖြတ်သန်းလာရတဲ့ နောက်ဆက်တွဲ ဒဏ်ရာများလား...
ရွှယ်အန်း အံ့သြနေစဉ်မှာပင် စိတ်လှုပ်ရှားနေသော ချိုသာသည့် အမျိုးသမီး အသံလေးတစ်ခုကို ကြားလိုက်ရသည်။
"သခင်လေး... သတိရလာပြီပဲ"
သခင်လေး?
ဘာလို့ ဒီအခေါ်အဝေါ်က နားထောင်ရတာ ထူးဆန်းနေရတာလဲ...
ရွှယ်အန်း ခေါင်းမော့ကြည့်လိုက်ရာ အသက် ၁၄၊ ၁၅ နှစ်ထက် မပိုလောက်သော ကောင်မလေးတစ်ဦး သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။
ထိုအချိန်တွင် ထိုကောင်မလေးသည် ကုတင်ရှေ့တွင် ယဉ်ကျေးသိမ်မွေ့စွာ ရပ်နေပြီး သူ့ကို တောက်ပစွာ ပြုံးပြနေသည်။
အခန်းထဲတွင် အလင်းရောင် မှိန်ဖျော့နေသော်လည်း ရွှယ်အန်းသည် ကောင်မလေး၏ ရုပ်ရည်သွင်ပြင်ကို သေချာစွာ မြင်တွေ့နေရသည်။
သူမ၏ အသားအရေမှာ ဖြူဝင်းချောမွတ်နေပြီး မျက်လုံးနှင့် မျက်ခုံးများမှာ ပန်းချီကားတစ်ချပ်အလား လှပနေသည်။ သူမသည် ရိုးရှင်းသော ရှေးခေတ် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ရယ်စရာကောင်းသော ဆံထုံးလေးတစ်ခု ထုံးထားသည်။
နေပါဦး...
ရှေးခေတ်ဝတ်စုံ ဟုတ်လား...
ရွှယ်အန်း၏ စိတ်အာရုံ လှုပ်ရှားသွားပြီး အခန်းပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။
အခန်းထဲရှိ ပရိဘောဂများမှာ အလွန်ရိုးရှင်းပြီး ကြမ်းပြင်သည်ပင်လျှင် မြေသားဖြစ်ကာ ကြာရှည် အသုံးပြုထားသဖြင့် အရောင်တောက်နေသည်။
အောက်မှ မာကျောသော အထိအတွေ့က ၎င်းသည် ကျိုးပဲ့နေသော သစ်သားကုတင်တစ်လုံး ဖြစ်ကြောင်း ရွှယ်အန်းကို အသိပေးနေသည်။
လေထုထဲတွင် ဆေးဖက်ဝင် အပင်များ၏ အနံ့ ပြင်းပြင်းထန်ထန် ရနေသည်။
ရွှယ်အန်း မျက်လုံးကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး အတွင်းပိုင်းရှိ ကျင့်ကြံခြင်းအဆင့်ကို စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
တကယ်ပဲ...
သူ့ခန္ဓာကိုယ်သည် သာမန်လူတစ်ယောက်အလယး ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။
"ကောင်းကင်နဲ့ မြေကြီးကို ဆန့်ကျင်ပြီး သံသရာကို လည်ပတ်... မဟာ ချိတ်ပိတ်ခြင်း နည်းစနစ်လား၊ ဟမ့်..."
ရွှယ်အန်း တိုးညှင်းစွာ ရေရွတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ချက် လက်သွားသည်။
ရွှယ်အန်း နားလည်လိုက်သည်။
သူသည် မဟာ ချိတ်ပိတ်ခြင်း နည်းစနစ်
ကြောင့် သံသရာစက်ဝန်းထဲသို့ ဆွဲခေါ်ခံလိုက်ရခြင်း ဖြစ်သည်။
ထို့အပြင် အခု သူရင်ဆိုင်ရမည်မှာ ဤကမ္ဘာကြီး၏ ကပ်ဘေးတစ်ခုဖြစ်သည်။
အခြား ကျင့်ကြံသူသာဆိုလျှင် ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံတွေ့ရပါက ကြောက်လန့်တကြား ဖြစ်သွားပေလိမ့်မည်။
သို့သော် ရွှယ်အန်းကမူ အနည်းငယ်မျှပင် ထိတ်လန့်ခြင်း မရှိပေ။
အထူးသဖြင့် ဤကမ္ဘာထဲသို့ ဝင်ရောက်လာစဉ်က သူခံစားလိုက်ရသော ရင်းနှီးသည့် အငွေ့အသက်ကို သတိရလိုက်သောအခါ သူ့နှုတ်ခမ်းပေါ်ရှိ အပြုံးများ ပိုမိုကျယ်ပြန့်လာသည်။
သို့သော် ထိုကောင်မလေးသည် အနည်းငယ် ရိုးအနုံအပုံရသည်။ သူမသည် ထိုအချက်များကို သတိမထားမိဘဲ စကားများကိုသာ တရစပ် ပြောနေလေသည်။
"သခင်လေး မနေ့ညကတည်းက အိပ်ပျော်နေတာ အခုမှပဲ နိုးလာတော့တယ်၊ ချန်အာဖြင့် သခင်လေးအတွက် အရမ်း စိတ်ပူနေတာ၊ ဟွန့်... ဟို စိတ်ပုတ်တဲ့ ဆိုင်ရှင်ကြီးက သခင်လေး ရောဂါပြင်းထိ်နေပြီ၊ သိပ်အကြာကြီး မနေရတော့ဘူးလို့တောင် ပြောသေးတယ်၊ သူ့မျက်နှာကို ခွေးချေးနဲ့ ပစ်ချင်စိတ်ပေါက်မိတယ်"
"သခင်လေးက စာမေးပွဲတွေအောင်ပြီး အရာရှိကြီး ဖြစ်လာဦးမှာ၊ ဒီလိုနေရာစုတ်မှာ ဘယ်လိုလုပ်သေရမှာလဲ၊ ဪ... သခင်လေး ဗိုက်ဆာနေပြီလား၊ ဟို စိတ်ပုတ်တဲ့ ဆိုင်ရှင်ကြီးက ချန်အာ့ကို သေချာ စောင့်ကြည့်နေပေမယ့် ဘယ်လိုလုပ် ချန်အာ့ကို နိုင်မှာလဲ၊ မနေ့ညက သူအိပ်ပျော်နေတုန်း မီးဖိုချောင်ထဲ ခိုးဝင်ပြီး မုန့်အကြီးကြီးတစ်တုံး ခိုးလာခဲ့တယ်၊ ဟီးဟီး... ချန်အာက မတော်ဘူးလား"
ထိုသို့ပြောရင်း ကောင်မလေးသည် သူမ၏ ရင်ဘတ်ထဲမှ ပြောင်းဖူးမုန့် အကြီးကြီးတစ်တုံးကို ဂရုတစိုက် ထုတ်ယူပြီး ကမ်းပေးလိုက်သည်။
ရွှယ်အန်း ငုံ့ကြည့်လိုက်ရာ ကောင်မလေး၏ ကိုယ်သင်းနံ့ သင်းပျပျလေး ရနေသော ထိုပြောင်းဖူးမုန့်ပေါ်တွင် ကိုက်ရာရာလေး တစ်ခု ပါနေသည်ကို တွေ့လိုက်ရသည်။
ကိုက်ရာလေးကို စိုက်ကြည့်နေသော ရွှယ်အန်း၏ အပြုံးမပီသော မျက်နှာကို မြင်လိုက်ရသောအခါ ကောင်မလေး မျက်နှာရဲသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
"သခင်လေး... ဒီနေ့ ချန်အာ အရမ်းဗိုက်ဆာလို့ တစ်ကိုက်ပဲ ခိုးကိုက်လိုက်တာပါ၊ ချန်အာ ကျန်ဆိုပါတယ်... တကယ် တစ်ကိုက်တည်း စားလိုက်တာပါ"
ထိုသို့ပြောရင်း ကောင်မလေးသည် ကြက်သွန်မြိတ်လေးလို သေးသွယ်သော လက်ညှိုးလေးကို ထောင်ပြလျက် လေးနက်သော မျက်နှာထားဖြင့် ပြောရှာသည်။
ရိုးသားဖြူစင်သော မျက်နှာလေးနှင့် ထိုကောင်မလေးကို ကြည့်ရင်း ရွှယ်အန်း၏ ရင်ထဲတွင် အကြောင်းပြချက်မရှိဘဲ နွေးထွေးသွားသည်။
ဒီကောင်မလေးက အစေခံမလေး ဖြစ်ရမယ်...
သူမ၏ အသက်အရွယ်အရဆိုလျှင် ကမ္ဘာမြေတွင်သာဆိုလျှင် အလယ်တန်းကျောင်းသူ အရွယ်သာ ရှိဦးမည်။
သို့သော် ဤကမ္ဘာတွင်တော့ သူမသည် အလွန်လိမ္မာရေးခြားရှိနေပြီဖြစ်ကာ ခိုးလာသော မုန့်ကိုပင် မစားရက်ဘဲ သူမ၏ သခင်လေးကို ပေးချင်နေသည်။
ထိုမျှ ဖြူစင်သန့်ရှင်းသော မိန်းမပျိုလေးကို မြင်လိုက်ရသဖြင့် ရွှယ်အန်း၏ စိတ်အခြေအနေမှာ ပြောမပြတတ်အောင် ကြည်လင်သွားသည်။
"အင်း... မိန်းကလေး နာမည်က ဘယ်လိုခေါ်လဲ"
"ဟင်"
ကောင်မလေးက ရွှယ်အန်းကို သံသယဖြင့် ကြည့်လိုက်ပြီး သူ့နဖူးကို လှမ်းစမ်းလိုက်သည်။
"ကိုယ်လည်း သိပ်မပူပါဘူး၊ သခင်လေး... အိပ်ချင်မူးတူး ဖြစ်နေတာလား၊ ချန်အာက သခင်လေး ငယ်ငယ်ကတည်းက ပြုစုစောင့်ရှောက်လာတဲ့ အစေမလေး ယဲ့ရှောင်ချန်လေ"
ယဲ့ရှောင်ချန်..."
ရွှယ်အန်း တိုးညှင်းစွာ ရေရွတ်လိုက်ပြီးနောက် ပုံရိပ်များစွာ သူ့ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။
ထိုပုံရိပ်များအားလုံးသည် ကောင်လေးတစ်ယောက်အကြောင်း ဖြစ်သည်။ ထို့အပြင် ဤကောင်လေး၏ နာမည်သည်လည်း ရွှယ်အန်းပင် ဖြစ်သည်။ ထိုပုံရိပ်များကို အမြန်ကြည့်ရှုပြီးနောက် ရွယ်အန်းသည် ထိုကောင်လေး၏ နောက်ခံနှင့် အတိတ်ကို အကြမ်းဖျင်း နားလည်လိုက်သည်။ အတိုချုပ်ပြောရလျှင် ဤသည်မှာ ပြီးပြည့်စုံလုနီးပါး ကူးပြောင်းခြင်း ပုံစံခွက်တစ်ခုပင် ဖြစ်သည်။ ၎င်းသည် ဆင်းရဲမွဲတေစွာ မွေးဖွားလာသော်လည်း စာပေကို ကြိုးကြိုးစားစား လေ့လာသင်ယူခဲ့သည်။ သို့သော် ယနေ့ထက်ထိ မည်သည့်အောင်မြင်မှုမျှ မရရှိသေးပေ။ သူ့ဘေးနားတွင် သူငယ်စဉ်က ကောက်ယူမွေးစားခဲ့သော အစေခံမလေး ယဲ့ရှောင်ချန် တစ်ယောက်သာ ရှိသည်။
ဒီတစ်ခေါက်တွင်တော့ ကျင်းတုမြို့တော်သို့ သွားရောက်ပြီး စာမေးပွဲဖြေဆိုကာ ရာထူးဂုဏ်ရှိန် ရယူရန်အတွက် ငွေကြေးအလုံအလောက် စုဆောင်းနိုင်ခဲ့သည်။
သို့သော် လမ်းခုလတ်တွင် ဖျားနာပြီး တည်းခိုခန်းတစ်ခုတွင် လဲကျသွားခဲ့သည်။
ကုသစရိတ်အတွက် ရှိသမျှ အရင်းအနှီးများ ကုန်ခမ်းသွားသည့်အပြင် တည်းခိုခန်းခပင် အချိန်ကြာမြင့်စွာ ပေးချေနိုင်ခြင်း မရှိတော့ဘဲ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်သည် ရောဂါဝေဒနာ ခံစားရပြီး တိတ်တဆိတ် သေဆုံးသွားခဲ့ရသည်။ ထို့နောက်တွင် ရွှယ်အန်း ဤနေရာသို့ ရောက်လာခြင်း ဖြစ်သည်။
သို့သော်...
ထိုအရာအားလုံးသည် သူ့ခေါင်းထဲမှ မှတ်ဉာဏ်တစ်ခုသာ ဖြစ်သည်။ ဤအပေါ်တွင် ရွယ်အန်းက ဝေဖန်ပိုင်းခြားခြင်း မပြုပေ။ အဘယ်ကြောင့်ဆိုသော် မဟာချိတ်ပိတ်ခြင်း နည်းစနစ်၏ ကြောက်စရာကောင်းသည့် အချက်မှာ ချိတ်ပိတ်ခံရသူကို သံသရာ ပြန်လည်လည်ပတ်စေနိုင်ခြင်းကြောင့် ဖြစ်သည်။
ဤသံသရာ စက်ဝန်းထဲတွင် ဘယ်ဟာက အစစ်၊ ဘယ်ဟာက အတုလဲ ဆိုသည်ကို ဘယ်တော့မှ သိနိုင်မည် မဟုတ်ပေ။ ရွှယ်အန်း ရောက်လာခြင်းကို လက်ခံရန်အတွက် ဒီခန္ဓာကိုယ်နှင့် ဒီအထောက်အထားကို ဖန်တီးထားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ရွှယ်အန်း၏ မျက်နှာအမူအရာ အမျိုးမျိုးပြောင်းလဲလျက် တွေးတောနေသည်ကို မြင်သောအခါ ယဲ့ရှောင်ချန်မှာ လန့်ဖျပ်သွားသည်။
ရက်ပေါင်းများစွာ ဖျားနာပြီးနောက် သူမ၏ သခင်လေး ဦးနှောက်ပျက်သွားပြီဟုပင် သူမ ထင်မှတ်လိုက်သည်။ သူမသည် ငိုသံပါသောလေသံဖြင့် ပြောလိုက်သည်။
"သခင်လေး... ဘာဖြစ်တာလဲဟင်၊ ချန်အာ့ကို မခြောက်ပါနဲ့"
ရွှယ်အန်းသည် အတွေးကမ္ဘာထဲမှ ပြန်လည် ရောက်ရှိလာပြီး ခေါင်းခါကာ ရယ်မောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး... ငါ အိပ်တာကြာသွားလို့ ခေါင်းနည်းနည်း ထုံနေတာပါ၊ အခု အဆင်ပြေသွားပါပြီ"
"တကယ်လား၊ ဘာမှမဖြစ်ဘူးနော်"
ယဲ့ရှောင်ချန် က သတိထားပြီး မေးလိုက်သည်။
ရွှယ်အန်းက ပြုံး၍ ခေါင်းညိတ်ပြသည်။ ယဲ့ရှောင်ချန်သည် ရင်ဘတ်ကို ဖိလျက် သက်ပြင်းချလိုက်သည်။
"သေတောင် သေချင်သွားတာပဲ သခင်လေးရယ်၊ သခင်လေး ချန်အာ့ကို မေ့သွားပြီတောင် ထင်လိုက်တာ၊ သခင်လေး အဆင်ပြေတယ်ဆို ပြီးတာပါပဲ၊ သခင်လေး... တစ်ခုခု စားလိုက်ဦးနော်"
ယဲ့ရှောင်ချန်သည် ပြောပြောဆိုဆိုနှင့် ပြောင်းဖူးမုန့်ကို ရွှယ်အန်း လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
ရွှယ်အန်းမှာ ရယ်လည်းရယ်ချင်၊ စိတ်လည်း လှုပ်ရှားသွားရသည်။ သူသည် ဤရိုးသားနုံ၍ ချစ်စရာကောင်းသော ကောင်မလေးကို အလွန်သဘောကျသွားပြီး စကားပြောရန် ပြင်လိုက်သည်။
ထိုအချိန်၌ပင်...
အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီးနောက် တစ်စုံတစ်ယောက်က စိတ်မရှည်စွာ ပြောလိုက်သည်။
"ကောင်မစုတ်လေး... ဒီနေ့ တည်းခိုခန်းခ မပေးနိုင်ရင် မင်းဘာပြောပြော ထွက်သွားရမယ်"
ထိုအသံနှင့်အတူ တံခါးမှာ ဝုန်းခနဲ ကန်ဖွင့်ခံလိုက်ရသည်။ ထို့နောက် ယုတ်မာသောမျက်နှာထားနှငိ့ ဆိုင်ရှင်တစ်ဦး ဝင်လာသည်။ ထိုဆိုင်ရှင် ဝင်လာသောအခါ ကုတင်ပေါ်တွင် ထိုင်နေသော ရွှယ်အန်းကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့သြသွားပြီးနောက် လှောင်ပြုံးပြုံးလိုက်သည်။
"ဟော... မင်းက မသေဘဲ ပြန်သတိရလာတာ ကံကောင်းလှချည်လား၊ ကွက်တိပဲ... သခင်လေးက နိုးလာပြီဆိုတော့ တည်းခိုခန်းခ မြန်မြန်ရှင်းပေးပေတော့၊ အဲ့လိုမဟုတ်ရင်..."
ဆိုင်ရှင်၏ မျက်လုံးများက ယဲ့ရှောင်ချန် ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားပြီး လောဘရမ္မက်များဖြင့် ကြည့်ရှုလိုက်လေသည်။
အခန်း (၈၉၄) - ရန်လိုသော အပြုအမူ
ဆိုင်ရှင်၏ မျက်လုံးများထဲမှ လောဘရမ္မက်ကို ခံစားမိလိုက်သဖြင့် ယဲ့ရှောင်ချန် ၏ လှပသော မျက်နှာလေးမှာ ချက်ချင်း ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာကာ အလွန် ကြောက်ရွံ့နေပုံရသည်။
"ဆိုင်ရှင် ဦးလေးကြီး... ကျေးဇူးပြုပြီး နောက်ထပ် ရက်နည်းနည်းလောက် အချိန်ပေးပါဦး၊ အခု သခင်လေးလည်း သတိရလာပြီဆိုတော့ တည်းခိုခ အပြည့်အဝကို မကြာခင် ပြန်ပေးနိုင်တော့မှာပါ"
ယဲ့ရှောင်ချန် က နာခံသော လေသံဖြင့် တောင်းပန်လိုက်သည်။
သို့သော် ဆိုင်ရှင်သည်တော့ စိတ်မပြောင်းဘဲ အေးစက်စွာ ရယ်မောလိုက်သည်။
"ကောင်မလေး... ဒီစကားကို ငါကြားရတာ ၁၀ ခါမကတော့ဘူး၊ နားညည်းနေပြီကွ ငါပြောမယ်... ဒီနေ့ ငွေမပေးနိုင်ရင် ဘာမှ လာမပြောနဲ့တော့"
ယဲ့ရှောင်ချန်၏ မျက်နှာတွင် မျှော်လင့်ချက် ကင်းမဲ့သော အရိပ်အယောင်များ ပေါ်လာသည်။
သခင်လေး ဖျားနေတာ အလွန်ကြာပြီ ဖြစ်သဖြင့် ၎င်းတို့ စုဆောင်းထားသမျှ ငွေကြေးအားလုံး ကုန်သွားပြီဖြစ်သည်။ ယဲ့ရှောင်ချန်သည် သူမ ပါလာသမျှ အဝတ်အစားများကိုပင် ပေါင်နှံရောင်းချခဲ့ရပြီး ယခုအခါ သူမဝတ်ဆင်ထားသော ပါးလွှာသည့် ဝတ်စုံတစ်ထည်သာ ကျန်တော့သည်။
၎င်းတို့တွင် ပြေးစရာလမ်းပေါက် မရှိတော့ချေ။
ထိုသို့သာမဟုတ်ပါက သူမလို မိန်းကလေးတစ်ယောက်သည် သန်းခေါင်ယံအချိန်ကြီး မီးဖိုချောင်ထဲ ခိုးဝင်ပြီး ပြောင်းဖူးမုန့် ခိုးစရာအကြောင်း မရှိပေ။
အခု ဆိုင်ရှင်ကြီးက ဒီလောက် ရန်လိုနေပြီး တည်းခိုခ အကြွေးအားလုံးကို ဒီနေ့ အကျေပေးရမည်ဟု တောင်းဆိုနေမှတော့ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ...
ယဲ့ရှောင်ချန် စိတ်ထဲတွင် အလွန် မသက်မသာ ဖြစ်နေပြီး ရွှယ်အန်းဘက်သို့ လှည့်ကြည့်ကာ သူမ သခင်လေးတွင် နည်းလမ်းတစ်ခုခု ရှိလိမ့်မည်ဟု မျှော်လင့်မိသည်။
သို့သော် ထိုအချိန်တွင် သခင်လေးသည် ခေါင်းငုံ့ထားပြီး စကားတစ်ခွန်းမျှ မပြောဘဲ နေနေသည်ကို သူမ တွေ့လိုက်ရသည်။
ယဲ့ရှောင်ချန်၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများ ဖြတ်ပြေးသွားသည်။
ဟုတ်တာပေါ့...
သခင်လေးက အခုမှ ပြင်းထန်တဲ့ အဖျားရောဂါကနေ သက်သာလာတာလေ၊ သူ့မှာ ဘယ်လိုလုပ် အကြံဥာဏ် ရှိနိုင်မှာလဲ...
ထိုအချိန်တွင် ဆိုင်ရှင်က ပြောလိုက်သည်။
"ဘာဖြစ်တာလဲ၊ ပြောစရာမရှိတော့ဘူးလား၊ သခင်လေးရွှယ်... ခင်ဗျားက ပညာတတ်တစ်ယောက်ပဲ၊ တည်းခိုခ ပေးရမယ်ဆိုတာ သဘာဝကျတာပဲလေ၊ ဒီသဘောတရားကိုတော့ ခင်ဗျား နားလည်မှာပါနော်"
ဆိုင်ရှင်သည် အပေါ်ယံတွင် ယဉ်ကျေးဟန်ဆောင်ထားသော်လည်း 'သခင်လေးရွှယ်' ဟု ခေါ်လိုက်ချိန်တွင် သူ၏ လေသံမှာ တမင်တကာ လှောင်ပြောင်လိုစိတ်များ ပါဝင်နေသည်။
အထူးသဖြင့် ရွှယ်အန်း ခေါင်းငုံ့ကာ စကားမပြောဘဲ နေနေသည်ကို မြင်သောအခါ သူ အလွန် အထင်သေးသွားသည်။
အသုံးမကျတဲ့ စာဂျပိုးကောင်...
ဒီစကားပုံက တကယ်မှန်တာပဲ...
သခင်လေးချန် ခိုင်းလိုက်တဲ့ကိစ္စက နောက်ဆုံးတော့ တိုးတက်လာပြီနဲ့ တူတယ်...
ဆိုင်ရှင်သည် စိတ်ထဲတွင် ကျေနပ်ဂုဏ်ယူစွာ တွေးလိုက်သည်။
သို့သော် ထိုအချိန်တွင် ရွှယ်အန်း၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာသည်ကို သူ လုံးဝ သတိမထားမိခဲ့ပေ။
ရွှယ်အန်း၏ ကျင့်ကြံခြင်းအဆင့်သည် ယာယီ ချိတ်ပိတ်ခံထားရသော်လည်း သာမန်လူထက် အဆများစွာ သာလွန်သော သူ၏ အာရုံခံနိုင်စွမ်းများကတော့ ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် ဤဆိုင်ရှင် ဝင်လာကတည်းက အပြင်ဘက် ခပ်လှမ်းလှမ်းတွင် တစ်စုံတစ်ယောက်က ဤနေရာကို ချောင်းမြောင်းကြည့်ရှုနေပြီး ထိုသူ၏ အကြည့်များထဲတွင် လိုချင်တပ်မက်မှုများ ပြည့်နှက်နေသည်ကို ရွှယ်အန်း သတိထားမိသည်။
ဆိုင်ရှင်၏ ရန်လိုသော အပြုအမူနှင့် ချန်အာ့ကို ကြည့်သော လောဘရမ္မက်အကြည့်များက ရွှယ်အန်း၏ သံသယများကို အတည်ပြုပေးလိုက်သည်။
ဒီကောင့်ကို နောက်ကွယ်က တစ်ယောက်ယောက်က ကြိုးကိုင်ထားတာ သေချာတယ်...
ထိုအချိန်တွင် ချန်အာက စိတ်ဆိုးဒေါသထွက်သော လေသံဖြင့် ပြောလိုက်သည်။
"ဆိုင်ရှင် ဦးလေးကြီး... ကျွန်မ သခင်လေးက အခုမှ နေပြန်ကောင်းလာတာ၊ အားအရမ်းနည်းနေသေးတယ်၊ ဒါကြောင့် ယဉ်ယဉ်ကျေးကျေး ပြောပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်"
"ယဉ်ကျေးရမယ် ဟုတ်လား"
ဆိုင်ရှင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ကောင်းပြီလေ... ငွေထုတ်ပေးလိုက်၊ ဒါဆို ငါ သိပ်ယဉ်ကျေးပြလိုက်မယ်၊ မပေးနိုင်ရင်တော့ ဟန်ဆောင်မနေနဲ့"
"ရှင်..."
ယဲ့ရှောင်ချန် ဒေါသထွက်သွားပြီး မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လာသည်။
ထိုအချိန်၌ပင် လက်တစ်ဖက်က သူမ၏ ပခုံးသေးသေးလေးကို ဖွဖွလေး ပုတ်လိုက်သည်။
"ချန်အာ... ဘေးဖယ်နေလိုက်ပါ"
ယဲ့ရှောင်ချန် လန့်သွားပြီး လှည့်ကြည့်လိုက်သည်။
ရွှယ်အန်းသည် ဘယ်အချိန်က ကုတင်ပေါ်မှ ဆင်းလိုက်သည်မသိပဲ ယခုအခါ ကုတင်ဘေးတွင် မတ်တတ်ရပ်လျက် သူမကို ပြုံးပြနေသည်။
"သခင်လေး..."
ယဲ့ရှောင်ချန်က စိုးရိမ်တကြီး ခေါ်လိုက်သည်။
ရွှယ်အန်းသည် သူမကို တိတ်တိတ်နေရန် လက်ကာပြလိုက်ပြီး ရှေ့မှ ဆိုင်ရှင်ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
"ကျွန်တော် ခင်ဗျားကို စုစုပေါင်း ငွေဘယ်လောက် ပေးရမှာလဲ"
ဆိုင်ရှင်သည် လှောင်ပြောင်ရန် ရည်ရွယ်ထားသော်လည်း ရွှယ်အန်း၏ တည်ငြိမ်သော အကြည့်ကို မြင်လိုက်ရသောအခါ အကြောင်းပြချက်မရှိဘဲ ကျောချမ်းသွားပြီး အလိုအလျောက် ပြန်ဖြေလိုက်မိသည်။
"စုစုပေါင်း ငွေ ၁၈ပြားနဲ့ ၃ချန် ကျတယ်"
"ရှင် လျှောက်ပြောမနေနဲ့... ဘယ်လိုလုပ် အဲ့လောက် ကျမှာလဲ"
ယဲ့ရှောင်ချန် ဒေါသတကြီး ပြောလိုက်ပြီး မျက်နှာလေး ရဲသွားသည်။
"ကောင်မလေး... ငါ့ဆိုင်ခန်းငှားခကို မပေးဘဲ အချိန်ဆွဲထားတာ ဒီလောက်ကြာနေပြီ၊ အတိုးတော့ ရှိမှာပေါ့၊ အတိုးပေါ် အတိုးဆင့်တော့ ဒီလောက် ကျတာလေ!"
ဆိုင်ရှင်က အေးစက်စွာ ပြန်ပက်လိုက်သည်။
"ရှင်..."
ယဲ့ရှောင်ချန် ထပ်ပြောရန် ပြင်လိုက်သည်။
ရွှယ်အန်းက တည်ငြိမ်စွာ ဝင်ပြောလိုက်သည်။
"ကောင်းပြီလေ... ကျွန်တော် ခင်ဗျားကို ငွေပြား၂၀ပေးမယ်"
ဘာ...
အပြား၂၀ ဟုတ်လား...
ဆိုင်ရှင်သာမက ချန်အာပါ ကြောင်အသွားကြသည်။
ထို့နောက် ဆိုင်ရှင်သည် ရွှယ်အန်းကို အံ့သြသကဲ့သို့ ကြည့်လိုက်သည်။
တစ်ချိန်က အသုံးမကျသော ကောင်ဟု ထင်ခဲ့ရသော ဤစာပေပညာရှင်သည် ယခုအခါ အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေကြောင်း သူရုတ်တရက် သတိထားမိလိုက်သည်။
သူသည် ထိုနေရာတွင် ရပ်နေရုံသာ ဖြစ်သော်လည်း ဒေါသမထွက်ဘဲနှင့်ပင် မွေးရာပါ ဂုဏ်သိက္ခာနှင့် မြင့်မြတ်မှု အရှိန်အဝါများ ထွက်ပေါ်နေသည်။
သခင်လေးချန်တောင်မှ ဒီလို အရှိန်အဝါမျိုး မရှိပေ။
ဆိုင်ရှင် အနည်းငယ် တွန့်ဆုတ်သွားသော်လည်း ဆက်ပြောလိုက်သည်။
"ကဲ... ဒါဆို ထုတ်ပေးလေ"
ထိုသို့ပြောရင်း သူသည် ရွှယ်အန်းထံ လက်ဖြန့်လိုက်သည်။
ရွှယ်အန်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"ဒါပေမယ့် အခု မဟုတ်ဘူး"
ဆိုင်ရှင်၏ မျက်နှာထား မည်းမှောင်သွားသည်။
"သခင်လေးရွှယ်... ခင်ဗျား ကျုပ်ကို တမင်သက်သက် အရူးလုပ်နေတာလား"
ရွှယ်အန်းက ခေါင်းခါလိုက်သည်။
"မဟုတ်တာ"
"ဒါဆို ခင်ဗျား..."
ရွှယ်အန်း သူ့စကားကို ဖြတ်ပြောလိုက်သည်။
"မနက်ဖြန် နေထွက်ချိန်ကျရင် ခင်ဗျားကို ငွေပြား ၂၀ ပေးမယ်လို့ အာမခံတယ်"
"ဟမ့်... ကျုပ်လည်း အဲ့လို ပြောတတ်တာပဲ၊ ဘယ်သူက ယုံမှာလဲ"
ဆိုင်ရှင်က မထီမဲ့မြင် ပြုကာ ရွှယ်အန်း အချိန်ဆွဲနေသည်ဟု တွေးလိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်းသည် သူ့ဘေးမှ ယဲ့ရှောင်ချန်ကို လက်ညှိုးထိုးပြပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အဲ့ဒီအချိန်ကျမှ ကျွန်တော် ကတိမတည်နိုင်ဘူးဆိုရင် ကျွန်တော့်ရဲ့ ဒီအစေခံမလေးကို ခင်ဗျား ယူလိုက်ပါ"
ဆိုင်ရှင် ကြောင်သွားသည်။
ယဲ့ရှောင်ချန်လည်း ကြက်သေသေသွားသည်။
ခဏကြာမှ ဆိုင်ရှင်၏ မျက်လုံးများတွင် ဝမ်းသာမှု အရိပ်အယောင်များ တောက်ပလာသည်။
"သခင်လေးရွှယ်... ဒါ ခင်ဗျားကိုယ်တိုင် ကတိပေးတာနော်၊ အဲ့ဒီအချိန်ကျမှ စကားမပြင်နဲ့"
ရွှယ်အန်းလည်း ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့"
"ကောင်းပြီ၊ သိပ်ကောင်းတယ်... ဒါဆို ခင်ဗျားကို နောက်ထပ် တစ်ရက် အချိန်ပေးမယ်၊ မနက်ဖြန် နေထွက်ချိန်ကျရင် ငွေလာယူမယ်၊ အဲ့ကျမှ မပေးနိုင်ရင်တော့... ဟမ့်... ကျုပ် မယဉ်ကျေးဘူးလို့ အပြစ်မတင်နဲ့"
ထိုသို့ပြောပြီးနောက် ဆိုင်ရှင်သည် မျက်နှာဖြူဖျော့နေသော ယဲ့ရှောင်ချန်ကို ကျေနပ်စွာ ကြည့်လိုက်ပြီး သနားချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
"မိန်းကလေးချန်အာ... ကြည့်ရတာ မင်းသခင်လေးက မင်းကို သိပ်တန်ဖိုးမထားဘူးနဲ့ တူတယ်"
ထိုသို့ပြောပြီးနောက် ဆိုင်ရှင်သည် ကျေနပ်သော မျက်နှာထားဖြင့် ထွက်ခွာသွားလေသည်။
အခန်းထဲတွင် ယဲ့ရှောင်ချန်နှင့် ရွှယ်အန်းတို့ နှစ်ယောက်တည်း ကျန်ရစ်ခဲ့သောအခါ ယဲ့ရှောင်ချန် အော်ငိုလိုက်သည်။
"သခင်လေး... ချန်အာ့ကို မစွန့်ပစ်ပါနဲ့၊ ချန်အာ သခင်လေးရဲ့ အဝတ်တွေ လျှော်ပေးမယ်၊ ထမင်းချက်ပေးမယ်၊ ကြီးလာရင် သခင်လေးအတွက် ကလေးမွေးပေးလို့လည်း ရပါတယ်၊ ကျေးဇူးပြုပြီး ချန်အာ့ကို ဆိုင်ရှင်ကြီးဆီ ရောင်းမစားပါနဲ့"
ထိုသို့ပြောရင်း ယဲ့ရှောင်ချန် ဒူးထောက်ချလိုက်သည်။
ရွှယ်အန်း သူမကို အမြန် တွဲထူလိုက်သည်။
"ငတုံးမလေး... ငါက ဘယ်လိုလုပ် မင်းကို သူတို့ဆီ ရောင်းစားရမှာလဲ"
"ဒါပေမယ့်..."
ယဲ့ရှောင်ချန်က မျက်ရည်များကြားမှ မေးလိုက်သည်။
ရွှယ်အန်းလည်း ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့... အဲ့ဒီအချိန်ကျရင် ငါ့မှာ အကြံရှိပါတယ်"
ယဲ့ရှောင်ချန် ထပ်မေးချင်သော်လည်း မမေးရဲတော့ပေ။ သူမ မျက်ဝန်း၏နက်ရှိုင်းသော နေရာတွင် ထိတ်လန့်ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းများ ရှိနေဆဲဖြစ်သည်။
ရွှယ်အန်း သတိမေ့နေစဉ်က ထိုဆိုင်ရှင်ကြီးသည် အကြောင်းပြချက် အမျိုးမျိုးပြကာ သူမကို အခွင့်ကောင်းယူရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။
သူမသည် အကြိမ်တိုင်းတွင် မနည်းကာကွယ်ခဲ့ရသည်။
သခင်လေး သတိရလာလျှင် အခြေအနေများ ကောင်းမွန်လာလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့သည်။
သို့သော် မထင်မှတ်ထားသည်မှယ သခင်လေးက သူမကို ရောင်းစားရန် ကြံစည်နေခြင်း ဖြစ်သည်။
သဘာဝကျစွာပင် ယဲ့ရှောင်ချန်၏ စိတ်နသည် မှောင်မိုက်သော မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်သွားသည်။
မည်သို့ပင်ဖြစ်စေ သူမ၏ အမြင်တွင် ငွေပြား၂၀ ဆိုသည်မှာ မိုးထိအောင် မြင့်မားသော ပမာဏ ဖြစ်သည်။
တစ်ရက်တည်းအတွင်း စုဆောင်းရန်မှာ မဖြစ်နိုင်ပေ။
ထိုအချိန်တွင် ရွှယ်အန်းက မေးလိုက်သည်။
"ဗိုက်ဆာလား"
ယဲ့ရှောင်ချန်သည် ဂျောက်ဂျက်လေးတစ်ခုပမာ ခေါင်းကိုတွင်တွင် ခါလိုက်ပြီး ရွှယ်အန်းကို သတိထားကာ ကြည့်လိုက်သည်။
"သခင်လေး... ချန်အာ ဗိုက်မဆာပါဘူး၊ ချန်အာ နောက်ထပ် ၃ ရက်လောက် ထမင်းမစားဘဲ နေနိုင်ပါတယ်"
သူမ ဗိုက်ဆာသည်ဟု ဝန်ခံလိုက်လျှင် ရွှယ်အန်းက သူမကို အပြီးအပိုင် ရောင်းစားလိုက်မည်ကို သူမ အလွန် ကြောက်ရွံ့နေသည်။
ရွှယ်အန်းသည် စိတ်မကောင်းဖြစ်သွားပြီး သူမ၏ ခေါင်းလေးကို ဖွဖွလေး ပွတ်ပေးလိုက်သည်။
"လာပါ... မင်းက ကြီးထွားတဲ့အရွယ် ရောက်နေတာလေ၊ အစာငတ်ခံလို့ ဘယ်ဖြစ်မလဲ သွားကြစို့"
"သခင်လေး... ဘယ်သွားမလို့လဲဟင်"
"မင်းကို စားကောင်းသောက်ကောင်းတွေ လိုက်ကျွေးမလို့ပေါ့”