အခန်း (၈၉၅-၈၉၇)
Vol. 60 Ch. 895-897
အခန်း (၈၉၅) - အကောင်းဆုံး စားသောက်ပွဲကြီးတစ်ပွဲ ပြင်ပေးစမ်း
ဤတည်းခိုခန်းသည် ပုံမှန် ဆိုင်ခန်းတွဲ အဆောက်အဦးပုံစံ ဖြစ်သည်။
လမ်းမဘက်တွင်ရှိသော ရှေ့ဘက်အခြမ်းကို ခရီးသွားများ နားနေစားသောက်ရန် စားသောက်ဆိုင်အဖြစ် ဖွင့်လှစ်ထားပြီး နောက်ဘက်အခြမ်းတွင်တော့ တည်းခိုရန် ဧည့်ခန်းများ ပါရှိသည်။
အလွန်မကျယ်ဝန်းသော်လည်း သန့်ရှင်းသပ်ရပ်စွာရှိသည်။ ထို့အပြင် မြို့၏ အဓိကလမ်းမကြီးပေါ်တွင် တည်ရှိသောကြောင့် စီးပွားရေး အတော်ကောင်းမွန်သည်။
မွန်းတည့်ချိန် ဖြစ်သောကြောင့် ရှေ့ဘက် စားသောက်ဆိုင်မှ မွှေးပျံ့သော အစားအစာနံ့များ လွင့်ပျံလာရာ မည်သူ့ကိုမဆို သွားရည်ကျစေသည်။
အနည်းဆုံးတော့ ရွှယ်အန်းသည် ချန်အာ တံတွေးကို ခိုးမြိုချနေသည်ကို တစ်ကြိမ်မက မြင်ခဲ့ရသည်။
အချိန်ကြာမြင့်စွာ အစာငတ်ခံခဲ့ရသဖြင့် မိန်းကလေးမှာ ဗိုက်ဆာလွန်း၍ ဟန်မဆောင်နိုင်တော့ပေ။
ထို့ကြောင့် လေထုထဲတွင် ပျံ့လွင့်နေသော အစားအစာနံ့များက သူမအတွက်တော့ နှိပ်စက်မှုတစ်ခုပင် ဖြစ်နေသည်။
သို့သော် ရောင်းစားခံရမည်ကို ကြောက်ရွံ့နေသောကြောင့် ချန်အာက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
"သခင်လေး... မသွားရအောင်နော်... ကျွန်မတို့တွေဆီမှာ ပြောင်းဖူးမုန့် တစ်ဝက်ကျန်သေးတယ်လေ၊ သခင်လေးပဲ စားလိုက်ပါ... ချန်အာက ရေများများသောက်လိုက်ပါ့မယ်"
ရွှယ်အန်းသည် ခြေလှမ်းများ ရပ်တန့်လိုက်ပြီး ထိုကောင်မလေးကို တိတ်ဆိတ်စွာ လှည့်ကြည့်လိုက်သည်။
ရွှယ်အန်း၏ အကြည့်အောက်တွင် ချန်အာ နေမထိထိုင်မသာ ဖြစ်သွားပြီး ခေါင်းငုံ့ကာ သူမ၏ ဝတ်စုံစွန်းကို လက်ဖြင့် လိမ်ကစားနေမိသည်။
"ချန်အာ... မင်း ငါ့ကို တကယ် စိတ်ပျက်စေတာပဲ"
ယဲ့ရှောင်ချန် တုန်လှုပ်သွားသည်။
"သခင်လေး..."
ရွှယ်အန်း ခေါင်းခါလိုက်သည်။
"မင်း ငါ့စကားကို နားမထောင်တော့ဘူးလို့ ပြောချင်တာလား"
ယဲ့ရှောင်ချန် အလျင်အမြန် ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး... သခင်လေးစကားကို ချန်အာ ဘယ်လိုလုပ် နားမထောင်ဘဲ နေမှာလဲ... ဒါပေမယ့်..."
"ဒါပေမယ့်ဆိုတာ မရှိဘူး၊ ငါက စားသောက်ပွဲကြီး လုပ်မယ်လို့ ပြောပြီးမှတော့ တကယ် လုပ်ရမှာပေါ့၊ ငါ့နောက် လိုက်ခဲ့"
ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်ပြီး ရှေ့ဘက် စားသောက်ဆိုင်ဆီသို့ ယုံကြည်မှုရှိရှိ လျှောက်သွားလိုက်သည်။
ယဲ့ရှောင်ချန်သည် ရွှယ်အန်း၏ ကျောပြင်ကို ကြည့်ကာ သခင်လေးသည် ပြင်းထန်သော ဖျားနာမှုမှ ပြန်ကောင်းလာပြီးနောက် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ စကားပြောသည့် လေသံကအစ ပိုမို အာဏာဆန်လာသည်။
သို့သော် သခင်လေး ပြောတာမှန်သည်။ သူမသည် သခင်လေး၏ အစေခံဖြစ်သောကြောင့် သူ့စကား နာခံရမည်မှာ သဘာဝကျသည်။
တကယ်လို့ သူငါ့ကို ရောင်းစားချင်ရင်တောင် ငါက လိုက်လျောရမှာပဲ...
တကယ်လို့ အဲ့လိုအခြေအနေ ရောက်လာခဲ့ရင်တော့... ငါ့ဘဝကိုပဲအဆုံးစီရင်လိုက်တော့မယ်...
ဟုတ်တယ်... ဒါအကောင်းဆုံးပဲ
ယဲ့ရှောင်ချန်သည် လျှောက်တွေးနေရင်း ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။
ထို့နောက် ရွှယ်အန်း၏ နောက်သို့ တစ်လှမ်းချင်း လိုက်ပါကာ စားသောက်ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။
စားသောက်ဆိုင်သည် သိပ်မကျယ်သော်လည်း အရောင်းအဝယ် ကောင်းမွန်လှသည်။ ခန်းမထဲတွင် စားသုံးသူများဖြင့် ပြည့်နှက်နေသည်။
စားပွဲထိုးများသည် ဟိုဟိုဒီဒီ သွားလာလျက် အစားအစာများ ပို့ဆောင်ခြင်း၊ အချိုရည်များ ငှဲ့ပေးခြင်းဖြင့် အလုပ်ရှုပ်နေကြသည်။
"ဘာများ သုံးဆောင်ချင်ပါသလဲ..."
စားပွဲထိုးသည် နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း ရွှယ်အန်းဖြစ်နေသည်ကို မြင်သောအခါ ရပ်တန့်သွားသည်။
ယခုအချိန်တွင် တည်းခိုခန်း ရောက်လာသည်နှင့် ချက်ချင်း ဖျားနာသွားသော ကံဆိုးသည့် စာပေပညာရှင်ကို ဒီဆိုင်တစ်ဆိုင်လုံးတွင် မသိသူမရှိသလောက်ဖြစ်သည်။
တည်းခိုခတောင် မပေးနိုင်တဲ့ ဧည့်သည်က ဘာများ မှာစားနိုင်မှာမို့လို့လဲ...
သို့ဖြစ်ရာ စားပွဲထိုးသည် အထင်သေးစွာဖြင့် လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါတို့အတွက် သီးသန့်အခန်းတစ်ခန်း ပြင်ပေး... ပြီးတော့ ဒီဆိုင်မှာ အကောင်းဆုံး စားသောက်ပွဲကြီးတစ်ပွဲ ပြင်ပေးစမ်း"
စားပွဲထိုး ကြောင်အသွားသည်။
သူ နားကြားမှားတာများလား...
ဒီဆင်းရဲတဲ့ စာပေပညာရှင်က အကောင်းဆုံး စားသောက်ပွဲကို တောင်းဆိုနေတာလား...
"ခင်ဗျား..."
"မင်း မကြားဘူးလား... သွားပြင်ဆင်ချေ"
ရွှယ်အန်းက ငြင်းခုံခွင့်မပေးသော လေသံဖြင့် ပြောလိုက်သည်။
ရွှယ်အန်း၏ အမူအရာကြောင့် လန့်သွားသည်လား မသိ စားပွဲထိုးသည် ရွှယ်အန်းကို သီးသန့်အခန်းဆီသို့ ခေါ်ဆောင်သွားပြီးနောက် လှည့်ထွက်လာခဲ့သည်။
သို့သော် မီးဖိုချောင်ဘက်သို့ သွားရန် ပြင်လိုက်စဉ် သူ အသိပြန်ဝင်လာသည်။
မဖြစ်ဘူး... ဒီလို ဆင်းရဲတဲ့ စာပေပညာရှင်က ဘယ်လိုလုပ် စားသောက်ပွဲကြီးတစ်ခုကို တတ်နိုင်မှာလဲ...
တကယ်လို့ ငါက အစားအသောက်တွေ သွားပို့ပေးလိုက်ပြီးမှ သူပိုက်ဆံမရှင်းနိုင်ရင် ဆိုင်ရှင်ကြီးက ငါ့ကို အပြစ်တင်တော့မှာ မဟုတ်လား...
မဖြစ်ဘူး... ဒီကိစ္စကို ဆိုင်ရှင်ကြီးဆီ သွားပြောမှ ဖြစ်မယ်...
စားပွဲထိုးတွေးလိုက်ပြီး လှည့်ထွက်သွားရန် ပြင်လိုက်သည်။
ထိုအချိန်၌ပင် ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း ကြည့်ကောင်းလှပသော မိန်းကလေးတစ်ယောက် ဖြတ်သွားချိန် စားပွဲထိုး ရပ်နေသည်ကို မြင်ပြီး မေးလိုက်သည်။
"ဘာဖြစ်တာလဲ"
စားပွဲထိုးသည် ထိုမိန်းကလေးကို မြင်သောအခါ အလျင်အမြန် ပြောလိုက်သည်။
"မမလေးယွဲ့. ဒီလိုပါ... တည်းခိုခန်း ရောက်ကတည်းက ဖျားနေတဲ့ စာပေပညာရှင်က ရုတ်တရက် ပြန်ကောင်းလာပြီး သူ့အစေမလေးကို ခေါ်လာပြီးတော့ စားသောက်ပွဲကြီး ပြင်ခိုင်းနေလို့ပါ၊ ကျွန်တော် ဆိုင်ရှင်ကြီးကို သွားပြောမလို့"
ထိုစကားကို ကြားသောအခါ မိန်းကလေး၏ မျက်နှာထား အေးစက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ရတယ်... ငါ့ဘာသာ ကြည့်ရှင်းလိုက်မယ်၊ ဒီကိစ္စအတွက် အဖေနဲ့ သွားမတိုင်နဲ့ဦး"
"ဟုတ်ကဲ့"
စားပွဲထိုးသည် ဘာမှပြန်မပြောရဲတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤမိန်းကလေးမှာ ဆိုင်ရှင် ယန်ဇီလင်၏ သမီးဖြစ်သူ ယန်ယြွဲဖြစ်သောကြောင့်ဖြစ်သည်။
ဆိုင်ရှင်မလေး တစ်ဦးအနေဖြင့် ယန်ယွဲ့၏ ဆက်ဆံပုံသည် သူမ၏ ဖခင်နှင့် လုံးဝ ကွာခြားသည်။
အနည်းဆုံးတော့ သူမသည် ဖခင်ဖြစ်သူလို ကပ်စေးနည်းပြီး လောဘမကြီးပေ။
ထို့ကြောင့် တည်းခိုခန်းရှိ ဝန်ထမ်းအားလုံးသည် သူမကို အလွန် လေးစားကြသည်။
ယန်ယွဲ့သည် သီးသန့်အခန်းရှေ့သို့ ရောက်လာသည်။
သီးသန့်အခန်းဆိုသော်လည်း လိုက်ကာများဖြင့် ကာရံထားသော နေရာတစ်ခုသာ ဖြစ်သည်။
ယန်ယွဲ့သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး လိုက်ကာကို မကာ ဝင်လိုက်သည်။
ပထမဆုံး သူမ မြင်လိုက်ရသည်မှာ လက်ဖက်ရည်ထိုင်သောက်နေသော ရွှယ်အန်းနှင့် သူ့ဘေးတွင် မတ်တတ်ရပ်နေသော ယဲ့ရှောင်ချန်တို့ ဖြစ်သည်။
ရွှယ်အန်းကို မြင်သောအခါ ယန်ယွဲ့၏ မျက်လုံးများတွင် အထင်သေးမှုများ ပြည့်နှက်သွားပြီး မျက်နှာလွှဲကာ တိုးတိုးလေး ခေါ်လိုက်သည်။
"ချန်အာ"
အတွေးလွန်နေသော ယဲ့ရှောင်ချန်သည် သူမနာမည် ခေါ်သံကြားမှ မော့ကြည့်လိုက်ပြီး ယန်ယွဲ့ကို မြင်သောအခါ တောက်ပစွာ ပြုံးပြလိုက်သည်။
"မမလေးယွဲ့"
ယန်ယွဲ့သည် မေးရိုးလေးများ ပေါ်သည်အထိ ပိန်ကျသွားသော ရဲ့ရှောင်ချန်ကို ကြည့်ရင်း စိတ်မကောင်း ဖြစ်သွားသည်။
သူမသည် မိမိနှင့် ရွယ်တူဖြစ်သော်လည်း ဘဝဒုက္ခများစွာ ခံစားနေရသော ဤကောင်မလေးအပေါ် အမြဲတမ်း သနားဂရုဏာ သက်မိသည်။
ရွှယ်အန်း ဤနေရာသို့ ရောက်ရောက်ချင်း ဖျားနာကတည်းက ယဲ့ရှောင်ချန် တစ်ယောက်တည်းသာ ဆေးဝါးများကြိုချက်ပြီး ပြုစုစောင့်ရှောက်ခဲ့ရသည်။ သို့ထိသာဖြစ်လျှင် သို့သော် မကြာခင်မှာ ရွှယ်အန်း၏ ရောဂါကြောင့် ၎င်းတို့၏ ငွေကြေးအားလုံး ကုန်ခမ်းသွားခဲ့သည်။
ထိုသည်ကိုတောင်မှ အစေခံမလေးသည် လက်မလျှော့ဘဲ သူ့သခင်ကို ကုသဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သည်။ အဆုံးတွင် သူမ ပေါင်နှံရောင်းချနိုင်သမျှ အရာအားလုံးကို ရောင်းချခဲ့ပြီး ထမင်းစားရန်ပင် မရှိတော့သည့် အခြေအနေထိ ရောက်ခဲ့ရသည်။ ဤအခြေအနေအားလုံးကို ယန်ယွဲ့ စောင့်ကြည့်နေခဲ့ပြီး အစေခံမလေးကို လေးစားသနားမိသဖြင့် တိတ်တဆိတ် ကူညီပေးခဲ့သည်။
ဥပမာအားဖြင့် လူလစ်ချိန်တွင် ယဲ့ရှောင်ချန်၏ အခန်းသို့ အစားအသောက်များ သွားပို့ပေးခြင်း၊ ဆေးဝါးဝယ်ယူရာတွင် ကူညီပေးခြင်း စသည်တို့ ဖြစ်သည်။
ထိုအရာများအတွက် ယဲ့ရှောင်ချန်သည် အလွန် ကျေးဇူးတင်ခဲ့သည်။
သို့သော် မကြာခင်မှာ ဤကိစ္စကို လောဘကြီးပြီး ကပ်စေးနည်းသော သူမ ဖခင်ဖြစ်သူ ဆိုင်ရှင် ယန်ဇီလင် သိသွားခဲ့သဖြင့် အလွန်အမင်းဒေါသထွက်ကာ ယန်ယွဲ့အနေဖြင့် ယဲ့ရှောင်ချန်ကို အနည်းငယ်မျှပင် မကူညီရဟု တားမြစ်လိုက်သည်။
ထိုစဉ်က ယန်ယွဲ့ နားမလည်ခဲ့ပေ။
ထမင်းတစ်နပ်လောက် ကျွေးတာကို ဘာလို့ အဖေက ဒီလောက် ဒေါသထွက်နေရတာလဲ...
သို့သော် ဖခင်၏ အမိန့်ဖြစ်သောကြောင့် သူမ မလွန်ဆန်ရဲဘဲ အားလုံးကို လက်ပိုက်ကြည့်နေခဲ့ရသည်။ ထို့နောက်တွင် ဆိုင်ရှင်ယန်ဇီလင်သည် သခင်နှင့် အစေခံ နှစ်ယောက်လုံးကို ပစ်မှတ်ထားပြီး ယဲ့ရှောင်ချန်ကို တစ်ဦးတည်းဖြစ်အောင် လုပ်ခဲ့သည်။ သို့သော် ယဲ့ရှောင်ချန်သည် ကြံ့ကြံ့ခံ၍ ရွှယ်အန်းကို နေ့ရောညပါ မနားမနေ ပြုစုခဲ့သည်။
ယန်ယွဲ့သည် ထိုအကြောင်းများကို သိထားသည်။
သို့ဖြစ်ရာ ရွှယ်အန်း သတိရလာပြီဟု ကြားသောအခါ သူမ စိတ်သက်သာရာ ရသွားပြီး ယဲ့ရှောင်ချန်အတွက် ဝမ်းသာပေးခဲ့မိသည်။ သို့သော် မကြာခင်၌ သူမ အဖေဆီကနေ ကြားလိုက်ရသည်မှာ ရွှယ်အန်းသည် နိုးလာလာချင်း၌ပင် နောက်တစ်နေ့ နေထွက်ချိန်ဆိုလျှင် စားသောက်စရိတ်နှင့် တည်းခိုခ အားလုံးကို ပေးချေမည်၊ သူ မပေးနိုင်လျှင် ယဲ့ရှောင်ချန်ကို တည်းခိုခန်းဆီ ပေးအပ်လိုက်မည်ဟု အလောင်းအစား လုပ်လိုက်ကြောင်း သူမ သိလိုက်ရသည်။
ထိုအချိန်တွင် ယန်ဇီလင်သည်မူ ကျေနပ်နေသည်။
သို့သော် ထိုစကားကို ကြားသောအခါ ယန်ယွဲ့သည် ရေခဲတွင်းထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ဒေါသထွက်မိတော့သည်။
အခန်း (၈၉၆) - မတရားမှုကို မခံရပ်နိုင်ခြင်း
သူမ၏ အမြင်တွင်မူတွင်မူ ရွှယ်အန်းသည် အသုံးမကျသော လူပျော့လူညံ့ တစ်ယောက်သာ ဖြစ်သည်။
ယဲ့ရှောင်ချန်သာ ဂရုတစိုက် ပြုစုစောင့်ရှောက်ခြင်း မရှိခဲ့ပါက သူသေသည်မှာ ကြာလှပြီဖြစ်သည်။
အံ့သြဖွယ်ကောင်းသည်မှာ ဤလူက နိုးလာလာချင်း သူ့အစေခံမလေးကို တန်ဖိုးထားရမည့်အစား လောင်းကြေးတစ်ခုအဖြစ် အသုံးချလိုက်ခြင်းဖြစ်သည်။
ထို့အပြင် လောင်းကြေးမှာလည်း ဆိုးရွားလွန်းလှသည်။
အမှန်တွင် တည်းခိုခန်းက အစားအသောက်ဖိုးကို ရှင်းရန်အတွက် သူ့အစေခံမလေးကို ရောင်းစားမည့် အကြောင်းပြချက် သက်သက်သာ ဖြစ်နိုင်သည်။ ထို့ကြောင့် ယန်ယွဲ့၏ မျက်လုံးထဲတွင် ရွှယ်အန်းသည် ကျေးဇူးကန်းသောကောင်၊ မျက်လုံးဖြူဝံပုလွေကောင် ဖြစ်နေပြီဖြစ်သည်။
ထိုအချိန်တွင်...
ယန်ယွဲ့သည် ယဲ့ရှောင်ချန်ကို သနားကြင်နာစွာ ပြုံးပြလိုက်ပြီးနောက် ခေါင်းလှည့်ကာ ရွှယ်အန်းကို အထင်သေးသော မျက်နှာဖြင့် စိုက်ကြည့်လိုက်သည်။
"သခင်လေးရွှယ် နိုးလာလာချင်း ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ စားသောက်ပွဲကြီး လုပ်ဖို့လိုလို့လား"
သူမ၏ စကားလုံးများတွင် လှောင်ပြောင်သံများ အပြည့်ပါဝင်နေသည်။ ရွှယ်အန်းကမူ ဂရုမစိုက်ပေ။ ယန်ယွဲ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ချန်အာ ထမင်းမစားရတာ ရက်တော်တော်ကြာနေပြီ၊ အခု ငါသတိရလာပြီဆိုတော့ သူ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးသင့်တယ်လေ... ဘာလဲ... ကန့်ကွက်စရာ ရှိလို့လား"
"ဟွန့်"
ယန်ယွဲ့က အေးစက်စွာ ရယ်မောလိုက်သည်။
"သခင်လေးရွှယ်က တကယ့် စာပေပညာရှင်လို့ ခေါ်ထိုက်ပါပေတယ်၊ စကားပြောတာ သိပ်လှတာပဲ၊ ဒါပေမယ့် ကျွန်မ ခံစားနေရတာကတော့ ဒီအစားအသောက်တွေက ချန်အာ့ကို ရောင်းလို့ရမယ့် ပိုက်ဆံနဲ့ ရှင်ကိုယ့်ဆန္ဒကို ဖြည့်ဆည်းနေသလိုပဲ"
ထိုစကားကြောင့် ယဲ့ရှောင်ချန်၏ မျက်နှာဖြူဖျော့သွားသည်။
"မမလေးယွဲ့"
ယန်ယွဲ့သည် ပြန်မပြောနားမထောင် လုပ်နေသော ယဲ့ရှောင်ချန်ကို ကြည့်ပြီး သနားစိတ်ရော ဒေါသပါ ဖြစ်မိသည်။
"ညီမလေးချန်အာ ... ဒီအချိန်ရောက်နေတာတောင် ဒီလိုအသည်းနှလုံးမရှိတဲ့ လူယုတ်မာအတွက် ရှေ့က ကာပြောပေးနေတုန်းလား၊ မနက်ဖြန် နေထွက်ချိန်ကျရင် ငွေပြား၂၀ ပေးရမယ်၊ မပေးနိုင်ရင် ညီမလေးကို ရောင်းစားမယ်လို့ သူပြောလိုက်တာ မမ ကြားတယ်နော်၊ ဒါက လောင်းကြေး မဟုတ်ဘူး... တည်းခိုခန်းစရိတ်အတွက် ညီမလေးကို အစားထိုးပေးလိုက်တာ"
ယဲ့ရှောင်ချန်၏ မျက်နှာသည် သွေးမရှိတော့သကဲ့သို့ ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
ယန်ယွဲ့သည် ခေါင်းပြန်လှည့်ကာ ရွှယ်အန်းကို စူးရဲစွာ ကြည့်လိုက်သည်။
"ရှင့်ကို ကယ်တင်ဖို့အတွက် ချန်အာလေး ဘယ်လောက် ဒုက္ခရောက်ခဲ့ရလဲ၊ ဘယ်လောက် ခံစားခဲ့ရလဲဆိုတာ ရှင်သိရဲ့လား၊ ညဘက်ဆို အိပ်တောင်မအိပ်ရဘူး၊ ထမင်းတောင် မစားရဘဲနဲ့ ရှင့်ကို ပြုစုခဲ့တာ၊ ဒါကို ရှင်က..."
"နိုးလာတာနဲ့ ဒီလောက်ကောင်းတဲ့ မိန်းကလေးကို ရောင်းစားဖို့ တွေးတယ်... ပြီးတော့ သူ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးချင်လို့ပါဆိုပြီး ပြောသေးတယ်၊ တကယ့်ကို အရှက်မရှိလိုက်တာ"
ရွှယ်အန်းသည် ဒေါသထွက်နေသော ယန်ယွဲ့ကို ကြည့်ရင်း အစပိုင်းတွင် ကြောင်သွားသော်လည်း နောက်ပိုင်းတွင် ရယ်ချင်စိတ် ဖြစ်လာသည်။
ဤမိန်းကလေးက အထင်လွဲနေတာ သေချာသည်။ ဒါထို့ကြောင့်လည်း မတရားမှုကို မခံရပ်နိုင်ဘဲ ဒေါသထွက်နေခြင်း ဖြစ်သည်။
သို့သော် ရွှယ်အန်းက ရှင်းပြရမည်ကို ပျင်းနေသည်။ မနက်ဖြန်ရောက်လျှင် အရာအားလုံးက သူ့အလိုလို ရှင်းလင်းသွားမည်ဖြစ်သောကြောင့် စကားကုန်ခံ၍ ပြောနေရန် မလိုပေ။
သို့သော် ရွှယ်အန်း၏ တိတ်ဆိတ်နေမှုကို ယန်ယွဲ့က ပြောစရာစကားမရှိ၍ ငြိမ်နေသည်ဟု ထင်မှတ်သွားပြီး ဒေါသ ပိုထွက်လာကာ ဆဲဆိုရန် ပြင်လိုက်သည်။
ထိုစဉ် ယဲ့ရှောင်ချန်က တုန်တုန်ယင်ယင်ဖြင့် ရုတ်တရက် ပြောလိုက်သည်။
"တော်ပါတော့၊ မမလေးယွဲ့... ဆက်မပြောပါနဲ့တော့"
ယန်ယွဲ့ ရပ်တန့်သွားသည်။ "
ချန်အာ... နင်..."
"ဒါက ချန်အာ့ ရွေးချယ်မှုပါ... ပြီးတော့ ချန်အာက သခင်လေးရဲ့ အစေခံလေ၊ သခင်လေး ဘာပြောပြော ချန်အာလုပ်ရမှာပါ"
ထိုသို့ပြောရင်း ယဲ့ရှောင်ချန်၏ အသံမှာ တိမ်ဝင်သွားသော်လည်း မငိုမိအောင် ထိန်းလိုက်ပြီး အတင်းလုပ်ယူကာ ပြုံးလိုက်သည်။
"မမလေးယွဲ့... သခင်လေးကို မဆူပါနဲ့တော့၊ သူ့မှာ အကြောင်းပြချက် ရှိမှာပါ၊ ချန်အာ သူ့ကို အပြစ်မတင်ပါဘူး"
ယန်ယွဲ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
တကယ်လို့သာ ဖြစ်နိုင်မယ်ဆိုရင် သူမ ရွှယ်အန်းရဲ့ နဇာခေါင်းကို လက်ညှိုးထိုးပြီး ကောင်းကောင်းကြီး ဆုံးမလိုက်ချင်တယ်...
တွေ့လား... ဒီလောက် ကောင်းတဲ့ ကောင်မလေးကို ရှင်က ရောင်းစားဖို့ တွေးရက်တယ်ပေါ့လေ၊ ရှင်က ယောက်ျားရော ဟုတ်ရဲ့လား...
ထိုမြင်ကွင်းကို ကြည့်ပြီး ရွှယ်အန်းလည်း စိတ်မကောင်း ဖြစ်သွားသည်။
ဤအစေခံမလေးသည် ဖြူစင်လွန်းပြီး သနားစဖွယ် ကောင်းလွန်းသည်။
ထိုအချိန်၌ပင်...
အပြင်ဘက်မှ ခြေသံများကို ရုတ်တရက် ကြားလိုက်ရသည်။
ထို့နောက် ဆိုင်ရှင် ယန်ဇီလင်သည် လိုက်ကာကိုမကာ ဝင်လာသည်။
သူသည် သမီးဖြစ်သူ ယန်ယွဲ့ကို တွေ့လိုက်ရသောအခါ သူ့မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားသည်။
"နင် ဒီမှာ ဘာလုပ်နေတာလဲ"
ဖခင်ဖြစ်သူကို အလွန်ကြောက်ရွံ့သော ယန်ယွဲ့မှာ မျက်နှာဖြူဖျော့သွားသည်။
"သမီး... သမီးက သူတို့ ဘာစားချင်လဲ လာမေးတာပါ"
"ဟမ့်"
ယန်ဇီလင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် မျက်နှာထားကို ပြောင်းလိုက်ပြီး ရွှယ်အန်းဘက်သို့ လှည့်ကာ ပြုံးလိုက်သည်။
"သခင်လေးရွှယ်က အကောင်းဆုံး စားသောက်ပွဲကြီး မှာထားတယ်လို့ စားပွဲထိုးကောင်လေးဆီက ကြားတယ်၊ အခု မီးဖိုချောင်မှာ ပြင်ဆင်နေပါပြီ၊ မကြာခင် ရောက်လာပါလိမ့်မယ်၊ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါခင်ဗျာ"
ယန်ယွဲ့သည် ဖခင်ဖြစ်သူ၏ အပြုအမူကြောင့် အံ့သြသွားသော်လည်း
ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားကာ ရှက်စိတ်ဖြင့် ခေါင်းငုံ့လိုက်သည်။
သူမ၏ ဖခင် ဘာကြောင့် ဤလောက် ဖားနေသည်ကို သူမ နားလည်သည်။
တစ်မြို့လုံးက ကြောက်ရွံ့ရသော သခင်လေးချန်ကြောင့်သာ ဖြစ်ပေလိမ့်မည်။
ထိုအရာများကို နားလည်သွားသောကြောင့် ယန်ယွဲ့၏ ရင်ထဲတွင် နာကျင်မှုများ ပြည့်နှက်သွားသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် မသဲမကွဲပြောလိုက်သည်။
"ဒါဆို... အစားအသောက်ဖိုးက..."
"ဟားဟား... သခင်လေးရွှယ်ကလည်း နောက်တာပဲဗျာ၊ စားသောက်ပွဲ တစ်ဝိုင်းစာက ငွေအနည်းငယ်လောက်ပဲ ကျတာပါ၊ မနက်ဖြန် ငွေပြား၂၀ သာ ပေးနိုင်ရင် ဒီစားသောက်ပွဲကို ကျုပ် ဒကာခံလိုက်မယ်"
ယန်ဇီလင်က ရက်ရောဟန်ပြကာ ပြောလိုက်သည်။
ရွှယ်အန်းသည် သူ့ကို အပြုံးမပီသော မျက်နှာဖြင့် တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်တော့... ကျေးဇူးတင်ပါတယ် ဆိုင်ရှင်ကြီးယန်"
"သခင်လေးရွှယ်က အားနာတတ်လွန်းပါ တယ်ဗျာ"
ထိုအချိန်တွင် စားပွဲထိုးများသည် သီးသန့်အခန်းထဲသို့ ဟင်းပွဲများကို ရေစီးကမ်းပြို သယ်ဆောင်လာကြသည်။
"သခင်လေးရွှယ်... သုံးဆောင်ပါဦးခင်ဗျာ"
ယန်ဇီလင်က ခေါင်းညိတ် အရိုအသေပေးရင်း ပြောလိုက်သည်။
ထို့နောက် သမီးဖြစ်သူ ယန်ယွဲ့ကို သီးသန့်အခန်း အပြင်ဘက်သို့ ခေါ်ထုတ်သွားသည်။
အပြင်ရောက်သည်နှင့် သူ ခါးကို မတ်လိုက်ပြီး သမီးဖြစ်သူကို အေးစက်စွာ နှာခေါင်းရှုံ့ပြလိုက်သည်။
"နောက်တစ်ခါ စကားပြန်ပြောရဲရင် နင့်ကို တစ်လလောက် အခန်းပိတ်ထားမယ်ဆိုတာ မှတ်ထား"
"သမီး မလုပ်ရဲပါဘူး"
"ဟမ့်... သွားတော့"
ယန်ယွဲ့သည် သီးသန့်အခန်းဘက်ကို အားမလိုအားမရ လှမ်းကြည့်လိုက်ပြီးနောက် အံကြိတ်ကာ လှည့်ထွက်သွားသည်။
ယန်ဇီလင်သည် ထိုနေရာတွင် ရပ်ကျန်ခဲ့ပြီး အိတ်ကပ်ထဲမှ ရွှေစတစ်စကို တိတ်တဆိတ် စမ်းသပ်ကြည့်လိုက်ရာ သူ့မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။
သခင်လေးချန်က တကယ့်ကို ရက်ရောတာပဲ...
သူသည် ရွှယ်အန်းနှင့် ယဲ့ရှောင်ချန်တို့၏ လောင်းကြေးအကြောင်းကို သွားပြောပြရုံဖြင့် သခင်လေးချန်က သူ့ကို ရွှေစတစ်စ ဆုချလိုက်ခြင်း ဖြစ်သည်။
ဤရွှေစလေး တစ်စတည်းနှင့်တင် တည်းခိုခန်း၏ တစ်လစာ ကုန်ကျစရိတ်ကို ကာမိနေပြီ ဖြစ်သည်။
ယန်ဇီလင် ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်မှာလဲ...
ထို့အပြင် မနက်ဖြန် ချန်အာ့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပါက သခင်လေးချန်၏ မျက်နှာသာပေးမှုကို သူရရှိတော့မည်။
ထိုအချိန် သူ့တည်းခိုခန်းမှာ သေချာပေါက် စီးပွားတက်တော့မည်။
ဤအစီအစဉ်များနှင့် ယှဉ်လိုက်လျှင် စားသောက်ပွဲကြီး တစ်ဝိုင်းစာသည် မပြောပါးလောက်ချေ။
ပြီးတော့ ဒီသခင်လေးရွှယ်ဆိုတဲ့ကောင်က ကံတရားကို အရှုံးပေးလိုက်ပုံပဲ၊ ဒါကြောင့်လည်း မသေခင် ဒီလို ခမ်းနားတဲ့ စားသောက်ပွဲကြီးကို မှာစားနေတာပေါ့...
သူ့အစေခံမလေးကို သူ မကာကွယ်နိုင်တော့ဘူးဆိုတာ သိနေလောက်ပြီ...
ဟားဟား... စားလိုက်စမ်းပါ၊ မင်းများများစားလေ... ပိုပြီး နစ်လေလေပဲ...
ဆိုင်ရှင်ဟန်သည် အောင်နိုင်သူ အမူအရာဖြင့် ကျေနပ်စွာ တွေးတောကာ ထွက်ခွာသွားလေသည်။
ထိုအချိန်တွင်...
သီးသန့်အခန်းထဲ၌...
ရွှယ်အန်း၏ မျက်နှာထား တင်းမာသွားသည်။
"ငါ ထိုင်ဆိုရင် ထိုင်လိုက်စမ်းပါ၊ ဘာလို့ အပိုတွေ ပြောနေတာလဲ"
"ဟုတ်... ဟုတ်ကဲ့"
ယဲ့ရှောင်ချန်သည် မျက်နှာပေါ်မှ မျက်ရည်စီးကြောင်းများကို သုတ်လိုက်ပြီး ကုလားထိုင်ပေါ်တွင် လေးလံစွာ ဝင်ထိုင်လိုက်သည်။
"စား"
ရွှယ်အန်းက တူကို ကောက်ကိုင်လိုက်သည်။
"အွန်း"
ယဲ့ရှောင်ချန်လည်း လိမ္မာစွာပင် တူကို ကောက်ကိုင်လိုက်သည်။
ထိုအချိန်တွင် ရွှယ်အန်းသည် အသားတစ်ဖတ်ကို ယူပြီး မြည်းစမ်းကြည့်လိုက်သည်။
အမှန်အတိုင်း ပြောရလျှင် အရသာက သာမန်ကာလျှံကာလောက်သာ ရှိပြီး သူ့လက်ရာကို ဘယ်လိုမှ မမီပေ။
သို့သော် ဤသို့ စုတ်ပြတ်နေသော
ကမ္ဘာမှာ ဂျီးများနေလို့မရပေ။
ထို့ကြောင့် ရွှယ်အန်းလည်း သိပ်အပြစ်မပြောတော့ဘဲ အားရပါးရ စတင်စားသောက်လေတော့သည်။
သို့သော် ယဲ့ရှောင်ချန်ကတော့ သူမရှေ့မှ ဟင်းသီးဟင်းရွက်များကိုသာ သတိထားပြီး တို့ထိရုံသာ စားရဲသည်။
ရွှယ်အန်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ ကြက်ပေါင်တစ်ချောင်းကို လှမ်းယူပြီး ယဲ့ရှောင်ချန် ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
အခန်း (၈၉၇) - ဝါးမြိုခြင်းအင်မော်တယ် အမိန့်တော်
"အသားစားစမ်းပါ၊ အသားမစားဘဲ မငခး ဘယ်လိုလုပ် အားရှိမှာလဲ"
ယဲ့ရှောင်ချန် သည် ကြက်ပေါင်ကို ယူလိုက်သော်လည်း ကြောင်တောင်တောင် ဖြစ်နေသည်။
သခင်လေးက တကယ်ပြောင်းလဲသွားတာပဲ...
ယခင်တုန်းကဆိုလျှင် သခင်လေးသည် အမြဲတမ်း တည်တည်တံ့တံ့နှင့် စည်းကမ်းကြီးသည်။ စားသောက်နေစဉ် သူမကို ထိုင်ခွင့်ပြုဖို့ နေနေသာသာ အစားအစာပေးဖို့တောင် ဝေးလှသည်။
ဒါက... သခင်လေးက ငါ့ကို ရောင်းစားရမှာမို့လို့ စိတ်မကောင်း ဖြစ်နေတာများလား...
ထိုအတွေးဝင်လာသောအခါ ယဲ့ရှောင်ချန် ဝမ်းနည်းသွားသော်လည်း ရွှယ်အန်းရှေ့တွင် မငိုရဲပေ။ ထို့ကြောင့် သူမ ခေါင်းငုံ့ကာ ကြက်ပေါင်ကို အငမ်းမရ စားလိုက်ရာ သူမ၏ မျက်ရည်များမှာ မြေကြီးပေါ်သို့ ပေါက်ခနဲ ပေါက်ခနဲ ကျဆင်းသွားလေသည်။
သခင်လေး... ချန်အာ ထွက်သွားပြီးရင် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်နော်...
သို့သော် ရွှယ်အန်းကမူ ယဲ့ရှောင်ချန်၏ ဒရာမာများကို သတိမထားမိပေ။ သူသည် စွမ်းအင်များကို အသည်းအသန် စုဆောင်းနေသည်။
အစားအစာ တစ်လုပ်စားလိုက်တိုင်း သူ့အစာအိမ်ထဲမှ ဆာလောင်မွတ်သိပ်မှုက ချက်ချင်း ချေဖျက်ပစ်လိုက်ပြီး သန့်စင်သော စွမ်းအင်များအဖြစ် ပြောင်းလဲကာ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ပြုပြင်ပြောင်းလဲပေးနေသည်။
ဒါက ကမ္ဘာကြီး၏ ကပ်ဘေးများ၊ စိတ်ဝိညာဉ်နတ်ဆိုး၏ ပုံရိပ်ယောင်များနှင့် မတူညီပေ။
အစစ်လည်း မဟုတ်သကဲ့သို့ အတုလည်း မဟုတ်ဘဲ ပုံရိပ်ယောင်လိုလိုနှင့် လက်ဆုပ်လက်ကိုင် ပြလို့ရနေသည်။
သို့သော် ရွှယ်အန်း၏ မူလကျင့်ကြံခြင်းအဆင့်ကို ထုတ်သုံး၍မရတော့ပေ။ ထို့အပြင် ဤကမ္ဘာကြီးသည် ဝိညာဉ်စွမ်းအင်အစအနပင်မရှိဘဲ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေကြောင်း သူသတိထားမိလိုက်သည်။
ပြုပြင်မွမ်းမံခြင်း မခံရခင်က ကမ္ဘာမြေသည် ကျင့်ကြံခြင်းအတွက် မြေရိုင်းဖြစ်သည်ဆိုလျှင် ဤနေရာသည် လုံးဝ ဗလာသက်သက်သာ ဖြစ်သည်။
ဤသည်မှာ ကျင့်ကြံသူများအတွက် ပြန်လည်ကျင့်ကြံဖို့ လမ်းစကို အခြေခံအားဖြင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။
ရွှယ်အန်းသည် သိူလှောင်လက်စွပ်နှင့် မှော်ရတနာပြခန်းကိုပင် ဖွင့်၍ မရတော့ပေ။
ကံကောင်းသည်မှာ မှော်ရတနာ ပြတိုက်ထဲတွင် ကိုယ်ပိုင်ကမ္ဘာတစ်ခု ပါရှိပြီး ယန်အာနှင့် သမီးနှစ်ယောက် လုံးဝ ဘေးကင်းနေမည်မှာ သေချာသည်။
အခြားသူများအတွက်ဆိုလျှင် ဝိညာဉ်စွမ်းအင် မရှိသော ကမ္ဘာသည် ပြဿနာကြီးတစ်ခု ဖြစ်နိုင်သော်လည်း ရွှယ်အန်းအတွက်တော့ လုံးဝ ပြဿနာမဟုတ်ပေ။
သူသည် စကြာဝဠာများကို ဖြတ်သန်းသွားလာစဉ်က ဝါးမြိုခြင်း အင်မော်တယ်အမိန့်တော် ဟုခေါ်သော ရှေးဟောင်း အင်မော်တယ်အမိန့်တော် တစ်ခုကို ရရှိခဲ့ဖူးသည်။
အမှန်တွင် ဤအမိန့်တော်သည် သိပ်ကောင်းလှသည် မဟုတ်ပေ။
သို့သော် အလွန် ထူးခြားသည်။
အဘယ်ကြောင့်ဆိုသော် ဤအမိန့်တော်ကို ချန်ထားခဲ့သော အင်မော်တယ်သခင် ကျင့်ကြံသူသည် ဝိညာဉ်စွမ်းအင် အစအနမျှမရှိသော ခြောက်ကပ်သည့် ကမ္ဘာတစ်ခုမှ လာသောကြောင့် ဖြစ်သည်။
ထိုနေရာတွင် သဘာဝ ဝိညာဉ်စွမ်းအင်မှတဆင့် ကျင့်ကြံခြင်းမှာ လုံးဝ မဖြစ်နိုင်ပေ။
သို့သော် ထိုကျင့်ကြံသူသည် ကိုယ်ပိုင်လမ်းဖောက်ကာ ဝါးမြိုခြင်းမှတဆင့် မိမိကိုယ်ကို စတင် ပြုပြင်ပြောင်းလဲခဲ့ပြီး နောက်ဆုံးတွင် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
ဤ၀ါးမြိုခြင်း ဆိုသည်မှာ ရိုးရိုးရှင်းရှင်း ပြောရလျှင် အငမ်းမရ စားသောက်ခြင်းဖြစ်သည်။
ထို့နောက် စားလိုက်သမျှ အစားအစာ အားလုံးကို သန့်စင်သော စွမ်းအင်အဖြစ် ချေဖျက်ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
ဤသည်မှာ ဝိညာဉ်စွမ်းအင်၏ လုပ်ဆောင်ချက်ကို အစားထိုးလိုက်ခြင်းဖြစ်သည်။
ထို့အပြင် ထို အင်မော်တယ်သခင် ကျင့်ကြံသူသည် သူ့ကျင့်ကြံခြင်း နောက်ပိုင်းအဆင့်တွင် ဂြိုဟ်ငယ်တစ်ခုကိုပင် တစ်လုပ်တည်းနှင့် မျိုချခဲ့ဖူးကြောင်း ရွှယ်အန်း သိထားသည်။
အကယ်၍သာ သူ၏ အလွန်အကျွံ ငမ်းငမ်းတက် စားသောက်လိုစိတ်ကြောင့် ဂြိုဟ်တစ်လုံးကို ဝါးမြိုရန် ကြိုးစားရင်း ပေါက်ကွဲမသေဆုံးခဲ့လျှင် သူ ဘာဆက်ဖြစ်လာမလဲဆိုသည်ကို ဘယ်သူမှ မသိနိုင်ပေ။
ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝသော ကမ္ဘာများတွင် ဤအမိန့်တော်ကို အမှိုက်ဟု မြင်ကောင်း မြင်ကြပေလိမ့်မည်။
သို့သော် ဤကမ္ဘာတွင်တော့ ၎င်းသည် အလွန် သင့်လျော်နေသည်။
ထို့ကြောင့် ရွှယ်အန်းသည် အငမ်းမရ စားသောက်နေပြီး မူလက ပိန်လှီနေသော သူ၏ခန္ဓာကိုယ်သည် သာမန်မျက်စိဖြင့် မြင်နိုင်လောက်သည့် အမြန်နှုန်းဖြင့် သိသိသာသာ သန်မာလာနေသည်။
သန့်စင်သော စွမ်းအင်များက အရာအားလုံးကို ပြင်းထန်စွာ ပြောင်းလဲပေးနေသည်။
မကြာခင်မှာပင် ရွှယ်အန်းသည် စားပွဲပေါ်မှ အကောင်းစား ဟင်းပွဲထက်ဝက်ကျော်ကို စားသောက်ပြီးစီးသွားသည်။
ထိုမြင်ကွင်းကြောင့် ယဲ့ရှောင်ချန်ပင်လျှင် ကြက်သေသေသွားသည်။
သူမ၏ သခင်လေးက ဖျားနာပြီးကာမှ ဘယ်လိုလုပ် အစားကြီးသူဖြစ်သွားရတာလဲ...
"ဘာကြည့်နေတာလဲ... မြန်မြန်စားလေ"
ရွှယ်အန်းက ပြောလိုက်သည်။
"အွန်း... အွန်း"
ယဲ့ရှောင်ချန် မငြင်းဆန်ရဲပေ။ ထို့အပြင် သူမ တကယ်လည်း ဗိုက်ဆာနေသည်။
သခင်လေးသည် သူမကို ရောင်းစားသည်ဖြစ်စေ၊ မရောင်းစားသည်ဖြစ်စေ သူမ အရင်ဆုံး ဗိုက်ဝအောင် ဖြည့်ထားရမည်။
ထိုအတွေးဖြင့် ပိန်လှီပြီး အားနွဲ့မည့်ပုံ ပေါက်နေသော ကောင်မလေးသည် ကျန်ရှိနေသော စားသောက်ပွဲ တစ်ဝက်ကို ကုန်စင်အောင် စားပစ်လိုက်လေသည်။
စားပြီးသောအခါ သူမ ဆောင့်ကြောင့်ပင် မထိုင်နိုင်တော့ဘဲ ဗိုက်ကိုပိုက်ကာ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ရသည်။
"သွားကြစို့"
ရွှယ်အန်းရ ရှေ့ကသွားပြီး ယဲ့ရှောင်ချန်က နောက်က တကောက်ကောက် လိုက်ပါလျက် သခင်နှင့် အစေခံ နှစ်ယောက် အခန်းဆီသို့ ပြန်လာခဲ့ကြသည်။
ပန်းကန်ခွက်ယောက်များကို ရှင်းလင်းရန် ရောက်လာသော စားပွဲထိုးများမှာ အခန်းထဲ ဝင်လိုက်သည်နှင့် မှင်သက်သွားကြသည်။
"ဘုရားရေ... ဒါက အကောင်းစား ဟင်းပွဲအစုံလိုက်ကြီးကို ဒီနှစ်ယောက်က အကုန်ပြောင်အောင် စားသွားကြတာလား"
"ဒီပန်းကန်ကို ကြည့်စမ်း... ဆေးစရာတောင် လိုဦးမလား၊ မျက်နှာကြည့်ပြီး မှန်တောင် လုပ်လို့ရနေပြီ"
စားပွဲထိုးများ အံ့သြတကြီး ရေရွတ်နေကြသည်။
ယဲ့ရှောင်ချန်ကို ပြန်ခေါ်လာပြီးနောက် ရွှယ်အန်းကို သူမက မေးလိုက်သည်။
"သခင်လေး..."
"ဟင်"
"နောက်ထပ် ဘာဆက်လုပ်ကြမလဲဟင်"
ရွှယ်အန်း ကုတင်ပေါ်သို့ ပစ်လှဲချလိုက်သည်။
"ဗိုက်ဝအောင် စားပြီးပြီဆိုတော့... အိပ်ရမှာပေါ့"
ယဲ့ရှောင်ချန်သည် အံ့သြသွားသည်။
သခင်လေးရယ်... သခင်လေးက သတိမေ့နေတာ ရက်တော်တော်ကြာပြီလေ... အခုမှ နိုးလာပြီး ထမင်းစားကာရှိသေးတယ် ဘယ်လိုလုပ် ပြန်အိပ်ချင်ရတာလဲ
သို့သော် သူမ စကားမပြောနိုင်ခင်မှာပင် ကုတင်ပေါ်တွင် လဲလျောင်းနေသော ရွှယ်အန်းဆီမှ ဟောက်သံသဲ့သဲ့ ထွက်ပေါ်လာပြီး အိပ်ပျော်သွားပြီ ဖြစ်သည်။
ယဲ့ရှောင်ချန်၏ ရင်ထဲတွင် ဖော်ပြမရနိုင်သော ဝမ်းနည်းမှုများ ဖြစ်ပေါ်လာပြီး သူမ၏ နောက်ဆုံး မျှော်လင့်ချက်လေး ပျက်စီးသွားသည်။
ကြည့်ရတာ သခင်လေးက သူမကို တကယ် ရောင်းစားတော့မည့်ပုံရသည်။
အဘယ်ကြောင့်ဆိုသော် မနက်ဖြန် နေထွက်ချိန်တွင် သူတို့ ငွေပြား၂၀ ပေးချေရမည် ဖြစ်သည်။
သို့သော် အိပ်ပျော်နေသော သခင်လေးကို ကြည့်မိချိန် ငွေများကို ဘယ်ကသွားရှာမလဲ သူမမသိတော့ပေ။
ထိုအကြောင်း တွေးမိပြီး ယဲ့ရှောင်ချန်၏ မျက်ရည်များ တားမရဆီးမရ ကျဆင်းလာသည်။
ခဏကြာသောအခါ ယဲ့ရှောင်ချန်သည် မျက်ရည်စများကို သုတ်လိုက်ပြီး အခန်းကို တိတ်တဆိတ် စတင် ရှင်းလင်းလေသည်။
ရွှယ်အန်း၏ ရောဂါကို ကုသရန်အတွက် ယဲ့ရှောင်ချန်သည် သူမ၏ အဝတ်အစား အားလုံးကို ပေါင်နှံခဲ့ပြီးပြီ ဖြစ်သည်။
သို့သော် ရွှယ်အန်း၏ အဝတ်အစားများကို သူမ လုံးဝ မထိခဲ့ပေ။
သူမသည် အဝတ်များကို အကုန်ထုတ်လိုက်ပြီး အပ်နှင့်ချည်ကို ယူကာ တစ်ထည်ချင်းစီ စတင် ဖာထေးလေသည်။
အပေါက်အပြဲ သေးသေးလေးဖြစ်စေ၊ ချည်သား အနည်းငယ် ပြေနေသည်ဖြစ်စေ ယဲ့ရှောင်ချန်က ဘာတစ်ခုမှ ကျော်မသွားခဲ့ပေ။
အကောင်းပကတိ အထည်များကိုပင် ပွန်းပဲ့လွယ်သော နေရာများ၌ ထပ်ပြီး ချုပ်လုပ်ပေးသည်။
အပ်ချုပ်လုပ်ငန်း လုပ်ကိုင်နေရင်း ယဲ့ရှောင်ချန်သည် တိုးတိုးလေး ရေရွတ်နေသည်။
"သခင်လေး... ချန်အာ ထွက်သွားပြီးရင် သခင်လေး ကိုယ့်ကိုယ်ကို ဂရုစိုက်နော်၊ ထပ်မဖျားစေနဲ့"
"ဒီအဝတ်အစားတွေကို တန်ဖိုးထားပေးပါ... သခင်လေးအတွက် အဖြူရောင် ဝတ်ရုံရှည်ကို သပ်သပ် ခွဲထုတ်ပေးထားတယ်၊ မြို့တော်ရောက်ရင် အဲ့ဒါကို ဝတ်သွားနော်"
"သတိလည်းထားပါ... အဝတ်အစား တစ်နေရာရာ ပြဲသွားရင် ချက်ချင်း ပြန်ဖာနော်၊ အဲ့လိုမဟုတ်ရင် မြို့တော်ရောက်တဲ့အခါ စုတ်စုတ်ပြတ်ပြတ်နဲ့ဆိုရင် လူတွေ ဝိုင်းရယ်ကြလိမ့်မယ်"
ယဲ့ရှောင်ချန်သည် ငယ်စဉ်ကတည်းက ရွှယ်အန်းနှင့် တစ်ခါမှ မခွဲခွာခဲ့ဖူးသောကြောင့် တစ်ယောက်တည်း ပွစိပွစိ ပြောနေရှာသည်။
သို့သော် မကြာခဏဆိုသကဲ့သို့ သူမ အလုပ်ကို ရပ်တန့်လိုက်ပြီး ခဏလောက် တိတ်တဆိတ် ငိုကြွေးလိုက်ပြီးမှ ပြန်ချုပ်လိုက် လုပ်နေသည်။
အဝတ်အစားအားလုံးကို ဖာထေးပြီး သေတ္တာထဲသို့ သေသေသပ်သပ် ခေါက်ထည့်ပြီးသောအခါမှ သူမသည် ရွှယ်အန်း၏ ခြေရင်းတွင် ဂရုတစိုက် လှဲလျောင်းလိုက်ပြီး ခန္ဓာကိုယ်လေးကို ကွေးကာ မျက်ရည်များကျကာ အတွေးလွန်နေလေသည်။
ရွှယ်အန်းဖျားနာနေစဉ် ကာလတစ်လျှောက်လုံး သူမသည် နေ့ရောညပါ မနားမနေ ပြုစုခဲ့ရသည်။
ထို့အပြင် ယနေ့ အများကြီးလည်း စားထားသည်ဖြစ်ရာ မကြာခင်မှာပင် သူမလည်း နှစ်ခြိုက်စွာ အိပ်ပျော်သွားလေသည်။
အချိန်များ ကုန်ဆုံးသွားပြီး အပြင်ဘက်တွင် ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်မိုက်လာသည်။
လမင်းကြီး သစ်ပင်ထိပ်ဖျားသို့ ရောက်ရှိချိန်တွင် ကုတင်ပေါ်ရှိ ရွှယ်အန်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
သူ၏ မျက်လုံးထဲမှ တောက်ပသော အရောင်အဝါသည် အခန်းတစ်ခုလုံးကို လျှပ်စီးလက်သကဲ့သို့ လင်းထိန်သွားစေသည်။
ထို့နောက် ရွှယ်အန်းသည် ထထိုင်လိုက်ပြီး ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်သည်။
ထိုအချိန်တွင် သူ့ခြေရင်း၌ အိပ်ပျော်နေသော ယဲ့ရှောင်ချန်ကို တွေ့လိုက်ရသည်။
အိပ်ပျော်နေသည့်တိုင် သူမ၏ လက်တစ်ဖက်က သူ့ဝတ်ရုံစကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
ကလေးလေးတစ်ယောက်လို အိပ်ပျော်နေသော ချန်အာကို ကြည့်ရင်း ရွှယ်အန်း၏ ရင်ထဲတွင် သနားကြင်နာစိတ်များ ပြည့်နှက်လာသည်။
နောက်ထပ် နှစ်အနည်းငယ်လောက်ကြာရင် နျန်နျန်နှင့် ရှန်းရှန်းတို့လည်း သူမအရွယ်လောက် ရောက်လာကြတော့မည်ဖြစ်သည်။
ထိုအချိန်၌ပင် ရဲ့ယဲ့ရှောင်ချန်၏ ကိုယ်လေး ရုတ်တရက် တုန်သွားပြီး မျက်ရည်များ စီးကျလာကာ ယောင်ရမ်း ညည်းတွားလိုက်သည်။
"သခင်လေး... ချန်အာ့ကို မရောင်းပါနဲ့နော်”