အဆင့်သတ်မှတ်ချက် (၁၁)
Vol. 7 Ch. 64
ထိုအချိန်တွင် ကျန်းဖုန့်ထျန်းသည် ယခုလို သူစောစီးစွာနိုးထလာခဲ့ခြင်းမှာ အမှားယွင်းကြီးတစ်ခုဖြစ်ကြောင်း ခံစားလိုက်ရလေ၏။
သူ့မျက်လုံးများတွင် နာကြည်းမှုများ ပြည့်နှက်နေသည်။
'တကယ်လို့ ငါ့မှာ အပြစ်ရှိတယ်ဆိုရင်တောင် စည်းကမ်းထိန်းသိမ်းသူတွေကိုပဲ လာပြီး အပြစ်ပေးခိုင်းလိုက်လေ၊ ဒီလို လူမဟုတ်သူမဟုတ် မွန်းစတားကောင်ကို လာပြီး ငါ့စိတ်ဓာတ်တွေကျအောင်၊ ငါ့ကို စိတ်ဒုက္ခဖြစ်အောင်၊ ငါ့ကိုအရူးဖြစ်သွားအောင်တော့ လာမလုပ်နဲ့ပေါ့'
'ဒီတိုင်း ဓားစမ်းကြည့်လိုက်တာနဲ့တင် အဆင့်သတ်မှတ်ချက်ဝင် ထိပ်ဆုံး (၁၀၀) ရဲ့ လျှို့ဝှက်စည်းမျဉ်းကို ဖော်ထုတ်နိုင်ခဲ့တယ်...
အကယ်လို့ သူသာ တကယ်ကြီးလုပ်လိုက်မယ်ရင်... ဘယ်အဆင့်ကို ရောက်သွားမလဲ။'
ယုံကြည်ရန်ခက်ခဲနေပေမဲ့ ထိုဝတ်ရုံဖြူလူငယ်၏ ပုံသဏ္ဍန်ကြည့်ရသည်မှာ နောက်ပြောင်နေပုံ မရပေ။
ကျန်းဖုန့်ထျန်း ထိုသို့တွေးမိလိုက်ရင်း သေချာမစဉ်းစားရသေးခင်မှာပင်၊ သူ့ရှေ့မှ ဝတ်ရုံဖြူလူငယ်၏အရှိန်အဝါ ရုတ်တရက် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
အစောပိုင်းက အလွန်ပေါ့ပါးစွာရှိနေရာမှ ယခုအချိန်မှာတော့ တစ်ကိုယ်လုံးမှ သတ်ဖြတ်ခြင်း အငွေ့အသက်များတောက်လောင်လာခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဖော်ပြရခက်သော သတ်ဖြတ်ခြင်းအရှိန်အဝါများ လှိမ့်ဝင်လာသကဲ့သို့ပင်။
ယခင် ရှန်းချန်ကော အသုံးပြုခဲ့သည်မှာ ထိန်းချုပ်ခြင်းဓား(စီးနင်းခြင်းဓား) မျှသာ ဖြစ်သည်။
ယခုတစ်ကြိမ်တွင်တော့ သူ 'သတ်ဖြတ်ခြင်းဓား'(တိုက်ခိုက်ခြင်းဓား) ကို ထုတ်သုံးတော့မည် ဖြစ်သည်။
ဝုန်း..
"မဟာပျက်သုဥ်းခြင်းကျမ်း" ပေါက်ကွဲထွက်လာခဲ့လေသည်။
ထူထဲလေးလံပြီးဒြပ်စိုင်နီးပါးဖြစ်နေသော "ပျက်သုဉ်းခြင်းချီ" များသည် ရှန်းချန်ကော၏ ကိုယ်ပေါ်တွင် ချပ်ဝတ်ဆင်မြန်းထားသကဲ့သို့ စုစည်းသွားသည်မှာ မြင်ရသူများအဖို့ကြက်သီးထဖွယ် ကောင်းလှသည်။
ဒီမွန်းစတားက ဘယ်လောက်ထိ ကြောက်စရာကောင်းတဲ့ အမှောင်မြူသမုဒ္ဒရာကျင့်စဥ်ကိုများ ဉာဏ်အလင်းရထားတာလဲ။
ထိုခဏတွင် ကျန်းဖုန့်ထျန်းတစ်ယောက် တကယ်ကိုကြောက်လန့်ပြီး ရူးသွပ်မတတ်ဖြစ်သွားသည်။
သူ့ကိုယ်သူ ပျက်သုဉ်းခြင်းချီ (၈)ကြောင်း ပိုင်ဆိုင်ထားသည်ကို ကျေနပ်အားရနေခဲ့မိကြောင်း ရုတ်တရက် ပြန်သတိရသွားသည်။
သို့သော် သူ၏အကန့်အသတ်ဆိုသည်မှာ ထိုလူ၏ ပုံမှန်ထုတ်လွှတ်မှုလောက်ပင် မရှိပါလား။
မဟုတ်သေးပေ... မရှိဘူးဆိုသည်ထက် ယှဉ်လို့ပင်မရသည့် အခြေအနေဖြစ်နေသည်မှာ ပိုမှန်လိမ့်မည်။
ဒါ လူမှဟုတ်သေးရဲ့လား
သူမှတ်မိသလောက် ပျက်သုဉ်းခြင်းချီဖြင့် ခန္ဓာကိုယ်တစ်ခုလုံးအားဖုံးအုပ်နိုင်သည်မှာ 'ကူးပြောင်းခြင်းအဆင့်'များပိုင်ဆိုင်သည့် အရာမဟုတ်လော။
ထို့အတူ ထိုအဆင့်မှာပင် ထိပ်သီးပုဂ္ဂိုလ်များသာထိုသို့ပြုလုပ်နိုင်လေ၏။
သို့သော် ဤအကောင်မှာတော့...
ဘုန်း..
ယခုအချိန်မှာတော့ ရှန်းချန်ကော၏အရှိန်အဝါသည် အလွန်အမင်းကြီးမားလာခဲ့ပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များပြည့်နှက်နေလေသည်။
သူ့နောက်ကျောရှိ သတ်ဖြတ်ခြင်းဓားသည် တဝီဝီ မြည်ဟိန်းနေပြီး ပြိုင်ဘက်ကင်းသောအရှိန်အဟုန်ကြီးဖြင့် သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုကို မွေးဖွားပေးနေသကဲ့သို့ပင်။
ဘုန်း
ရှန်းချန်ကော၏မျက်လုံးများ ရုတ်တရက် စူးရှထက်မြက်လာခဲ့သည်။
ကျန်းဖုန့်ထျန်းသည် ထိုအခိုက်အတန့်တွင် သူ့နှလုံးသားရုတ်တရက်ကျုံ့ဝင်သွားသလို ခံစားလိုက်ရသည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
ရှန်းချန်ကောသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
အချိန်အတန်ကြာပြီးနောက် သူ၏လက်ချောင်းဖြင့် လေထဲသို့ တစ်ချက်ညွှန်လိုက်ရာ သူ၏ခန္ဓာကိုယ်မှ ဓားချီများသည် စက်ဝိုင်းသဏ္ဌာန်ဖြင့် ဘေးပတ်ဝန်းကျင်သို့ ပေါက်ကွဲထွက်သွားသည်။
ထိုအခိုက်အတန့်တွင် ရှန်းချန်ကော၏ကိုယ်ပေါ်မှ ရှေးဟောင်းနန်းတော်ကြီးတစ်ခုထွက်ပေါ်လာသလို ကျန်းဖုန့်ထျန်း မြင်ယောင်လိုက်ရသည်။
ထိုနန်းတော်သည် ခန့်ညားထည်ဝါပြီး မြင့်မြတ်လှသည်။
တံခါးများဖြည်းညှင်းစွာ ပွင့်လာပြီး နန်းတော်အလယ်တွင် ထိုင်နေသော ရှေးဟောင်းနတ်ဘုရား ပုံရိပ်တစ်ခု ရှိနေသည်။
ထိုပုံရိပ်သည် ရှန်းချန်ကော၏လှုပ်ရှားမှုနောက်သို့ မလိုက်ချင်လိုက်ချင်ဖြင့် လိုက်ပါကာ လက်ညှိုးတစ်ချက်ညွှန်လိုက်ပြီး ဓားချက်ကို ထုတ်ဖော်လိုက်သကဲ့သို့ပင်။
သတ်ဖြတ်ခြင်းဓားနည်းစနစ်- နတ္ထိ
ချန်း..
ရှန်းချန်ကော၏သတ်ဖြတ်ခြင်းဓားသည် လေထဲတွင် ရုတ်တရက်ပျောက်ကွယ်သွားပြီး၊ ရူးသွပ်မတတ်ပျံ့နှံ့နေသော ဓားချီစက်ကွင်းများသာ ကျန်ရစ်ခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး အလွန်တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက်၊ကောင်းကင်ယံထက်တွင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ထိုအချိန်တွင် အမှောင်နတ်ဘုရားကျောက်တိုင်၏ပျက်သုဉ်းခြင်းကမ္ဘာတွင် 'ဒျန်နန်းတော်'ကို အောင်မြင်စွာ စုစည်းနိုင်ခဲ့သူ အများအပြား ထွက်ပေါ်လာနေပြီ ဖြစ်သည်။
သူတို့သည် ဝမ်းသာအားရ ဖြစ်နေကြသည်။
"အောင်မြင်ပြီ ငါ နောက်ဆုံးတော့ ဒျန်နန်းတော်ကို စုစည်းနိုင်ခဲ့ပြီ။"
"ဒျန်နန်းတော်ပြီးရင် နတ်ဆိုးကိုဖွဲ့စည်းရမယ်။ တကယ်လို့ နတ်ဆိုးဖွဲ့စည်းတာ အောင်မြင်သွားရင် ပိုအားကောင်းတဲ့ ခွန်အားကို ငါရနိုင်မယ်... 'နတ်တံတားအဆင့်' ကို တက်လှမ်းနိုင်တော့မယ်"
လူငယ်များသည် တစ်ယောက်ပြီးတစ်ယောက် အလွန် စိတ်လှုပ်ရှားနေကြသည်။
သို့သော် ထိုအချိန်မှာပင်...
ရွှပ်
ကောင်းကင်ယံထက်တွင် မျဉ်းပါးပါးလေးတစ်ကြောင်းပေါ်လာပြီး ကောင်းကင်ကို နှစ်ခြမ်းခွဲလိုက်သကဲ့သို့ ဖြစ်သွားသည်။
"အဲဒါ ဘာကြီးလဲ"
လူတိုင်း ရင်တုန်ပန်းတုန် ဖြစ်သွားကြသည်။
ဤဓားချက်...
'နတ္ထိဖြစ်နေသော်လည်း ကောင်းကင်ကို အစိမ်းလိုက် ခွဲပစ်လိုက်သကဲ့သို့ပင်။
ယခင်ကထက် ပိုမိုကြောက်မက်ဖွယ်ကောင်းပြီး ပြင်းထန်သောလှိုင်းဂယက်များ ပေါက်ကွဲထွက်လာကာ ကောင်းကင်ယံတစ်ခုလုံးသည် ရေနွေးအိုး ဆူပွက်နေသကဲ့သို့ ဖြစ်သွားသည်။
ဘုန်း
ဘုန်း
ကောင်းကင်နှင့်မြေကြီးကြားတွင် မားမားမတ်မတ် ရပ်တည်နေသော အနက်ရောင်ကျောက်တိုင်ကြီးတစ်ခု၏ပုံရိပ်ယောင်သည် ဝေဝါးစွာ ထွက်ပေါ်လာသည်။
အမှောင်နတ်ဘုရားကျောက်တိုင်
အမှောင်နတ်ဘုရားကျောက်တိုင်၏ပုံရိပ်ယောင်သည်ပင် ဤဓားချက်ကြောင့် အတင်းအဓမ္မ ဆင့်ခေါ်ခြင်း ခံလိုက်ရသည်။
ကျန်းဖုန့်ထျန်း၏မျက်လုံးသူငယ်အိမ်များ ထပ်မံ ကျုံ့ဝင်သွားသည်။
ဒီတစ်ခါ ဘယ်အဆင့်လဲ
ထူးချွန်ပြောင်မြောက်လှသော ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
သို့သော် မကြာမီမှာပင် (၁၀) ယောက်မြောက် ပါရမီရှင် ပေါ်လာပြီးနောက်...
ဝေါခနဲကောင်းကင်ယံထက်မှ ရေစီးဆင်းသံကဲ့သို့ ကြည်လင်သော အသံများ ထွက်ပေါ်လာသည်။
နတ်ဘုရားအလင်းတန်းများ ကျဆင်းလာပြီး လက်နောက်ပစ်လျက် ရပ်နေသော ရှန်းချန်ကော၏ ပုံရိပ်ပေါ်သို့ ဖြာကျလာသည်။
ယခုအချိန်တွင် သူ့မျက်နှာသည် တောက်ပနေပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
မရေမတွက်နိုင်သော လူများ မြင်လိုက်ရသည်မှာ ကောင်းကင်ယံထက်တွင်..
ပုံရိပ်ယောင်တစ်ခုသည် တဖြည်းဖြည်း ထင်ရှားလာပြီး လက်နောက်ပစ်လျက် ရပ်နေသော ဝတ်ရုံဖြူပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ခြင်းပင်။
ထို့နောက် သူဟာလက်တစ်ဖက်ကို ဆန့်ထုတ်ကာ ကောင်းကင်ပေါ်သို့ ညင်သာစွာတစ်ချက်ညွှန်လိုက်ရာ သူ့နောက်ကျောမှဓားအလင်းတန်းများ မြည်ဟိန်းပေါက်ကွဲထွက်လာပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များ ပွင့်ထွက်သွားခဲ့သည်။
တိမ်တိုက်တွေလို ပေါ့ပါးပြီး လေပြေလိုအေးဆေးစွာဖြင့် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းဓားချက်ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
ဤမြင်ကွင်းသည် လောကကို တုန်လှုပ်စေခဲ့သည်။
ပျက်သုဉ်းခြင်းကမ္ဘာထဲတွင် ပုံတူမှတ်တမ်းတင်ခံလိုက်ရပြီး မျိုးဆက်ပေါင်းရာချီလက်ဆင့်ကမ်း ပြောစမှတ်ပြုရတော့မည် ဖြစ်သည်။
ဤသည်မှာ သမိုင်းတွင် ကျောက်ထက်အက္ခရာ သွင်းရမည့် မြင်ကွင်းတစ်ခုပင်။
သတ်မှတ်ချက်အဆင့် နံပါတ် (၁၁)
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ အဆင့် (၁၁) တဲ့..."
"ငါမှတ်မိသလောက် အမှောင်နတ်ဘုရားကျောက်တိုင်ရဲ့ဓားနည်းစနစ်စွမ်းအား အဆင့် (၁) ကနေ (၁၀) ထိက လူတွေအကုန်လုံးက ရှေးဟောင်းနတ်ဘုရားခေတ်မှာ နာမည်ကျော်ကြားခဲ့တဲ့... 'ရှေးဟောင်းနတ်ဘုရားဧကရာဇ်' တွေလေ..."
"'ရှေးဟောင်းနတ်ဘုရားဧကရာဇ်'... အမြင့်မြတ်ဆုံးသောတည်ရှိမှုတွေ... အခုလက်ရှိ 'ရှေးဟောင်းနတ်ဘုရားချောက်နက်' ထဲက ငါတို့ ယှဉ်ပြိုင်ဖို့ အခက်ခဲဆုံးဖြစ်တဲ့ ရှေးဟောင်းနတ်ဘုရား စိတ်ဝိညာဉ်တွေ..."
"သူက အဆင့် (၁၁) ချိတ်တယ်တဲ့... ပြီးတော့ အခုမှ ပျက်သုဉ်းခြင်းကမ္ဘာက ပွင့်ကာစပဲ ရှိသေးတာ"
ထိုနေရာရှိ ပုန်းကွယ်နေသော မွန်းစတားအိုကြီးများသည် တစ်ယောက်ပြီးတစ်ယောက် တုန်လှုပ်ခြောက်ခြားသွားကြသည်။
သူတို့၏စကားများထဲတွင် စိတ်လှုပ်ရှားမှုများကိုပါ တွေ့မြင်နေရသည်။
ရှေးဟောင်းနတ်ဘုရားများနှင့် ယှဉ်နိုင်သော ဖြစ်တည်မှုတစ်ခု ထွက်ပေါ်လာခဲ့လေပြီ။
"ဟားဟားဟား... ရှေးဟောင်းနတ်ဘုရားချောက်နက်ကြီးကို ဖြည့်ဖို့ လူရှိသွားပြီ... ဟို မသေနိုင်မရှင်နိုင်ကောင်တွေ၊ သူတို့ကို ကိုယ်တိုင်မြှုပ်နှံပေးမယ့်သူ ပေါ်လာပြီဟေ့..."
အရိုးစုကဲ့သို့ ပိန်လှီနေသော ချင်းရွှမ်သည် လေကို ပြင်းထန်စွာရှူရှိုက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သို့သော် သူ့ရယ်သံမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အသံက စူးရှအက်ကွဲနေသည်။
ရှေးဟောင်းနတ်ဘုရားချောက်နက်
လက်ရှိ အမှောင်မြူခိုးသမုဒ္ဒရာ၏အနက်ရှိုင်းဆုံးအပိုင်းအတွက် အလွန်ခေါင်းကိုက်စရာကောင်းသော ထူးခြားသည့်ဖြစ်တည်မှုတစ်ခု၊ ခေတ်တစ်ခေတ်လုံးအတွက် ကပ်ဘေးဆိုးကြီးတစ်ခုပင်။
ထိုအချိန်တွင် ဒျန်နန်းတော်ကို အောင်မြင်စွာ စုစည်းနိုင်ခဲ့သော လူငယ်များသည် ထိုနေရာသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။
သူတို့၏မျက်လုံးများတွင် အံ့သြထိတ်လန့်မှုများ ပြည့်နှက်နေပြီး ရှေးခေတ်က ဘုရင်ထံခစားဝင်သော မှူးမတ်များကဲ့သို့ ဖြစ်နေသည်။
ကောင်းကင်ယံထက်မှ အလင်းရောင်များ ဖြာကျလာသည်ကို သူတို့ မြင်လိုက်ရသည်။
ထိုအလင်းရောင်၏အလယ်တွင်
ဝတ်ရုံဖြူပုံရိပ်တစ်ခုသည် လက်နောက်ပစ်လျက် ရပ်နေသည်။
ဖော်ပြမရနိုင်အောင် ခန့်ညားလွန်းသလို၊ ဖော်ပြမရနိုင်အောင် တည်ငြိမ်အေးဆေးလွန်းလှသည်။
"ဓားနည်းစနစ်စွမ်းအား၊ သတ်မှတ်ချက်အဆင့် (၁၁)၊အမှောင်နတ်ဘုရားကျောက်တိုင် ကို တိုက်ရိုက်ပေါ်လာစေခဲ့တယ်..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... လက်ရှိခေတ်မှာ ဒီလို မွန်းစတားမျိုး ဘယ်လိုလုပ် ပေါ်လာနိုင်တာလဲ... သတ်မှတ်ချက်အဆင့် ထိပ်ဆုံး (၁၀၀၀) ဆိုတာ ရှေးဟောင်းနတ်ဘုရားတွေချည်းပဲလေ။ ထိပ်ဆုံး (၁၀၀) ဆိုရင် ရှေးဟောင်းနတ်ဘုရားခေတ်က ခေတ်အဆက်ဆက်ထွက်ပေါ်ခဲ့တဲ့ ထိပ်သီးလူငယ် ပါရမီရှင်တွေ၊ ခေတ်ကာလတစ်ခုစီရဲ့ အကျော်အမော်တွေ... ထိပ်ဆုံး (၁၀) ယောက်ဆိုတာကတော့ အမြင့်မြတ်ဆုံးနဲ့ အကြောက်မက်ဖွယ်အကောင်းဆုံး အဆင့်အတန်းကို ကိုယ်စားပြုတာ၊ သူတို့က ခေတ်အဆက်ဆက်ကို လွှမ်းမိုးထားနိုင်တဲ့သူတွေ..."
"အဆင့် (၁၁) မှာ ရပ်တည်နိုင်တဲ့သူက တကယ်တမ်း ဘယ်သူလဲ..."
မရေမတွက်နိုင်သော လူများက ထိုပုံရိပ်ကို ကြောက်ရွံ့စွာ မော့ကြည့်နေကြသည်။
ရှန်းချန်ကောသည် ဤကဲ့သို့ လူအများ၏ အာရုံစိုက်မှုကိုခံရသည့် ခံစားချက်ကို အလွန်သဘောကျသော်လည်း၊ "ဟန်ထုတ်ခြင်းတာအို" ကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသူ ပီပီ၊ ယခုအချိန်သည် သူ ပြန်ရမည့်အချိန်ဖြစ်ကြောင်း သိသည်။
ထို့ကြောင့် သူသည် လှည့်ထွက်သွားပြီး လျှို့ဝှက်ဆန်းကြယ်ကာ ခန့်ညားသော ကျောပြင်တစ်ခုကို ချန်ထားရစ်ခဲ့သည်။
"သူ ထွက်သွားပြီ။"
"အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ဝတ်ရုံဖြူလူငယ်..."
"ယုံတောင် မယုံနိုင်စရာပဲ။"
မရေမတွက်နိုင်သော လူများသည် ရှန်းချန်ကော၏ ခန့်ညားသော ကျောပြင်လေးတဖြည်းဖြည်း ဝေးကွာသွားသည်ကို ကြောင်ငေးကြည့်နေရင်း ဖော်ပြမရသော ဖိအားတစ်မျိုးကို ခံစားလိုက်ကြရသည်။
ထိုအရှိန်အဝါကြောင့်ဖြစ်စေ၊ထို လျစ်လျူရှုတတ်သော "ဟန်ပန်" ကြောင့်ဖြစ်စေ၊ သူတို့အားလုံး လေးစားကြည်ညိုသွားကြသည်။
ဒီလူက...
သိပ်ကို ကြောက်ဖို့ကောင်းတာပဲ