ငါ လိုချင်သေးတယ်
Vol. 7 Ch. 66
ထိုအချိန်တွင်
ရှန်းချန်ကော၏ဘေးနားတွင် ဝိုင်းရံနေကြသော လူသုံးဦးတို့သည် ကြမ်းပြင်ပေါ်၌ထိုင်နေသော ရှန်းချန်ကောထံမှ ဖြည်းညှင်းစွာ ပြန့်နှံ့ထွက်ပေါ်လာသည့် အလွန်အမင်းဖိနှိပ်ချုပ်ကိုင်သော အရှိန်အဝါတစ်ခုကို ခံစားလိုက်ကြရသည်။
"စီနီယာအစ်ကိုကြီးက အမှောင်နတ်ဘုရားကျောက်တိုင်နယ်မြေ ဆိုတဲ့နေရာမှာ တကယ်တမ်း ဘာတွေ ကြုံတွေ့ခဲ့ရတာလဲ..."
မိုချင်းချန်သည် တုန်လှုပ်ချောက်ခြားမှုကို မဖုံးကွယ်နိုင်တော့ပေ။
လေးလံသောအရှိန်အဝါကို ခံစားရင်း သူ ပြိုလဲကျတော့မလိုပင် ဖြစ်နေသည်။
သူသည် ထောင့်တစ်နေရာသို့ အလျင်အမြန် ဆုတ်ခွာလိုက်ပြီး၊သူ့နောက်တွင် ရှန်းချန်ကော၏ ခန့်ညားမှုကို ငေးမောကြည့်ရှုနေသော လင်းချင်းရှန်ကိုပါ တစ်ပါတည်း ဆွဲခေါ်သွားလိုက်သည်။
စီနီယာအစ်ကိုကြီး၏လက်ရှိအခြေအနေမှာ အလွန်ကို ကြောက်စရာကောင်းလွန်းလေ၏။
စီနီယာအစ်ကိုကြီးမှမရည်ရွယ်ဘဲ ထုတ်လွှတ်လိုက်သောအရှိန်အဝါလေးကိုပင် သူတို့မခံနိုင်ကြပါဘူး။
ဒါက...
ဒါက 'မြူခိုးနေထိုင်သူ' တွေရဲ့ စွမ်းအားလား။
အစောပိုင်းက ကျိဘ ပြောပြတဲ့ အမှောင်မြူခိုးကျင့်စဥ်များ၏စွမ်းအားကြီးမားပုံကို ပြန်ကြားယောင်မိပြီး သူ အားကျသွားမိသည်။
အကယ်၍ သူသာ မြူခိုးနေထိုင်သူဖြစ်ခွင့်ရမည်ဆိုလျှင် ယခုလိုအဖြစ်ဆိုးနေမှာမဟုတ်ဘူးလို့ တွေးမိသည်။
ထိုအကြောင်းကို တွေးမိပြီး မိုချင်းချန်သည် ကျိဘကိုအားကျသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
သို့သော် ထိုအချိန်တွင်
ကျိဘသည် ရှန်းချန်ကောကို ကြက်သီးထစွာကြည့်လိုက်ပြီး လန့်ဖျပ်နေသော ယုန်တစ်ကောင်ကဲ့သို့ ပိုဝေးရာသို့ အလျင်အမြန် နောက်ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။
မိုချင်းချန် - "..."
အစတည်းက 'အမှောင်မြူခိုးကျင့်စဉ်' ကြောင့် စွမ်းအားကြီးတာ မဟုတ်ဘဲ၊စီနီယာအစ်ကိုကြီး ကိုယ်တိုင်က စွမ်းအားကြီးနေတာပဲ။
ဒါ့အပြင် ကျိဘခံစားနေရတဲ့ ဖိအားက သူတို့ ခံစားရတာထက် ပိုပြင်းထန်ပုံပေါ်နေတယ်။
ကျိဘ၏မျက်နှာ အရောင်ပြောင်းသွားသည်။
"ဒီ... ဒီလို ဖိအားမျိုးက... တစ်ရက်တည်းပဲ ရှိသေးတာလေ၊ အမှောင်နတ်ဘုရားကျောက်တိုင်က ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား၊ နယ်မြေထဲ ဝင်သွားတာ ဘယ်လောက်မှ မကြာသေးဘူး၊သူ့ရဲ့ စွမ်းရည်က အရှိန်အဟုန်နဲ့ ခုန်တက်သွားသလိုပဲ"
"ပိုပြီး ကြောက်ဖို့ကောင်းတာက ဒီလို ခန့်ညားထည်ဝါတဲ့အရှိန်အဝါမျိုးကို ငါ ဘယ်ကျွမ်းကျင်သူဆီကမှ မခံစားဖူးဘူး။ ဒါက ကျင့်ကြံခြင်းအဆင့်နဲ့ မဆိုင်ဘဲ ငါမသိတဲ့ နယ်ပယ်တစ်ခုကနေ ထွက်လာသလိုပဲ"
ကျိဘ အလွန်အမင်း ထိတ်လန့်သွားသည်။
လက်ရှိတွင် ရှန်းချန်ကောသည် မျက်လုံးများကို မှိတ်ထားသည်မှာ သေချာသော်လည်း၊ကျိဘကို စိုက်ကြည့်ခံနေရသကဲ့သို့ ခံစားရစေသည်။
တခဏအတွင်းမှာပင် ရေခဲတိုက်ထဲကျရောက်သွားသလို၊ နတ်ဘုရားတစ်ပါးက ပုရွက်ဆိတ်ကို ငုံ့ကြည့်နေသလို ခံစားလိုက်ရသည်။
သိပ်ကို ကြောက်စရာကောင်းတဲ့ အရှိန်အဝါပါလား။
ကျိဘ တစ်ကိုယ်လုံး တုန်ယင်လာသည်။
ထိုအချိန်တွင် အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာသည်။
၎င်းသည် ပြိုင်ဘက်ကင်းသောစွမ်းအားကို ကိုယ်စားပြုပြီး ရှေးကျကာ ပျက်သုဉ်းခြင်းအငွေ့အသက်များ ပါဝင်နေ၏။
ရှန်းချန်ကော မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ဘုန်း
ဖိသိပ်ထားရာမှပွင့်ထွက်လာသကဲ့သို့ ထူထဲသော ပျက်သုဉ်းခြင်းချီများ ပေါက်ကွဲထွက်လာသည်။
၎င်းတို့သည် နောက်ကျိသော စက်ဝိုင်းသဏ္ဌာန် အလင်းစက်ကွင်းတစ်ခုဖြစ်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်သို့ ကားထွက်သွားသည်။
ကျိဘသည် ရှန်းချန်ကောကို ကြောက်လန့်တကြား ကြည့်လိုက်သည်။
ရှန်းချန်ကောသည် အခုမှ နိုးလာခြင်း ဖြစ်သော်လည်း သူ့ကို ဘာကြောင့် ဤမျှအထိ ကြီးမားသော သက်ရောက်မှု ဖြစ်စေရသနည်း။
သူခံစားရပုံမှာ ရှန်းချန်ကောက သူ့ကို ဓားဖြင့် ဝင်ခုတ်လိုက်သကဲ့သို့ပင်။
ရှန်းချန်ကော စိတ်ထဲတွင် ကျိတ်ပြုံးလိုက်သည်။
အမှန်ပင် ဤအရာအားလုံး သူလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ကျိဘ ကြောက်လန့်သွားရခြင်းမှာ ရှန်းချန်ကောက တမင်သက်သက်ပစ်မှတ်ထားပြီး ခြိမ်းခြောက်လိုက်ခြင်းကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူသည် 'မြူခိုးနေထိုင်သူများ' အဖွဲ့အစည်းထဲကို လုံးဝ မဝင်ရောက်ရသေးပေ။
ကျိဘသည် သူ့အတွက် မိတ်ဆက်ပေးသူ ပုံစံမျိုး ဖြစ်နေသဖြင့်၊ သူ့စိတ်ထဲ ဘာပဲရှိရှိ၊ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ရှန်းချန်ကောက သူ့ကို အရင်ဆုံး 'ဖိအားပေးထားမှ ရမည်။
ယခုအချိန်တွင် ကျိဘ၏မျက်နှာအမူအရာသည် ပိုမို ရိုကျိုးလာသည်ကို မြင်ရသဖြင့် ရှန်းချန်ကော သူ၏ရည်ရွယ်ချက် အောင်မြင်ပြီဟု ယူဆလိုက်သည်။
လက်ရှိ သူ့အခြေအနေအရ...
သူ၏စစ်မှန်သောအင်အားကို အပေါ်ယံ ကျင့်ကြံခြင်းအဆင့်ဖြင့် တိုင်းတာ၍မရတော့ပေ။
ရှေးဟောင်းနန်းတော် ဒျန်နန်းတော်ကို ဖွဲ့စည်းပြီးနောက် ရှန်းချန်ကော၏စွမ်းရည်သည် ပိုမိုလေးလံ တည်ငြိမ်လာခဲ့သည်။
ချောက်နက်ထဲမှ ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ပင်။
သတ်ဖြတ်ခြင်းဓားနည်းစနစ်ကိုသာ အသုံးပြုလိုက်လျှင် ကူးပြောင်းခြင်းအဆင့်ရှိသူများကိုပင် ဓားတစ်ချက်တည်းဖြင့် အမှောက်သိပ်လိုက်နိုင်မည်ဟု ရှန်းချန်ကော ခံစားနေရသည်။
ကူးပြောင်းခြင်းအဆင့်ရှိသော 'မြူခိုးနေထိုင်သူ' တစ်ယောက်ဖြစ်လျှင်ပင်၊ သူ့ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်မည်ဟု ယုံကြည်မှု ရှိနေသည်။
အဘယ်ကြောင့်ဆိုလျှင် သူယခုပိုင်ဆိုင်ထားသော ကပ်ဘေးအဆင့် သတ်ဖြတ်ခြင်းဓားနည်းစနစ်ကြောင့်ပင်ဖြစ်လေသည်။
ထိုအချိန်တွင် ကျန်းစန်းကျန့် ရောက်ရှိလာခဲ့သည်။
ရှန်းချန်ကော နိုးလာသည်ကို မြင်လိုက်ရသဖြင့် အလွန်စိတ်အားထက်သန်စွာ ပြေးလာပြီး ဟန်ဆောင်ပန်ဆောင် မေးမြန်းလေသည်။
"ချန်ကော မင်း နိုးလာပြီကိုး၊ ဆရာ့မှာတော့ မင်းအတွက် စိတ်ပူလိုက်ရတာ..."
"ဘယ်လိုလဲ... ဟိုကမ္ဘာမှာ အေးလား၊ မင်းကို အနိုင်ကျင့်တဲ့သူရော ရှိလား"
ရှန်းချန်ကောသည် ယခင်နှင့် လုံးဝကွဲပြားနေသော ကျန်းစန်းကျန့်ကို တစ်ချက်ကြည့်ပြီး ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။
မိုချင်းချန်က တံတွေးထွေးလိုက်သည်။
အရင်တုန်းက စီနီယာအစ်ကိုကြီးနဲ့ ဆရာက တစ်လေသံတည်းလို့ ထင်ခဲ့ပေမဲ့၊ အခုအချိန်မှာတော့ ဆရာ့ကို အစ်ကိုကြီးနဲ့ ယှဉ်တာက အစ်ကိုကြီးကို စော်ကားရာ ရောက်နေပြီ။
အစ်ကိုကြီးလို ဖြောင့်မတ်မှန်ကန်ပြီး စွမ်းအားကြီးတဲ့ လူတစ်ယောက်ကို တပည့်အဖြစ် လက်ခံရရှိဖို့ ဆရာက အတိတ်ဘဝတုန်းက ကုသိုလ်တွေ ဘယ်လောက်တောင် လုပ်ခဲ့ရမလဲ...
ထိုအချိန်၌ လင်းချင်းရှန်သည် ရှန်းချန်ကောကို ငေးမောကြည့်ရှုနေသည်။
စွမ်းအားကြီးတယ်၊ တည်ငြိမ်တယ်၊ ခန့်ညားတယ်။
မိုချင်းချန်က ဂျူနီယာညီမလေးကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
ဂိုဏ်းအတွက် မျှော်လင့်ချက် မရှိတော့ဘူး။
အစ်ကိုကြီး တစ်ယောက်တည်းပဲ ဦးဆောင်နိုင်တော့မယ်။
ကျန်းစန်းကျန့်က လက်များကို ပွတ်သပ်လိုက်ပြီး...
"ဟိုလေ... ချန်ကော၊ ဓားစွမ်းအင်တောင်ကို ဘယ်လိုမြင်လဲ။ အဲဒီနေရာကို တိုက်ခိုက်သိမ်းပိုက်ပြီး မင်းအတွက် ဇိမ်ခံအိမ်ဂေဟာကြီး ဆောက်ပေးရင်ရော ဘယ်လိုလဲ"
ရှန်းချန်ကော မျက်လုံးများ အရောင်တောက်လာသည်။
အခန်းကျဉ်းလေးထဲတွင်။
လူနှစ်ယောက် လက်ဝါးချင်းရိုက်လိုက်သည့်အသံက ပြတ်သားစွာ ထွက်ပေါ်လာခဲ့သည်။
ကျန်းစန်းကျန့် စိတ်ထဲတွင် ကျေနပ်သွားသည်။
'မင်း ဘယ်လောက်ပဲ စွမ်းအားကြီးလာပါစေ၊ မင်းလိုကောင် ဘာလိုချင်လဲဆိုတာ ဆရာက သိပြီးသားပါကွာ၊ လူတွေရှေ့မှာ ကြွားချင်တာ၊ စတိုင်ထုတ်ချင်တာပဲ မဟုတ်လား'
ဓားစွမ်းအင်တောင်ကို သိမ်းပိုက်ပြီး တောင်ထိပ်မှာ ဓားနတ်ဘုရားအိမ်တော် ဆောက်ပေးလိုက်မယ်။
ကျန်းစန်းကျန့် တွေးရင်းတွေးရင်း စိတ်လှုပ်ရှားလာသည်။
ဒါပေမဲ့ နည်းနည်းတော့ နောင်တရမိသွားတယ်။
'သောက်ကျိုးနည်း... ဒီကောင်ကို တခြားဟာ ကတိပေးခဲ့ရင် ကောင်းသား၊ အဲဒါဆို ဓားစွမ်းအင်တောင်ပေါ်က အိမ်မှာ ငါ သွားနေလို့ ရတာပေါ့ တွက်ကိန်းလွဲသွားပြီကွာ။'
………
ရှန်းချန်ကော သူ့အခန်းပြန်ရောက်ပြီး 'ရှေးဟောင်းဝိညာဉ်နတ်ဆိုးပျိုးထောင်ခြင်းကျမ်း' ကို စတင်လေ့လာလိုက်သည်။
သြော်... ဒီလိုကိုး။
ခန္ဓာကိုယ်ထဲကနတ်ဆိုးကို ဘယ်လို ပြုစုပျိုးထောင်မလဲ၊ပြီးတော့ သူ့စွမ်းအားကို ပိုမိုလွယ်ကူ အဆင်ပြေအောင် ဘယ်လိုထိန်းချုပ်မလဲ ဆိုတာကို သင်ပေးတဲ့ ကျင့်စဉ်ကျမ်းတစ်ခုပါလား။
လက်ရှိ ရှန်းချန်ကောအတွက် အလွန်အသုံးဝင်သည်ဟု ပြောရပေမည်။
အဘယ်ကြောင့်ဆိုသော် သူသည် ထိုမျက်လုံး၏ စွမ်းအားကို အလွန်လိုချင်တပ်မက်နေပြီ ဖြစ်သောကြောင့်တည်း။
သူ့မျက်ခုံးကြားမှ မျက်လုံးတစ်လုံး ဖြည်းညှင်းစွာ ပွင့်လာသည်။
လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျသော ဆိတ်သုဉ်းခြင်းအငွေ့အသက်များ လှိမ့်ဝင်လာသည်။
သူသည် 'ရှေးဟောင်းဝိညာဉ်နတ်ဆိုးပျိုးထောင်ခြင်းကျမ်း' ကို ချက်ချင်း လည်ပတ်လိုက်သည်။
ယခုမှ ချက်အင်လုပ်ပြီး ရရှိထားသည် ဆိုသော်လည်း အလွန်လွယ်ကူစွာပင် အသုံးပြုနိုင်နေပြီ ဖြစ်သည်။
ဘုန်း
ထိုအချိန်တွင် သူ့ဒျန်နန်းတော်ထဲ၌ ထိုင်နေသော ရှေးဟောင်းနတ်ဘုရား ပုံရိပ်ယောင်၏ မျက်လုံးအိမ်များ ရုတ်တရက်ကျုံ့ဝင်သွားပြီး ပြင်းထန်စွာ တုန်လှုပ်သွားသည်။
"မင်း ငါ့ကို ထိန်းချုပ်ချင်တာလား"
"မင်းလိုကောင်ကလေ ထိုက်တန်လို့လား"
ကြီးမားကျယ်ပြန့်သော ထိန်းချုပ်မှုစွမ်းအားတစ်ခု ကျဆင်းလာသည်။
ဒါက... မူလအစစွမ်းအင်ကို ကိုယ်စားပြုတဲ့ နောက်ထပ် ကျင့်စဉ်ကျမ်းတစ်ခုလား။
ရှေးဟောင်းနတ်ဘုရား၏ပုံရိပ်ယောင် စိတ်ထဲတွင် ထိတ်လန့်သွားသည်။
ဒီကောင်က ဒီလောက် ကြောက်စရာကောင်းတဲ့ ကျမ်းတွေကို ဘယ်ကနေများ ရထားတာလဲ။
ထိုရှေးဟောင်းစွမ်းအား ကျဆင်းလာပြီး သူ့ကို ပိုမိုထိန်းချုပ်ရန် ကြိုးပမ်းလာခဲ့သည်။
သူ အလွန်အမင်း ဒေါသထွက်သွားသည်။
"ငါက ကောင်းကင်ယံထက်မှာ ရပ်တည်ပြီး မိုးမြေကိုထောက်ကန်ထားသူ၊ သက်ရှိသတ္တဝါတွေကို အပေါ်စီးက ငုံ့ကြည့်နေသူ... ပုရွက်ဆိတ်လို ကောင်လေးက ငါ့ကို ထိန်းချုပ်နိုင်မယ် ထင်နေသလား"
ရှန်းချန်ကောသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ခုခံမှုစွမ်းအားကို ခံစားလိုက်ရသည်။
သို့သော် သူသည် မထိတ်လန့်မတုန်လှုပ်ဘဲ 'ရှေးဟောင်းဝိညာဉ်နတ်ဆိုးပျိုးထောင်ခြင်းကျမ်း' ကို သူ့စိတ်ထဲတွင် လှန်လှောကြည့်လိုက်သည်။
ယခင်ဘဝက ဝက်မွေးမြူရေးခြံပိုင်ရှင်ကြီး တစ်ယောက်သည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာသော မွေးမြူရေးလမ်းညွှန်စာအုပ်ကို လှန်လှောကြည့်နေသကဲ့သို့ပင်။
"သြော်... ဒီလိုကိုး။ ထိန်းချုပ်တဲ့အချိန်မှာ အချိုသတ်ပြီး ဆုလေးဘာလေး ပေးရမယ်ပေါ့။ ဒါမှ ယဉ်ပါးအောင် လုပ်ရတာ ပိုထိရောက်မှာကိုး။"
ရှန်းချန်ကောသည် ပျက်သုဉ်းခြင်းချီများကို တိုက်ရိုက် လည်ပတ်လိုက်ပြီး၊ ပျိုးထောင်ခြင်းကျမ်းမှတစ်ဆင့် အလွန်နူးညံ့သိမ်မွေ့သော စွမ်းအားတစ်ရပ်ကို ရှေးဟောင်းနန်းတော်ထဲသို့ ပို့လွှတ်လိုက်သည်။
အစပိုင်းတွင် ထိုမျက်လုံးသည် မလှုပ်မယှက်နေပြီး ဂရုမစိုက်သလို နေလေ၏။
တိတ်ဆိတ်ငြိမ်သက်ခြင်းများ လွှမ်းမိုးသွားသည်။
အချိန်အတန်ကြာပြီးနောက်...
ရှေးဟောင်းနန်းတော်အတွင်းမှ အာဏာပြည့်ဝသော အသံကြီးထွက်ပေါ်လာခဲ့သည်။
"ငါ ထပ်လိုချင်သေးတယ်။"