ရှေးဟောင်းနန်းတော်ထဲမှ အင်မော်တယ်နတ်ဘုရား
Vol. 7 Ch. 61
ချင်းရွှမ် ထိတ်လန့်သွားခဲ့သည်။
သူသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဒျန်နန်းတော်ကို တစ်ခါမျှ မမြင်ဖူးပေ။(ဒန်ကသိပ်မကြိုက်လို့ ဒျန်လို့ပြင်လိုက်ပါတယ် )
"ဘာမှားလို့လဲ"
ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိလူများသည် ချင်းရွှမ်ကို သံသယစိတ်ပြည့်နှက်နေသောအကြည့်ဖြင့်ကြည့်လိုက်ကြသည်။
"တစ္ဆေအိုကြီး ဘာဖြစ်လို့လဲ၊ သူ တကယ်ကြီး ထူးခြားနန်းတော်ကို ဖွဲ့စည်းလိုက်တာလား"
"ဒါ မဖြစ်နိုင်ဘူးထင်တယ်။သူက ဒျန်နန်းတော် ကို အရမ်းမြန်တဲ့နှုန်းနဲ့ ပုံဖော်ခဲ့တာ... ဘယ်လိုလုပ် ထူးခြားနန်းတော် ကို ချက်ချင်းတည်ဆောက်နိုင်မှာလဲ။ ထူးခြားနန်းတော်ဖွဲ့စည်းတာကမလွယ်ကူဘူး။ သူ့ရဲ့ မြူသမုဒ္ဒရာကျမ်းက လုံလောက်တဲ့ ပျက်သုဉ်းခြင်းချီပမာဏကို တစ်ခဏချင်းသူ့ ဒျန်နန်းတော်ထဲကို စီးဝင်စေနိုင်လောက်အောင် ကြောက်မက်ဖွယ် မကောင်းရင်ပေါ့..."
အကယ်၍ ထိုလူငယ်သည် ထူးခြားနန်းတော်ကို အမှန်တကယ်ဖွဲ့စည်းခဲ့ပါက အလွန် ကြောက်မက်ဖွယ် ကောင်းလိမ့်မည်။
ဖွဲ့စည်းမှုအလွန်မြန်ဆန်ခြင်းသည် သူ၏မြူသမုဒ္ဒရာကျမ်း၏စွမ်းအားကြီးမားမှုကို ကိုယ်စားပြုသည်။
ဒျန်နန်းတော်ကို ထူးခြားနန်းတော်အဖြစ် ဖွဲ့စည်းနိုင်မလားဆိုသည်မှာ လူတစ်ဦး၏ခန္ဓာဖွဲ့စည်းမှု၊ အမှောင်မြူသမုဒ္ဒရာကျမ်းနှင့် ကိုက်ညီမှု ရှိမရှိ၊ နှင့် အမှောင်မြူသမုဒ္ဒရာကျမ်းအပေါ် ကျွမ်းကျင်မှု အတိုင်းအတာတို့အပေါ် မူတည်သည်။
ဤသုံးချက်သည် အလွန်အရေးပါသော အခန်းကဏ္ဍနှင့် သက်ရောက်မှုကို ဖြစ်စေသည်။
"မဟုတ်ဘူး၊ ထူးခြားနန်းတော် မဟုတ်ဘူး"
ထိုအချိန်တွင် ချင်းရွှမ် ခေါင်းယမ်းလိုက်သည်။
သူ၏အသံထဲတွင် ထိတ်လန့်မှုသည် ယခုထိတိုင် လုံးဝ ပျောက်ကွယ်မသွားသေးပေ။
သူ၏မျက်လုံးများ လှုပ်ရှားသွားပြီး နောက်တစ်ကြိမ် ထပ်မံအတည်ပြုလိုက်ပုံရသည်။
"ဒါဆို ဘာကြီးလဲ"
"ထူးခြားနန်းတော် မဟုတ်ရင် ဘာလို့ ဒီလောက် ထိတ်လန့်နေတာလဲ။ ဘာမှမဟုတ်တာကို အထူးအဆန်း လုပ်နေတာလား"
ချင်းရွှမ်တံတွေးထွေးလိုက်သည်။
"မင်းတို့ဘာသာ ကြည့်လိုက်"
သူ့လက်ကို ရုတ်တရက်ယမ်းလိုက်ရာ အလင်းရောင်များ ပေါက်ကွဲထွက်လာသည်။
အလင်းရောင်သည် လျှင်မြန်စွာဖြင့် ထောင်ချီသောအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး တောက်ပသောပုံရိပ်တစ်ခုကို လျင်မြန်စွာဖန်တီးလိုက်သည်။
၎င်းသည် အရာအားလုံးကို ဝါးမြိုသွားနိုင်သော ကြောက်မက်ဖွယ် အနက်ရောင်မြူခိုးဖြစ်ပြီး အလွန်သိပ်သည်းကာ အနက်ရောင်ရေလှိုင်းများ လှိမ့်ဝင်နေသည်။
ဘုန်း.
နက်မှောင်ပြီး ရှေးကျသောနန်းတော်ကြီး တစ်ခုသည် ထိုအနက်ရောင်မြူခိုးပေါ်တွင် ရုတ်တရက် အမြစ်တွယ်နေသည်။
၎င်းသည် အေးစက်သော မိုးရေဖြင့် ဆေးကြောခံထားရသကဲ့သို့ နက်မှောင်နေပြီး၊ ရှေးကျကာ ခမ်းနားထည်ဝါလှသည်။
ဧရာမအရှိန်အဝါကြီးတစ်ခုသည် မျက်နှာချင်းဆိုင်မှတိုးဝင်လာသဖြင့် ထိုနေရာရှိ လူတိုင်း၏ မျက်နှာထားများကို သိသိသာသာပြောင်းလဲသွားစေသည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဒျန်နန်းတော်က ခန်းမကြီး ဖြစ်သွားပြီ"
သူတို့သည် နက်ရှိုင်းပြီး ကျယ်ပြန့်သောရေရွက်သံများ အဝေးမှလာနေသကဲ့သို့ ကြားလိုက်ရသည်။
ရှေးဟောင်းနတ်ဘုရား တစ်ပါး တီးတိုးရေရွတ်နေသကဲ့သို့ပင်။
ရှေးဟောင်းမွန်းစတားအိုကြီးများတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ လေးနက်သောအမူအရာနှင့် ကြည်ညိုလေးစားသော မျက်လုံးများဖြင့် ရှိနေကြသည်။
ဤမျှ ရှေးကျပြီးခမ်းနားသောအရှိန်အဝါကြီးသည် ဒျန်နန်းတော်ထဲမှ မည်သို့ ထွက်ပေါ်လာနိုင်သနည်း။
ထို့အပြင် ထို ခမ်းနားသော နတ်ဘုရားခန်းမကြီး...
ထူးခြားနန်းတော် သည် နတ်ဆိုးအဆင့်ကို အလွန်ထူးခြားပြီးအစွမ်းထက်သောအဆင့်သို့ မြှင့်တင်ပေးမည်ဖြစ်ကြောင်း သူ ဝါးတားတား အမှတ်ရသည်။
ထူးခြားနန်းတော်သည် အမှန်ပင် အစွမ်းထက်သော်လည်း ပိုမိုရှေးကျသော ဒဏ္ဍာရီတစ်ခု ရှိသေးသည်။
၎င်းမှာ - "ဒျန်နန်းတော်သည် ခန်းမကြီး ဖြစ်လာလျှင်၊ နတ်ဆိုးသည် သူတော်စင် ဖြစ်လာမည်" ဟူ၍ ဖြစ်သည်။
ဒျန်နန်းတော်သည် ခန်းမကြီးဖြစ်လာပါက အတွင်း၌နေထိုင်သော နတ်ဆိုးသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနောက်ခံသမိုင်း သေချာပေါက်ရှိပေလိမ့်မည်။
အများစုသည် ရှေးဟောင်းသူတော်စင်အဆင့် နတ်ဆိုးဝင်စားသူများ ဖြစ်ကြပြီး တစ်ယောက်စီတိုင်းသည် ထူးခြားစွာ ကြောက်မက်ဖွယ်ကောင်းသည်။
၎င်းသည် အဆုံးမရှိသောအလားအလာနှင့် အနာဂတ်တွင် အကန့်အသတ်မဲ့သော တိုက်ခိုက်ရေးစွမ်းရည်ကို ကိုယ်စားပြုသည်။
'ဒီလူငယ်က၊ရှေးဟောင်းခန်းမကြီး တစ်ခုကို တည်ဆောက်ခဲ့တာလား။'
သို့သော် ထိုအချိန်တွင်
ရုတ်တရက်
ထို ရှေးဟောင်းခန်းမကြီး၏တံခါးများ ရုတ်တရက် ပွင့်သွားသည်။
ဟူးလား..
အတိုင်းထက်အလွန် တောက်ပသောအလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာသည်။
တံခါးပေါက်များနှင့် ခန်းမကြီးအတွင်းမှ ပေါက်ကွဲထွက်လာခဲ့သည်။
ဘုန်း
ကြောက်မက်ဖွယ်ကောင်းသောနေမင်းကြီး တစ်စင်းသည် ကောင်းကင်ယံသို့ ရုတ်တရက်ထိုးတက်လာသည်။
ထို ခန်းမကြီး၏နောက်ကွယ်ရှိ အနက်ရောင်မြူခိုး များကြားတွင် လင်းလက်လာသကဲ့သို့ပင်။
ကောင်းကင်သည် မြင့်တက်လာပြီး မြေကြီးသည် နိမ့်ဆင်းသွားသည်။
အလယ်ရှိနေမင်းကြီး သည် တောက်ပပြီး ထည်ဝါစွာ လင်းလက်နေသည်။
ကြယ်တာရာများ၊နေနှင့် လတို့သည် ရူးသွပ်စွာ မြင့်တက်လာပြီး နက်မှောင်သောမြူခိုးများကို ထိုးဖောက်သွားသည်။
အချိန်ကာလ ကုန်ဆုံးခြင်းနှင့် အချိန်များ ကုန်လွန်သွားခြင်းကို ကိုယ်စားပြုသကဲ့သို့ပင်။
ဤ ရှေးဟောင်းမွန်းစတားအိုကြီးများသည် အမှန်တကယ် ထိတ်လန့်သွားကြသည်။
"ထူးခြားဖြစ်ရပ် တွေ အများကြီးပဲ"
"ဒါ ဘယ်လို ကြောက်စရာကောင်းတဲ့ ထူးခြားတဲ့ ဖြစ်ရပ်မျိုးလဲ"
သူတို့သည် ချင်းရွှမ်ကို အလျင်အမြန် ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ချင်းရွှမ်သည် မျက်စိဖြင့် မြင်နိုင်သော နှုန်းဖြင့် လျင်မြန်စွာ ပိန်ကျသွားသည်။
သူ၏မျက်လုံးများ ပြူးထွက်လာပြီး အရိုးပေါ်အရေတင် ဖြစ်သွားသည်။
သူ၏ခန္ဓာကိုယ် စွမ်းအင်များ လျင်မြန်စွာ စုပ်ယူခံလိုက်ရသကဲ့သို့ပင်။
"ချင်းရွှမ် မင်း ဘာဖြစ်တာလဲ"
"အတင်း မလုပ်နဲ့လေ ငါတို့ကြည့်ချင်တယ်လို့လည်း ပြောနေတာမှ မဟုတ်တာ" မွန်းစတားအိုကြီးတစ်သိုက်မှာ ရယ်ချင်နေသော်လည်း အချိန်အခါ မသင့်တော်ဟုခံစားရသဖြင့် အလျင်အမြန်ထိန်းကာ စိုးရိမ်သောမျက်နှာထားများ ဖြစ်သွားကြသည်။
ထိုအချိန်တွင် ချင်းရွှမ်၏မျက်နှာထားသည် ဆိုးရွားနေပြီး ကျိန်ဆဲချင်နေပုံရသည်။
"မင်းမေကလွှား၊အဲဒီ ရှေးဟောင်းခန်းမကြီး ပွင့်လာရင် ဒီလောက်ကြောက်စရာကောင်းတဲ့ မြင်ကွင်းမျိုးဖြစ်လာလိမ့်မယ်ဆိုတာ ငါ ဘယ်လို သိမှာလဲ"
"သောက်ချီး.. ငါ့ကျင့်ကြံခြင်းနည်းစနစ်ကို ရပ်လို့ မရတော့ဘူး"
ချင်းရွှမ်ဒေါသတကြီး အော်လိုက်သည်။
ထိုအချိန်တွင်
ဒုန်း
နန်းတော်ခန်းမ၏တံခါးများ လုံးဝပွင့်သွားခဲ့သည်။
ထိုမြင်ကွင်းသည် ကမ္ဘာအသစ်ဖန်တီး သကဲ့သို့ပင်။
တောက်ပသော နတ်ဘုရား၏အလင်းရောင် သည် ဖြာထွက်လာပြီး အရောင်စုံလင်ကာတိမ်တိုက်များနှင့် မြူခိုးများ အသက်ဝင်နေသည်။
ရှေးဟောင်းခန်းမကြီး တစ်ခုလုံးသည် ရွှေရောင် တောက်ပနေလေသည်။
"ထူးခြားနန်းတော်က ထူးခြားတဲ့ဖြစ်ရပ် တစ်မျိုးတည်းကိုပဲဖြစ်ပေါ်စေနိုင်တာ။ဒါပေမဲ့ ရှေးဟောင်းခန်းမကြီးကတော့ လုံးဝ အခြားအဆင့်တစ်ခုကို ရောက်ရှိသွားပြီ။ နေ၊ လ၊ ကြယ်တာရာတွေကို ထူးခြားတဲ့အရာအဖြစ် အသုံးပြုပြီး ကောင်းကင်နဲ့ မြေပြင်ကို ပုံရိပ် အဖြစ် အသုံးပြုထားတယ်"
မွန်းစတားအိုကြီးများ ထိတ်လန့်တကြား ပြောလိုက်ကြသည်။
ထိုအချိန်တွင် ချင်းရွှမ်အံကြိတ်လိုက်သည်။
"သူ့ဘာသူ သောက်ကျိုးနဲ ရှေးဟောင်းခန်းမကြီးဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ငါ သူ့ကို ရှေးဟောင်းနတ်ဘုရားချောက်ကမ်းပါး ကို ဆွဲခေါ်သွားပြီး ပစ်ချလိုက်မယ်"
ရုတ်တရက် ချင်းရွှမ်၏မျက်နှာသည် ထိတ်လန့်သွားပြီး သူသည် ပို၍ပိန်သွားကာ အရေခွံနှင့် အရိုးသာ ကျန်တော့သည်။
"ဒါ ဘာကြီးလဲ"
ဟူးလား..
ရှေးဟောင်းခန်းမကြီး၏ တံခါးများလုံးဝပွင့်သွားပြီး အလင်းရောင်များသည် အရပ်မျက်နှာ အနှံ့အပြားသို့ ရူးသွပ်စွာ စီးဆင်းလာကာ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို အလင်းပေးနေသည်။
ထိုအချိန်တွင်...
တစ်စုံတစ်ယောက်သည် ရှေးဟောင်းခန်းမကြီး၏ အလယ်တွင် ထိုင်နေသကဲ့သို့ပင်။
၎င်းသည် ပုံရိပ်ယောင်တစ်ခုဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါး ထိုင်နေသကဲ့သို့ဖြစ်နေ၏။
ထူးခြားသောဖြစ်ရပ်များ အားလုံးသည် သူ့ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။
အလင်းရောင်သည် သူ့ကို ဗဟိုပြု၍ အရှိန်အဟုန်ကြီးစွာဖြင့်ပေါက်ကွဲထွက်နေသည်။
ထိုအခိုက်အတန့်တွင် ဤနေရာရှိ မွန်းစတားအိုကြီးများ အားလုံး ထိတ်လန့်သွားကြသည်။
၎င်းသည် ထူးခြားသောဖြစ်ရပ် တစ်ခုမျှသာ ဖြစ်သော်လည်း ၎င်းကိုကြည့်လိုက်သောအခါ သူတို့အားလက်အောက်ခံပြီး ဒူးထောက်ချင်စိတ် ဖြစ်ပေါ်စေသည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
ဤနေရာရှိလူအများစုသည် ကူးပြောင်းခြင်းအဆင့် ၏အထက် အနန္တအမှောင်ထုအဆင့် ရှိသူများ ဖြစ်ကြသည်။
ဤအဆင့်ရှိတည်ရှိမှုများသည် အမှောင်မြူသမုဒ္ဒရာအဖွဲ့အစည်း ကြီး နှစ်ခုစလုံးတွင် ထိပ်တန်းပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံရသည်။
သို့သော် ထိုပုံရိပ်သည် ထိုနေရာတွင် ထိုင်နေပြီး အကြည့်များက အေးစက်နေခဲ့သည်။
ခြေချိတ်ထိုင်နေကာ ဘယ်ဘက်မျက်လုံးသည် လိပ်ပြာကဲ့သို့ အလွန်တောက်ပနေပြီး ကောင်းကင်နှင့် မြေပြင်ကို ထိုးဖောက်သွားသော အလင်းရောင်များ ထွက်ပေါ်နေသည်။
မျက်လုံးအလင်းရောင်သည် မူလအစစွမ်းအင်(ဟွမ်တွမ့်/ဖရိုဖရဲစွမ်းအင်)ကို ခွဲခြမ်းပြီး အာကာသကိုထိန်းချုပ်ကာ လူများကို ဦးညွှတ်ခြင်းဖြစ်စေသည်။
သူ၏ပုံရိပ်ယောင် မျက်နှာတွင် အေးစက်သော အပြုံး၊မောက်မာမှုနှင့် အထင်အမြင်သေးမှုတို့ ရှိနေပြီး သက်ရှိအားလုံးကို အထက်စီးမှ ကြည့်နေသည်။
"မင်း ငါ့ကို နတ်ဘုရားကဲ့သို့ အရိုအသေပြုရမယ်" ဟု ပြောနေသကဲ့သို့ပင်။
သို့သော် မည်သူမျှမမြင်ရသော နေရာတွင် အေးစက်သောသံကြိုးများသည် ထို ပုံရိပ်ယောင်၏ နောက်စေ့၏နောက်ဘက်မှထိုးဖောက်ဝင်ရောက်နေသည်ကိုပင်။
အမှန်ပင် ဤ ခမ်းနားသောပုံရိပ်သည် ကြိုတင် သိမြင်ထားပုံရပြီး ဤနေရာကိုတမင်တကာ ပိတ်ဆို့ထားကာ အခြားသူများ မမြင်စေရန် လုပ်ထားသည်။
မဟုတ်လျှင် အလွန်အရှက်ရစရာ ဖြစ်ပေလိမ့်မည်။
လူတိုင်းသည် ဤနေရာကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ဟူးလလား..
ကြီးမားသောမျက်လုံးတစ်လုံးသည် ကောင်းကင်နှင့်နေကို ရုတ်တရက် ဖုံးလွှမ်းသွားသည်။
အင်မော်တယ်နတ်ဘုရားထွက်ပေါ်လာလျှင် သက်ရှိအားလုံး ဦးညွှတ်ကြကုန်လေသည်။
ထူးခြားသောဖြစ်ရပ် ပျောက်ကွယ်သွားသည့်တိုင်အောင်...
ချင်းရွှမ်သည် ယခုချိန်ထိမျက်လုံးများကို မှိတ်ထားခဲ့လေသည်။
"ချင်းရွှမ်"
"ချင်းရွှမ်၊ မင်း အဆင်ပြေရဲ့လား"
"မျိုးဆက်တစ်ခုရဲ့အနန္တအမှောင်ထုအဆင့် စွမ်းအားကြီးသူ တစ်ဦး၊တကယ်ပဲ အားကုန်ညှစ်ထုတ်ခံလိုက်ရပြီလား။ အဲဒါက တကယ်ကို ဘာကြီးလဲ"
ချင်းရွှမ်သည် အရိုးစုတစ်ခုကဲ့သို့ ငြိမ်သက်နေပြီး အသက်ရှူသံ လုံးဝ မရှိတော့ပေ။
ဤနေရာရှိ လေထုသည် အနည်းငယ် လေးလံနေသည်။
သူတို့သည် မျက်လုံးများ ပြူးကျယ်ကာ မယုံကြည်နိုင် ဖြစ်နေကြသည်။
မူလပုံရိပ်ဖန်တီးခြင်းလျှို့ဝှက်နည်းစနစ် ကို အသုံးပြုခြင်းက လူတစ်ဦးကိုအရှင်လတ်လတ် အားကုန်ညှစ်ထုတ်လိုက်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
အထူးသဖြင့် အနန္တအမှောင်ထုအဆင့် စွမ်းအားကြီးသူ တစ်ဦးကို ဖြစ်သည်။
ချင်းရွှမ်၏နာမည်သည် ထာဝရ တည်တံ့နေပြီး အရှက်ရစရာမှတ်တိုင်တွင် ရိုက်နှိပ်ခံရမည်ကို သူတို့ စိတ်ကူးကြည့်နိုင်သည်။
ချင်းရွှမ်၏ယိုင်နဲ့နေသော ခန္ဓာကိုယ်သည် ရုတ်တရက်ပြင်းထန်စွာ တုန်ခါသွားပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
ချိုင့်ဝင်နေသော မျက်လုံးများတွင် သွေးကြောများ ပြည့်နှက်နေသည်။
သူသည် နှစ်ရာပေါင်းများစွာ အိုမင်းသွားသကဲ့သို့ ဖြစ်နေသည်။
ထိုအခိုက်အတန့်တွင် သူသည် အလွန် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"ငါ မသေသေးဘူး"
"ရှေးဟောင်းနတ်ဘုရားချောက်ကမ်းပါးထဲ ထည့်"
"သူ့ကို ရှေးဟောင်းနတ်ဘုရားချောက်ကမ်းပါးထဲကို သွားထည့်ခိုင်းရမယ်"
မွန်းစတားအိုကြီးတစ်သိုက် သက်ပြင်းချလိုက်ကြသော်လည်း ရယ်ချင်နေကြသည်။
သူတို့၏နှလုံးထဲတွင်တော့ အလွန် တုန်လှုပ်နေကြသည်။
ထို အဖြူရောင်ဝတ်ရုံလူငယ် သည် ဤမျှ လျင်မြန်သော အရှိန်ဖြင့် နန်းတော်တစ်ခုကို တည်ဆောက်ခဲ့သည်။
ထို့အပြင် နန်းတော်ထဲတွင် တစ်စုံတစ်ခု နေထိုင်နေပုံရသည်။
"ဒီကောင်လေးက မွန်းစတားနတ်ဆိုးအိုကြီး တစ်ကောင် ဝင်စားတာများလား"
ထိုအချိန်တွင် သူတို့ရုတ်တရက် အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် အဖြူရောင်ဝတ်ရုံလူငယ်သည် မဟာပျက်သုဉ်းခြင်းကမ္ဘာတွင် ရပ်နေပြီး သူ၏မျက်လုံးများတွင် ထူးဆန်းမှု အနည်းငယ်ရှိနေသည်။
သူ တစ်ခုခုကို စဉ်းစားနေပုံရသည်။
"သူ လျှို့ဝှက်စည်းမျဉ်းကို ဘယ်လို အစပျိုးရမလဲ ဆိုတာ မသိတာများလား"