သေသလား၊ ရှင်သလား
Vol. 1 Ch. 282
"တူးမှာလား၊ မတူးဘူးလား"
ကျန်းရီ တွေဝေနေခဲ့သည်။ ဂူသင်္ချိုင်းကို တူးခြင်းသည် ကွယ်လွန်သူကို မခန့်လေးစား ပြုမူခြင်းဖြစ်ပြီး အထဲတွင် မြှုပ်နှံထား သူမှာလည်း သူ့အမေဖြစ်သည်။ လင်းရီသည် အထဲတွင် မည်သည့် ရုပ်ကြွင်းမှမရှိဟု ပြောခဲ့ပြီး သူမှားလျှင် တောင်းပန်သည့် အနေဖြင့် သေမည်ဟု ပြောခဲ့သည်။
ကျန်းယွင်ဟိုင်၏ မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့သည်။ လင်းရီ၏ ကျင့်ကြံဆင့်သည် ဗာဂျရာအဆင့်သို့ ရောက်လုနီးနီး ဖြစ်သည်။ ဗာဂျရာအဆင့် သိုင်းသမားများသည် အရာဝတ္ထုများကို ထိတွေ့ခြင်း မရှိဘဲ စုံစမ်းစစ်ဆေးနိုင်သော ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်လေသည်။ လင်းရီ၏ အပြောသာ အမှန်ဆိုပါက ရုပ်ကြွင်းများ ပျောက်ဆုံးသွားသည်ဟု ပြောနိုင်လေသည်။
လင်းရီ လိမ်နေသည်လော။
ကျန်းရီသည် ဆုံးဖြတ်ချက်ချကာ အော်ဟစ်လိုက်သည်။
"တူးမယ်"
ကျန်းရီသည် မည်သူ့ကိုမှ ကူညီရန် တောင်းဆိုခဲ့ခြင်း မရှိပေ။ သူသည် ဂူသင်္ချိုင်းကို အကြိမ်အနည်းငယ် ဂါရဝ ပြုပြီးမှသာ သူ့လက်များနှင့် ကိုယ်တိုင် တူးလေ၏။ ကျန်းယွင်ဟိုင်သည် ဘေးမှနေ၍ သေသေချာချာ ကြည့်ရှုနေခဲ့ပြီး သူထားခဲ့သော ယန္တရားများ မပျက်မယွင်း ရှိနေသည်ကို မြင်သောအခါ ပို၍ပင် ရင်တထိတ်ထိတ် ဖြစ်လာခဲ့သည်။
ကျန်းရီသည် မည်သည့် အတွင်းအားကိုမှ မသုံးဘဲ လက်နှစ်ဖက်ဖြင့်သာ တူးနေခဲ့သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် ကျောက်တုံးကြီး များကိုပင် ဖြိုခွဲနိုင်သည့် အခြေအနေ ဖြစ်သောကြောင့် ရွှံ့စေးမြေကို တူးရခြင်းသည် အတော်လေး လွယ်ကူလေသည်။ သူသည် ဂရုတစိုက်နှင့် ဖြည်းဖြည်းချင်း တူးဖော်နေလေသည်။
တစ်နာရီကျော် ကြာပြီးနောက် ဂူသင်္ချိုင်းသည် နောက်ဆုံးတွင် ပွင့်သွားခဲ့ပြီး ရင်းတိုက်သားနှင့် ပြုလုပ်ထားသည့် မည်းနက်နေသော အခေါင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုအခေါင်းသည် ဆယ်စုနှစ် တစ်ခုကျော် ကြာပြီးသော်လည်း ဆွေးမြေ့သည့် အရိပ်အယောင် တစ်ခုတစ်လေမှ မရှိသောကြောင့် အရည်အသွေးမြင့် အခေါင်းဖြစ်ကြောင်း ထင်ရှားသည်။
"အမေ … အထဲမှာ ရှိနေရင် ဒီသားရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကို ခွင့်လွှတ်ပေးပါ"
ကျန်းရီသည် ရေရွတ်လိုက်ပြီးနောက် အတွင်းအားများ ထုတ်ဖော်လိုက်ပြီး အခေါင်းကို လက်တစ်ဖြင့် အားစိုက်ပင့်မ လိုက်သည်။ ထို့နောက် သူသည် မြေပြင်ပေါ် ဖြည်းဖြည်းချင်း ချလိုက်ပြီး ကျန်းယွင်ဟိုင်ကို လှည့်ကြည့် လိုက်သည်။ သူ့မျက်လုံးထဲတွင် ဆုံးဖြတ်ပြီးသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ပြီး အခေါင်းကို လက်တစ်ဖက်ဖြင့် ကိုင်၍ ကျန်လက်တစ်ဖက်မှ အခေါင်းဖုံးကို ဆွဲခွဲလိုက်သည်။
"ဝှစ် … ဝှစ် … ဝှစ်"
မိုးပြာနဂါးအင်ပါယာမှ မြင်းစစ်သည် များသည်လည်း သတိအနေအထားဖြင့် ကြည့်လာကြသည်။ လူတိုင်းသည် ထိုတစ်ဒင်္ဂကို စောင့်စားနေကြပြီး ငုံ့ကြည့် လိုက်ကြသော် ဆွံ့အ သွားကြလေသည်။
အခေါင်းသည် အမှန်တကယ် အလွတ်ကြီး ဖြစ်သည်။
အထဲတွင် ဘာတစ်ခုမှ မရှိဘဲ လုံးဝကို အလွတ်ကြီးပါပေ။
အခေါင်းကို ဖွင့်လိုက်သည့် ခဏတွင် အခေါင်းထဲတွင် အစတည်းက ဘာမှမရှိခဲ့သည့်အလား မကောင်းသည့် အနံ့အသက်များ တစ်စွန်းတစ်စမျှပင် ရှိမနေခဲ့ပေ။
"ဒါ … ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ သခင်မ … သခင်မရဲ့ ရုပ်ကြွင်းတွေ ဘယ်ရောက်သွားတာလဲ"
ကျန်းယွင်ဟိုင်သည် မိမိမျက်လုံးကိုပင် မယုံကြည်နိုင် လောက်အောင် အံ့အားသင့် နေခဲ့သည်။ သူသည် အခေါင်းကို ငေးကြည့်နေခဲ့ပြီး နေ့ခင်းကြောင်တောင်တွင် သရဲမြင်လိုက် ရသည့်အလား တဖွဖွ ရေရွတ်နေခဲ့သည်။
"ရုပ်ကြွင်း … ရုပ်ကြွင်းတွေ ဘယ်ရောက်သွားတာလဲ"
ဖြစ်နိုင်ချေ အလုံးစုံသည် ကျန်းရီ၏ ခေါင်းတွင်း တိုးဝင်လာခဲ့သည်။ သူပထမဆုံး တွေးမိသည်မှာ ကျန်းပိုင်လီ ဖြစ်သော်လည်း ထိုအတွေးကို အလျင်အမြန်ပင် ဖယ်ထုတ်လိုက်သည်။ ကျန်းပိုင်လီသည် သူ့တည်ရှိမှု သို့မဟုတ် သူ့အမေ၏ သေဆုံးမှုကိုတောင် မသိခဲ့ပေ။ သူမည်သို့ ရုပ်ကြွင်းများကို ရွှေ့မည်နည်း။
အုတ်ဂူဖောက်ထွင်းသူများ လက်ချက်ပေလော။
ကျန်းရီသည် အုတ်ဂူဖောက်ထွင်း သူများအကြောင်း တွေးမိသွားသည်။ သို့သော် အုတ်ဂူဖောက်ထွင်း သူသည် အဘယ့်ကြောင့် ရုပ်ကြွင်းကို ခိုးမည်နည်း။ ထို့ပြင် အုတ်ဂူဖောက်ထွင်း သူများသည် ထိတ်လန့်တကြားနှင့် ပြီးပြီးရော ထားခဲ့ကြမည်သာ ဖြစ်သည်။
ရန်သူများ အလောင်းအား ယူဆောင် သွားကြသည်လော။
ထိုအချက်သည် လုံးဝဖြစ်နိုင်ချေ မရှိပါချေ။ သူ့အမေ၏ ရန်သူများဆိုပါက ဂူသင်္ချိုင်းကို အမှုန့်ချေခဲ့ လောက်ပေသည်။ အဘယ့်ကြောင့် အလုပ်ရှုပ်ခံ၍ အလောင်းခိုးကာ ဂူသင်္ချိုင်းကို ကျန်းယွင်ဟိုင်ပင် သတိမပြု မိလောက်အောင် ခြေရာလက်ရာမပျက် ထားခဲ့ကြမည်နည်း။
ထို့နောက်တွင်တော့ ဖြစ်နိုင်ချေ တစ်ခုသာ ကျန်တော့လေသည်။
ကျန်းရီ၏ ကိုယ်သည် တုန်ယင်နေခဲ့ပြီး တံတွေးတစ်ချက် မြိုချကာ ကျန်းယွင်ဟိုင်ကို ကြည့်လိုက်သည်။ ထို့နောက် သူသည် လင်းရီတို့ လူစုအား ကြည့်၍ လက်ဟန် ပြလိုက်သည်။ သူတို့အားလုံးသည် ချက်ချင်းပင် ဝေးရာသို့ ဆုတ်သွားကြ၏။
ကျန်းရီသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ အနားတွင် မည်သူမှ မရှိတော့ကြောင်း သေချာအောင် စစ်ဆေးလိုက်သည်။ ထို့နောက် သူသည် ကျန်းယွင်ဟိုင်ကို ကြည့်ကာ တုန်ယင်နေသော လေသံနှင့် မေးလိုက်သည်။
"အဘိုး … အမေသေတာကို ကိုယ်တိုင် မြင်ခဲ့တာလား"
ကျန်းယွင်ဟိုင်၏ မီးခိုးရောင် မျက်ခုံးရှည် နှစ်ဖက်သည် အနည်းငယ် မြင့်တက်သွားခဲ့ပြီး ကျန်းရီကို နားမလည်နိုင်စွာ ကြည့်၍ ပြန်ဖြေလာခဲ့သည်။
"အရှင်ငယ် … ဒါက ဘာအဓိပ္ပာယ်လဲ၊ သခင်မက ထွက်သွားခဲ့ပြီ … ကျွန်တော် ကိုယ်တိုင် သူမကို မြှုပ်နှံခဲ့တာ"
"အဘိုး … ကျွန်တော့်ကို အထင်မလွဲပါနဲ့၊ အဘိုးကို သံသယဝင်ပြီး မေးခွန်း ထုတ်နေတာ မဟုတ်ပါဘူး "
ကျန်းရီသည် ခြေရော၊ လက်ပါ ခါယမ်းကာ အလျင်အမြန် ရှင်းပြလိုက်သည်။
"ကျွန်တော်ပြောချင်တာက အမေက သူမသေဆုံးမှုကို အတု ဖန်တီးခဲ့တာများလား"
"သေဆုံးမှုကို အတုဖန်တီးတယ်"
ကျန်းယွင်ဟိုင်သည် ခေါင်းခါကာ ပြောလိုက်သည်။
"အဲ့ဒီတုန်းက သခင်မရဲ့ကိုယ်က ကျန်းမာရေး မကောင်းခဲ့ဘူး၊ ကျန်းပိုင်လီ ကိုယ်ဝန်ရှိနေတဲ့ သူမကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင်လုပ်တော့ သူမက သန္ဓေသားကို ထိခိုက်သွားမှာ စိုးရိမ်နေခဲ့တယ် ဒါကြောင့် ဘယ်လို နာလန်ထူနိုင်တဲ့ အားဆေးမှ မသောက်ဘဲနဲ့ သဘာဝအတိုင်း ပြန်ကောင်း လာမှာကိုပဲ စောင့်ခဲ့တယ်၊ အရှင်ငယ်ကို မွေးပြီးတော့ သူမရဲ့ ဒဏ်ရာတွေက ကုမရတော့ဘူး … အားနည်းလွန်းလို့ သူမချောင်းဆိုးတိုင်း သွေးစတွေ ပါပါ လာတတ်တယ်"
"အဲ့ရက်တွေတုန်းက သူမ အရှင်ငယ်ကို ညလယ်ကနေ မိုးလင်းတဲ့အထိ ပွေ့ချီပြီး ငိုကြွေး နေတတ်တယ်၊ ကျန်းရိမြို့က ထွက်လာပြီးတဲ့ နောက်ပိုင်း သူမ မပြုံးတော့ဘူး၊ သူမ မကွယ်လွန်ခင် အထိ အိပ်ရာထဲကနေ ထွက်နိုင်ဖို့ ကြိုးစား ရုန်းကန် သွားခဲ့တယ် … သူမရဲ့ သေဆုံးခြင်းကို ဘယ်လိုလုပ် အတုလုပ်ပါ့မလဲ ပြီးတော့ ဘာအတွက် အတုလုပ်မှာလဲ၊ သူမက အရှင်ငယ်ကို အရမ်းချစ်တာ … ဘယ်လိုလုပ် စိတ်ချလက်ချ ထားခဲ့နိုင်မှာလဲ"
"ဟမ် …"
ကျန်းရီ သည်လည်း နားမလည်နိုင် ဖြစ်လာခဲ့သည်။ သူမသည် ဝိညာဉ်လောင်ကျွမ်း နေရာရွှေ့ပြောင်း ကျင့်စဉ်နှင့် သေဆုံးခြင်းကို အတုလုပ် သွားသည်ဟု သူထင်ခဲ့သည်။ သူမသည် သေချင်ယောင် ဆောင်ကာ ကျန်းယွင်ဟိုင် သူမအား မြှပ်နှံပြီးသည့် အချိန်ထိစောင့်၍ ထွက်ခွာ သွားလိမ့်မည်။ သို့သော် နာမကျန်း ဖြစ်နေသော သူမသည် ထိုမျှ အင်အားရှိပါ မည်လော။ ကျန်းယွင်ဟိုင်ထံမှ ဇာတ်လမ်းကို ကြားရပြီးနောက် သူပိုမိုနားမလည်နိုင် ဖြစ်လာခဲ့သည်။
ငါ့အမေက သေသွားတာလား၊ ရှင်နေသေးတာလား … သူမသေသွားရင် ခန္ဓာကိုယ်က ဘယ်မှာလဲ၊ ဒါမှမဟုတ် သူမသေဆုံးမှုကို ဘာလို့ အတုလုပ်သွားတာလဲ … သူမ ဘယ်နေရာမှာများလဲ …
ကျန်းရီ၏ စိတ်သည် သံသယများနှင့် ပြည့်နေသော်လည်း ဤကိစ္စကို စုံစမ်းရန် နည်းလမ်း မရှိတော့ပေ။ ဆယ်စုနှစ် တစ်ခုကျော်ကြာပြီးမှ သူဘယ်နေရာတွင် သဲလွန်စများ သွားရှာ ရမည်နည်း။ ကျန်းယွင်ဟိုင်သည် အတိတ်တစ်ချိန်လုံး သတိမပြုခဲ့မိရာ ယခုမှ စုံစမ်းရန် မဖြစ်နိုင်တော့ပေ။
ကျန်းရီနှင့် ကျန်းယွင်ဟိုင်သည် အဖြေမထုတ် နိုင်တော့သောကြောင့် အခေါင်းကို နေရာတကျ ပြန်ထားကာ ဂူသင်္ချိုင်းကို ယခင်ကအတိုင်း ပြန်ပြင်လိုက်သည်။ နှစ်ယောက်လုံးသည် ဂူသင်္ချိုင်းဘေးတွင် ထိုင်၍ ဖြစ်နိုင်ချေ အမျိုးမျိုးကို တွေးတောနေခဲ့သည်။ တစ်နေ့တာ ကုန်ဆုံးသွားခဲ့ပြီး ကောင်းကင်သည် မှောင်မည်း လာခဲ့သော်လည်း သူတို့မှာ ရေရေရာရာ အဖြေမထုတ်နိုင်ခဲ့ပေ။
"ကျူးကော့ချမ်ယွမ် … ရွှေယို့လန်"
နောက်ဆုံးတွင် ကျန်းရီ၏ မျက်လုံးများ တောက်ပလာကာ ရုတ်တရက် ထပြောလိုက်သည်။
"အဘိုး … ဒီကိစ္စမှာ ကျူးကော့ချမ်ယွမ်နဲ့ ရွှေယို့လန်ရဲ့ အမြင်ကို မေးကြည့်လို့ ရတယ်၊ သူတို့ဆီက အဖြေရနိုင်မလား ကြည့်ကြတာပေါ့ … သင်တန်းကျောင်းကို အရင်ပြန်ကြမယ် … အခုလောက်ဆို ရှောင်နူ နိုးနေလောက်ပြီ"
နောက်တစ်နာရီ ကြာပြီးနောက် ကျန်းရီသည် မတ်တတ်ထရပ် လိုက်သည်။ ကျူးကော့ချမ်ယွမ်နှင့် ရွှေယို့လန်သည် ရီဖျောင်ဖျောင်နှင့် ရင်းနှီးဟန် ရလေသည်။ ဤနေရာတွင် ထိုင်နေမည့်အစား သူတို့ကို သွားမေးလိုက်သည်က ပိုမကောင်းပေလော။
"ကောင်းပါပြီ"
ကျန်းယွင်ဟိုင်သည် ခေါင်းညိတ်ကာ ထရပ်လိုက်ပြီး မေးလာခဲ့သည်။
"ဒါနဲ့ အရှင်ငယ်၊ သင်တန်းကျောင်းထဲကို ဒီအစေခံအိုကြီး ဝင်လို့ ရပါ့မလား"
ကျန်းရီသည် ပြုံးလျက် ပြန်ဖြေလိုက်သည်။
"မစိုးရိမ်ပါနဲ့၊ ကျွန်တော် အရင်ကနဲ့ မတူတော့ပါဘူး … သင်တန်းကျောင်းကို လူတချို့ ခေါ်သွားတယ်ဆိုရင်တောင် ဘာမှပြောကြမှာ မဟုတ်ဘူး"
"ဟူး …"
ကျန်းယွင်ဟိုင်သည် တစ်ခုခုကို သတိရသွားပုံရကာ မျက်နှာပျက်ပျက်နှင့် ပြောလာလေ၏။
"အရှင်ငယ် … မြို့လေးတစ်မြို့မှာ အဘိုးနေဖို့ ဘာလို့ မစီစဉ်ပေးတာလဲ၊ အဘိုးက မသန်မစွမ်း ဖြစ်နေပြီး အရှင်ငယ်ကိုပါ ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မယ် … အားတဲ့အချိန်မှပဲ အဘိုးဆီ လာလိမ့်မယ်"
ကျန်းရီ၏ မျက်နှာသည် တည်သွားကာ ပြောလိုက်သည်။
"အဘိုး …နောက်တစ်ခါ အဘိုးကို ဒီလိုပြောခွင့်မပြုဘူး၊ ကျွန်တော်သွားတဲ့ နေရာတိုင်း အဘိုးလည်း လိုက်ရမယ်၊ အဘိုးက ကျွန်တော့်မှာရှိတဲ့ တစ်ဦးတည်းသော အဘိုးပဲ … နားလည်ရဲ့လား"
"အင်း"
ကျန်းယွင်ဟိုင်၏ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာခဲ့သည်။ သူသည် ကျန်းရီ၏ အမူအရာကို မြင်သောအခါ အခြားဘာမှ ထပ်မပြောတော့ပေ။
လူစုသည် တစ်ဖန် ခရီးစတင်လိုက်ပြီး မြေအောက်မှ ထွက်ခွာ လာခဲ့ကြသည်။ ဤတစ်ခေါက်တွင် သူတို့သည် ဝိညာဉ်သားရဲ သင်တန်းကျောင်းသို့သာ တန်းတန်းမတ်မတ် ခရီးဆက်ခဲ့ကြသည်။ ကျန်းယွင်ဟိုင်၏ ကိုယ်မှာ အပြည့်အဝနီးပါး ပြန်ကောင်းနေပြီ ဖြစ်သည်။ နေ့နေ့ညည ခရီးဆက်ခဲ့ပြီးနောက် ခြောက်ရက်အကြာတွင် ဝိညာဉ်သားရဲ သင်တန်းကျောင်း၏ နယ်မြေအတွင်းသို့ သူတို့ရောက်ရှိခဲ့သည်။
"သွားစို့"
မြေပေါ် တက်လိုက်ပြီးနောက် ကျန်းရီသည် ကျုံးဝူသားရဲကို သိမ်းဆည်းလိုက်ပြီး လင်းရီမှာ ကျန်းယွင်ဟိုင်ကို သယ်ဆောင်၍ သင်တန်းကျောင်းထံ လမ်းလျှောက်ခဲ့ကြသည်။
"ဘယ်သူလဲ"
သင်တန်းကျောင်းရှိရာ တောင်ပေါ်တွင် ခါတိုင်းလိုပင် အစောင့်များ ပြည့်လျက်ရှိသည်။ သူတို့သည် အားကောင်းလှသော အရှိန်အဝါ ဆယ်ခု ထွက်ပေါ်နေသော ကျန်းရီတို့ လူစုအား မြင်သည့်အခါ လန့်ဖျပ်၍ အချက်ပြမီးရှူးပင် လွှတ်မိလုနီးနီး ဖြစ်သွားခဲ့သည်။
"ကျန်းရီ"
ကျန်းရီသည် အော်ဟစ်လိုက်ပြီး သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ပေါ်ထွက်လာ၍ ချက်ချင်း ပျောက်ကွယ်သွားကာ သင်တန်းကျောင်းဆီ ဆက်လျှောက် သွားလိုက်သည်။
"ကျန်းရီ"
ကင်းလှည့်အဖွဲ့မှ လူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ နောက်ဆုံးတစ်ကြိမ်က ကျန်းရီသည် အားကောင်းလှသော ဝိညာဉ်သားရဲကြီးကို စီးနင်းလာခဲ့သည်။ သို့သော် ဤတစ်ခေါက်က ပိုမိုအံ့အားသင့်စရာ ကောင်းလေသည်။ သူသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ဆယ်ယောက်ကို ဦးဆောင် လာခဲ့လေသည်။
ကျန်းရီသည် မှင်တက်နေသော မျက်လုံးများကို ဂရုမထားဘဲ သင်တန်းကျောင်းဆီသို့ ဆက်လျှောက် လာခဲ့သည်။ သင်တန်းကျောင်း၏ တောင်ဘက်ဂိတ်တံခါးသို့ ရောက်သည့်အခါ သူရုတ်တရက် ရပ်တန့် မိလိုက်သည်။ သူ့ကိုယ်သည် ဆတ်ခနဲ ဖြစ်သွားခဲ့ပြီး မျက်ဝန်းများတွင် မျက်ရည်တို့ ရစ်သိုင်း လာလေသည်။
သင်တန်းကျောင်း၏ တောင်ဘက်ဂိတ်တံခါးရှိ လှေကားများထက်တွင် နူးညံ့၍ အားနည်းဟန်ရသော သေးသေးသွယ်သွယ် မိန်းမလှလေး တစ်ယောက် ရှိနေခဲ့သည်။ သူမသည် မေးထောက်၍ အဝေးသို့ မျှော်ကြည့်နေခဲ့သည်။ သူမ၏ ပုံစံကျနေသော မျက်ခုံးတန်းလေး နှစ်ဖက်မှာ စုကျုံ့လို့နေခဲ့ပြီး မျက်ဝန်းများတွင် စိတ်ပူဟန်များ ထင်ဟပ်နေခဲ့သည်။ ထိုသူမှာ ကျန်းရှောင်နူမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါဦးမည်နည်း။
***