အဖြေ
Vol. 1 Ch. 283
ကျန်းရှောင်နူသည် သူမတစ်ယောက်တည်း ထိုင်နေခြင်း မဟုတ်ပါပေ။ သူမ၏ဘေးတွင် ဝတုတ်တုတ် ဖက်တီးတစ်ယောက် သည်လည်း ထိုင်နေခဲ့သည်။ ဖက်တီးသည် ရိုရိုကျိုးကျိုး ပြုံးရင်းဖြင့် ကျန်းရှောင်နူအား စကားတတွတ်တွတ် ပြောနေခဲ့သည်။ ကျန်းရှောင်နူကမူ သူ့အား မကြားသည့်အလား ပြုမူ၍ အနောက်မြောက်ဘက် ကောင်းကင်ပြင်သို့သာ ငေးကြည့် နေလေသည်။
ကျန်းရီသည် တံတွေးမြိုချလိုက်ပြီး တုန်ယင်နေသော လေသံကို ထိန်း၍ အော်ခေါ်လိုက်သည်။
"ရှောင်နူ"
"ဟမ် …"
ကျန်းရှောင်နူ၏ မျက်လုံးလေးများ လှုပ်ရှားသွားခဲ့ပြီး သူမဘေးရှိ ဖက်တီးကမူ အေးခဲသွားလေသည်။ ဖက်တီး၏ မျက်လုံး မှေးမှေးတစ်စုံသည် လျှပ်စီးအလျင်နှင့် လှည့်ကြည့်လာခဲ့ပြီး ဝတုတ်တုတ် မျက်နှာကြီးထက်တွင် အပြုံးပန်းကြီး ပွင့်လန်းလာကာ အော်ခေါ်လာလေ၏။
"အစ်ကိုကြီး … မင်းပြန်လာပြီ"
ကျန်းရှောင်နူသည် အသိဝင်လာကာ ကျန်းရီရှိရာ အလျင်အမြန် လှည့်ကြည့် လာလေသည်။ သူမသည် ရင်းနှီးနေသော်လည်း မရင်းနှီးတော့သည့် ပုံရိပ်အား မြင်သည့်အခါ သူမ၏ ကိုယ်လေး တုန်ယင်သွားခဲ့ပြီး မျက်ရည်များ တသွင်သွင် ကျဆင်း လာတော့သည်။
သူမသည် ချက်ချင်း မတ်တတ်ရပ်ကာ ကျန်းရီထံ ပြေးလာခဲ့သည်။ သူမသည် ပြေးနေရင်းမှ လမ်းတစ်ဝက်တွင် ရပ်လိုက်ကာ ကျန်းရီအား မျက်လုံးရွဲကြီးများဖြင့် ခြေဆုံးခေါင်းဆုံး ကြည့်ကာ ခပ်တိုးတိုး မေးလာလေ၏။
"သခင်လေး … သခင်လေးမလား၊ ရှောင်နူ အိပ်မက် မက်နေတာ မဟုတ်ပါဘူးနော်"
ကျန်းရီသည် ပြုံးလိုက်ကာ ပွေ့ဖက်လိုဟန် လက်ဆန့် ထုတ်လိုက်သည်။ ကျန်းရှောင်နူသည် ထပ်မံတွေဝေ မနေတော့ဘဲ ပြေးလာကာ ကျန်းရီအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်၍ ငိုသံလေးနှင့် အော်ခေါ်လာလေ၏။
"သခင်လေး … သခင်လေး … သခင်လေး"
ကျန်းရီ သည်လည်း သူမအား ပြန်လည် ပွေ့ဖက်လိုက်သည်။ တစ်နှစ်ကျော်ကြာ မေ့မျော နေခဲ့သော်လည်း အာဟာရ ဆေးဝါးများကြောင့် ကျန်းရှောင်နူမှာ အရပ်အနည်းငယ် ပိုရှည်လာခဲ့သည်။ သူမသည် ငယ်ရွယ်ကာ အတွေ့အကြုံ မရှိသေးသည့် ကလေးငယ်လေး တစ်ယောက် မဟုတ်တော့ဘဲ မိန်းမပျိုလေးတစ်ဦး ဖြစ်လာခဲ့ပေပြီ။
ကျန်းရှောင်နူသည် ကျန်းရီ၏ ရင်ဘတ်အား မျက်ရည်များဖြင့် စိုရွှဲစေ၍ လွန်ခဲ့သော တစ်လကျော်က စိုးရိမ်၊ ပူပန်ခဲ့ရမှု အားလုံးကို မျက်ရည်များအဖြစ် လွှတ်ချလိုဟန် ရလေသည်။ ကျန်းရီသည် သူမ၏ကျောကို အသာပုတ်၍ သနားစဖွယ် မိန်းမငယ်လေးကို နှစ်သိမ့်ပေး လိုက်သည်။
ကျန်းရှောင်နူ ငိုကြွေးခြင်း ရပ်သွားချိန်လောက်မှ ကျန်းရီသည် ပြုံးကာ စကားပြောလိုက်သည်။
"အဆင်ပြေသွားပြီ … ရှောင်နူ၊ သခင်လေးက အခု အင်အားရှိနေပြီ မင်းနောက်ထပ် စိုးရိမ်နေစရာ မလိုတော့ဘူး၊ ဒီသခင်လေးက မင်းအနားကနေ ထပ်ပြီး ထွက်လည်း မသွားတော့ဘူး၊ လိမ္မာတယ် … ငိုနေတာရပ်ပြီး အဘိုးကိုလည်း ကြည့်ပါဦး"
ကျန်းရှောင်နူသည် သူမ၏ မျက်ရည်များကို ပြန်ထိန်း နိုင်သွားသော်လည်း သူမအား ပြုံးပြနေသည့် အဘိုးအိုအား လှည့်ကြည့် လိုက်မိသောအခါ မျက်ရည်များ ပြန်လည် စီးကျလာခဲ့သည်။ သူမသည် ကျန်းယွင်ဟိုင်၏ လက်မောင်းများကြား ခုန်ဝင်သွားခဲ့ပြီး ကြူကြူပါအောင် ငိုကြွေးတော့သည်။
"အစ်ကိုကြီး"
ချမ်ဝမ်ကွမ်သည် ပြုံးပြကာ ကျန်းရီအား နွေးထွေးစွာ ဖက်လိုက်သည်။ သူသည် လက်မထောင်ပြ၍ ပြောလာခဲ့သည်။
"အစ်ကိုကြီး … မင်းအရမ်းမိုက်တယ်၊ ငါတကယ် လူကဲခတ် မမှားဘူး"
"ခွေးကောင်"
ကျန်းရီ ပြုံးလိုက်မိသည်။ ချမ်ဝမ်ကွမ် မျက်နှာကို သူမြင်ရသောအခါ မဖော်ပြနိုင်သော သက်သောင့်သက်သာ ဖြစ်မှုကို သူခံစားရလေသည်။ ထို့နောက် သူမေးမြန်း လိုက်သည်။
"ဝူရွှမ်း ဘယ်မှာလဲ … သင်တန်းကျောင်းကို ပြန်မလာသေးတာလား"
"သူပြန်မလာနိုင်တာ"
ချမ်ဝမ်ကွမ်သည် ခေါင်းယမ်းကာ သက်ပြင်းချ လိုက်သည်။
"ယွင်ဖေး တို့ဘက်မှာ တကယ့် သေရေးရှင်ရေး အချိန်ရောက်နေပြီ။ အားလုံးသာ အစီအစဉ်တကျ ပြီးဆုံးသွားရင် ယွင်ဖေးရဲ့ မောင်က အိမ်ရှေ့စံ ဖြစ်လာလိမ့်မယ်၊ ယွင်ဖေးတို့ သွေးမျိုးဆက်အတွက် အောင်မြင်မှုကြီးပေါ့ … တကယ်လို့ ဆိုးဆိုးဝါးဝါး ဖြစ်ကုန်ရင် ယွင်ဖေးရော၊ သူ့မောင်ရော သေသွားနိုင်တယ် … ကျန့်ဂိုဏ်းက အစ်ကိုဝူရွှမ်း ကမူးရှူးထိုး ထလုပ်မှာစိုးလို့ သူ့ကို အိမ်အကျယ် ချုပ်ချထားတယ်၊ သူအခုဘယ်မှာဆိုတာ ကျွန်တော်တို့တောင် မသိဘူး"
"ဒါက …"
ကျန်းရီ၏ မျက်နှာသည် လေးနက်သွားခဲ့ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ တီးတိုး ပြောလိုက်သည်။
"ငါတို့ ယွင်ဖေးကို ကူညီလို့ မရဘူးလား၊ ဖြစ်နိုင်တယ်ဆိုရင် ငါရှန်မိနိုင်ငံကို သွားလိုက်မယ်"
"အလျင်စလို မလုပ်နဲ့"
ချမ်ဝမ်ကွမ်သည် ဆွံ့အသွားကာ လေးလေးနက်နက် ပြောလာလေ၏။
"အစ်ကိုကြီး … ယွင်ဟဲက မင်းလက်ထဲမှာ သေသွားတာ၊ ပြီးတော့ သူ့မျိုးနွယ်ခွဲက အင်အားကြီးတယ်၊ တစ်ခုခု မှားသွားရင် သူတို့ မင်းကို လုပ်ကြံတောင် လာနိုင်တယ် … ပြီးတော့ ဒီလို သွေးကွဲမှုက ဝင်နှောင့်ယှက်လို့ မရဘူး၊ ငါတို့ တစ်ချက်မှားတာနဲ့ ပိုပြီးဆိုးသွားနိုင်တယ် … ကျွန်တော်တို့ သတင်းကောင်း စောင့်ပြီး ယွင်ဖေး အန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာဖို့ပဲ မျှော်လင့်နိုင်မယ်"
"အိုး"
ကျန်းရီသည် အရှက်ပြေ နှာခေါင်း ပွတ်လိုက်မိသည်။ ထို့နောက် သူတို့အား မလှမ်းမကမ်းမှ စူးစမ်းနေကြသော ကျောင်သားများနှင့် ဆရာများ ရှိနေသည်ကို တွေ့လိုက်ရသည်။ သူသည် ကျန်းယွင်ဟိုင်နှင့် ကျန်းရှောင်နူကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"အဘိုး၊ ရှောင်နူ … ချမ်ဝမ်ကွမ်နောက် အရင်လိုက် သွားနှင့်ကြပါ၊ လင်းရီ … မင်းတို့တွေ မပြန်ခင် အထဲဝင်ပြီး ရက်နည်းနည်းလောက် နားသွားကြမလား"
"ရပါတယ် "
လင်းရီသည် လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်ကာ ပြောလာခဲ့သည်။
"သံတမန်ကျန်း သင်တန်းကျောင်းကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ပြီ ဆိုတော့ ကျွန်တော်တို့ ပြန်ပြီး အကြောင်း ကြားရပါဦးမယ်၊ သံတမန်ကျန်း ကြယ်ကောင်းကင်မြို့ကို မကြာခင် ပြန်လာဖို့ မျှော်လင့်ပါတယ် … မင်းသမီးက သံတမန်ကျန်းကို မျှော်နေမှာပါ"
ကျန်းရီ သည်လည်း လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်ကာ ပြန်ပြောလိုက်သည်။
"လမ်းတစ်လျှောက်က အကူအညီတွေ အတွက် ကျေးဇူးတင်ပါတယ်၊ အချိန်ကျရင် မိုးပြာနဂါးအင်ပါယာကို သေချာပေါက် ပြန်လာမှာပါ … အားလုံးကို ဒုက္ခများစေမိပြီ"
"သံတမန်က ယဉ်ကျေးလွန်း နေပါပြီ၊ ဒါက ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ၊ သွားကြစို့"
လင်းရီတို့ အုပ်စုသည် အတူတကွ ဦးညွှတ်ကာ အရိုအသေ ပေးလိုက်ကြပြီး တောင်ပေါ်မှ ဆင်းသွားကာ လူတိုင်း၏မြင်ကွင်းမှ လျင်မြန်စွာ ကွယ်ပျောက် သွားခဲ့သည်။
"အထဲဝင်ကြစို့ … ငါကျောင်းအုပ်ကို အရင်သွားတွေ့ ရဦးမယ်"
ကျန်းရီသည် အကြည့်တို့ကို ရုတ်သိမ်းကာ ကျန်းယွင်ဟိုင်နှင့် ကျန်းရှောင်နူအား မှာကြားစရာ ရှိသည်တို့ မှာကာ သင်တန်းကျောင်း အတွင်းဘက်သို့ လျှောက်လာခဲ့သည်။ သို့သော် လမ်းမှ ဆရာများ၊ ကျောင်းသား များသည် လမ်းဖယ်ပေးကြသည်အား သူမြင်လိုက်ရသည်။ ကျောင်းအုပ်ချီသည် လမ်းမှ ဘီးတပ်ကုလားထိုင် တစ်ခုကို တွန်း၍ ထွက်လာခဲ့သည်။ ဘီးတပ်ကုလား ထိုင်ပေါ်တွင် အိုမင်းနေသော လူကြီးတစ်ယောက်သည် ကျန်းရီကို ပြုံး၍ ကြည့်နေခဲ့သည်။
"သူရဲကောင်း အိမ်ပြန်လာတာကို ကြိုဆိုပါတယ်"
"ဖျောင်း … ဖျောင်း … ဖျောင်း"
ကျူးကော့ချမ်ယွမ်က စတင်၍ လက်ခုပ်တီးလိုက်ပြီး နောက်မှ ကျန်လူများက လက်ခုပ်တီး လာကြလေသည်။ သင်တန်းကျောင်း အပြင်ဘက် ဂိတ်တံခါးမှ လူများသည်လည်း ဂုဏ်ယူသည့် အမူအရာများဖြင့် လက်ခုပ်တီး ခဲ့ကြသည်။ ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် ဤကဲ့သို့ ထူးချွန်လှသော လူငယ်လေးအား မွေးထုတ်ပေးနိုင်ခဲ့သည့် အတွက် သူတို့အားလုံး ဂုဏ်ယူကြသည်။
ကျန်းရီသည် ရှက်ရွံစွာ နှာခေါင်း ပွတ်လိုက်သည်။ ဤတစ်ကြိမ်သည် ဆယ်စုနှစ် များစွာအတွင်း ကျူးကော့ချမ်ယွမ် အတွင်းဆောင်ထဲမှ ပထမဆုံးအကြိမ် ထွက်ခြင်းဖြစ်ပြီး ထိုသည်မှာ သူ့အားကြိုဆိုရန် ဖြစ်နေခဲ့သည်။ သူသည် အထက်လူကြီး၏ မျက်နှာပေးမှုကို အပြည့်အဝ ခံစားမိလိုက်လေသည်။
"ကောင်းပြီ … အဲ့မှာ ကြောင်ပြီး ရပ်မနေနဲ့လေ၊ ကျောင်းအုပ်ချီ … စီစဉ်စရာ ရှိတာတွေ သွားစီစဉ်ချေ၊ ကျန်းရီ … ငါ့ကို အထဲလိုက်ပို့ပေး"
ကျူးကော့ချမ်ယွမ်သည် ကျန်းရီ ရှက်နေသည်ကို မြင်သောအခါ ရယ်မော၍ လက်ယပ် ခေါ်လာခဲ့သည်။ ကျန်းရီသည် လျင်လျင်မြန်မြန် လျှောက်သွားကာ ဘီးတပ် ကုလားထိုင်အား တွန်း၍ အတွင်းဘက်သို့ ဝင်လာခဲ့သည်။
"ဖျောင်း … ဖျောင်း … ဖျောင်း"
ကျောင်းသားများသည် နှစ်ဖက်တန်း၍ ညီညာစွာ ရပ်နေကြပြီး ကျန်းရီကို လေးစား အားကျသော မျက်လုံးများနှင့်ကြည့်ကာ လက်ခုပ်တီး နေကြသည်။ မိန်းကလေး ကျောင်းသူများ၏ မျက်လုံးများသည် အချစ်တွင် ကျရှုံးသွားကြသည့်ပမာ ကြယ်ကလေးများကို တလက်လက် တောက်ပနေတော့သည်။ ကျန်းရီသည် ခေါင်းငုံ့၍ ခြေလှမ်းများကို မြန်လိုက်ပြီး ကျူးကော့ချမ်ယွမ်၏ အတွင်းဆောင်ဆီ မြန်ဆန်စွာ လျှောက်လာခဲ့သည်။
ကျူးကော့ချမ်ယွမ်၏ အဆောင်တွင်း ရောက်သော် သူသည် ကျန်းရီကို ကြည့်၍ ပြောလာလေ၏။
"ကျန်းရီ … မင်းဒီတစ်ခေါက် ကောင်းကောင်း လုပ်ခဲ့တယ်၊ တစ်လောကလုံးက မင်းကို ကျေးဇူးတင်နေကြပြီး သင်တန်းကျောင်း အတွက်လည်း ဂုဏ်ဆောင်နိုင်ခဲ့တယ်၊ ငါမင်းကို ဒုကျောင်းအုပ် ရာထူးပေးရမလား"
"ဒုကျောင်းအုပ်"
ကျန်းရီသည် အံ့အားသင့်သွားကာ လက်များပါ ခါယမ်းလိုက်သည်။
"ကျောင်းအုပ် … မနောက်ပါနဲ့၊ ကျွန်တော်က ဆယ့်ခုနှစ်နှစ်တောင် ပြည့်သေးတာ မဟုတ်ဘူး။ ကျွန်တော့်ထက် အသက်ကြီးတဲ့ ကျောင်းသားတွေ အများကြီး ရှိပါတယ်၊ ဘယ်လိုလုပ်ပြီး ဒုကျောင်းအုပ် ဖြစ်နိုင်မှာလဲ။ နောက်ပြီး ကျွန်တော့်အင်အားက မလုံလောက်သေးဘဲ ရတနာတွေကိုပဲ အားကိုး နေရတယ်ဆိုတာ ကျောင်းအုပ်လည်း သိမှာပါ၊ ရတနာတွေသာ မရှိရင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်က ကျွန်တော့်ကို အသာလေး သတ်သွားနိုင်တယ်"
"သိပ်ကောင်းတယ်"
ကျူးကော့ချမ်ယွမ်သည် သူ့မုတ်ဆိတ်ကို သပ်ကာ ကျန်းရီအား ချီးကျူးလိုက်သည်။
"အောင်မြင်ပေမဲ့ ဂုဏ်မမောက်ဘူး၊ ကျရှုံးပေမဲ့ စိတ်မပျက်ဘူး၊ ငယ်ရွယ်ပေမဲ့ ပေါ့ပျက်ပျက် မနေဘူး၊ ကျန်းရီ … မင်းရဲ့ ဒီအကျင့်စရိုက်က တကယ်ကောင်းတယ်၊ မင်းက မင်းရဲ့အင်အားနဲ့ အားနည်းချက်ကို ကောင်းကောင်းနားလည်တယ် … ဒါက တိုးတက်မယ့် နည်းလမ်းပဲ"
ကျန်းရီသည် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
"ကျွန်တော် ဒီတစ်ခေါက် ပြန်လာတာ သင်တန်းကျောင်းမှာ အချိန်တစ်ခု ကြာတဲ့အထိ တံခါးပိတ်ကျင့်ကြံဖို့နဲ့ ကောင်းကင် ကျောက်တုံးတွေကို သန့်စင်ဖို့ပဲ၊ တခြားဟာတွေ ဆက်မလုပ်ခင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်ကို အရင်ရောက်အောင် လုပ်ဦးမယ်၊ ရတနာတွေက ကျင့်ကြံခြင်းရဲ့ လမ်းကြောင်း မဟုတ်ဘူး … ကိုယ်ပိုင်အင်အားကို မြှင့်တင်တာကမှ နည်းလမ်းအမှန်ပဲ"
"မှန်တယ်"
ကျူးကော့ချမ်ယွမ်သည် လေးနက်စွာ ပြောလာခဲ့သည်။
"စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်ကို ရောက်တာက အသေးစား အောင်မြင်မှုလေးပဲ ရှိတာ၊ အမြင့်ဆုံးနေရာကို ရောက်ချင်ရင် ကောင်းကင်တာအိုကို နားလည် သဘောပေါက်ပြီး ဗာဂျရာအဆင့်ကို ရောက်မှ ဖြစ်မယ် … ကောင်းကင်တာအိုကို နားမလည်နိုင်ဘူးဆိုရင် တစ်ဘဝလုံး သာမန်လူတစ်ယောက်ပဲ ဖြစ်သွားလိမ့်မယ်၊ ကောင်းကင်တာအိုကိုသာ နားလည်သွားပြီးရင် လေဟာနယ်ကိုတောင် ဖျက်ဆီးနိုင်တဲ့ နတ်ဘုရားစစ် ဖြစ်လာလိမ့်မယ်"
"နတ်ဘုရားစစ် … ဒါမျိုးတွေက တကယ်ပဲ ရှိတာလား၊ သမိုင်းမှာတောင် ကောင်းကင်ဧကရာဇ်အဆင့် လူနည်းနည်းပဲ ရှိတာ မဟုတ်လား"
ကျန်းရီသည် ရေရွတ်လိုက်ပြီးနောက် တည်ကြည်စွာ လေးလေးနက်နက် မေးလိုက်သည်။
"ကျောင်းအုပ် … ကျွန်တော့် အမေနဲ့များ ရင်းနှီးလား၊ ကျွန်တော် သူမရဲ့ ဂူသင်္ချိုင်းကို သွားကန်တော့တော့ အံ့အားသင့်ပြီး ပြန်လာခဲ့ရတယ်၊ သူမရဲ့ဂူသင်္ချိုင်းက အလွတ်ကြီး ဖြစ်နေတယ် … အထဲမှာ ရုပ်ကြွင်းတစ်ခု တစ်လေတောင် မရှိဘူး"
ကျန်းရီသည် ရီဖျောင်ဖျောင်၏ ဂူသင်္ချိုင်းမှ ဖြစ်ရပ်များကို အသေးစိတ် ပြောပြလိုက်သည်။ ကျူးကော့ချမ်ယွမ်သည် သေချာ နားထောင်နေခဲ့ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
အဖြစ်အပျက် တစ်ခုလုံးအား နားထောင်ပြီးနောက် သူခေါင်းယမ်းကာ ပြန်ဖြေလိုက်သည်။
"ငါမင်းအမေနဲ့ မရင်းနှီးဘူး၊ တိုက်ကွက်တွေ ဖလှယ်ကြရင်း အသိအကျွမ်း ဖြစ်ခဲ့ရုံလောက်ပဲ … ဒီကိစ္စက ငါအဆုံးအဖြတ် ပေးနိုင်မယ့်ဟာ မဟုတ်ဘူး။ သင်တန်းကျောင်းမှာ အရင်တံခါးပိတ် ကျင့်ကြံ၊ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်ကို ရောက်ရင် မင်းကြယ်တံခွန်ကျွန်းကို ခရီးတစ်ခေါက် ထွက်နိုင်တယ် … မင်းရှာနေတဲ့ အဖြေကို အဲ့နေရာမှာ ရနိုင်လိမ့်မယ်"
***