တောတောင်များ၏ အနက်ပိုင်းဆီသွားရန်
Vol. 1 Ch. 284
ကျူးကော့ချမ်ယွမ်ထံတွင် ရီဖျောင်ဖျောင်၏ အခြေအနေကို ကောက်ချက်ချနိုင်သည့် သဲလွန်စ မရှိသောကြောင့် ကျန်းရီ စိတ်ပျက်သွားခဲ့သည်။ ကြယ်တံခွန်ကျွန်းသည် မိုင်သန်းပေါင်းများစွာ အကွာအဝေးတွင်ရှိပြီး ပင်လယ်ပြင်ကို ကျော်ဖြတ်၍ သွားရပေမည်။ ကျန်းရီသည် ဤအချိန်များ အတောအတွင်း ကိုယ်ရောစိတ်ပါ ပင်ပန်းခဲ့ရသည်။ သူ၏ ကျင့်ကြံချင်နေသော စိတ်နှင့် ပေါင်းစပ်လိုက်လျှင် အချိန်ကို ခရီးသွားရင်းဖြင့်သာ မကုန်ဆုံးချင်ပေ။ ထို့ကြောင့် သူသည် ဉာဏ်အလင်း မရ၍ အဆင့်မတက် နိုင်တော့သည်အထိ ကျင့်ကြံပြီးမှသာ ကြယ်တံခွန်ကျွန်းသို့ သွားတော့မည်။
"ဟုတ်သားပဲ"
ကျူးကော့ချမ်ယွမ်သည် တစ်စုံတစ်ခုကို သတိရသွားကာ ကျန်းရီကို တည်ကြည်စွာ ပြောလာလေ၏။
"ကျန်းရီ … မင်းအချိန်ရရင် တောင်စဉ်သုံးထောင်ကို ခရီးတစ်ခေါက် ထွက်ပြီး နတ်ဆိုးဧကရီကို ကျေးဇူးတင်ကြောင်း သွားပြောချေ၊ ဒီတစ်ခေါက် နတ်ဆိုးဧကရီက မင်းကို မျက်နှာသာ ပေးလိုက်တာကြောင့် မင်းဒီလို အင်အားကြီး နောက်ခံကို မိမိရရ ဆုပ်ကိုင်ထားရမယ်၊ သူက အခုလက်ရှိ နယ်မြေမှာ အင်အား အကြီးဆုံးပဲ"
"တောင်စဉ်သုံးထောင်ရဲ့ အနက်ပိုင်းကိုလား"
ကျန်းရီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ မယုံနိုင်သလို ထပ်မေးလိုက်သည်။
"ကျွန်တော် တောင်စဉ်သုံးထောင်ရဲ့ အနက်ပိုင်းကို ဝင်ချသွားရင် နတ်ဆိုးသားရဲတွေ ဆွဲဖြဲတာ ခံရမှာ မဟုတ်ဘူးလား"
"ခြီး"
ကျူးကော့ချမ်ယွမ်သည် ရယ်ရယ်မောမောနှင့် လက်ကာပြကာ ပြန်ဖြေလိုက်သည်။
"တောတောင်တွေရဲ့ အစပ်နားမှာပဲ မင်းအန္တရာယ် ရှိတာပါ၊ အနက်ပိုင်းကို ရောက်သွားရင် ဘေးကင်းလိမ့်မယ်၊ နတ်ဆိုးသားရဲ ဘုရင်တွေရဲ့ ဉာဏ်ရည်က လူသားအသိဉာဏ်နဲ့ နှိုင်းယှဉ်လို့ရပြီး လူသားဘာသာ စကားကိုလည်း သူတို့ပြောနိုင်တယ် … မင်းက မြေခွေးလေးနဲ့ ဆက်ဆံရေး ကောင်းတယ်လို့ ငါကြားထားတယ်၊ အဲ့ဒီရောက်ရင် မင်းဘေးကင်းမှာပါ"
"နားလည်ပါပြီ"
ကျန်းရီသည် ခေါင်းညိတ်လိုက်သော်လည်း အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။ တောင်စဉ်သုံးထောင်၏ အနက်ပိုင်းသို့ သူတစ်ဦးတည်း စွန့်စွန့်စားစားသွားခြင်း … ရွှေယို့လန်တောင် ထိုသို့ လုပ်ဝံ့မည် မဟုတ်ချေ။ တစ်ခုခုသာ ဖြစ်လာပါက သူ့အလောင်းတောင် မကျန်လောက်ချေ။
"ကောင်းပြီ … မင်းအခု ပြန်လို့ရပြီ၊ ကျောင်းအုပ်ချီက မင်းနဲ့ မင်းမိသားစု အတွက် ခြံဝင်းကျယ်ကျယ်နဲ့ အဆောင်တစ်ခု စီစဉ်ပေးလိမ့်မယ်၊ မငြင်းနဲ့ … ကောင်းကောင်းကျင့်ကြံ … ဒီနေရာကို မင်းရဲ့အိမ်လို့ပဲ သတ်မှတ်လိုက်၊ ငါ့ဘဝမှာ အချိန်တွေ အများကြီး မကျန်တော့ဘူး။ မင်းဗာဂျရာ အဆင့်ကိုရောက်ရင် ငါမင်းကို ကျောင်းအုပ်ရာထူး ပေးမယ် … ကျောင်းအုပ်ချီနဲ့ တခြားလူတွေက ဒီလိုအလားအလာ မရှိဘူး၊ မင်းပိုပြီး ကြိုးစားရမယ်"
ကျူးကော့ချမ်ယွမ်သည် တည်ငြိမ်စွာ ပြောပြီးနောက် ဘီးတပ် ကုလားထိုင်ကို ကိုယ်တိုင်တွန်းကာ သူ့အဆောင်အတွင်း ဝင်သွားခဲ့သည်။ ကျန်းရီသည် ကျူးကော့ချမ်ယွမ် ထွက်သွားသည်အား တိတ်ဆိတ်စွာ ကြည့်နေခဲ့ပြီး လှည့်ထွက်လာခဲ့သည်။
အပြင်ဘက်တွင် ဆရာတစ်ယောက် စောင့်နေခဲ့ပြီး သူ့အား ပြုံးပြကာ စကားပြောလာခဲ့သည်။
"ကျန်းရီ … မင်းရဲ့အိမ်အသစ်ကို သွားကြည့်ပါဦး၊ မြောက်ဘက်ပိုင်းမှာ ရှိတယ်"
"မြောက်ဘက်"
ကျန်းရီသည် နှာခေါင်းကို ပွတ်လိုက်ပြီး ထိုဆရာနောက်မှ လိုက်သွားခဲ့သည်။ သူတို့သည် ခြံဝင်းခုနှစ်ခု၊ ရှစ်ခုခန့်ကို ဖြတ်လျှောက်လာခဲ့ပြီး အလွန်ကျယ်ဝန်းသော ခြံဝင်း တစ်ခုထဲသို့ လျှောက်လာခဲ့ကြသည်။
ထိုခြံဝင်းမျိုးသည် ဒုကျောင်းအုပ်များအတွက် ဖြစ်ပြီး ခမ်းနားကျယ်ဝန်း၍ တန်ဖိုးကြီးလေသည်။ ၎င်းကို ပရိဘောဂ အသစ်များဖြင့် တန်ဆာ ဆင်ထားသည်။ ကျူးကော့ချမ်ယွမ်သည် ကျောင်းအုပ်ချီအား အချိန်အတော်ကြာထဲက ပြင်ဆင် ခိုင်းထားခြင်း ဖြစ်ပုံရသည်။
ခြံဝင်းထဲတွင် ဒုကျောင်းအုပ်များ၊ ရာထူးမြင့်ဆရာ အနည်းငယ်တို့လည်း ရှိနေကြသည်။ ချမ်ဝမ်ကွမ်မှ တစ်ပါး အခြားကျောင်းသား များသည် ဤနေရာသို့ ဝင်ခွင့်ပင် ရမည်မဟုတ်ချေ။
ကျန်းရှောင်နူသည် ဆံပင်များကို နှစ်ဖက်ခွဲ၍ ကျစ်ဆံမြီး ကျစ်ထားခဲ့သည်။ သူမသည် ကျန်းရီ ရောက်လာသည်ကို မြင်သောအခါ ချိုသာစွာ ပြုံးလိုက်သည်။ ထို့နောက် အပြေးလာရောက်၍ ကျန်းရီ၏လက်ကို ဆွဲကာ ပြောလာလေသည်။
"သခင်လေး ကျွန်မတို့ရဲ့ အိမ်အသစ်ကို မြန်မြန် လာကြည့်ပါဦး"
ကျန်းရီသည် ဒုကျောင်းအုပ် အချို့အား ခေါင်းညိတ်ကာ နှုတ်ဆက် လိုက်သည်။ ကျူးကော့ချမ်ယွမ်၏ စီစဉ်မှုသည် အတော်လေး အလုပ် ဖြစ်လေသည်။ ကျန်းယွင်ဟိုင်နှင့် ကျန်းရှောင်နူတို့ ဤနေရာတွင် နေပါက ကျန်းရီ တစ်ခုခု ဖြစ်နေလျှင် သူတို့အတွက် စိတ်ပူစရာ မလိုတော့ပေ။ ကျူးကော့ချမ်ယွမ် မသေသေးသရွေ့ သူ့တို့အား မည်သူကမှ အန္တရာယ် ပြုရဲမည် မဟုတ်ချေ။
ကျန်းရီသည် အဆောင်ကို တစ်ချက် ကြည့်ပြီးနောက် အတော်လေး ကျေနပ်နေခဲ့သည်။ ၎င်းသည် ကျယ်ဝန်း၍ အခန်းပေါင်း များစွာပါသည်။ အရေးအကြီးဆုံးမှာ ကိုယ်ပိုင် ကျင့်ကြံခန်း တစ်ခုပါ ပါရှိနေခြင်း ဖြစ်သည်။ ထိုသို့သော အခွင့်အရေးမျိုးမှာ ဒုကျောင်းအုပ်များသာ ရနိုင်သောအရာ ဖြစ်သည်။ သူသည် တောင်ဘက် အဆောင်များရှိရာ သွားစရာ မလိုတော့ဘဲ အိမ်တွင်ပင် ကျင်ကြံနိုင်ပြီ ဖြစ်သည်။
"ဝမ်ကွမ် … မင်းလည်း ပြောင်းလာခဲ့"
ကျန်းရီသည် ချမ်ဝမ်ကွမ်ကို ကြည့်၍ အဆိုပြုရုံပင် ရှိသေးသည်။ ချမ်ဝမ်ကွမ်သည် ပြုံးဖြီးဖြီးနှင့် ခေါင်းတဆတ်ဆတ် ညိတ်လာခဲ့သည်။ ကျောင်းအုပ်ချီနှင့် ကျန်လူများကလည်း ဤကဲ့သို့သော အသေးအဖွဲ့ ကိစ္စလေးဖြင့် ကျန်းရီအား စိတ်မကွက်စေလိုကြ၍ မကန့်ကွက်ကြပေ။
အရာအားလုံး နေရာချပြီးသည်နှင့် ကျောင်းအုပ်ချီတို့ လူစုသည် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။ ချမ်ဝမ်ကွမ်ကမူ သူ့လူများအား သူ့ပစ္စည်း ရွှေ့လာခိုင်း နေလေသည်။ နာရီအနည်းငယ် ကြာပြီးနောက် ချမ်ဝမ်ကွမ်သည် အစေခံမိန်းကလေး နှစ်ယောက်နှင့် စားဖိုမှူး နှစ်ယောက်ပင် စီစဉ်ပြီးသွားခဲ့ပြီ ဖြစ်သည်။ ကျန်းရီမှာ ထိုအရည်အချင်းအား အံ့အားမသင့်ဘဲ မနေနိုင်ချေ။
လွန်ခဲ့သော တစ်နာရီခန့်က ချမ်ဝမ်ကွမ်၏ နောက်လိုက်များ ပျားပန်းခတ်မျှ လှုပ်ရှားနေသည်ကို တွေ့ထားရာ ကျန်းရီ မေးကြည့်မိလိုက်သည်။
"ဝမ်ကွမ် … မင်းဒီကို အထုပ်အပိုးတွေ ရွှေ့လာတာ တော်တော်များတယ်၊ ဒီမှာအကြာကြီး နေမလို့လား … တော်ဝင်မြို့တော်ကို မပြန်တော့ဘူးလား"
"ဘာလို့ အဲ့ဒီကို ပြန်ရမှာလဲ"
ချမ်ဝမ်ကွမ်သည် ရယ်ရယ်မောမောဖြင့် ပြန်ဖြေလာခဲ့သည်။
"ငါ့ကို တော်ဝင်မြို့တော်က မကြိုဆိုဘူး၊ ငါပြန်သွားရင် ဒုက္ခများတာပဲရှိမှာ … ဒီမှာ နှစ်နည်းနည်းလောက်အထိ သက်သောင့်သက်သာ နေလိုက်ဦးမယ်"
"နှစ်နည်းနည်းလောက်လား"
ကျန်းရီသည် အပြစ်ရှိသလို ခံစားလိုက်ရ၍ ပြောလိုက်မိသည်။
"ငါမင်းကို ဒုက္ခတောထဲ ဆွဲသွင်းမိပြီ၊ မင်းနှစ်နည်းနည်းလောက် မပြန်ရင် မင်းရဲ့ ဆက်ခံသူနေရာကို သက်ရောက်တာမျိုး ရှိမလား"
"ဟီးဟီး"
ချမ်ဝမ်ကွမ်သည် ဆောင့်ကြွားကြွား ပြောလာလေ၏။
"အစ်ကိုကြီး … မင်းငါ့ကို အထင်မသေးစမ်းပါနဲ့၊ ငါအခုရှားနိုင်ငံ၊ ရှန်မိနိုင်ငံနဲ့ ကျင်းရှန်နိုင်ငံက ကုန်သည် အစည်းအရုံးတွေကို တာဝန်ယူထားရပြီး အပြည့်အဝ ချုပ်ကိုင်ခွင့် ရထားတယ် … ငါ သင်တန်းကျောင်းမှာ ဆိုရင်တောင် နိုင်ငံသုံးခုရဲ့ ကုန်သည် အစည်းအရုံးကို အသာလေး ကိုင်တွယ်လို့ရတယ်"
"တော်တယ်"
ကျန်းရီ လက်မထောင် ပြလိုက်သည်။ ချမ်ဂိုဏ်းတွင် ကုန်သည် အဖွဲ့အစည်းများ မည်မျှ ရှိသည်ကို သူမသိသော်လည်း ချမ်ဂိုဏ်းသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော် တည်းက နယ်မြေ၏ နေရာတိုင်းသို့ အကိုင်းအခက်များ ဖြန့်ကျက် ထားပြီးသား ဖြစ်သည်။ ချမ်ဂိုဏ်း၏ တရားဝင် စီးပွားရေး ပိုင်ဆိုင်မှုများသည် မရေမတွက်နိုင်အောင် ရှိပြီး လုံယွမ်ကုန်စည် ခန်းမကဲ့သို့သော ဖုံးကွယ်ထားသည့် စီးပွားရေးလုပ်ငန်းများ မည်မျှရှိဦးမည်ကို မသိနိုင်ပေ။
ချမ်ဝမ်ကွမ်သည် နိုင်ငံသုံးခုမှ စီးပွားရေး လုပ်ငန်းများကို တာဝန်ယူ ထားရသည် ဟုဆိုလျှင် ချမ်ဂိုဏ်းတွင် သူ့နေရာ မည်မျှခိုင်မာသည်ကို ပြောနေရန် မလိုတော့ချေ။ ထိုသည်မှာလည်း သူ၏ အစွမ်းအစသာ ဖြစ်လေသည်။ ကျန်းရီသာ ထိုအရာတို့ကို ကိုင်တွယ်ရလျှင် သေချာပေါက် ပေါက်ကရများ ဖြစ်ကုန်ပေလိမ့်မည်။
***
ကျန်းရီသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင် အေးအေးလူလူ နေထိုင်ရင်း ကောင်းကင် ကျောက်တုံးများကို သန့်စင်ရန် ပြင်ဆင်နေခဲ့သည်။ သူသည် နိုင်ငံအဆင့် ပြိုင်ပွဲ ပထမဆုမှ ကောင်းကင်ကျောက်တုံး ငါးခုရခဲ့သည်။ စုလောရွှယ်ကို နှစ်တုံး ပေးလိုက်ရာ သူ့တွင် ကျန်နေသေးသော သုံးခုကို သန့်စင်တော့မည် ဖြစ်သည်။
စုလောရွှယ်၏ အကြောင်းများကိုမူ ကျန်းရီသည် ချမ်ဝမ်ကွမ်ထံတွင် မေးကြည့်ရန် မကြိုးစားခဲ့ပေ။ သူတို့နှစ်ယောက်တွင် ကံမပါလာရာ အဘယ့်ကြောင့် သိရန် ကြိုးစားရတော့ မည်နည်း။ ကျန်းရီ ပိုသိရလေလေ ပိုနာကျင်ရလေလေသာ ဖြစ်လာလိမ့်မည်။
ချမ်ဝမ်ကွမ်သည် ပါးနပ်လှ၍ ဘာကိုမှ ထုတ်မပြောခဲ့ပေ။ စုလောရွှယ်သည် ရှားယွိမြို့တွင်သာ ရှိနေသေးသော်လည်း နိုင်ငံနှစ်ခုမှာ လက်ထပ်ပွဲဖြင့် မဟာမိတ် ပြုထားပြီးပြီဖြစ်ရာ ပြောင်းလဲပစ်ရန် မဖြစ်နိုင်ပေ။ ကြီးစွာသော အဆုံးအရှုံး ကြုံတွေ့ထားရပြီးသော ရှားနိုင်ငံသည် လက်ထပ်ရန် ကတိကဝတ်ကို ရုတ်သိမ်း ရဲပါမည်လော။ ထို့ပြင် ချမ်ဝမ်ကွမ်သည် ကျန်းရီအား ရှန်ဝူနိုင်ငံကို ထပ်မံ မဆန့်ကျင် စေချင်တော့ပေ။
ဤအချိန်ပိုင်းအတွင်း ရှန်ဝူနိုင်ငံသည် အလွန် အေးချမ်းနေခဲ့သည်။ သူတို့သည် ကျန်းရီ ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင် ရောက်နေမှန်း သိသော်လည်း ကျန်းရီကို ပေးရန် သင်တန်းကျောင်းအား ဖိအား ပေးလာခြင်း မရှိပေ။ ရှားနိုင်ငံ၊ ကျင်းရှန်နိုင်ငံနှင့် အခြား လက်အောက်ခံ နိုင်ငံများ သည်လည်း ငြိမ်းချမ်းနေခဲ့သည်။ နတ်ဆိုးသားရဲများ ပုန်ကန် သောင်းကျန်းပြီးနောက် လူသားများအတွက် ကာလတို ငြိမ်းချမ်းရေးတစ်ခု လိုအပ်နေခဲ့သည်။ ဤအချိန်တွင် တစ်စုံတစ်ယောက်မှ စစ်ပွဲစတင်လာပါက နယ်မြေတစ်ခုလုံး၏ ဘုံရန်သူ ဖြစ်သွားနိုင်လေသည်။
မိုးပြာနဂါး အင်ပါယာသည် မြေခွေးလေးကို ပြန်ပေးဆွဲမှု၏ နောက်ကွယ်မှ ကြိုးကိုင်သူကို ပြစ်တင်ရှုံ့ချသည့် အမိန့်စာ ထုတ်ခဲ့သည်။ သူတို့သည် နယ်မြေတစ်ခုလုံး တရားခံအား ရှာဖွေကြစေရန် ရည်ရွယ်၍ ကောင်းကင်ကျောက်တုံး ဆယ်တုံးကို ဆုကြေးအဖြစ် သတ်မှတ်ခဲ့သည်။
ထိုစာမှာ လူအများ၏ ရင်တွင်း ခံစားချက်များနှင့် ကိုက်ညီလေသည်။ လူသားများကြားမှ စစ်ပွဲဆိုလျှင် တော်သေးသည်။ သို့သော် တစ်စုံတစ်ယောက်သည် နတ်ဆိုးသားရဲ စစ်တပ်ကို အသုံးချကာ အပြစ်မဲ့ပြည်သူများနှင့် စစ်သည်များကို သေကြေပျက်စီး စေခဲ့လေသည်။
ရှားနိုင်ငံနှင့် ကျင်းရှန် နိုင်ငံမှလည်း တရားခံကို ရှာတွေ့သူတိုင်းအား ဆုချီးမြှင့်မည်ဟု ကြေငြာခဲ့သည်။ ကျန်နိုင်ငံများကလည်း ဆုကြေးငွေထုတ်ကာ တရားခံအား ရှုံ့ချဝေဖန် နေကြသည်။
သို့သော် ထိုကြိုးကိုင်သူများ ရှာတွေ့လိမ့်မည် မဟုတ်ကြောင်း သိထားကြသူများလည်း ရှိပါ၏။ ဤကဲ့သို့ ပရိယာယ် အကြီးကြီး ဆင်နိုင်စွမ်းရှိပြီး စိတ်ဝိညာဉ်မျောလွင့် ခရီးသည် သတ္တမအဆင့် အထက် လူရှစ်ယောက်ကို သေခိုင်းနိုင်သူမှာ အလွန်အင်အား ကြီးရမည်။ အထူးသဖြင့် ထိုလူရှစ်ယောက် အဆုံးစီရင် သွားစဉ်က သက်သေပင် မကျန်အောင် သေချာအစီအစဉ် ချထားနိုင်ခဲ့သည်။
ဤကပ်ဘေးသည် လူအများ၏ မှတ်ဉာဏ်ထဲတွင် စွဲထင်နေမည် ဖြစ်သည်။ သန်းဂဏန်းသော လူများ သေဆုံးသွားခဲ့ပြီး ထောင်ဂဏန်းသော မြို့များ ဖျက်ဆီး ခံခဲ့ရသည်။ ဆုံးရှုံးမှု အကြီးမားဆုံးမှာ ရှားနိုင်ငံ ဖြစ်သည်။ သူတို့၏ စစ်သည် သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး တစ်ဦးတည်းသော ဗာဂျရာအဆင့် အစောင့်အရှောက်ကိုပါ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံ၏ အင်အားမှာ ကြီးစွာ ကျဆင်းသွားခဲ့ပြီး လက်အောက်ခံနိုင်ငံ ခြောက်ခုတွင် အင်အားအနည်းဆုံး ဖြစ်လာခဲ့သည်။
ကျင်းရှန်နိုင်ငံ သည်လည်း ဆုံးရှုံးမှု ကြီးမား၍ မြောက်ဘက်မန့်နိုင်ငံမူ အနည်းငယ် သက်သာလေသည်။ မန့်နိုင်ငံသည် မြို့များ ဖျက်ဆီး ခံရသော်လည်း စစ်တပ်အင်အားမှာ အထိအခိုက် မရှိခဲ့ပေ။ မိုးပြာနဂါး အင်ပါယာသည် အခြေအနေကို ထိန်းထားနိုင်သော်လည်း သူတို့၏ အရေးပေါ်ဝှက်ဖဲမှာ ပေါ်သွားခဲ့ပြီ ဖြစ်ပြီး သိုင်းသမားများ၏ တစ်ဝက်ကျော်သည် အသတ်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာ ရသွားခြင်းတို့ ကြုံခဲ့ရသည်။
နယ်မြေသည် လက်ရှိတွင် ငြိမ်းချမ်းနေသော်လည်း အင်အား ညီမျှမှုသည် ကျိုးပျက်သွားခဲ့ပြီ ဖြစ်သည်။ အရေးပါသူ အများအပြားမှာ စိုးရိမ်နေကြသည်။ မကြာမီတွင် ငြိမ်းချမ်းမှု ပျက်စီးသွားနိုင်ပြီး နယ်မြေကို စစ်ပွဲအငွေ့အသက်များ လွှမ်းခြုံလာတော့မည် ဖြစ်သည်။
***