ကုကျန်ယဲ့၏ အတွင်းနတ်ဆိုး
Vol. 49 Ch. 721
"နောက်တစ်ယောက်"
ကာကွယ်သူအဖြစ်ထမ်းဆောင်နေသူဖြစ်၍ လုယန် အလိုက်တသိ အော်ခေါ်ပေးသည်။
မှန်သည်။ တာအိုရှင်ရှန်ထန်နောက်တွင် ပင်လယ်တာအိုသခင်ဖြစ်သည်။
သို့သော် တိုင်ပုဖန်က မသိ။ တာအိုရှင်ရှန်ထန် ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲဝင်မည်ဟုသာ သိထားသည်။
ဖန်ဝူယာက စွမ်းအားရှင်တစ်ယောက်၏ဟန်ပန်မျိုးရှိသည်။ စကားမပြော။ အေးစက်တင်းမာသည်။
တိုင်ပုဖန် သူ့လက်ကောက်ဝတ်ပေါ် လက်နှစ်ချောင်းတင်ပြီးနောက် ချက်ချင်းကောက်ချက်ချသည်။
"သန္ဓေပြောင်းဝိညာဉ်မြစ်ဖြစ်တဲ့ မိုးကြိုးဝိညာဉ်မြစ်ပဲ။ မင်းနာမည်ဘယ်လိုခေါ်လဲ"
"ဖန်ယာ"
တိုင်ပုဖန် ထိုနာမည်ကိုပြန်စဉ်းစားသည်။ သူရွေးချယ်ထားသည့် စာရင်းထဲတွင်မပါ။ ဂိုဏ်း၏နာမည်ဂုဏ်သတင်းကိုကြား၍ ရောက်လာသူလားမသိ...
"ဖန်ယာနော်။ ဟုတ်ပြီ...မင်းကိုငါမှတ်ထားမယ်။ သေချာကြိုးစားပါ"
ပင်လယ်တာအိုသခင်ဖန်ဝူယာကို တိုင်ပုဖန်အတော်သဘောကျသည်။ နောင်တစ်ချိန် တာအိုလမ်းစဉ်ဂိုဏ်းတွင် ကောင်းကောင်းလေ့ကျင့်ပေးလျှင် အနည်းဆုံး စုစည်းခြင်းအဆင့်သို့ရောက်ပြီး ဂိုဏ်းအတွက် ဒေါက်တိုင်တစ်ခုဖြစ်လာမည်ဟု သူယူဆသည်။
'သေမျိုးဖြစ်သည့်'ဖန်ယာက တိုင်ပုဖန်သူ့ကို ထိုမျှတန်ဖိုးထားကြောင်းမသိ။ ကျေးဇူးတင်သည့်အရိပ် နည်းနည်းပင်မပြ။ အသာထရပ်၍ ဒုတိယစမ်းသပ်ကွင်းဆီသွားသည်။
"နောက်တစ်ယောက်"
ဤတစ်ကြိမ် မုန်ကျင်းကျိုးအော်ရမည့်အလှည့်ဖြစ်သည်။
တိုင်ပုဖန် မျက်ခုံးတစ်ချက်တွန့်သွားသည်။ နန်းပလ္လင်ပေါ်ထိုင်နေသည့် အင်ပါယာတစ်ယောက်လို သူခံစားနေရသည်။ သူ့ဘေးတစ်ဘက်စီတွင် ကုန်းကုန်းနှစ်ယောက်က အခစားဝင်မည့်လူများကို အော်ခေါ်ပေးနေသလိုရှိသည်။
အစောပိုင်းက လုယန်နှင့်မုန်ကျင်းကျိုး ဝိညာဉ်မြစ်အတုဖန်တီးသူများကို ဆွဲခေါ်သွားချိန်၌ သူတို့နေရာတွင် တစ်ခြားလူများကို အစားထိုးလိုက်ဖို့ စဉ်းစားခဲ့သည်။
သို့သော် သူ့အကြံ မအောင်မြင်ခဲ့။
ပင်လယ်တာအိုသခင်နောက်တွင် နိယာမသခင်အလှည့်ဖြစ်သည်။
(**ယုမဟာမိတ်အဖွဲ့မှလူငယ်ဖြစ်သည်။ ကုကျန်ယဲ့သည် သူ့ကိုယ်သူ နိယာမသခင်လူဝင်စားဟုပြောထားသည်။ ဘယ်သူကအစစ်အမှန်လဲမသေချာသေး)
အစက ဒွိဝိညာဉ်မြစ်တစ်ခုခုလောက် အတုလုပ်ဖို့သာ နိယာမသခင် တွေးခဲ့သည်။ သို့သော် သူ့ရှေ့မှလူသုံးယောက်လုံး ဧကဝိညာဉ်မြစ်ဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် သူ့ဒွိဝိညာဉ်မြစ်က အရောင်မှိန်နေသည်။ ထိုအဖြစ်ကို သူလက်မခံနိုင်။
ထိုသို့မဖြစ်ရ။
သူလက်မခံနိုင်။
တိုင်ပုဖန်စစ်ဆေးနိုင်ရန် နိယာမသခင် လက်ကိုဆန့်ထုတ်လိုက်သည်။
တိုင်ပုဖန်၏ ကျင့်စဉ်အဆင့်သည် တစ်ခြားလူတစ်ယောက်၏ ရုပ်ခန္ဓာကို စစ်ဆေးနိုင်ပါသည်။ သို့သော် နိယာမသခင်လိုအဆင့်မျိုးကိုတော့ သူယှဉ်၍မရ။
သူဖုံးကွယ်ထားသည့်အဖြစ်ကို တစ်ခြားလူများမရိပ်မိနိုင်ဟု နိယာမသခင်ယုံကြည်သည်။
မသေမျိုးတစ်ဝက်တစ်ယောက်၏ ယုံကြည်ချက်ဖြစ်သည်။
တိုင်ပုဖန်မျက်နှာတွင် အံ့ဩရိပ်ပေါ်လာသည်။
"သက်ရှည်မသေမျိုးခန္ဓာလား"
နာမည်ကိုကြည့်လျှင်ပင် သက်တမ်းရှည်သည့် ခန္ဓာကိုယ်အမျိုးအစားဖြစ်သည်။ အလွန်ရှားသည်။ ရှေးဟောင်းခေတ်မှ ယနေ့ခေတ်ထိ တွေ့ခဲ့သည့် ထိုခန္ဓာပိုင်ရှင်မျိုး ငါးယောက်ပင်မပြည့်။
တိုင်ပုဖန် သူ့ဘာသာရေရွတ်သည်။ အဖြစ်အပျက်ကို ပြန်စဉ်းစားနေသည်။
ဤတစ်သုတ်သည် အရည်အသွေးမြင့်လူသစ်များပေါများသည်မှာ အမှန်ဖြစ်သည်။ သို့သော် သူ့စာရင်းထဲတွင်မပါသည့် အရည်အသွေးမြင့်သူများ ဆက်တိုက်ပေါ်လာသဖြင့် မယုံနိုင်အောင်ဖြစ်နေသည်။
ကုကျန်ယဲ့က စခဲ့သည်။ ယခု လေးယောက်မြောက်လူဖြစ်သည်။
နောက်ဘက်တွင်တန်းစီနေသူများ လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ နိယာမသခင်ကို အားကျစိတ်ဖြင့်ကြည့်နေကြသည်။
ထိုရုပ်ခန္ဓာမျိုးကို မသေမျိုးငါးဂိုဏ်းလုံးက အသဲအသန်ရှာဖွေခဲ့ကြသည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ"
တိုင်ပုဖန်ကမေးသည်။
"ကုရှဲ့ပါ"
နတ်မယ်က ကုရှဲ့ကို ခဏစိုက်ကြည့်သည်။
"တစ်ခုခုတော့ ထူးဆန်းနေတယ်"
"ဒီလူက ဘာမူမမှန်တာရှိလဲ"
လုယန်ကမေးသည်။
နှစ်ကြိမ်ကြည့်ပြီးနောက် နတ်မယ် သေချာသွားသည်။
"ဒီလူက မသေမျိုးတစ်ဝက်အဆင့်ပဲ"
"မသေမျိုးတစ်ဝက်.."
မသေမျိုးများ မသေမျိုးတစ်ဝက်များနှင့် တွေ့ရသည့်အဖြစ်နှင့်သာ အသားကျမနေခဲ့လျှင် ထိုစကားကြောင့် သူတအံ့တဩဖြစ်သွားပေလိမ့်မည်။
"ဟုတ်တယ်၊ သူ့မှာ အရိယဖလသန္ဓေရှိတယ်။ မသေမျိုးတစ်ဝက်ဆိုတာ သေချာတယ်"
နတ်မယ်က ထပ်၍အတည်ပြုသည်။
"ဒီကိစ္စ အမယွမ်ဆီ သတင်းပို့ရမယ်ထင်တယ်"
လုယန် ခဏစဉ်းစားသည်။
ထိုကိစ္စသည် အကိုတိုင်ကိုင်တွယ်ဖြေရှင်းနိုင်သည့် အတိုင်းအတာထက်ကျော်နေသည်။ သရုပ်မှန်ဖုံးကွယ်ထားသည့် လူတစ်ယောက် ဂိုဏ်းထဲဝင်လာသည်မှာ မကောင်းသည့်ရည်ရွယ်ချက်ရှိ၍သာဖြစ်သည်။
သို့သော် ကောင်းကင်ဂိတ်တောင်ထိပ်သို့ ချက်ချင်းမသွားသေး။ ကုရှဲ့ ရိပ်မိသွားပြီး သူ့ကိုအန္တရာယ်ပေးလာနိုင်သည်။
ထိုနောက်ပိုင်းတွင် တိုင်ပုဖန် လူနှစ်ရာလောက်စမ်းသပ်စစ်ဆေးသည်။
"ရေနဲ့သစ်သားဓာတ်၊ ဒွိဝိညာဉ်မြစ်။ ဝိညာဉ်သစ်ပင်တွေစိုက်ပျိုးနိုင်တဲ့ မွေးရာပါဓာတ်ခံရှိတယ်"
နောက်ထပ် အလားအလာကောင်းသည့်မျိုးဆက်တစ်ယောက် တိုင်ပုဖန်တွေ့ပြန်သည်။
"မင်းနာမလည် ကျောက်ရှင်းအာမဟုတ်လား"
အကျင့်စာရိတ္တကြိုတင်စစ်ဆေးထားသည့် သေမျိုးတစ်ယောက်ဖြစ်သည်။
မစ်ရှင်အစီရင်ခံစာအရ ကျောက်ရှင်းအာသည် တောင်တန်းချောက်နက်တစ်ခုတွင် မွေးဖွားသည်။
တောင်ပေါ်ရွာအများစုက မိန်းကလေးထက် ယောက်ျားလေးကို ပိုဦးစားပေးကြသည်။ ကျောက်ရှင်းအာလည်း ထိုခွဲခြားဆက်ဆံမှုမျိုးကြုံရသည်။
လွန်ခဲ့သည့်တစ်နှစ်က ထူးဆန်းသည့်မှော်လက်စွပ်တစ်ခု သူအမှတ်မထင်တွေ့သည်။ ဤလက်စွပ်ဖြင့် ကောက်ပဲသီးနှံများ ကောင်းစွာကြီးထွားအောင် စိုက်ပျိုးနိုင်ခဲ့သည်။
ဤလက်စွပ်ကြောင့်ပင် အိမ်ထောင်ပြုရမည့်ကံကြမ္မာကို ရှောင်တိမ်းနိုင်ခဲ့သည်။
ဂိုဏ်း၏စုံစမ်းစစ်ဆေးချက်အရ ထိုလက်စွပ်သည် ပဥ္စမအကြီးအကဲဖန်တီးထားသည့်လက်စွပ်ဖြစ်သည်။
ယာဉ်ပျံကို သတ်မှတ်အမြန်နှုန်းထက်ပိုမောင်းသဖြင့် ရှားရုံးတော်က လိုက်ဖမ်းနေချိန်တွင် လက်စွပ်ပျောက်သွားခဲ့ခြင်းဖြစ်သည်။
အကျိုးအကြောင်းသိရချိန်တွင် ပဥ္စမအကြီးအကဲက လက်စွပ်ကို သူပြန်မယူတော့ကြောင်းပြောသည်။
"ကောင်းပြီ။ မင်းသွားလို့ရပြီ"
"ကျေးဇူးပါ သခင်"
အချိန်ကျပြီဟု တွေးမိသဖြင့် လုယန် တိုင်ပုဖန်ကို သိစိတ်အသံလှိုင်းမှ လှမ်းပြောသည်။
"အကိုတိုင်၊ ကျုပ်ကိစ္စရှိလို့ ခဏသွားလိုက်ဦးမယ်"
လုယန်ထွက်သွားမည်ဟူသည့်စကားထက် တိုင်ပုဖန်ပိုပျော်ရသည့်အဖြစ်မျိုး မရှိတော့။ မုန်ကျင်းကျိုးကိုပါ ခေါ်သွားနိုင်လျှင် ပို၍ကောင်းသည်။
သို့သော် လုယန်က အလိုက်မသိ။ တစ်ယောက်တည်းထွက်သွားသည်။
လုယန်နေရာကို အရိုးရိုင်းဝင်လာသည်။
"နောက်တစ်ယောက်"
အရိးရိုင်းအသံက အားမာန်အပြည့်ပါသည်။ အထူးဧည့်သည်ရောက်လာသဖြင့် တော်ဝင်နန်းတော်ဂိတ်တံခါးစောင့်က အော်ဟစ်လိုက်သည့်အသံမျိုးဖြစ်သည်။
ပထမစမ်းသပ်ပွဲပြီးသွားသည်။ လူပေါင်းရှစ်ရာ ဒုတိယအဆင့်သို့တက်သွားသည်။
ထိုလူရှစ်ရာကို ဒုတိယအဆင့်ဂိုဏ်းများက ဝမ်းသာအားရလက်ခံကြလိမ့်မည်။ ပထမအဆင့်ဂိုဏ်းများကတော့ နည်းနည်းလက်တွန့်ဦးမည်။
"ပထမစမ်းသပ်ပွဲဖြတ်ကျော်နိုင်ခဲ့တဲ့လူအားလုံးအတွက် ဂုဏ်ယူပါတယ်။ အခု ဒုတိယစမ်းသပ်ပွဲစပါမယ်"
စမ်းသပ်ပွဲကို တိုင်ပုဖန် ဆက်၍ကြီးကြပ်သည်။ ဂိုဏ်းတပည့်များက လူရှစ်ရာကို စည်းကမ်းတကျရှိစေရန် ဝန်းရံထားသည်။
ဒုတိယစမ်းသပ်ပွဲကျင်းပသည့်နေရာက ဝါးတောဖြစ်သည်။ ထိုနေရာသည် မြစ်ဝိညာဉ်၏ပိုင်နက်ဖြစ်သည်။
"ကျင့်စဉ်လမ်းမှာ အတွင်းနတ်ဆိုးတွေဟာ အန္တရာယ်များတယ်လို့ ပြောလေ့ရှိတယ်။ အမှန်တော့ ကျင့်စဉ်လမ်းကိုမဝင်မီကတည်းက မင်းတို့ရဲ့အတွင်းနတ်ဆိုးတွေက မင်းတို့နှလုံးသားမှာ အမြစ်တည်နေပြီးသားပါ။
မင်းတို့မိဘတွေရဲ့ မျှော်လင့်ချက်တွေ၊ မင်းတို့အကြီးအကဲတွေရဲ့ မေတ္တာတရားတွေ၊ ဒီစမ်းသပ်ပွဲမဖြတ်ကျော်နိုင်မှာကို စိုးရိမ်တဲ့စိတ်တွေ။ ဒါတွေအားလုံးက အတွင်းနတ်ဆိုးရဲ့ လက္ခဏာတွေပဲ။
ဒုတိယစမ်းသပ်ပွဲက မင်းတို့ရဲ့အတွင်းနတ်ဆိုးကို ရင်ဆိုင်ကျော်လွှားနိုင်သလားဆိုတာ စမ်းသပ်မှာပါ။
ဒါပေမယ့် မင်းတို့စိတ်တွေက မရင့်ကျက်သေးတော့ ကျော်လွှားနိုင်ဖို့ အတော်ခက်လိမ့်မယ်။
ဒီတော့ ဒုတိယစမ်းသပ်ပွဲမှာ မင်းတို့ရဲ့အတွင်းနတ်ဆိုးကို တစ်ယောက်တည်းရင်ဆိုင်လို့လည်းရသလို အသင်းအဖွဲ့နဲ့အနိုင်ယူခွင့်လဲရှိတယ်။
မိတ်ဆွေအပေါင်းအသင်းနဲ့ အထောက်အကူဆိုတာ ကျင့်စဉ်လမ်းမှာ ပစ်ပယ်လို့မရတဲ့ အရာတွေပဲ"
"မင်းတို့က တကယ်လေးစားစရာပဲ။ ရေဝိညာဉ်မြစ်ပိုင်ရှင်နဲ့ ဒဏ္ဍာရီ မသေမျိုးခန္ဓာပိုင်ရှင်တွေပေါ့"
ရှန်ထန်က ရယ်မော၍ ကုကျန်ယဲ့နှင့်ကုရှဲ့ကို အားကျသည့်လေသံဖြင့်ပြောသည်။
"နိယာမသခင်လည်း မသေမျိုးခန္ဓာပိုင်ရှင်လို့ ငါကြားဖူးတယ်။ တစ်နေ့ကျရင် မင်းလည်း နိယာမသခင်လို စွမ်းအားကြီးပုဂ္ဂိုလ်ဖြစ်လာနိုင်တယ်"
ရှန်ထန်၏ချီးမွှမ်းစကားကို ကုရှဲ့က အရေးမစိုက်။
ကုကျန်ယဲ့က မျိုးဆက်သစ်တစ်ယောက်ကို ဩဝါဒပေးသည့်လေသံဖြင့် ကုရှဲ့ပုခုံးကိုပုတ်၍ပြောသည်။
"ရုပ်ခန္ဓာအခြေခံက အရေးကြီးတယ်ဆိုပေမယ့် ဒီထက်ပိုအရေးကြီးတာက ခိုင်မာတဲ့တာအိုနှလုံးရှိဖို့ပဲ"
ကုရှဲ့ အေးစက်စက်နှာခေါင်းရှုံ့၍ အမူအရာမပြောင်းလဲဘဲ ကုကျန်ယဲ့၏လက်ကို အသာရှောင်လိုက်သည်။
"ဒီလိုလုပ်ရအောင်။ လူများရင် ဝန်ပေါ့တယ်တဲ့။ ဒီနေရာမှာဆုံရတာ ကံရေစက်ရှိလို့ပဲ။ ငါတို့လေးယောက်ပေါင်းပြီး ငါတို့ရဲ့အတွင်းနတ်ဆိုးတွေကို အတူတူအနိုင်ယူကြမလား"
ကုရှဲ့ စိတ်ထဲတွင်ကျိတ်၍ လှောင်ပြုံးပြုံးသည်။ ထိုလူများနှင့်ပူးပေါင်းခြင်းသည် တကယ်အခွင့်ကောင်းဖြစ်သည်။ သုံးယောက်လုံးကိုသတ်လိုက်လျှင် စမ်းသပ်ပွဲအောင်မြင်သူ သူတစ်ယောက်တည်းသာရှိလိမ့်မည်။
"ကောင်းပြီလေ"
ရုတ်တရက် ဝါးတောကို မြူခိုးများဖုံးလွှမ်းသွားသည်။ ဘေးပတ်လည် ဆယ်ပေအကွာကိုပင် မမြင်ရတော့။
မြစ်ဝိညာဉ် ရေပေါ်တွင်ရပ်နေသည်။ ရေပူဖောင်းများစွာ လေထဲသို့လွင့်တက်လာသည်။ တဖြေးဖြေးကြီးလာပြီး လူတစ်ယောက်၏အရပ်အမြင့်လောက်ဖြစ်လာသည်။
ထိုရေပူဖောင်းကြီးများက လူတစ်ယောက်ချင်းစီကို လွှမ်းခြုံသွားသည်။ အဖွဲ့ဖွဲ့ထားသူများအတွက် ရေပူဖောင်းများက အချင်းချင်းပေါင်းစပ်ပြီး ပိုကြီးမားသည့် ရေပူဖောင်းတစ်ခုဖြစ်လာသည်။
အဖွဲ့တစ်ဖွဲ့လျှင် ရေပူဖောင်းတစ်ခုသာ လွှမ်းခြုံထားသည်။ အတွင်းနတ်ဆိုးကို စုပေါင်းရင်ဆိုင်ခွင့်ရသည်။
"ငါတို့က ပုံရိပ်နယ်မြေထဲ ရောက်လာပြီထင်တယ်"
ရှန်ထန်က မှတ်ချက်ပေးသည်။ သူတို့လေးယောက် ပြန်နိုးလာချိန်တွင် လူသူကင်းမဲ့သည့် နေရာတစ်ခုသို့ရောက်နေကြောင်း တွေ့ရသည်။ ပုံရိပ်နယ်မြေဖြစ်ကြောင်း နားလည်လာသည်။
ကုရှဲ့စိတ်ထဲ လှောင်ပြုံးပြုံးနေသည်။ ထိုသုံးယောက်ရင်ဆိုင်ရမည့် အတွင်းနတ်ဆိုးများကို သူကြည့်လိုသေးသည်။ ဘာမှထူးထူးခြားခြားဟုတ်မည်မထင်။ မိဘများ၏ပုံရိပ်များ သို့မဟုတ် ကြောက်စရာသရဲလေးများသာဖြစ်လိမ့်မည်။
ထိုသုံးယောက် အရှက်ကွဲမည့်အချိန်ကို သူစောင့်နေသည်။
ရုတ်တရက် ရာသီဥတုပြောင်းလဲလာသည်။ လျှပ်စီးတစ်ချက်လက်သွားသည်။ အဝေးမှတောင်ထိပ်တစ်ခု အစိတ်စိတ်အမွှာမွှာကြေမွသွားသည်။
ကုရှဲ့ ထိတ်လန့်သွားသည်။
ဘာကြောင့်ထိုသို့ဖြစ်လာသနည်း။
ကုကျန်ယဲ့က လက်နှစ်ဘက်နောက်ပစ်၍ ခေါင်းကိုလေးဆယ့်ငါးဒီဂရီမော့ပြီး ကောင်းကင်ကို တည်ငြိမ်စွာကြည့်သည်။ တီးတိုးပြောသည်။
"လာနေပြီ"
"ဘာလာနေတာလဲ"
ကုရှဲ့ ချက်ချင်းမေးသည်။
ကုကျန်ယဲ့ လှုပ်ရှားနေသည့်ညာမျက်လုံးကို လက်ဖြင့်အုပ်၍ အထဲမှ ကောင်းကင်မျိုသားရဲကို တည်ငြိမ်အောင်ထိန်းသည်။ ထို့နောက် မည်းမှောင်လာသည့် အထက်ကောင်းကင်ကို လက်ညှိုးထိုးပြသည်။
ကောင်းကင်မှ မိုးချုန်းသံများက အောင်မြင်ခံ့ညားသည်။ နဂါးအော်သံ ဖီးနှစ်အော်သံနှင့် ပမာတူသည်။ မိုးမြေကို ဖျက်ဆီးတော့မယောင်ရှိသည်။
"ငါ့အတွင်းနတ်ဆိုးက ဒါဖြစ်မယ်လို့ တကယ်ထင်မထားဘူး"
သူခပ်တိုးတိုးပြောသည်။
"အဲဒါဘာလဲ"
ကုရှဲ့ မျက်ခုံးလှုပ်နေသည်။ မကောင်းသည့်နိမိတ်ကို သူခံစားနေရသည်။
ကုကျန်ယဲ့ သက်ပြင်းတစ်ချက်ချသည်။
"အတိတ်ဘဝတုန်းက ငါသေခဲ့ရတဲ့ ကောင်းကင်ဆင်းရဲလေ။ ကိုးဆယ့်ကိုးချက် ကောင်းကင်မသေမျိုးလျှပ်စီးပေါ့"
************************************