တာအိုလမ်းစဉ်ဂိုဏ်း၏ အခြေခံအင်အား
Vol. 49 Ch. 726
"ကူးဖြတ်ခြင်းအဆင့်လား"
ဖန်ဝူယာနှင့် ကုရှဲ့တို့ ရင်ဆိုင်တိုက်ခိုက်ပြီးနောက် တစ်ဘက်လူ၏ကျင့်စဉ်အဆင့်ကို မှားယွင်းထင်မြင်မိကြသည်။
အရိယဖလသန္ဓေမသုံးလျှင် မသေမျိုးတစ်ဝက်အဆင့်ပင် ကိုယ့်ပြိုင်ဘက်က ကူးဖြတ်ခြင်းအဆင့်လား မသေမျိုးတစ်ဝက်လား ခွဲခြားဖို့ခက်သည်။
"မင်းကများ တာအိုလမ်းစဉ်ဂိုဏ်းမှာ ပြဿနာရှာရဲတယ်ပေါ့။ သေချင်နေပြီထင်တယ်"
အပြင်လောကကိစ္စများကို ဖန်ဝူယာ သိပ်အရေးမစိုက်ခဲ့သော်လည်း ယနေ့ခေတ်ကူးဖြတ်ခြင်းအဆင့်ရောက်နေသူများကိုတော့ သူသိသေးသည်။
ကုရှဲ့သည် သူသိထားသူများထဲတွင်မပါ။
ထို့ကြောင့် အဖြေကရှင်းနေသည်။ ကုရှဲ့သည် ရှေးဟောင်းကျင့်ကြံသူဖြစ်သည်။
"မင်းက နိယာမသခင်ကုမိုလား"
ကုရှဲ့၏ မသေမျိုးခန္ဓာအကြောင်း ဖန်ဝူယာပြန်သတိရလာသည်။ မဟာယုအစောပိုင်းက နာမည်အကျော်ကြားဆုံး ကျင့်ကြံမှုပါရမီရှင် နိယာမသခင်ကုမို။
"မင်းက ဗဟုသုတတော့ နည်းနည်းရှိသားပဲ"
ကုရှဲ့ အေးစက်စက်ပြုံးသည်။ သူ့ရှေ့မှလူသည် ကူးဖြတ်ခြင်းအဆင့်သာရှိသည်။ သူ့ကိုမယှဉ်နိုင်။
"တိုက်ကြ"
ကုရှဲ့အမိန့်ပေးလိုက်သည်။ သူ့နောက်လိုက်များက ရုပ်ဖျက်ထားသည်ကိုစွန့်လွှတ်ပြီး ကျင့်စဉ်စွမ်းအားအစစ်ကို ထုတ်ကြသည်။ ကူးဖြတ်ခြင်းအဆင့်များဖြစ်သည်။
လူအုပ်ထဲတွင်ရောနှောပုန်းအောင်းနေသည့် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူ သုံးယောက်ရှိသည်။
အခြေအနေက အဆိုးဘက်သို့ပြောင်းလာသဖြင့် မြစ်ဝိညာဉ် လက်တစ်ဘက်ဝှေ့ယမ်းလိုက်သည်။ မြစ်(စမ်းချောင်း)ထဲမှ ရေပူဖောင်းများစွာမြင့်တက်လာပြီး တတိယစမ်သပ်ပွဲတွင် ဝင်ပြိုင်နေသူများနှင့် စမ်းသပ်ပွဲစီစဉ်နေသည့် ဂိုဏ်းတပည့်များကို လွှမ်းခြုံ၍ ဘေးကင်းစေရန် ဂိုဏ်းအတွင်းပိုင်သို့ အမြန်ပို့သည်။
"ကူးဖြတ်ခြင်းအဆင့်တွေ ဘာလို့ရုတ်တရက်အများကြီးပေါ်လာတာလဲ"
တိုင်ပုဖန် ထိတ်လန့်အံ့ဩနေသည်။ နိယာမသခင်နှင့်ရင်ဆိုင်တိုက်ခိုက်နေသူသည် ဘယ်သူမှန်းမသိ။
"အကိုတိုင်၊ ဒီကိစ္စက ကျုပ်တို့နှစ်ယောက်နဲ့ လုံးဝမဆိုင်ဘူးနော်"
လုယန်နှင့်မုန်ကျင်းကျိုးတို့ အပြစ်ကင်းကြောင်း အမြန်ထွက်ဆိုကြသည်။ စမ်းသပ်ပွဲတလျှောက်လုံး သူတို့ရိုးသားစွာလုပ်ဆောင်ခဲ့သည်။
"နိယာမသခင်နဲ့တိုက်ခိုက်နေတဲ့လူကို မင်းတို့သိလား"
"သိပါတယ်။ အဲဒါ ပင်လယ်တာအိုသခင်ပါ"
"နေပါဦး...ဒါဆို ဒုတိယစမ်းသပ်ပွဲတုန်းက အတွင်းနတ်ဆိုးယွမ်ကျိပေါ်လာတာ ပင်လယ်တာအိုသခင်ကြောင့်လား"
လုယန် ခေါင်းငြိမ့်သည်။
"သူက နိယာမသခင်လား"
ရှန်ထန်အံ့အားသင့်သွားသည်။ ကုကျန်ယဲ့ကိုလှည့်ကြည့်သည်။
ဒါဆို ကုကျန်ယဲ့က ဘယ်သူလဲ...
ဝါးတောထဲမှ ခမ်းနားထည်ဝါသည့် မှော်စွမ်းအားများကိုကြည့်ရင်း ကုကျန်ယဲ့မျက်နှာတင်းနေသည်။ သူ့ကျင့်စဉ်စွမ်းအား ပြန်မရသေးသဖြင့် ထိုအဆင့်တိုက်ပွဲမျိုးသို့ သူမဝင်နိုင်သေး။
မသေမျိုးအဆင့်တက်ရန် ကောင်းကင်ဆင်းရဲဖြတ်ဖို့ သူဆက်သွယ်မှုဖြတ်တောက်ခဲ့သည့် အလောင်းသုံးခုက ယခုချိန်ထိ ရှင်သန်နေဦးမည်ဟ မထင်မိ။
(**ရုပ်သေးအလောင်း သို့မဟုတ် ကိုယ်ပွားခန္ဓာဖြစ်ပါလိမ့်မည်။ ကူးဖြတ်ခြင်းအဆင့်တွင် ဖြတ်တောက်နိုင်သည့် ကျင့်စဉ်ကိုယ်ပွားခန္ဓာအကြောင်း နောက်ပိုင်းတွင်ဖတ်ရှူကြရမည်ဖြစ်၍ ကြိုတင်မစပွိုင်းတော့ပါ)
မြစ်ဝိညာဉ်က ဂိုဏ်း၏မဟာမှော်စက်ဝန်းစွမ်းအားကိုသုံး၍ ယုမဟာမိတ်မှ ကူးဖြတ်ခြင်းအဆင့်သုံးယောက်ကို ရင်ဆိုင်သည်။
မဟာမှော်စက်ဝန်းစွမ်းအားကြောင့် သူသည်လည်း ကူးဖြတ်ခြင်းအဆင့်နှင့် တန်းတူဖြစ်သွားသည်။ သို့သော် သုံးယောက်တစ်ယောက်တိုက်ခိုက်ရသဖြင့် အရေးမလှ။
"မြစ်ဝိညာဉ်အကြီးအကဲ၊ ကျုပ်တို့လာကူမယ်"
အရှင်နှစ်ယောက်ပေါ်လာသည်။ မဟာယုကူးဖြတ်ခြင်းအဆင့်သုံးယောက်ရှေ့တွင် ရပ်လိုက်သည်။ ကလေးဘိုးဘေးဆရာ ထန်ရှန်းယိနှင့် ကျမ်းစာတိုက်မှူး အကြီးအကဲထောင်ဖြစ်သည်။
ဝါးတောထဲမှတိုက်ပွဲကို အာရုံခံမိသဖြင့် ချက်ချင်းတိုက်ပွဲဝင်လာခြင်းဖြစ်သည်။
"ဪ၊ တာအိုလမ်းစဉ်ဂိုဏ်းမှာ ကူးဖြတ်ခြင်းအဆင့်တွေ အဲလောက်များမယ်လို့ ဘယ်သူတွေးမိမှာလဲ။ ကောင်းကောင်းဖုံးကွယ်ထားနိုင်ကြတာပဲ"
မဟာယုသုံးယောက် လှောင်ပြုံးပြုံးသည်။ ဂိုဏ်းအင်အားက သူတို့ထင်ထားသည်ထက် ပိုများသည်။ သို့သော် တိုက်ပွဲကို အသားစီရနိုင်ဖို့တော့ မလုံလောက်သေးပါ။
ယုမဟာမိတ်ဘက်တွင် သူတို့သုံးယောက်သာရှိသည်မဟုတ်။
ရုတ်တရက် ဂိုဏ်းအပြင်ဘက်မှ စွမ်းအင်ရောင်များစွာ ကောင်းကင်သို့ထိုးတက်လာသည်။ ထန်ရှန်းယိ မျက်နှာပျက်သွားသည်။
ရန်သူဘက်တွင် ပုန်းအောင်းနေသည့် နောက်ထပ်ကူးဖြတ်ခြင်းအဆင့်နှစ်ယောက် ရှိနေသည်။
မဟုတ်သေး။ ကူးဖြတ်ခြင်းအဆင့်များသာမဟုတ်။ စုစည်းခြင်းအဆင့်များလည်း နှစ်ဆယ်ကျော်ရှိသည်။
အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။
ကူးဖြတ်ခြင်းအဆင့်ငါးယောက်နှင့် စုစည်းခြင်းအဆင့်နှစ်ဆယ်ကျော် နှစ်တန်းခွဲ၍ရပ်ကြသည်။ တာအိုလမ်းစဉ်ဂိုဏ်းဘက်မှ အင်အားစုကို ယာယီလွှမ်းမိုးထားသည်။
"ငါတို့တာအိုလမ်းစဉ်ဂိုဏ်းကို လာတိုက်ရဲတယ်ပေါ့။ သေချင်နေတာပဲ"
အလင်းတန်းများ တိုက်ပွဲကွင်းသို့ ပျံသန်းရောက်ရှိလာသည်။
"ဆရာ၊ ကျုပ်တို့ရောက်ပါပြီ"
မဟာအကြီးအကဲက အကြီးအကဲခုနစ်ယောက်ကို ဝါးတောဆီဦးဆောင်ခေါ်လာသည်။ ဈေးလမ်း၊ ရနံ့တရာလက်ဖက်ရည်ဆောင် ပိုင်ရှင်များနှင့် ကျိဟုန်ဝမ်လည်းရောက်လာသည်။ တိုင်ပုဖန်လည်းရှိသည်။
ဂိုဏ်း၏ စုစည်းခြင်းအဆင့်အားလုံး စုစည်းမိကြသည်။
"စုစည်းခြင်းအဆင့်တွေလောက်နဲ့တော့ အလုပ်မဖြစ်နိုင်ဘူးကွ"
မဟာယုတစ်ယောက်က မခိုးမခန့်ရယ်သည်။ သူတို့ဘက်တွင် ကူးဖြတ်ခြင်းအဆင့်ငါးယောက်ရှိကြောင်း ကြွားလုံးထုတ်သည်။
ကူးဖြတ်ခြင်းအဆင့်တစ်ယောက်က ရဲရဲတင်းတင်းစတင်လှုပ်ရှားသည်။ မဟာအကြီးအကဲဆီ မည်းနက်နေသည့်လက်တစ်ဘက် ဆန့်ထုတ်လိုက်သည်။
လက်က မီးခိုးများဖြင့်ဖွဲ့စည်းထားသည့် နတ်ဆိုးလက်သည်းအသွင်ပြောင်းသွားသည်။ ဘယ်သူမဆို ထိသည်နှင့် အရည်ပျော်ကျသွားမည်။
"ဘုန်း"
မဟာအကြီးအကဲက နတ်ဆိုးလက်သည်းဆီ အုတ်ခဲနှင့်တူသည့် ပစ္စည်းတစ်ခု ပစ်လွှတ်လိုက်သည်။
လက်သည်းပိုင်ရှင်နာကျင်စွာ ညည်းညူလျက် လက်ကိုအမြန်ပြန်ရုတ်လိုက်ရသည်။ လက်ကိုထိခဲ့သည့်ပစ္စည်းကို သူမြင်လိုက်ရသည်။ စမ်းပြာရောင်ကြွေခေါင်းအုံးတစ်ခုဖြစ်သည်။
ထာဝရနတ်မယ်၏ မသေမျိုးရတနာအိပ်မက်ခေါင်းအုံး(ပဲဝါခေါင်းအုံး)ဖြစ်သည်။ နောက်ပိုင်းတွင် ထာဝရဂိုဏ်း၏ ရတနာတစ်ခုဖြစ်လာသည်။
သခင်လျိုနှင်သခင်ကောင်းက တာအိုလမ်းစဉ်ဂိုဏ်းကို အိပ်မက်ခေါင်းဦးဖြင့် တိုက်ခိုက်သည်။ သို့သော် အားလုံးအဖမ်းခံရသည်။
ထိုသို့ဖြင့် အိပ်မက်ခေါင်းအုံးက မဟာအကြီးအကဲ၏ မှော်လက်နက်ဖြစ်လာသည်။
"ဘာဖြစ်တာလဲ။ ငါနဲ့မတိုက်ခိုက်ရဲဘူးလား"
မဟာအကြီးအကဲက ခေါင်းအုံးကိုကိုင်၍ အေးစက်စက်လှောင်ပြုံးပြုံးနေသည်။
သူ့စွမ်းအားသည် ဝစီပိတ်နှင့်တန်းတူရှိသည်။ ကူးဖြတ်ခြင်းတစ်ဝက်အဆင့်ဖြစ်သည်။
အိပ်မက်ခေါင်းအုံးအစွမ်းကြောင့် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများနှင့် ယှဉ်နိုင်သည့်စွမ်းအားမျိုး သူပိုင်ဆိုင်သည်။
မဟာယုအဖွဲ့သားများက လုံးဝမကြောက်။
"ဒါပေမယ့် ငါတို့ဘက်က ကူးဖြတ်ခြင်းအဆင့်တစ်ယောက် ပိုသာသေးတာပဲ"
"တစ်ယောက်ပဲလား"
သံကြပ်ကာဝတ်ထားသည့် တတိယအကြီးအကဲက လေထဲမှလျှောက်လာပြီး မဟာအကြီးအကဲနှင့်တစ်တန်းတည်းရပ်သည်။
ရုတ်တရက် လက်သီးတစ်ချက်ထိုးလိုက်သည်။ လက်သီးလေပြင်းလှိုင်းကြောင့် မဟာယုဘက်မှ စုစည်းခြင်းအဆင့်ကျင့်ကြံသူများ ဖရိုဖရဲဖြစ်သွားသည်။
ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများပင် ရင်ထိတ်သွားပြီး ခုခံကာကွယ်သည့်ကိုယ်ဟန်သို့ ပြောင်းကြရသည်။
ထိုလက်သီးချက်သည် ကူးဖြတ်ခြင်းကျင့်ကြံသူ၏စွမ်းအားနှင့် တန်းတူရှိသည်။
သံချမ်ကာက သံချေးများကပ်နေသည်။ အနက်ရောင်သွေးခြောက်များ စွန်းထင်းနေသည်။
သာမန်တိုက်ပွဲသုံးသံချပ်ကာဟုထင်ရသည်။ သို့သော် သူ့ဇစ်မြစ်ကိုသိသူအဖို့ လုံးဝအထင်သေးရဲမည်မဟုတ်။
မဟာယုနောက်ဆုံးတိုက်ပွဲတွင် ကောင်းကင်သခင်ကွေ့ယန်ဝတ်ခဲ့သည့် သံချပ်ကာဖြစ်သည်။
ရန်သူ့သွေးများစွန်းထင်းနေသည်။ သူ့ရန်သူအားလုံး ကူးဖြတ်ခြင်းအဆင့်များဖြစ်သည်။
သံချပ်ကာဝတ်ထားသဖြင့် စုစည်းခြင်းအဆင့်ကျင့်ကြံသူသည် ကူးဖြတ်ခြင်းအဆင့်နှင့်တန်းတူဖြစ်လာသည်။
မသေမျိုးငါးဂိုဏ်းသည် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများနှင့်ရင်ဆိုင်ဖို့ နည်းလမ်းကိုယ်စီရှိကြသည်။ တာအိုလမ်းစဉ်ဂိုဏ်း၏နည်းလမ်းက ထိုသံချပ်ကာဖြစ်သည်။
"အခု အင်အားချင်းညီမျှသွားပြီပဲ"
ထန်ရှန်းယိ ခပ်ညှင်းညှင်းရယ်သည်။ ကြီးမားသည့် ကြေးဝါခေါင်းလောင်းတစ်ခု ကေင်းကင်မှဆင်လာသည်။ ခေါင်းလောင်းပေါ်တွင် ထူးဆန်းရှုပ်ထွေးသည့် မှော်သင်္ကေတများရှိနေသည်။
ရုတ်တရက် အောင်မြင်ခံ့ညားသည့်ခေါင်းလောင်းသံတစ်ချက် မြည်သွားသည်။ အသံလှိုင်းများ ဂယက်ထသွားသည်။ လေထုတစ်ခုလုံး အနည်းငယ်တုန်ရင်လာသည်။
"ကပ်ဆိုးနှိမ်ခေါင်းလောင်းပဲ"
မဟာယုကူးဖြတ်ခြင်းအဆင့်တစ်ယောက် ထိုခေါင်းလောင်း၏ဇစ်မြစ်ကို မှတ်မိသွားသည်။
ကလေးဘိုးဘေးဆရာထန်ရှန်းယိလည်း ဂိုဏ်းချုပ်လုပ်ခဲ့စဉ်က ကျင့်ကြံသူလောကတွင် ပြိုင်စံရှားစွမ်းအားရှင်ဖြစ်သည်။ ထိုစွမ်းအားမျိုးမရှိခဲ့လျှင် ဝစီပိတ်လိုလူများကို သူထိန်းချုပ်နိုင်ခဲ့မည်မဟုတ်။
သူ့အသက်နှောင်မှော်ရတနာ ကပ်ဆိုးနှိမ်ခေါင်းလောင်းလည်း ကျင့်ကြံသူလောကတွင် နာမည်ကျော်သည်။ ထိပ်တန်းပုဂ္ဂိုလ်များစွာ ထိုခေါင်းလောင်းသံကြောင့် ရှုံးနိမ့်ခဲ့ကြသည်။
"သတ်ကြ"
ထန်ရှန်းယိ အမူအရာပြောင်းသွားပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ခေါင်းလောင်းသံနောက်တစ်ကြိမ်ပေါ်လာသည်။ နှစ်ဘက်လုံး အပြင်းအထန်တိုက်ခိုက်ကြသည်။
ပင်လယ်တာအိုသခင်နှင့် နိယာမသခင်တို့တိုက်ပွဲက ကောင်းကင်အမြင့်ပိုင်းတွင်ဖြစ်သည်။
"ကောင်းကင်မျက်လုံး"
ကောင်းကင်တွင် မျက်လုံးတစ်ခုပေါ်လာသည်။ အနက်ရောင်အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ နိယာမသခင်ကို အငိုက်ဖမ်းတိုက်ခိုက်ခြင်းဖြစ်သည်။
ထိုခဏမှာပါ အချိန်ရုတ်တရက် နှေးသွားသည်။ နိယာမသခင် အနက်ရောင်အလင်းတန်းကိုရှောင်တိမ်းဖို့ အချိန်ရသွားသည်။
"နတ်မယ်၊ နိယာမသခင်ရဲ့အရိယဖလသန္ဓေက ဘယ်လိုဟာမျိုးလဲ ခန့်မှန်းနိုင်လား"
"အင်း...သူ့မှာ သက်ရှည်မသေမျိုးခန္ဓာရှိတယ်။ အချိန်ကိုလည်း နှေးအောင်လုပ်နိုင်တယ်ဆိုတော့ သက်ရည်အရိယဖလသန္ဓေဖြစ်လောက်တယ်"
****************************************