နိယာမသခင်အတုနှင့်အစစ်
Vol. 49 Ch. 722
"အဲဒါဘာကြီးလဲ"
နားကြားမှားလိုက်သလားဟု ကုရှဲ့ ထင်မိသည်။
ကိုးဆယ့်ကိုးချက် ကောင်းကင်လျှပ်စီး ဘာကြောင့်ရုတ်တရက်ပေါ်လာတာလဲ....
မသေမျိုးတစ်ဝက်က မင်းလား ငါလား....
ထို့ပြင် ကိုးဆယ့်ကိုးချက် မသေမျိုးလျှပ်စီးဟုခေါ်သည့် ကောင်းကင်ဆင်းရဲကို သူတစ်ခါမှမကြားဖူး။
ဘယ်လိုကောင်းကင်ဆင်းရဲမှန်းမသိ။ ရှေးဟောင်းမှတ်တမ်းများ သူအဖတ်နည်းခဲ့လေသလားမသိ...
ကိုးဆယ့်ကိုးချက်ကောင်းကင်ဆင်းရဲထဲတွင် ကျောက်စိမ်းဖြူကောင်းကင်လျှပ်စီး၊ အနန္တလောကလျှပ်စီး၊ အသံမဲ့ခရမ်းလျှပ်စီး...စသဖြင့် ကုရှဲ့မြင်နေရသည်။
ကောင်းကင်ဆင်းရဲမျိုးစုံ စုပေါင်းထားသလိုဖြစ်နေသည်။
ဘုန်း။
ကိုးဆယ့်ကိုးချက်လျှပ်စီး အပြည့်အဝပင် ပုံမပေါ်သေး။ လွင့်စင်ထွက်လာသည့် လျှပ်စီးမျှင်တစ်ခုသည်ပင် တောင်ထိပ်တစ်ခုပြီးတစ်ခု ဖျက်ဆီးနေသည်။ လေထဲမြောက်တက်သွားသည့် ကျောက်တုံးကြီးများ သူတို့ခြေရင်းသို့ကျလာသည်။
ပုံရိပ်နယ်မြေအပြင်ဘက်မှတိုင်ပုဖန် အဆက်မပြတ် မျက်ခုံးလှုပ်နေသည်။
အစက သူတို့ဘိုးဘေး အတွင်းနတ်ဆိုးကို ဘယ်လိုအနိုင်ယူမလဲ ကြည့်ချင်ခဲ့သည်။ ယခု ဘိုးဘေး၏အတွင်းနတ်ဆိုးပင် မပေါ်သေး။ ကောင်းကင်လျှပ်စီး ရုတ်တရက်ဆင်းလာသည်။
"ဒါဘယ်သူ့အတွင်းနတ်ဆိုးလဲ"
"ဟိုကုကျန်ယဲ့ဆိုတဲ့လူလေ"
မြစ်ဝိညာဉ်ကပြောသည်။ ရေဖြင့် ထိုင်ခုံတစ်ခုဖန်တီးပြီး တင်ပျဉ်ခွေထိုင်သည်။
အတွင်းနတ်ဆိုးအားလုံးကို သူထိန်းချုပ်ထားသည်။ ပေါ်လာသမျှအတွင်းနတ်ဆိုးတိုင်းကို သူသိသည်။
ဘိုးဘေးအတွက် အပြစ်တင်ခံရမည့်အထဲ လုယန်ကို မုန်ကျင်းကျိုး ဆွဲထည့်ချင်သည်။ သို့သော် လုယန်က ဒုတိယစမ်းသပ်ပွဲမစမီထွက်သွားကြောင်း ပြန်သတိရလာသည်။
ပြဿနာဖြစ်မည်ကိုကြိုသိ၍ ရှောင်ပြေးသွားခြင်းလားမသိ။
"ကောင်လေးတွေမှာ မဖြစ်နိုင်တဲ့စိတ်ကူးအိပ်မက်တွေရှိတာ မဆန်းလှပါဘူး"
"ဘိုးဘေးရဲ့အတွင်းနတ်ဆိုးကဘာလဲ"
တိုင်ပုဖန်က မြစ်ဝိညာဉ်ကိုမေးသည်။
မြစ်ဝိညာဉ်လက်ခါပြသည်။
"သူ့မှာအရင်ကတော့ အတွင်းနတ်ဆိုးရှိချင်ရှိခဲ့မှာပေါ့။ အခုမရှိတော့ဘူး။ မလိုအပ်ဘဲ အဖွဲ့ဖွဲ့ခဲ့လို့သာမဟုတ်ရင် သူစမ်းသပ်မှုအောင်ပြီးလောက်ပြီ"
တာအိုရှင်ရှန်ထန်တွင် အတွင်းနတ်ဆိုးများ တကယ်မရှိ။
မဟာယုခေတ်တွင် ရှိခဲ့သည်။ သို့သော် အကျဉ်းထောင်တောင်ထိပ်တွင် ဖမ်းချုပ်ထားသည့်လူများကို မြင်ပြီးနောက် သူ့အတွင်းနတ်ဆိုးများ ပျောက်ကွယ်သွားသည်။
ဦးခေါင်းအထက်တွင် ရစ်ဆိုင်းနေသည့် ကောင်းကင်ဆင်းရဲကိုကြည့်ရင်း ကုရှဲ့မျက်နှာပျက်နေသည်။
သူ့စွမ်းအားထုတ်သုံးလျှင် သူ့သရုပ်မှန်ပေါ်သွားမည်။ ထုတ်မသုံးလျှင်လည်း လျှပ်စီးထိ၍သေမည်။ စမ်းသပ်မှုကျရှုံးမည်။
ဒီသုံးယောက်နဲ့ အတူပူးပေါင်းတာကောင်းတယ်လို့ ငါဘာကြောင့်များတွေးခဲ့မိပါလိမ့်...
ထိုမျှပြင်းထန်သည့် ကောင်းကင်ဆင်းရဲမျိုး တာအိုရှင်ရှန်ထန် တစ်ခါမှမမြင်ဖူး။ လေးစားမှုအပြည့်ဖြင့် သူ့ဘာသာရေရွတ်နေသည်။
"နိယာမသခင်ဆိုတဲ့နာမည်နဲ့ တကယ်ထိုက်တန်တာပဲ။ သူ့အတွင်းနတ်ဆိုးတောင် ဒီလောက်စွမ်းအားကြီးတယ်"
ကောင်းကင်ဆင်းရဲကိုမြင်ရသည်ထက်ပင် ကုရှဲ့ပိုအံ့အားသင့်သွားသည်။
"နိယာမသခင်က ဘယ်သူလဲ"
ရှန်ထန် ကုကျန်ယဲ့ကို လက်ညှိုးထိုးပြသည်။
"သူလေ။ သူက နိယာမသခင်လူဝင်စားပါ"
ကုရှဲ့ ကျောက်ရုပ်လိုဖြစ်သွားသည်။
သူက နိယာမသခင်ဆိုရင် ငါကဘယ်သူလဲ...
သိပ်မကြာမီ ကုရှဲ့နားလည်လာသည်။ ကုကျန်ယဲ့သည် အယောင်ဆောင်လူလိမ့်ဖြစ်သည်။
သေခြင်းတရားကို မကြောက်၍လော...
မဟုတ်သေး။ ထိုကိစ္စသည် မူမမှန်။
လူတိုင်းက နိယာမသခင်သည် ကူးဖြတ်ခြင်းအဆင့်ဖြစ်ကြောင်းသာသိသည်။ မသေမျိုးတစ်ဝက်အဆင့်ရောက်နေကြောင်း မသိကြ။
ကူးဖြတ်ခြင်းအဆင့်လူတစ်ယောက်သည် မသေမျိုးဆင်းရဲကို ရင်ဆိုင်ဖို့ မဖြစ်နိုင်။
ကုကျန်ယဲ့က ငါမသေမျိုးတစ်ဝက်အဆင့်ဆိုတာ ဘယ်လိုသိတာလဲ...
ပုံမှန်လေသံဖြင့် ကုကျန်ယဲ့ကို သူမေးလိုက်သည်။
"နိယာမသခင်က မသေမျိုးတစ်ဝက်ဆိုတာ မင်းဘယ်လိုသိတာလဲ။ အဲဒီ့အကြောင်း ငါမကြားမိပါဘူး"
ကုကျန်ယဲ့က လှည့်ကြည့်သည်။ သူ့မျက်လုံးများက အတိတ်ဘဝကို ပြန်တွေးမိသကဲ့သို့ အထီးကျန်အရိပ်များပြည့်နေသည်။
"ဘာမသေမျိုးတစ်ဝက်လဲ၊ နိယာမသခင်က ကူးဖြတ်ခြင်းအဆင့်ပါ"
"ကူးဖြတ်ခြင်းအဆင့်က မသေမျိုးဆင်းရဲကို ဘယ်လိုလုပ်ဖြတ်ကျော်နိုင်မှာလဲကွ"
ကုရှဲ့ ဒေါသထွက်သွားသည်။ အရူးလုပ်ခံနေရသလို ခံစားရသည်။
ကုကျန်ယဲ့နှုတ်ခမ်းတွင် လှောင်ပြုံးရိပ်ပေါ်လာပြီး အဓိပ္ပါယ်ပါပါပြောသည်။
"အဆင့်တက်တာက တက်တာပဲ။ မအောင်မြင်ရင် မအောင်မြင်တာပဲ။ မသေမျိုးတစ်ဝက်ဆိုတဲ့စကားက ဘယ်ကလာတာလဲ။ အဲဒါက လူတွေ ပေါက်တတ်ကရ လျှောက်ပြောနေကြတာပါ"
ကုရှဲ့ ပြန်ချေပရန်ပြင်သည်။ သို့သော် ပြန်တွေးကြည့်သည်။ ကုကျန်ယဲ့စကားက အတော်ယုတ္တိကျသည်။
ကုကျန်ယဲ့က ကုရှဲ့ကို အရေးမစိုက်တော့။ မသေမျိုးတစ်ဝက်အဆင့်အကြောင်းလည်း သူတကယ်မသိ။ ကုရှဲ့ကို သူနားလည်သည့်အတိုင်း ပြန်ပြောခြင်းသာဖြစ်သည်။
အပြည့်အဝပုံပေါ်လာသည့် ကိုးဆယ့်ကိုးချက်မသေမျိုးလျှပ်စီးကို မော့ကြည့်၍ တည်ငြိမ်စွာပြောသည်။
"ကိစ္စမရှိပါဘူး။ ပြဿနာကို ငါစခဲ့တာဆိုတော့ ငါပဲအဆုံးသတ်ရမှာပေါ့"
သုံးယောက်လုံး ငေးကြောင်ကြည့်နေစဉ် ကုကျန်ယဲ့ ဖြေးညှင်းစွာပျံတက်သွားပြီး ကောင်းကင်ဆင်းရဲကို ထိပ်တိုက်ရင်ဆိုင်သည်။
လျှပ်စီးများ ပြင်းထန်စွာထိုးနှက်တိုက်ခိုက်နေသာ်လည်း ကုကျန်ယဲ့ မလှုပ်မယှက်ရပ်နေသည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာမှ အချိန်ကာလကဲ့သို့ ထာဝရရှင်သန်သည့် လူတစ်ယောက်၏ဟန်ပန်မျိုး ထွက်ပေါ်နေသလိုရှိသည်။
ယခု ကုရှဲ့စိတ်တွင် သူ့ရှေ့မှလူသည် နိယာမသခင်စစ်ဖြစ်ပြီး သူကိုယ်တိုင်က အတုအယောင်ဟု ခံစားနေရသည်။
ထိုခဏမှာပင် ကုကျန်ယဲ့သည် သေမျိုးတစ်ယောက်ဖြစ်ကြောင်း ကုရှဲ့နှင့်ဖန်ဝူယာတို့ သတိထားမိလာသည်။
လေပေါ်ပျံတက်ပြီး ပြင်းထန်သည့် ကောင်းကင်ဆင်းရဲကို အထိအခိုက်မရှိ ရင်ဆိုင်နိုင်သည်မှာ ဤနေရာသည် ပုံရိပ်နယ်မြေဖြစ်နေ၍သာဖြစ်သည်။
အတွင်းနတ်ဆိုးများသည် စိတ်ကူးအပိုင်းအစသာဖြစ်သည်။ လူတစ်ယောက်၏ကိုယ်ပိုင်စွမ်းအားလည်း စိတ်အတွေးသက်သက်ဖြစ်သည်။
ထိုသို့နားလည်လာသဖြင့် နှစ်ယောက်လုံး အတော်လေးစိတ်သက်သာရာရမိကြသည်။
စိတ်ကူးယဉ်ရုံဖြင့်သာ စွမ်းအားရနိုင်လျှင် ကောင်းလေစွ...
ကိုယ်ပိုင်အတွင်းနတ်ဆိုးကိုကြည့်ဖို့ အခွင့်အရေးရလာပြီဟု ဖန်ဝူယာတွေးမိသည်။
သူ့စိတ်နှလုံးကို ဖွင့်မပြလျှင် မြစ်ဝိညာဉ်က သူ့အတွင်းနတ်ဆိုးကို ဆွဲထုတ်နိုင်မည်မဟုတ်။
ကုရှဲ့နှင့်ဖန်ဝူယာတို့၏စွမ်းအားများ ချက်ချင်းမြင့်တက်လာသည်။ သူတို့ကိုယ်သူတို့ ကူးဖြတ်ခြင်းအဆင့်ဟု စိတ်သွင်းထားသည်။
ကုကျန်ယဲ့နှင့်အတူ ကောင်းကင်ဆင်းရဲကို ရင်ဆိုင်သည်။
ရှန်ထန်က စိတ်ကူးယဉ်အတွေးမျိုးမရှိသဖြင့် အောက်ဘက်မှသာ ကြည့်နေရသည်။
သုံးယောက်အတူပေါင်း၍ ကောင်းကင်ဆင်းရဲကို ခုခံနေကြသည်။
"ဘာလို့ ဒီကောင်းကင်ဆင်းရဲက ဒီလောက်စွမ်းအားကြီးနေတာလဲ"
ပထမဆုံးအကြိမ်ကြုံဖူးခြင်းဖြစ်၍ ကုရှဲ့ရင်ထိတ်နေသည်။ ကောင်းကင်လျှပ်စီးများက စပေါ်လာစဉ်ကထက် များစွာပိုကြမ်းတမ်းသည်။
....
တစ်ခြားပုံရိပ်နယ်မြေတစ်ခုတွင် ကျောက်ရှင်းအာလည်း အတင်းနတ်ဆိုးများနှင့် ရင်ဆိုင်ရသည်။ သူ့မိခင် ဆူပူကြိမ်းမောင်းခံနေရခြင်းဖြစ်သည်။
"ငါနင့်ကိုမွေးပြီး ဒီအသက်အရွယ်ထိ ပြုစုပျိုးထောင်ခဲ့တာ။ သိပ်မကြာခင် လက်ထပ်ဖို့အတွက် ချမ်းသာတဲ့မိသားစုတစ်ခုကိုရှာပါ။
နင့်အကိုကျင့်ကြံဖို့အတွက် ဝိညာဉ်ကျောက်တွေတောင် ရနိုင်တယ်"
ကျောက်ရှင်းအာ စကားတစ်ခွန်းမှမပြောဘဲ အသံတိတ်လက်ခံသည်။
....
မိုးကြိုးတန်းများဆင်းလာသည်။ အဆုံးစမဲ့စွမ်းအားပါဝင်သည်။ မိုးမြေနှင့် ကမ္ဘာလောကကို အသစ်ပြန်တည်ဆောက်တော့မယောင်ရှိသည်။
"ဒါက ကျောက်စိမ်းဖြူကောင်းကင်ဆင်းရဲပဲ"
ကုကျန်ယဲ့ရှင်းပြသည်။ လမ်းဘေးဆိုင်များတွင်ရောင်းသည့် ရှေးဟောင်းစာအုပ်များတွင် ကျောက်စိမ်းဖြူကောင်းကင်လျှပ်စီးအကြောင်း သူဖတ်ထားဖူးသည်။
ကုရှဲ့အတော်အထိနာသဖြင့် ပါးစပ်ထဲမှ မီးခိုးများထွက်လာသည်။ တစ်ခြားသုံးယောက်ကိုသတ်ဖို့မဆိုထားနှင့်။ သူအသက်ရှင်နေသည်ကပင် ကံကောင်းခြင်းဖြစ်သည်။
မိုးကြိုးဝိညာည်မြစ်ပိုင်ရှင် ဖန်ဝူယာက ကောင်းကင်လျှပ်စီးကိုရင်ဆိုင်ဖို့ ကိုယ်ပိုင်နည်းလမ်းရှိသည်။ ကုရှဲ့ထက်များစွာ ပိုသက်သာသည်။
ကောင်းကင်လျှပ်စီးများကို အကြိမ်ကြိမ်ခုခံမည်ဟု ကုကျန်ယဲ့ စိတ်သွင်းခဲ့သည်။
ရှစ်ဆယ့်တစ်ခုမြောက်လျှပ်စီးမှလွဲလျှင် ကျန်သည့်လျှပ်စီးချက်အားလုံးကို သူခုခံနိုင်သည်။
(**အတိတ်ဘဝက ကိူးဆယ့်ကိုးချက်တွင် ရှစ်ဆယ်အထိသာ သူခံနိုင်ခဲ့သည့်သဘောဖြစ်ပါသည်)
....
"နင့်ရဲ့ဒွိဝိညာဉ်မြစ်က ဘယ်လိုဟာမျိုးလဲ။ ကောင်းတယ်။ နင့်ရဲ့ဝိညာဉ်မြစ်ကို နင့်အကိုဆီပြောင်းပေးပြီး လေ့ကျင့်ခိုင်းရမယ်။
သူ့ကျင့်စဉ်ပါရမီက နင့်ထက်ပိုကောင်းမှာပဲ"
ကျောက်ရှင်းအာကို သူ့အမေက ဆက်၍ဖိနှိပ်နေသည်။ သူ့အမေမျက်နှာက တင်းမာခက်ထန်နေပြီး စကားပြောတိုင်း တံတွေးများစင်ထွက်နေသည်။
ကျောက်ရှင်းအာ ခေါင်းကိုသာငုံ့ထားသည်။ ပြန်မပြောရဲ။
....
"ဒါက ခရမ်းပြာအဖျက်လျှပ်စီးပဲ"
ခရမ်းပြာလျှပ်စီးက လေထုကိုဖောက်ခွဲ၍ အားလုံးကိုဖျက်ဆီးမည့်အသွင်ဖြင့် ထိုးဆင်းလာသည်။ လူသုံးယောက် သေမင်းတံခါးဝတွင် ရုန်းကန်လှုပ်ရှားနေရသည်။
ကုရှဲ့တစ်ကိုယ်လုံး မီးသွေးခဲလိုမည်းနက်နေသည်။ ဖန်ဝူယာနှင့်ကုကျန်ယဲ့လည်း မသက်သာလှ။ ကောင်းကင်လျှပ်စီးမိုးကြိုးတန်းရှစ်ဆယ်ကြောင့် သူတို့ကိုယ်ပေါ်မှအသားများ အကောင်းပကတိမကျန်တော့။
ကုရှဲ့က ကုကျန်ယဲ့ကို နားကျည်းဒေါသဖြင့်ကြည့်သည်။
'တာအိုလမ်းစဉ်ဂိုဏ်းကို ငါသိမ်းပိုက်ပြီးရင် အရင်ဆုံးသေမယ့်ကောင်က မင်းပဲ'
"ဖျောင်း"
ရှစ်ဆယ့်တစ်ခုမြောက် မိုးကြိုးတန်း ဆင်းလာသည်။
သုံးယောက်သား အသေအလဲခုခံသည်။ နောက်ဆုံးတွင် ဖြတ်ကျော်နိုင်ခဲ့သည်။
သုံးယောက်လုံး မြေပေါ်သို့ ပြိုင်တူပြုတ်ကျသည်။ ချိုင့်ခွက်တစ်ခုပေါ်လာသည်။ အသက်မျှင်မျှင်သာကျန်တော့သည်။
....
"မသေမျိုးတစ်ဝက်အဆင့်တစ်ယောက် ဂိုဏ်းစမ်းသပ်ပွဲထဲ ရုပ်ဖျက်ပြီးခိုးဝင်လာတယ်ပေါ့"
လုယန်စကားကြောင့် ယွမ်ကျိ အံ့အားသင့်နေသည်။
"ဟုတ်တယ်။ သူ့နာမည်က ကုရှဲ့ပါ။ နာမည်အစစ်ကိုတော့ မသိဘူး"
လုယန်ထပ်မပြောနိုင်မီ ယွမ်ကျိက လက်ပြတားသည်။
"ရှောင်လု၊ ခဏစောင့်နေဦး။ တစ်ယောက်ယောက်ကငါ့ကို အတွင်းနတ်ဆိုးအဖြစ် အသုံးချနေတယ်။ ငါသွားကြည့်ဦးမယ်"
...
"နောက်ဆုံးတော့ ပြီးသွားပြီပဲ"
ကုရှဲ့ သက်ပြင်းချသည်။ ထိုအချိန်ရောက်ဖို့ အတော်ကြာသလိုထင်မိသည်။
ကောင်းကင်ဆင်းရဲဆက်ကျလာလျှင် သူခုခံနိုင်စွမ်းမရှိတော့ဘဲ အရိယဖလသန္ဓေစွမ်းအား ထုတ်သုံးမိမည်ကို စိုးရိမ်ခဲ့ရသည်။
အရိယဖလသန္ဓေသည် သေမျိုးတစ်ယောက်၏စိတ်ကူးဖြင့် ပုံဖော်နိုင်သည့်အရာမဟုတ်။
ထုတ်သုံးလိုက်သည်နှင့် အလိမ်ပေါ်မည်။
မြစ်ဝိညာဉ်၏ ဝိညာဉ်အာရုံစူးစမ်းမှုကို သူဖြတ်တောက်ထားခဲ့သည်။
မြစ်ဝိညာဉ်အမြင်၌ ကုရှဲ့တွင် အတွင်းနတ်ဆိုးလုံးဝမရှိသလိုဖြစ်နေမည်။
ယခု အားလုံးပြေလည်သွားသည်။
သို့သော် သူ့အသက်ဝဝမရှူနိုင်သေးမီ ပြင်းထန်သည့်ဖိအာားတစ်ခု ကေင်းကင်မှကျလာသည်ကို ခံစားလိုက်ရသည်။ မသေမျိုးကောင်းကင်ဆင်းရဲထက်ပင် ပိုကြောက်စရာကောင်းသေးသည်။
သူမော့ကြည့်သည်။ လေထဲတွင် နေကိုကျောပေး၍ရပ်နေသည့် မိန်းကလေးတစ်ယောက်ကို မြင်ရသည်။ နေရောင်ကြောင့် မျက်နှာကိုကောင်းကောင်းမမြင်ရ။ နတ်ဘုရားမတစ်ယောက်လိုဖြစ်နေသည်။
ပင်လယ်တာအိုသခင်ဖန်ဝူယာ၏အတွင်းနတ်ဆိုး ယွမ်ကျိဖြစ်သည်။
************************************