တတိယစမ်းသပ်ချက်
Vol. 49 Ch. 724
"ငါလှည့်ပတ်ပြီးကြည့်ခဲ့တယ်။ ရောက်လာတာ သူတစ်ယောက်တည်းမဟုတ်ဘူး။ မျက်နှာစိမ်းကူးဖြတ်ခြင်းအဆင့်တစ်ချို့ပါတယ်။ သေမျိုးလိုဟန်ဆောင်ပြီး စမ်းသပ်ပွဲထဲ ရောဝင်လာကြတာ။
သူတို့က အဖွဲ့တစ်ခုတည်းကလူတွေဖြစ်မယ်"
"ကူးဖြတ်ခြင်းအဆင့်တွေလည်း ပါတယ်ပေါ့"
လုယန် အံ့အားသင့်သွားသည်။
ထိုအဆင့်မြင့်ကျင့်ကြံသူများသည် တာအိုလမ်းစဉ်ဂိုဏ်းကို ကျူးကျော်ရဲသည်။ အသက်ရှင်ရသည်ကို ငြီးငွေနေကြဟန်တူသည်။
လုယန် ဂိုဏ်းအတွက်စိုးရိမ်နေသည်ဟုထင်သဖြင့် ယွမ်ကျိက နှစ်သိမ့်သည်။
"စိုးရိမ်စရာမလိုပါဘူး။ ငါတို့ဂိုဏ်းမှာလည်း ကူးဖြတ်ခြင်းအဆင့်တွေရှိပါတယ်။ အခြေအနေကို သူတို့ဖြေရှင်းနိုင်ပါတယ်။
ငါရှိနေတော့ ဂိုဏ်းက ငြိမ်းချမ်းလွန်းနေခဲ့တာ အတော်ကြာပြီ။ အဲတော့ ကိုယ့်ဘာသာအားရကျေနပ်တဲ့စိတ်တွေ ဖြစ်လာကြတယ်။
နည်းနည်းလှုပ်ရှားပေးတာ သူတို့အတွက်ကောင်းပါတယ်။...မင်းစမ်းသပ်ပွဲဆီ ပြန်သွားပြီး ဆက်စီစဉ်ပါ။ ငါရှိနေရင် ဘာအမှားအယွင်းမှမဖြစ်ပါဘူး"
"ဟုတ်ကဲ့"
ယွမ်ကျိ၏တော်ဝင်အမိန့်ကို လိုက်နာ၍ လုယန် ဝါးတောသို့ပြန်သွားသည်။
"မြစ်ဝိညာဉ်အကြီးအကဲ၊ မတွေ့ရတာကြာပြီနော်"
လုယန် ယဉ်ကျေးစွာနှုတ်ဆက်သည်။
သူတို့မတွေ့ရသည်မှာ လေးလကြာပြီဖြစ်သည်။ မြစ်ဝိညာဉ်က အေးစက်စက် နှာခေါင်းတစ်ချက်ရှုံ့သည်။ လုယန်ကို အရေးမစိုက်။
လွန်ခဲ့သည့်သုံးနှစ် လုယန်နှင့်မုန်ကျင်းကျိုး ဂိုဏ်းစမ်းသပ်ပွဲဝင်ချိန်ကလုပ်ရပ်များကို သူမမေ့သေး။
မြစ်ဝိညာဉ်က သူ့ကိုသဘောမကျကြောင်းသိလိုက်သဖြင့် မုန်ကျင်းကျိုးအနားသို့ ကပ်သွားပြီး တီးတိုးမေးသည်။
"ဒုတိယစမ်းသပ်ပွဲက ဘယ်လိုအခြေအနေရှိလဲ"
မုန်ကျင်းကျိုး မျက်ခွံလှန်၍ကြည့်သည်။
"ကုကျန်ယဲ့က စမ်းသပ်ပွဲအောင်သွားပြီ။ မင်းကအခုမှရောက်လာတယ်ပေါ့။ ဒီထက်နောက်ကျလို့မရတော့ဘူးလား"
မုန်ကျင်းကျိုး ချက်ချင်းဆုံးဖြတ်လိုက်သည်။ သူမင်္ဂလာဆောင်သည့်အချိန်ရောက်လျှင် လုယန်ဆီ ဖိတ်စာလုံးဝမပို့။ မင်္ဂလာဦးညလွန်မြောက်ပြီး နောက်တစ်နေ့ရောက်မှ ဖိတ်စာပို့မည်။
သေချာပေါက် လက်စားချေမည်။
"ကုကျန်ယဲ့နဲ့ ဘိုးဘေးနှစ်ယောက်ရယ် ဟိုမသေမျိုးခန္ဓာပိုင်ရှင်ရယ် ပူးပေါင်းပြီး ဒုတိယစမ်းသပ်ပွဲအောင်သွားတယ်"
လုယန်ခေါင်းငြိမ့်သည်။ ထင်ထားသည့်အတိုင်းပင်ဖြစ်သည်။
"တစ်ခြားလူတွေက အဲလောက်မမြန်ဘူး။ နေ့တစ်ဝက် ဒါမှမဟုတ် တစ်ရက်လောက်ကြာမှ ပြီးကြမယ်ထင်တယ်"
လူအများစုအတွက် အတွင်းနတ်ဆိုးများသည် ရင်ဆိုင်ကျော်လွှားဖို့ အလွန်တရာခက်ခဲသည်။
ကုကျန်ယဲ့တို့အဖွဲ့ကြုံရသည့် အတွင်းနတ်ဆိုးများက တိုက်ခိုက်သတ်ဖြတ်၍သာ ဖြေရှင်းရသည်။ သူတို့အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ရလာဒ်ပေါ်လွယ်သည်။
တစ်ခြားလူများ၏အတွင်းနတ်ဆိုးများက အကြမ်းနည်းဖြင့် ဖြေရှင်း၍မရ။
ဥပမာ ယခု လုယန်ကြည့်နေသည့် အတွင်းနတ်ဆိုးသည် ကျောက်ရှင်းအာ၏နတ်ဆိုးဖြစ်သည်။
......
ကျောက်ရှင်းအာမိခင်က သမီးထက် သားကိုပိုအလေးပေးသည်။ ခင်ပွန်းသည်တို့ အရေးပါပုံကို တရားဟောသည်။
သားနှစ်ယောက် သူလိုချင်ခဲ့သည်။ သို့သော် ဒုတိယကလေးက သမီးဖြစ်နေသဖြင့် သူစိတ်ပျက်ခဲ့ရသည်။
ထို့ကြောင့် ကျောက်ရှင်းအာကို မကြာခဏ သူအော်ငေါက်သည်။ အရှုံးသမားဟု ခေါ်သည်။ ထို့ကြောင့် ကျောက်ရှင်းအာတွင် နှုတ်လှန်မထိုးရဲဘဲ ကြောက်ရွံ့သည့်စရိုက်မျိုးဖြစ်ပေါ်လာသည်။ ဆန့်ကျင်ရမည်ကိုကြောက်လာသည်။
နောက်ပိုင်းတွင် မှော်လက်စွပ်အကူအညီဖြင့် မိသားစုအတွက် ငွေအတော်ရှာပေးသော်လည်း အိမ်တွင် သူ့အဆင့်အတန်းက တိုးတက်မလာခဲ့။
တာအိုလမ်းစဉ်ဂိုဏ်းသို့ဝင်ရန် သူဝင်ခွင့်ရနိုင်သည်ဟုသိရချိန်တွင် သူအမေကသူ့ကို ပို၍မျက်မုန်းကျိုးသည်။ ကျောက်ရှင်းအာ စိတ်ကူးယဉ်နေသည်ဟု ယူဆသည်။
ဆွေမျိုးများကလည်း ကျောက်ရှင်းအာကို လှောင်ပြောင်ကြသည်။ မှော်လက်စွပ်အကြောင်းသိချိန်တွင် အတင်းတောင်းကြသည်။ ထိုမျှတန်ဖိုးကြီးသည့်ပစ္စည်းကို ထိန်းသိမ်းဖို့ အသက်ငယ်လွန်းသေးသည်ဟု အကြောင်းပြကြသည်။
ကျောက်ရှင်းအာက ငြင်းပယ်သဖြင့် ဆွေမျိုးများကသူ့အပေါ်ဆက်ဆံပုံ ပို၍ဆိုးဝါးလာသည်။
ကျောက်ရှင်းအာ ခုခံဆန့်ကျင်ဖို့ ကြိုးစားသည်။
မိသားစုနှင့်အဆက်အသွယ်ဖြတ်ပါမည်ဟု သူအကြိမ်ကြိမ်ပြောသည်။ သို့သော် ထိုသို့ပြောတိုင်း သူမိခင်က ချိုးဖျက်မရသည့် ဆက်နွယ်မှုအကြောင်း ပြုစုပျိုးထောင်ခဲ့သည့် ကျေးဇူးကြွေးအကြောင်း အမြဲပြောသည်။ ထိုပတ်သက်မှုများက ဖြတ်တောက်မရနိုင်သကဲ့သို့ပြောသည်။
ရွေးချယ်စရာမရှိသဖြင့် ကျောက်ရှင်းအာ ပုန်ကန်ဖို့ကြိုးစားသည်။ အင်ပါယာရှားကိုလုပ်ကြံရန် နန်းမြို့တော်သို့ တစ်ကိုယ်တော်သွားသည်။
လုပ်ကြံသည့်ကိစ္စ မအောင်မြင်။ တစ်မိသားစုလုံး ကွပ်မျက်ခံရသည်။
အတွင်းနတ်ဆိုး ပျောက်ကွယ်သွားသည်။
.....
ကျောက်ရှင်း ပြန်သတိရလာပြီး ပျင်းရိပျင်းတွဲ အကြောတစ်ချက်ဆန့်သည်။
"အဲဒါ ရှင်တို့ကျွန်မနဲ့ အဆက်အသွယ်မဖြတ်ချင်လို့ဖြစ်ရတဲ့ အကျိုးဆက်ပဲ။ အခု ရှင်တို့အားလုံးသေပြီလေ"
တာအိုလမ်းစဉ်ဂိုဏ်းတွင် ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံဖို့ သူရွေးချယ်လျှင်လည်း ရပါသည်။ သို့သော် သူ့မိသားစုအသက်ရှင်နေလျှင် သူအမြဲတမ်းစိတ်စနိုးစနောင့်ဖြစ်နေရမည်။ ကျင့်ကြံမှုကို အာရုံစိုက်နိုင်စွမ်း လျော့ပါးမည်။
ယခု သူတို့အားလုံး ပုံရိပ်နယ်မြေတွင် သေသွားသည်။ ထို့ကြောင့် သူ့စိတ်ထဲ ပေါ့ပါးသွားသည်။
လုယန် "..."
ကျောက်ရှင်းအာကို မမြင်ချင်ယောင်ဆောင်၍ အနီးတွင်ရှိနေသည့် ကျွမ်းဖျင်ကို လှည့်ကြည့်သည်။ နည်းနည်းပိုအဆင်ပြေသွားသလို ခံစားရသည်။
"ကျွမ်းဖျင်ရဲ့ အတွင်းနတ်ဆိုးကဘာလဲ။ သူ့အမေကို ထောင်ထဲပို့ခဲ့တာ အကိုကျိမဟုတ်လား"
"အကိုကျိကို လက်စားချေမှာလား။ တိမ်ပင်လယ်ဂိုဏ်းကလူတွေကို လက်စားချေမှာလား"
ပုံရိပ်နယ်မြေ။
အကျဉ်းထောင်။
"အမေ၊ ကျုပ်အမေ့ကို ရအောင်ကယ်မယ်"
ကျွမ်းဖျင်အော်ဟစ်လိုက်သည်။ သူ့လည်ပင်းမှသွေးကြောများ ဖောင်းထနေသည်။ အကျဉ်းထောင်ထဲမှ သူ့အမေကို ကြည့်သည်။ သူ့ခံစားချက်များကို မထိန်းချုပ်နိုင်တော့။
"မလုပ်နဲ့။ အမေ့ကို မကယ်ပါနဲ့။ အမေဒီနေ့အဖြစ်မျိုးကြုံရတာ ကိုယ့်အပြစ်နဲ့ကိုယ်ပါ"
ကျွမ်းဖျင်မိခင်က မျက်ရည်စက်လက်ဖြင့်ပြောသည်။
"အမေ့ကိုကယ်တင်ဖို့ လိုအပ်တဲ့ပညာတွေအားလုံး ကျုပ်သင်မယ်။ ပုဆိန်သုံးပြီး အကျဉ်းထောင်ကိုခွဲရမယ်ဆိုရင်လည်း ကျုပ်ရအောင်ကယ်ထုတ်မယ်"
ကျွမ်းဖျင်လက်ထဲတွင် ပုဆိန်ကိုင်ထားသည်။ ဒဏ္ဍာရီ ကောင်းကင်ခွဲပုဆိန်ဖြစ်သည်။ အကျဉ်းထောင်မဆိုထားနှင့်။ မိုးမြေကိုပင် နှစ်ခြမ်းခွဲနိုင်စွမ်းရှိသည်။
"သား၊ ဒီလိုမလုပ်ပါနဲ့။ ရှားနိုင်ငံကို မင်းရင်မဆိုင်နိုင်ဘူး"
ကျွမ်းဖျင်မိခင်က ခေါင်းခါပြီး ရူးရူးမိုက်မိုက်မလုပ်ဖို့ သူ့သားကိုဖျောင်းဖြသည်။ ထိုကိစ္စသည် အဆုံးသတ်လုံးဝကောင်းမည်မဟုတ်။
ကျွမ်းဖျင်နှုတ်ခမ်းများ တုန်ရင်လာသည်။ လက်ထဲမှပုဆိန် မြေပေါ်လွတ်ကျသွားသည်။
စိတ်ပျက်လက်ပျက် ဒူးထောက်၍ သည်းထန်စွာငိုကြွေးသည်။
"အမေ၊ ကျုပ်အမေ့စကားနားထောင်ပါ့မယ်"
...
"အချုပ်ပြောရရင် ကျုပ်အမေကကျုပ်ကို ထောင်မဖောက်ဖို့ တားဆီးခဲ့ပါတယ်။ ဒါဟာ လူတစ်ယောက်ကို ကြီးလေးတဲ့ရာဇဝတ်မှုတစ်ခု မပြုမိအောင် တားဆီးခဲ့တဲ့လုပ်ရပ်ပါ။
ဒါကြောင့် သူ့ပြစ်ဒဏ်ကို လျှော့ပေါ့ပေးသင့်ပါတယ်"
ကျွမ်းဖျင်က တရားရေးဝန်ကြီးကို တည်ငြိမ်စွာပြောသည်။
ကျွမ်းဖျင်၏မိခင် လျှော့ရက်ရသွားသည်။
ကျွမ်းဖျင်၏ အတွင်းနတ်ဆိုးလည်း ပျောက်ကွယ်သွားသည်။
လုယန် "..."
နေ့တစ်ပိုင်းအချိန်ကုန်သွားသည်။ လူရှစ်ရာထဲတွင် အတွင်းနတ်ဆိုးဖြတ်ကျော်နိုင်သူ လူငါးဆယ်သာရှိသည်။ စမ်းသပ်ချက် ဘယ်လောက်ခက်ခဲကြောင်း သက်သေခံနေသည်။
အတွင်းနတ်ဆိုးပျောက်ကွယ်အောင် မလုပ်နိုင်သူများက ပုံရိပ်နယ်မြေတွင် ပိတ်မိနေသည်။ အပြင်ဘက်မှအကူမပါဘဲ မလွတ်မြောက်နိုင်။
သတ်မှတ်ထားသည့်အချိန်ရောက်လာသဖြင့် တိုင်ပုဖန်က မြစ်ဝိညာဉ်ကို အချက်ပြသည်။ မြစ်ဝိညာဉ်က မြူခိုးများ ရေပူဖောင်းများကို ဖယ်ရှားလိုက်သည်။ အားလုံး အတွင်းနတ်ဆိုးပုံရိပ်နယ်မြေမှ လွတ်မြောက်လာသည်။
ဒုတိယအဆင့် မအောင်မြင်သူများ စိတ်ဓာတ်ကျသွားကြသည်။ ဂိုဏ်းထဲဝင်ခွင့်မရတော့။ ဂိုဏ်းတပည့်များက သူတို့ကို ထွက်သွားဖို့ပြောသည်။
တိုင်ပုဖန်က လက်ခုပ်တီး၍ ကျန်သည့်လူငါးဆယ်ကို ခပ်ကျယ်ကျယ်အော်ပြောသည်။
"မင်းတို့အတွင်းနတ်ဆိုးတွေကို ကျော်လွှားနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် အခု နောက်ဆုံးအဆင့်ကို ဆက်သွားရအောင်"
တိုင်ပုဖန် ခဏစကားရပ်ပြီးမှ ဆက်ပြောသည်။
"ကျင့်ကြံမှုဆိုတာ ခံယူချက်အမြင် ဒါမှမဟုတ် ကျင့်ဝတ်သိက္ခာမရှိရင် မဖြစ်နိုင်ဘူး။ အဲဒီထဲမှာ သိတတ်လိမ္မာမှုဟာ အရေးကြီးဆုံးပဲ။
တတိယအဆင့်က သိတတ်လိမ္မာမှုကို စမ်းသပ်တာ။ မင်းတို့မိဘတွေ အကိုတွေ အမတွေအပေါ် မင်းတို့သဘောထားဘယ်လိုရှိသလဲဆိုတာပေါ့။
ဒုတိယအဆင့်မှာတုန်းက အဖွဲ့ဖွဲ့လို့ရတယ်။ ဒါပေမယ့် တတိယအဆင့်မှာတော့ တစ်ယောက်ချင်းကိုပဲ စမ်းသပ်တယ်။
ဒီအဆင့်မှာ မင်းတို့ရဲ့မူလသရုပ်မှန်ကို မေ့သွားပြီး မင်းတို့ရဲ့ အတွင်းစိတ်သဘာဝအတိုင်း ပြုမူလုပ်ဆောင်လိမ့်မယ်။
တတိယအဆင့်ကို စလိုက်ကြစို့"
တိုင်ပုဖန် သူ့ဘေးမှ မြစ်ဝိညာဉ်ကို ဦးညွှတ်အရိုအသေပြုသည်။
"အကြီးအကဲ၊ စလို့ရပါပြီ"
မြစ်ဝိညာဉ်က ဝိညာဉ်စွမ်းအားဖြင့်ထိန်းချုပ်လိုက်သည်။ မြူခိုးများထိုးတက်လာသည်။
ထိုမြူများထဲတွင် ပုံရိပ်ယောင်မှော်စက်ဝန်းတစ်ခုရှိသည်။ မြူထုလွှမ်းခြုံခံရသူအားလုံး ပုံရိပ်ယောင်နယ်မြေတစ်ခုသို့ ကျသွားလိမ့်မည်။
ကုရှဲ့ မပွင့်တပွင့်ပြုံးသည်။
သိတတ်လိမ္မာမှုစမ်းသပ်ချက်သည် သူ့အတွက် ခက်မည့်ပုံမပေါ်။
တစ်ခြားလူများက ကိုယ့်အကြောင်းကိုယ်မေ့သွားမည်။ သို့သော် သူ့ကမမေ့။
သူ့မိဘများကို ကောင်းကောင်းဂရုစိုက်ပြီး သူ့ညီအကိုမောင်နှမများကိုလေးစားလျှင် စမ်းသပ်ပွဲကို လွယ်လွယ်ဖြတ်ကျော်နိုင်လိမ့်မည်။
ပုံရိပ်ယောင်လောကဇာတ်လမ်းထဲ သူရောက်သွားသည်။ စပါးကျီတစ်ခု၏ ခေါင်မိုးပေါ်တွင် သူရောက်နေသည်။ ခေါင်းမိုးမှ အပေါက်တစ်ခုကို ပစ္စည်းကိရိယာတစ်ချို့ဖြင့် ပြင်ဆင်ဖာထေးနေသည်။
"ငါဘယ်ရောက်နေတာလဲ"
ရုတ်တရက် စပါးကျီထဲမှ ထူထဲသည့်မီးခိုးများထွက်လာသည်။ သူအပြင်းအထန်ချောင်းဆိုးသည်။
မကြာမီ "မီးလောင်နေတယ်"ဟု လူတစ်ယောက်အော်လိုက်သံကို သူကြားရသည်။
ဤအဆင့်၌ သူ့စိတ်က စိတ်ကူးယဉ်ဘဝဇာတ်လမ်းတစ်ခုထဲ ရောက်နေသည်။
သူ့မိသားစုဝင် သုံးယောက်ရှိသည်။ သူ့ဖခင်၊ မိထွေးနှင့် အဖေတူအမေကွဲညီတစ်ယောက်။
သူ့အဖေနှင့် သူ့မိထွေးက မိသားစုအမွေအတွက် သူ့ညီနှင့်ပြိုင်လုမည်ကို စိုးရိမ်သဖြင့် သူ့ကို အကြိမ်ကြိမ်အန္တရာယ်ပေးဖို့ ကြိုးစားခဲ့သည်။
ယခုမီးလောင်သည့်ကိစ္စသည်လည်း သူတို့လက်ချက်ဖြစ်သည်။
***********************************