နာမည်ကျော်လုယန်နှင့် မုန်ကျင်းကျိုး
Vol. 49 Ch. 735
မီးနိုင်ငံကိစ္စသည် အတော်အန္တရာယ်များသည်ဟု လုယန်ခံစားရသည်။
မီးနိုင်ငံအကြောင်းသိထားသဖြင့် ဂုဏ်သရေရှိအကြီးအကဲတစ်ယောက် နှစ်ခြိုက်စွာအိပ်နေစဉ် အသတ်ခံလိုက်ရသည်။
ယခု ကျင့်ကြံသူလောကတွင် မီးနိုင်ငံအကြောင်းသိသူ တစ်ယောက်မှမရှိ။ ထိုမသေမျိုးကိုင်တယ်ဖြေရှင်းပုံကလည်း ငြင်ငြင်သာသာမဖြစ်နိုင်။
မီးနိုင်ငံအကြောင်း လုံးဝပျောက်ကွယ်သွားအောင် သိသမျှလူအားလုံးကို သတ်မည့်သဘောရှိသည်။
ဉာဏ်ရှိသူသည် လှုပ်ယမ်းနေသည့်သစ်ပင်အောက်တွင်မရပ်။ လုယန် ထိုကိစ္စနှင့်ခပ်ခွာခွာနေဖို့ စိတ်ကူးထားသည်။
"ဒါပေမယ့် မီးနိုင်ငံမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ"
လုယန်စဉ်းစားသည်။ မီးနိုင်ငံအကြောင်း ဟိုအရင်ကတည်းက သူသိခဲ့သည်။ သို့သော် သူတို့အပေါ် အန္တရာယ်ကျလာခြင်းမရှိခဲ့။
"ထူးဆန်းတယ်"
"ရှောင်လု၊ အခုလောလောဆယ် မင်းရဲ့ကျင့်ကြံမှုကိုပဲအာရုံစိုက်သင့်တယ်။ မသေမျိုးတွေရဲ့ကိစ္စမှာ ဝင်မပါသင့်ဘူး"
ထိုသို့ပြောပြီး လုယန်ကို အကျဉ်းထောင်တောင်ထိပ်အပြင်သို့ ထုတ်လိုက်သည်။
နတ်မယ်က တစ်ခစ်ခစ်ရယ်နေသည်။ ယွမ်ကျိရင်ထဲတွင် ဘယ်သူ့ကို အလေးထားကြောင်း ထိုလုပ်ရပ်က ရှင်းလင်းနေသောကြောင့်ဖြစ်သည်။
"ဪ ပြီးတော့ အကြီးအကဲနတ်မယ်။ ရှင်လည်း ထွက်သွားသင့်ပြီ"
နတ်မယ်ကိုပါ အပြင်သို့ထုတ်လိုက်သည်။ နတ်မယ်စရိုက်အရ ကြားသမျှစကားအားလုံးကို လုယန်အားပြန်ပြောပြမည်မှန်း သူသိသည်။
အရေးကြီးသည့်မေးခွန်းအားလုံးမေးပြီးနောက် ကျန်သည့်ကိစ္စများအတွက် အမှန်အမှားကို နိယာမသခင်နှင့်အတည်ပြုလျှင် အကောင်းဆုံးဖြစ်သည်။
ထို့နောက် သူ့လူယုံများနှင့်အတူ ပူးတွဲမေးမြန်းမည်။
"မီးနိုင်ငံက နှစ်တစ်သိန်းကြာအောင် တည်ရှိခဲ့တယ်တဲ့။ ဒါဆို ငါသေတာ နှစ်လေးသိန်းကြာခဲ့တဲ့သဘောလား"
နတ်မယ်စိတ်ထဲ နှစ်တစ်သိန်းပိုအိုစာသွားသလို ခံစားလိုက်ရသည်။
"ခင်ဗျားစိတ်ပူနေတဲ့ကိစ္စက တစ်ခြားလူတွေနဲ့ နည်းနည်းကွဲလွဲနေနိုင်ပါတယ်"
လုယန် မှတ်ချက်ပေးသည်။
သူတို့စကားပြောနေစဉ်။ ဖန်ဝူယာ ဂိုဏ်းအတွင်းပိုင်းဆီ ရေးကြီးသုတ်ပြာပျံသန်းနေသည်ကို မြင်လိုက်ရသည်။
"ဘိုးဘေးဖန်ဝူ၊ ဘာတွေလုပ်နေတာလဲ"
"မင်းငါ့ကိုမြင်တယ်လို့ ပြန်မပြောနဲ့"
ဖန်ဝူယာ အမြန်လှမ်းပြောပြီး ဂိုဏ်းအတွင်းပိုင်းဆီ ဆက်၍ပျံသန်းသွားသည်။
လုယန် နားမလည်နိုင်အောင်ဖြစ်ရသည်။
တောင်ထိပ်ကိုးခုဆီရောက်မှ အကြောင်းရင်းကိုနားလည်သည်။
နိယာမသခင်ကို သူတို့စစ်ဆေးမေးမြန်းနေချိန်တွင် ထိပ်တန်းဂိုဏ်းမျိုးစုံမှ အလည်အပတ်လာရောက်တံဆိပ်ကတ်များ ပို့ထားသည်။
အားလုံးက ဒဏ္ဍာရီသူရဲကောင်း ပင်လယ်တာအိုသခင်ဖန်ဝူယာကို ကိုယ်တိုင်တွေ့ဆုံချင်ကြောင်း တောင်းဆိုထားသည်။
မဟာထိပ်တန်းဂိုဏ်းကိုးဂိုဏ်းနှင့် တစ်ခြားမသေမျိုးလေးဂိုဏ်းမှ ကိုယ်စားပြုများအားလုံး ရောက်လာသည်။ တာအိုလမ်းစဉ်ဂိုဏ်းက အတော်စည်ကားနေသည်။
မည်သို့ဆိုစေ မသေမျိုးတစ်ဝက်တစ်ယောက်ကို တွေ့ခွင့်ရဖို့ဆိုသည်က မလွယ်။ လူတိုင်းက ခန္ဓာကိုယ်ထဲ မသေမျိုးရှိပြီး အိမ်မှထွက်ထွက်ချင်း မသေမျိုးတစ်ဝက်နှင့်တွေ့ကြုံသည့် လုယန်လိုမဟုတ်။
ပင်လယ်တာအိုသခင်က လူများများအတွေ့ခံလိုပုံမပေါ်။ ထို့ကြောင့် ဂိုဏ်းအတွင်းပိုင်းသို့ ပြေးပုန်းခြင်းဖြစ်သည်။
တာအိုရှင်ဝစီပိတ်က အမြဲအပြင်ရောက်နေပြီး ယွမ်ကျိက ကောင်းကင်ဂိတ်တောင်ထိပ်တွင်ရှိနေသည်။ ထို့ကြောင့် ဧည့်သည်များကို ဧည့်ခံသည့်တာဝန်က မဟာအကြီးအကဲခေါင်းပေါ်ကျလာသည်။
"ပင်လယ်တာအိုသခင်အကြီးအကဲ တံခါးပိတ်ကျင့်နေပါတယ် လေးစားရတဲ့ဧည့်သည်တော်တို့။ ခင်ဗျားတို့လက်ဆောင်တွေကိုထားခဲ့ပြီး လာရာလမ်းအတိုင်း ပြန်ကြပါဗျာ"
မဟာဂိုဏ်းတစ်ခု၏ ဂုဏ်သရေကိုအပြည့်ဖော်ကျူး၍ ယဉ်ကျေးပါးနပ်စွာ သူအကြံပြုသည်။
ပင်လယ်တာအိုသခင်အသက်ရှင်နေသေးသည်ဖြစ်၍ မဟာအကြီးအကဲ၏ရင်ဘတ်က အရင်ကထက် ပိုကော့မတ်နေသည်။
အရင်ကဆိုလျှင် တာအိုလမ်းစဉ်ဂိုဏ်းထဲမှာပင် ထိုပုံစံဟန်ပန်မျိုးဖြင့် သူမပြောရဲ။
တာအိုလမ်းစဉ်ဂိုဏ်း ထိပ်တန်းဂိုဏ်းဝင်များကို ပင်လယ်တာအိုသခင်အသက်ရှင်နေသေးကြေင်း မပြောခဲ့သည်မှာ တကယ်မှန်သည်။
ဂိုဏ်းပေါင်းစုံမှကိုယ်စားလှယ်များ နှာခေါင်းရှုံ့၍ မကျေမချမ်းကြည့်ကြသည်။ သို့သော် ဘာမှမပြောရဲ။
"လောင်လု၊ ဒီကိုလာဦး"
လုယန် မုန်ကျင်းကျိုးအသံကြားသဖြင့် လှမ်းကြည့်သည်။ ရနံ့တစ်ရာနန်းတော်ဒုတိယထပ်မှ မုန်ကျင်းကျိုးက သူ့ကို ပြည့်တန်ဆာက ဖောက်သည်ခေါ်သလို ခေါ်နေသည်ကိုမြင်ရသည်။
ဒုတိယထပ်သို့ရောက်ချိန်တွင် ရင်းနှီးနေသည့်မျက်နှာများကို တွေ့လိုက်ရသည်။
"လန်ထင်၊ ပိုင်မင်၊ ယန်ထန်ကျိ၊ မင်းတို့လည်းရောက်နေတာပဲ"
လုယန် ပြုံး၍နှုတ်ဆက်သည်။ ဂိုဏ်းကိုယ်စားလှယ်များက သူတို့ဂိုဏ်းမှ ထူးချွန်သည့်တပည့်များကိုလည်း အတူခေါ်လာကြသည်။
အရိုးရိုင်း၊ ထောင်ယော်ယဲ့၊ လီဟော်ရန်၊ မုန်ကျင်းကျိုးတိုလည်း ရှိနေသည်။
"မင်းတို့တာအိုလမ်းစဉ်ဂိုဏ်းက အတော်လေးနာမည်ကြီးလာတာပဲ"
ပိုင်မင်က အားကျဟန်ဖြင့် လုယန်ပုခုံးကိုပုတ်၍ ရယ်ရယ်မောမောပြောသည်။ လမ်းတစ်လျှောက် တာအိုလမ်းစဉ်ဂိုဏ်းအကြောင်း ဆွေးနွေးနေကြသံများ သူကြားခဲ့သည်။
"ကံသက်သက်ပါ။ အားလုံးက ကံသက်သက်ပါ"
လုယန်က အလိုက်သင့်ပြန်ဖြေသည်။
"မင်းတို့ဂိုဏ်း အခုမှနာမည်ကြီးလို့တော်သေးတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ဒါမျိုးဖြစ်ခဲ့ရင် ငါတို့ဂိုဏ်းကို ဝင်ချင်တဲ့သူတွေအားလုံး မင်းတို့ဘက်ကိုပဲ ပြေးကြလောက်တယ်"
ဓာတ်ငါးမျိုးဂိုဏ်း ဂိုဏ်းဝင်သစ်ရွေးချယ်ပွဲပြီးသွားသည်မှာ သိပ်မကြာသေး။
"လသံလွင်နန်းတော်လည်း အဲလိုပါပဲ။ ဂိုဏ်းတူအမတွေက သေမျိုးတွေရဲ့စရိုက်ကိုစမ်းသပ်ပြီးတဲ့အချိန် ငါတို့လသံလွန်နန်းတော်ကို ဝင်ချင်စိတ်ရှိမရှိမေးတယ်။
အတော်များများက တာအိုလမ်းစဉ်ဂိုဏ်းကိုဝင်ပြီး အကိုလုယန်ရဲ့ ဂိုဏ်းတူညီမဖြစ်ချင်တယ်တဲ့"
လန်ထင်က မကျေနပ်သံစွက်၍ပြောသည်။
စောစောစီးစီးသာ မစည်းရုံးနိုင်ခဲ့လျှင် ယခုနှစ် သူတို့ဂိုဏ်း၏ ဂိုဏ်းဝင်သစ်အရေအတွက် အရင်နှစ်များထက် တစ်ဝက်လျော့ပေလိမ့်မည်။
ထောင်ယောက်ယဲ့စိတ်ထဲ ပြင်းထန်သည့်စိတ်ဖိအားတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသည်။
"ငါ့ရဲ့ဂိုဏ်းတူညီမဖြစ်ချင်တဲ့လူရောရှိလား"
မုန်ကျင်းကျိုးက သူ့ကိုယ်သူလက်ညှိုးထိုး၍မေးသည်။
လန်ထန် အမူအရာနည်းနည်းပျက်ပြီး တုံ့ဆိုင်းသွားည်။ ထို့နောက်ခေါင်းငြိမ့်သည်။
"ရှိပါတယ်"
မုန်ကျင်းကျိုး ကျေနပ်သွားသည်။ သူ့ဆွဲဆောင်အားသည်လည်း လုယန်ထက်မလျော့ဟု ခံစားရသည်။
"ဒါကရှင့်ကို မုန်မိသားစုသခင်လေးမှန်းသိတာရယ် အာရုံမထွေပြားပဲ ကျင့်ကြံမှုမှာ အပြည့်အဝစိတ်နှစ်ထားတယ်လို့ နာမည်ကျော်တာကြောင့်ပါ"
"အဲဒီတော့..."
"အဲတော့...ဟိုမိန်းကလေးတွေက ရှင့်ကို "နန်းမြို့တော်ရဲ့တည်ကြည်မြင့်မြတ်တဲ့ဗုဒ္ဓ"လို့ တီးတိုးကင်ပွန်းတပ်ထားကြတယ်။
ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဗုဒ္ဓရဲ့မိန်းမဖြစ်လာအောင် ကြိုးစားချင်တယ်တဲ့"
မုန်ကျင်းကျိုး မျက်နှာပျက်သွားသည်။
အသံတိတ်နေသည့်ယန်ထန်ကျိ ထိန်းမထားနိုင်တော့ဘဲ အော်ရယ်သည်။ သူ့ရယ်သံက ပြတ်တောင်းပြတ်တောင်ဖြစ်နေသည်။ ထို့နောက်တွင် ကျန်သည့်လူများပါ ရယ်မောကြသည်။
"အခု ငါတို့အားလုံး နတ်ဝိညာဉ်အလတ်တန်းဆင့်တွေပဲမဟုတ်လား။ နေရာတစ်ခုရှာပြီး လက်ရည်စမ်းကြမလား"
ဗိုက်ဖြည့်ပြီးနောက် ပိုင်မင်က အကြံပြုသည်။
"လုပ်လိုက်စို့လေ"
တိုက်ခိုက်ဖိုစိတ်အားထက်သန်သည့်အရွယ်များဖြစ်၍ အားလုံးသဘောတူကြသည်။
လုယန်တို့ ပြိုင်ကွင်းထဲ လက်ရည်စမ်းမည့်သတင်းက ချက်ချင်းပြန့်သွားသည်။
လုယန်၏နာမည်ဂုဏ်သတင်းက ကျော်ကြားလွန်းသည်။ ပါရမီရှင်ပေါ်များသည့် တာအိုလမ်းစဉ်ဂိုဏ်းမှာပင် လုယန်၏လုပ်ဆောင်ချက်များက ပြိုင်စံရှားသည်။
"ငါတို့ဂိုဏ်းက တစ်ခြားမသေမျိုးဂိုဏ်းတွေနဲ့ တိုက်ခိုက်တော့မယ်ဟေ့"
"ဟုတ်လား။ ဘယ်သူတွေ တိုက်ကြမှာလဲ"
"အကိုလု၊ အကိုမုန်၊ အကိုလီ၊ အကိုအရိုးရိုင်းနဲ့ အမထောင်"
"လူတွေအများကြီးပါလား"
"မြန်မြန်သွားစို့၊ နောက်ကျရင် ပွဲကောင်းလွတ်သွားလိမ့်မယ်"
ပြိုင်ကွင်းဘေးပတ်လည်တွင် လူများစည်ကားနေသည်။ သူတို့မျက်လုံးတွင် စိတ်လှုပ်ရှားမှုများပြည့်နေသည်။
ဂိုဏ်းဝင်သစ်ဖြစ်သည့် ကျွမ်းဖျင်၊ ကျောက်ရှင်းအာ၊ ကုကျန်ယဲ့နှင့် ရှန်ထန်တို့လည်း လာကြည့်ကြသည်။
"ကဲ..ဘယ်သူက ဘယ်သူနဲ့တိုက်ခိုက်မှာလဲ"
"ညီမလန်ထင်၊ ရှင်နဲ့ကျွန်မက ချစ်ကြည်ရေးလက်ရည်စမ်းကြမလား"
ထောင်ယော်ယဲ့က စက္ကူနီထီးတစ်လက်ဖြင့် မျက်နှာကိုတစ်ဝက်ကွယ်ထားပြီး လန်ထင်ကိုစိန်ခေါ်သည်။
"ကောင်းပြီလေ၊ ကျွန်မကို သက်ညှာပေးပါ ညီမထောင်"
"အရိုင်းမျိုးနွယ်..က..လူမဟုတ်လား"
"ဟုတ်တယ်"
"ဒါဆို...မင်း..နဲ့ငါပေါ့"
ယန်ထန်ကျိက အထစ်ထစ်အငေါ့ငေါ့ပြောသည်။ သူတို့ဓာတ်ငါးမျိုးဂိုဏ်း တိုက်ပွဲတက်တူးပညာသည် ရှေးဟောင်းမျိုးနွယ်များမှ ဆင်းသက်လာသည်။
အရိုးရိုင်းက ရှေးဟောင်းအရိုင်းမျိုးဆက်ဖြစ်၍ လက်ရည်စမ်းဖို့ သူစိတ်အားထက်သန်နေသည်။
"ညီလေးလီက အပြင်လောကမှာ နာမည်ကျော်သေးပုံမရဘူး။ သူ့အစွမ်းဘယ်လိုရှိလဲ ငါသိချင်တယ်"
ပိုင်မင်က ပြုံး၍ပြောသည်။ အရိုးရိုင်းနှင့်ထောင်ယော်ယဲ့တို့နှစ်ယောက်လုံး အပြင်လောကတွင် နာမည်ကျော်သည်။ သို့သော် လီဟော်ရန်ကတော့ မရှိသလိုသာဖြစ်နေသည်။ တစ်ခါမှမလှုပ်ရှားခဲ့ဖူး။
"စမ်းကြည့်ရင် သိရမှာပါ"
ပိုင်မင်ကို လီဟော်ရန်မကြောက်။ ကူးဖြတ်ခြင်းအဆင့် နတ်ဆိုးဂိုဏ်းခေါင်းဆောင်လူဝင်စားဟု သူ့ကိုယူဆထားကြသည်။ နောက်ခံအခြေအနေ မရှင်းလင်းသေး။
ဂိုဏ်းထဲမှ သူထွက်သွားလျှင် အကျိုးအမြတ်ရလိုသူတစ်ယောက်ယောက်က သူ့ကိုပစ်မှတ်ထားလာနိုင်သည်။ ထိုကြောင့် အပြင်လောက်တွင် သူနာမည်မရခြင်းဖြစ်သည်။
သို့သော် နာမည်မကျော်တိုင်း တိုက်ခိုက်နိုင်စွမ်းမရှိဟု မဆိုလို။
"ဒါဆို ငါတို့နှစ်ယောက်ပဲ ကျန်တော့တာပေါ့"
အားလုံးက ပြိုင်ဘက်ကိုယ်စီ ချက်ချင်းရွေးသွားမည်ဟု လုယန်ထင်မထားခဲ့။ ယခု ပြိုင်ကွင်းပေါ်တွင် သူနှင့်မုန်ကျင်းကျိုးသာကျန်တော့သည်။
************************************