← Chapters

ဘာကြောင့်ကိုယ့်သေတွင်းကိုယ်တူးတာလဲ

Vol. 49 Ch. 729

ဘာကြောင့်ကိုယ့်သေတွင်းကိုယ်တူးတာလဲ

Vol. 49 Ch. 729

"ဟာ"

ဆိုးဝါးသည့်နိမိတ်တစ်ခုကို မြစ်ဝါသခင်ခံစားရသည်။ ရုပ်သေးမြှောက်လိုက်သည့်အရာက ပေါက်ပြားမဟုတ်ပဲ ထက်မြက်သည့် ကောင်းကင်ဓားတစ်စင်းဟု သူထင်မိသည်။

"မြစ်ဝါလျှို့ဝှက်မှော်စွမ်းအား"

ပေါက်ပြားကျခါနီးတွင် အသက်ကယ်စွမ်းအားကို သူအမြန်သုံးသည်။ တစ်ကိုယ်လုံး မြစ်ဝါရေအဖြစ် အသွင်ပြောင်းသွားသည်။

မြစ်ဝါရေများက ပေါက်ပြားချက်ကြောင့် နှစ်ခြမ်းကွဲပြီး ရေစုနှစ်ခုဖြစ်လာသည်။

ရေနှစ်ခြမ်း ချက်ချင်းပြန်စုသွားပြီး မြစ်ဝါသခင်အသွင်ပြန်ပေါ်လာသည်။

ရုပ်သေးကို ထိတ်လန့်တကြားကြည့်နေသည်။

ပေါက်ပြားတစ်ချက်ကြောင့် သူသေမတတ်ဖြစ်ခဲ့သည်။ အခြေအနေဆိုးဝါးသည်။

တာအိုလမ်းစဉ်ဂိုဏ်းတွင် ထိုမျှအဆင့်မြင့်သည့်ရုပ်သေးမျိုး ဘယ်လိုရှိနေသနည်း။

သူသိသလောက် မဟာရှားတွင် မဟာထိပ်တန်းဂိုဏ်းတစ်ခုဖြစ်သည့်၊ ရုပ်သေးဖန်တီးမှုအတတ်တွင် အကျွမ်းကျင်ဆုံးဖြစ်သည့် ယန်ရှီဂိုဏ်းပင် ဤရုပ်သေးမျိုး မဖန်တီးနိုင်။

ဘယ်သူဖန်တီးခဲ့သနည်း။

မြစ်ဝါသခင်မျက်လုံးတွင် အကြောက်တရားရိပ်များပေါ်လာသည်။

တာအိုလမ်းစဉ်ဂိုဏ်း၏နောက်ခံက မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသည်။

အပြင်ကျူးကျော်သူများကိုတိုက်ခိုက်နေသည့်တိုင် ရတနာတိုက်ကို ကာကွယ်နိုင်စွမ်းရှိကြသည်။ ဤကူးဖြတ်ခြင်းအဆင့်ရုပ်သေးက စောင့်ကြပ်ထားခြင်းဖြစ်သည်။

သူ့မျက်လုံးထဲမှ အကြောက်တရားများ ချက်ချင်းပျောက်ကွယ်သွားပြီး လှောင်ပြုံးကအစားထိုးဝင်လာသည်။

သူသည် ရုပ်သေးများလောက်ကို ကြောက်တတ်သူမဟုတ်။

ဤရုပ်သေးကို အထူးပစ္စည်းများဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ အကြမ်းအားသက်သက်ဖြင့် ဖျက်ဆီးဖို့ခက်ခဲသည်။

သို့သော် ရုပ်သေးနှင့်ကျင့်ကြံသူကြားမှ ကွာဟချက်ကို ရုပ်သေးပညာဖြင့် ဖြည့်ဆည်းနိုင်မည်မဟုတ်။

"ဒီနေရာမှာ ငါ'စည်းမျဉ်း'သတ်မှတ်မယ် - ကောင်းကင်ဂိတ်တောင်ထိပ်အတွင်း ဝိညာဉ်စွမ်းအင်တွေ မှော်ပစ္စည်းတွေကို မထိန်းချုပ်နိုင်စေရ"

ကူးဖြတ်ခြင်းအဆင့်များသည် စည်းမျဉ်းတည်ဆောက်နိုင်သည်။ ရုပ်သေးပညာဘယ်လောက်အဆင့်မြင့်သည်ဖြစ်စေ စည်းမျဉ်းစွမ်းအားကို လွန်ဆန်နိုင်မည်မဟုတ်။

ရုပ်သေးသည် မှော်ပစ္စည်းတစ်မျိုးဖြစ်သည်။ သူတို့လှုပ်ရှားအောင် လုပ်နိုင်သည့်နည်းလမ်းနှစ်မျိုးရှိသည်။ တစ်ခုက ရုပ်သေးသခင်က ထိန်းချုပ်ခြင်း၊ နောက်တစ်ခုက ရုပ်သေးကိုယ်တိုင် လှုပ်ရှားခြင်းဖြစ်သည်။

ကူးဖြတ်ခြင်းအဆင့်ရုပ်သေးကိုထိန်းချုပ်ဖို့ ရုပ်သေးသခင်၏ ကျင့်စဉ်စွမ်းအားသည် အနည်းဆုံး စုစည်းခြင်းအဆင့်ရှိရမည်။

လက်ရှိရုပ်သေးကို ရုပ်သေးသခင်က ထိန်းချုပ်နေသည်ဆိုလျှင် ကူးဖြတ်ခြင်းအဆင့်မဟုတ်နိုင်။

ရုပ်သေးသခင်ကူးဖြတ်ခြင်းအဆင့်ဖြစ်လျှင် ရုပ်သေးကိုထိန်းချုပ်ရင်း ကိုယ်တိုင်ဝင်တိုက်ခိုက်လိမ့်မည်။

သို့သော် ယခု ထိုအခြေအနေမျိုးမဟုတ်။

ထိန်းချုပ်နေသည့်သခင်မရှိဘဲ ကိုယ့်ဘာသာလှုပ်ရှားနေသည့် ရုပ်သေးတစ်ခုသည် သက်မဲ့ပစ္စည်းတစ်ခုထက်မပို။ သူ့ကိုလုံးဝယှဉ်နိုင်မည်မဟုတ်။

သစ်သားဖြင့်တည်ဆောက်ထားသည့်ရုပ်သေးက မိန်းမပုံစံရှိသည်။ သို့သော် မျက်နှာကိုပုံဖော်မထားသဖြင့် မျက်နှာမရှိ။

ရုပ်သေး ခေါင်းအနည်းငယ်စောင်းနေသည်။ သူ့အမူအရာကိုမမြင်နိုင်သော်လည်း နည်းနည်းအတွေးခက်နေကြောင်း ခန့်မှန်းနိုင်သည်။

ဘုန်း။

ရုပ်သေးက မြစ်ဝါသခင်မျက်နှာကို လက်သီးတစ်ချက်ထိုးချလိုက်သည်။ တည့်တည့်ထိသည်။ ရှေ့သွားနှစ်ချောင်း ကျွတ်ထွက်သွားသည်။

"မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး"

ထိတ်လန့်အံ့ဩလွန်းသဖြင့် ကျွတ်သွားသည့်သွားကိုပင် အရေးမစိုက်အား။

သူချမှတ်လိုက်သည့်စည်းမျဉ်း သက်ရောက်မှုရှိသည်ကတော့ သေချာသည်။ စည်းမျဉ်းချမှတ်သည့် နယ်မြေအဝိုင်းအဝန်းက အလွန်ကျဉ်းသည်။ ထိန်းချုပ်အားကောင်းသည်။

သူကိုယ်တိုင်ပင် မှော်လက်နက်များမသုံးနိုင်။

ရုပ်သေးက သက်တောင့်သက်သာလှုပ်ရှားနိုင်သည်။ သို့သော် ရုပ်သေးက ရှင်းပြမည့်ဟန်မရှိပဲ ပစ်ကန်သည်။ မြစ်ဝါသခင်လွင့်ထွက်သွားသည်။

မြစ်ဝါသခင်၏မျက်လုံးများ ပိုအေးစက်လာသည်။

အစက တိုက်ပွဲကိုမြန်မြန်အဆုံးသတ်ပြီး ဘယ်သူမှမသိအောင် အသာခိုးဝင်သွားဖို့ ရည်ရွယ်ခဲ့သည်။

ရုတ်ရုတ်သဲသဲဖြစ်လျှင် ဝါးတောထဲမှလူများ သတိထားမိမည်။ တိုက်ပွဲက ဤနေရာသို့ ရွေ့လာနိုင်သည်။

သို့သော်ယခု သူစိုးရိမ်နေ၍မဖြစ်တော့။

"မြေအောက်သရဲပညာ၊ မြစ်ဝါကူးတို့၊ နာကျည်းသက်ပြင်းသုံးချက်"

မြစ်ဝါရေမြင့်တက်လာသည်။ မြေပြင်ကိုတိုက်စားသည်။ သရဲပေါင်းထောင်ချီသွားလာနေသည်။ ညည်းညူသက်ပြင်းချသံနှင့်အတူ နားကျည်းဒေါသစွမ်းအင်များ လေထဲသို့ထိုးထွက်လာသည်။ အစိုင်အခဲဖြစ်လုမတတ်ဖြစ်လာသည်။

ကောင်းကင်ဂိတ်တောင်ထိပ်က ဆင်းရဲအတိပြီးသည့် မြေပေါ်ငရဲတစ်ခုအသွင်သို့ပြောင်းသွားသည်။

မြစ်ဝါသခင် စွမ်းအင်ကုန်ထုတ်သုံးသည်။

ဤပညာသည် သူ့ဝှက်ဖဲဖြစ်သည်။ ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်ခဲ့သည့်စွမ်းအားဖြစ်သည်။ ထိုခေတ်တွင် မြစ်ဝါသခင်ဟုကြားရုံဖြင့် ကျင့်ကြံသူများ ထိတ်လန့်ခြောက်ခြားခဲ့သည်။

ထိုစွမ်းအားက ထည်ဝါလွန်းသည်။ ဂိုဏ်းအတွင်းပိုင်းတွင် ပုန်းနေသည့်တပည့်များသာမက ဝါးတောထဲတွင် တိုက်ခိုက်နေသည့် အကြီးအကဲများပါ ကောင်းကင်ဂိတ်တောင်ထိပ်မှ စွမ်းအင်လှုပ်ရှားမှုကို အာရုံခံမိကြသည်။

အစပိုင်းတွင် အပြင်ရန်သူကျူးကျော်လာကြောင်း နားလည်လိုက်သဖြင့် ထိတ်လန့်သွားသည်။

သို့သော် ဖြစ်သည့်နေရာက ကောင်းကင်ဂိတ်တောင်ထိပ်ဖြစ်ကြောင်းသိပြီးနောက် အရေးမစိုက်ကြတော့ဘဲ ရှေ့မှရန်သူကိုသာ ဆက်တိုက်ခိုက်ကြသည်။

ရုပ်သေးက မြစ်ဝါသခင်၏လှုပ်ရှားမှုကို မမြင်လေသကဲ့သို့ ပေါက်ပြားကိုင်၍ ရှေ့တိုးလာသည်။ မြေ‌အောက်မြစ်ဝါရေများပေါ် နင်းလျှောက်လာသည်။ သူ့ခြေဖဝါးက ပျက်စီးခြင်းလုံးဝမရှိ။

မြေအောက်လောကတွင်နေထိုင်သည့် သရဲများ ညည်းညူအော်ဟစ်၍ ရှေ့တိုးလာသည်။ ပေါက်ပြားတစ်ချက်ဝေ့ရုံဖြင့် အကုန်ပျောက်သွားသည်။

"...မဖြစ်နိုင်ဘူး"

မြစ်ဝါသခင် အကြီးအကျယ်မင်သက်မိသွားသည်။ ဤစွမ်းအားသည့် သူအားအထားရဆုံးပညာဖြစ်သည်။ ရုပ်သေးသည် အကောင်းပကတိတော့ မရှိသင့်။

ရုပ်သေးက ပေါက်ပြားကို ပုံမှန်အတိုင်း လွှဲယမ်းနေသည်။ ရှောင်တိမ်း၍မရ။ လှုပ်ရှားမှုတိုင်းက မိုးပြိုမတတ် ကြောက်စရာကောင်းသည်။ မြစ်ဝါသခင်တစ်ကိုယ်လုံး ဒဏ်ရာဗရပွဖြစ်နေသည်။

ပေါက်ပြားကိုကြည့်သည်။ မရဏခေါ်သံကိုသည်းခံ၍ နောက်တစ်ကြိမ်ပြန်ထသည်။ တုံ့ဆိုင်းမနေတော့။ ဖြစ်လာမည့်အကျိုးဆက်ကိုမတွေး။

မြစ်ဝါလျှို့ဝှက်ပညာကို နောက်တစ်ကြိမ်သုံး၍ ကောင်းကင်ဂိတ်တောင်ထိပ်သို့ အရှိန်ပြည့်ပျံသန်းသွားသည်။

ဆက်တိုက်ခိုက်နေ၍မဖြစ်တော့။ အင်ပါယာယု၏ရတနာများကိုတွေ့မှသာ ဤအခြေအနေကို ပြောင်းလဲဖို့အခွင့်အရေးရမည်။

မြေအောက်သခင်ထွက်ပြေးသည့်ဘက်ဆီ ရုပ်သေးကြည့်နေသည်။ သို့သော် ဆက်မလိုက်။

"ဒီနေရာပဲ"

ရတနာများ၏ ပြင်းထန်သည့်စွမ်းအင်ရောင် တဖြေးဖြေးနည်းလာသည်ကို သူခံစားမိသည်။

တော်အုပ်တစ်ခုကိုဖြတ်၍ စွမ်းအင်ရောင်နောက်သို့လိုက်သည်။ ဂူတစ်ခုသို့ရောက်သည်။ လက်သီးတစ်ချက်ဖြင့် လှိုဏ်ဂူကို ထိုးဖွင့်သည်။

တစ်ခါမှမရသည့် ရတနာများ၏ အနံ့တစ်မျိုး ရှူရှိုက်မိသည်။ စွဲမက်ဖွယ်ရနံ့ဖြစ်သည်။

အင်ပါယာယု၏ ရတနာများ ဤနေရာတွင်ရှိနေသည်။

တာအိုလမ်းစဉ်ဂိုဏ်း၏ ကြွယ်ဝမှုက စိတ်ကူးယဉ်နိုင်သမျှအရာအားလုံးပါဝင်သည်။ အထဲရောက် ပစ္စည်းတန်ဖိုးမြင့်လေဖြစ်သည်။

စုစည်းခြင်းအဆင့်နှင့် ကူးဖြတ်ခြင်းအဆင့်ရတနာအားလုံးကို သူအရေးမစိုက်။

ရတနာတိုက်၏ အတွင်းအကျဆုံးအပိုင်းသို့ သူရောက်လာသည်။ မသေမျိုးရတနာများ ဖြစ်သလိုစုထားသည်ကိုကြည့်၍ သူ့မျက်လုံးတွင် လောဘရိပ်များပြည့်နေသည်။

"မသေမျိုးတာအိုစက်ဝန်း...မသေမျိုးသတ်ဓားစက်ဝန်း...ကိုးနဂါးစွမ်းအင်ရောင်..."

ရုတ်တရက် တစ်စုံတစ်ခုကို အာရုံရလိုက်သဖြင့် ခေါင်းမော့ကြည့်လိုက်သည်။ ခုံတစ်လုံးပေါ်တွင် သစ်သီးတစ်လုံးရှိနေသည်။

သူ့ခန္ဓာကိုယ် ထိန်းချုပ်မရအောင် တုန်ရင်နေသည်။

တစ်ခါက သူ့သခင်၏အရိယဖလသန္ဓေ(တာအိုသစ်သီး)ထုတ်ပြသည်ကို သူမြင်ဖူးသည်။ သက်ရှည်စွမ်းအား၊ အချိန်စွမ်းအားများ နက်ရှိုင်းစွာပါဝင်နေသည့် မြူခိုးဝေနေသည့် သစ်သီးမျိုးဖြစ်သည်။

ခုံပေါ်တွင်မြင်နေရသည့်သစ်သီးသည် ပြည့်စုံသည်။ မြူမှိုင်းခြင်းလုံးဝမရှိ။ အပြစ်ကင်းသည်၊ အကောင်းပကတိဖြစ်သည်။

တစ်ချိန်က နိယာမသခင်တောင့်တဲ့ခဲ့သည့်စကားကို သူပြန်ကြားယောင်လာသည်။

'ပြည့်စုံတဲ့သစ်သီးကမှ အရိယဖလအစစ်ပဲ။ ငါ့သစ်သီးက ဘယ်တော့မှ ပြည့်စုံတဲ့အဆင့်ရောက်မှာလဲ'

အခု ပြည့်စုံသည့်သစ်သီးကို သူတွေ့နေရသည်။ သူစိတ်များအပြင်းအထန်လှုပ်ရှားနေသည်။

ဤသစ်သီးသည် ဒဏ္ဍာရီမသေမျိုးအရိယဖလလော....

ဘာကြောင့် ဤနေရာတွင်ရှိနေရသနည်း...

ဤနေရာမှမသေမျိုးရတနာအားလုံး အင်ပါယာယု၏အမွေအနှစ်များဖြစ်သည်။ ဒီအရိယဖလကရော...

အင်ပါယာယု အပြင်လောကသို့ တကယ်ထွက်သွားခြင်းလော။

မေးခွန်းပေါင်းများစွာ သူ့စိတ်ထဲတွင်ပေါ်လာသည်။ ဖော်မပြနိုင်သည့် အကြောက်တရားလည်း ပေါ်လာသည်။

သက်ပြင်းချသံတစ်ခု သူ့နားထဲကြားလိုက်ရသည်။

"ဘာလို့ ကိုယ့်သေတွင်းကိုယ်တူးတာလဲ"

မြစ်ဝါသခင် ဖျတ်ခနဲနောက်လှည့်ကြည့်သည်။ လှိုဏ်ဂူတံခါးဝမှ လက်ဖက်ရည်ခွက်တစ်လုံးကိုင်ထားသည့် မိန်းကလေးတစ်ယောက်ကိုမြင်ရသည်။

လက်ဖက်ရည်နံ့က နူးညံ့စွာလွင့်ပျံလာသည်။ ထိုအနံ့ထဲတွင် တာအိုစွမ်းအင်များ စီးဆင်းနေသယောင်ရှိသည်။

ယခုနှစ်မှဆွတ်ယူထားသည့် ဉာဏ်အလင်းလက်ဖက်ရွက်ဖြစ်သည်။ လောကတွင် အရည်အသွေးအမြင့်ဆုံးလည်းဖြစ်သည်။

မိန်းကလေးက လက်ဖက်ရည်ကို အရသာခံ၍သောက်သည်။ လက်ဖက်ရည်နံ့က အဆက်မပြတ်ထွက်ပေါ်နေသည်။ ခုနက သူဘာမှမပြောလိုက်သည့်ပုံမျိုးဖြစ်သည်။

မြစ်ဝါသခင် စကားပြောရန်ပြင်သည်။ သို့သော် သူ့ခန္ဓာကိုယ်က ရွံ့ရုပ်တစ်ခုတင်းမာနေပြီး မလှုပ်ရှားနိုင်တော့။ ထိုမိန်းကလေး ဖြေးညှင်းစွာ တိုးကပ်လာသည်ကိုသာ ကြည့်နေရသည်။

မိန်းကလေးက လက်တစ်ချောင်းဆန့်ထုတ်၍ သူ့နဖူးကိုတို့လိုက်သည်။ သူ့ခန္ဓာကိုယ် တဖြေးဖြေးလွင့်ပြယ်ပျောက်ကွယ်သွားသည်။

****************************************

All Chapters