← Chapters

ဘာကြောင့်မသေမျိုးတစ်ဝက်တွေ အများကြီးပေါ်လာသလဲ

Vol. 49 Ch. 732

ဘာကြောင့်မသေမျိုးတစ်ဝက်တွေ အများကြီးပေါ်လာသလဲ

Vol. 49 Ch. 732

တာအိုလမ်းစဉ်ဂိုဏ်းတွင်ဖြစ်ခဲ့သည့် တိုက်ပွဲက ကြီးကျယ်လွန်းသဖြင့် ဖုံးဖိ၍မရ။ စမ်းသပ်ပွဲဝင်ခဲ့သည့်တပည့်များ သူတို့မိသားစုအကြီးအကဲများအားလုံး လက်တွေ့မြင်ခဲ့သည်။

မကြာမီ ထိုသတင်းက လမ်းကြိုလမ်းကြားမကျန် ပြန့်နှံ့သွားသည်။

"ဘုရားရေ၊ နိယာမသခင်ပေါ်လာတယ်ပေါ့။ မသေမျိုးတစ်ဝက်အဆင့်ထိ ကျင့်ကြံနိုင်တယ်ဆိုတော့ သူက ဒဏ္ဍာရီပြိုင်ဘက်ကင်းပါရမီရှင်ပဲ"

"ပြီးတော့ သူ့နောက်လိုက်တွေရောပဲ၊ ကူးဖြတ်ခြင်းအဆင့်ငါးယောက်၊ စုစည်းခြင်းအဆင့်နှစ်ဆယ်ကျော်တဲ့...အမလေးကွာ...နတ််ဆိုးနယ်မြေတစ်ဝက်စာနီးပါးအင်အားပဲ"

"အဲဒါထက် ကြောက်စရာကောင်းတာရှိသေးတယ်။ သူတို့က တာအိုလမ်းစဉ်ဂိုဏ်းကိုအလစ်ဝင်တိုက်ခိုက်တာ။ ဒါပေမယ့် သူတို့က ပြန်အဖမ်းခံလိုက်ရတယ်တဲ့"

အစက တာအိုလမ်းစဉ်ဂိုဏ်းဝင် ကူးဖြတ်ခြင်းအဆင့်တစ်ယောက်နှင့် ကူးဖြတ်ခြင်းအဆင့်ကိုယှဉ်နိုင်သည့် နည်းလမ်းတစ်ခုသာရှိသည်ဟု အားလုံးက ထင်ထားကြသည်။ ထိုအချက်သည် မသေမျိုးဂိုဏ်းတစ်ဂိုဏ်း၏ သတ်မှတ်စံဖြစ်သည်။

ယခုလောက်ကြောက်စရာကောင်းမည်ဟု ထင်မထား။

ဤတိုက်ပွဲကြောင့် တာအိုလမ်းစဉ်ဂိုဏ်းသည် မသေမျိုးငါး၏ခေါင်းဆောင်အဖြစ် အဆင့်အတန်းပိုခိုင်မာလာသည်။

"လွန်ခဲ့တဲ့ နှစ်ငါးသောင်းက ဂိုဏ်းကိုပြန်အသက်သွင်းခဲ့တဲ့ ပင်လယ်တာအိုသခင်ဘိုးဘေး မသေသေးဘူးတဲ့။ အားလုံးက သူ့ကိုကူးဖြတ်ခြင်းအဆင့်လို့ထင်ကြတာ။

ဒါပေမယ့်အမှန်‌တော့သူက မသေမျိုးတစ်ဝက်အဆင့်ကိုရောက်နေပြီ"

"တာအိုလမ်းစဉ်ဂိုဏ်းက တကယ်ကြောက်စရာကောင်းတာပဲ"

"တာအိုလမ်းစဉ်ဂိုဏ်းဝင်ခွင့်စမ်းသပ်ပွဲသွားဖြေခဲ့တဲ့ ငါ့တူတော်တစ်ယောက်ရှိတယ်။ ဖြစ်စဉ်တစ်ခုလုံးကို သူကိုယ်တွေ့မြင်ခဲ့တယ်တဲ့။ ဘယ်သူမှမပြောကြသေးတဲ့ ကိစ္စတစ်ခုရှိတယ်"

"ဘာကိစ္စမို့လဲမိတ်ဆွေ ပြောပြပါဦး"

"ပါရမီရှင်လုလို့ခေါ်တဲ့ လုယန်ကို သိတယ်မဟုတ်လား"

"လုယန်အကြောင်း မကြားဖူးတဲ့လူမရှိပါဘူး။ အခြေတည်အဆင့်နဲ့ နတ်ဝိညာဉ်အဆင့်ကို စိန်ခေါ်တိုက်ခိုက်ခဲ့တဲ့ လောကပြိုင်ဘက်ကင်းပါရမီရှင်ပဲလေ"

"အဲဒါတင်မကသေးဘူး။ ငါတူပြောတာက နိယာမသခင်တိုက်ပွဲရှုံးတဲ့အချိန် လုယန်ရှေ့မှာ ဒူးထောက်ခဲ့တယ်တဲ့။ လုယန်က အရိုအသေပေးတာမခံချင်လို့ ဘေးကိုရှောင်တယ်။

ဒါပေမယ့် နိယာမသခင်က အတင်းလိုက်ပြီး ဝမ်းလျားမှောက်ဦးခိုက်အရိုအသေပေးခဲ့တယ်တဲ့"

"ဘယ်လို...မသေမျိုးတစ်ဝက်အဆင့်တစ်ယောက်က လုယန်ရှေ့မှာ ဒူး‌ထောက်တာလား။ ဘယ်လိုဖြစ်နိုင်မှာလဲ"

"ယုံဖို့ခက်မှန်း ငါလည်းသိပါတယ်။ ဒါပေမယ့် ငါ့တူက ဒီကိစ္စကို သူ့မျက်လုံးနဲ့ ကိုယ်တွေ့မြင်ခဲ့တာ။ တကယ့်အမှန်တရားပဲ"

တာအိုရှင်ဝစီပိတ်နှင့် ချုန်းချီခေါင်းဆောင်တို့ ဘေးစားပွဲတွင် စားရင်းသောက်ရင်း ထိုလူများပြောသည့်စကားကို နားထောင်နေသည်။

ဝစီပိတ် အတော်လေးအံ့ဩနေသည်။

"ပင်လယ်တာအိုသခင် အသက်ရှင်နေတုန်းတဲ့လား"

ဂိုဏ်းချုပ်ဖြစ်သည့် သူကိုယ်တိုင်ပင် ထိုကိစ္စကို တကယ်မသိခဲ့။ တစ်ခြားလူများစကားမှတစ်ဆင့်သာ သိရသည်။

ချုန်းချီခေါင်းဆောင်လည်း အံ့ဩနေသည်။ တာအိုလမ်းစဉ်ဂိုဏ်းတွင် မသေမျိုးတစ်ဝက်ရှိသောကြောင့်ဖြစ်သည်။

'လက်ရှိအခြေအနေကိုကြည့်ရင် အမှောင်ထဲမှာပုန်းကွယ်နေတဲ့ မဟာစွမ်းအားရှင်တွေ ဘယ်လောက်များမှန်း ဘယ်သူမှမသိနိုင်ဘူး။

ဘိုး‌ဘေးငယ်အနေနဲ့ မဟာကပ်မှာ ခိုင်မာတဲ့စွမ်းအားကိုပြပြီး ချုန်းချီမျိုးနွယ်ကို ထိပ်တန်းဆယ်နေရာထဲရအောင် လုပ်နိုင်ပါစေလို့ မျှော်လင့်ရတာပဲ။

ငါလည်း ရေသာခိုနေလို့မဖြစ်ဘူး'

ချုန်းချီခေါင်းဆောင် ကိုယ့်ကိုယ်ကိုအားပေးနေသည်။ ဝစီပိတ်နောက်သို့ နှစ်ဝက်ခန့်လိုက်နေခဲ့ပြီးနောက် သူလုံးဝပြောင်းလဲသွားသည်။

"အကိုဝစီပိတ်၊ နောက်ထပ်ကျုပ်တို့ ဘယ်သူ့ကိုသွားလိမ်ကြမလဲ"

.....

နတ်ဆိုးနယ်မြေ၊ နတ်ဆိုးမြို့တော်

ရှေးဆန်ပြီးခမ်းနားထည်ဝါသည့်နန်းတော်ထဲတွင် ကျူးထန် လက်ထဲမှအစီရင်ခံစာကိုကြည့်၍ နည်းနည်းငေးငိုင်နေသည်။

"ဒါတော့မဟုတ်သေးဘူး။ ငါနှစ်နှစ်ရာကျော်စောင့်ခဲ့တာ။ ဘာမသေမျိုးတစ်ဝက်မှ မမြင်ဖူးခဲ့ဘူး။ နတ်ဆိုးနယ်မြေဘုရင်နေရာကို ငါယူတော့မှ မသေမျိုးတစ်ဝက်တွေ မှိုလိုပေါလာတာလဲ။

ကျန်းလျန်ယိတင်မကဘူး။ အိပ်မက်ဆိုး...လေဟာနယ်အရှင်...နိယာမသခင်...ပင်လယ်တာအိုသခင်။ ဘာလို့ဒီလောက်အများကြီး ရုတ်တရက်ပေါ်လာတာလဲ"

ရှေးဟောင်းခေတ်မှ ယခုခတ်အထိ သူအိပ်စက်အနားယူခဲ့သည်။ မသေမျိုးတစ်ဝက်များမရှိသည့်ခေတ်တစ်ခုတွင် လွမ်းမိုးအုပ်စိုးဖို့ ရည်ရွယ်ခဲ့သည်။ ဤခေတ်ထိုမျှစည်ကားမှန်းသိခဲ့လျှင် လူအုပ်ကြားထဲမဝင်ဘဲ ဆက်အိပ်ပြီး နောက်တစ်ခေတ်ကိုသာစောင့်ခဲ့လိမ့်မည်။

"ပေါလှချည်လားကွာ...နောက်ထပ် မသေမျိုးတွေတောင် ပေါ်လာနိုင်တယ်...အဲ၊ အခုတောင် လုယန်ရဲ့ သိစိတ်နယ်မြေမှာ မသေမျိုးတစ်ယောက်ရှိနေပြီပဲလေ"

သူအတော်စိတ်ပျက်သွားသည်။

"မသေမျိုးတွေရဲ့အောက်မှာ ငါကပထမဆိုရင်တောင် မဟာကပ်မှာ ဘာမှသိပ်နေရာရမှာမဟုတ်ဘူး။ အခုပြန်ပြီး ဂူအောင်းအိပ်စက်မယ်ဆိုရင် နောက်ကျတော့မလား"

.....

တာအိုလမ်းစဉ်ဂိုဏ်း အကျဉ်းထောင်တောင်ထိပ်။

အကျဉ်းထောင်တောင်ထိပ် ယနေ့လောက် တစ်ခါမှလူမစည်ကားဖူး။ အစက တစ်ယောက်ချင်းသာ ဖမ်းခဲ့သည်။ ယနေ့ လူပေါင်းသုံးဆယ် အကျဉ်းထောင်တောင်ထိပ်'မိသားစု'သို့ ဝင်လာသည်။

အကျဉ်းထောင်ကို အဖွဲ့အစည်းတစ်ခုအဖြစ် စဉ်းစားမည်ဆိုလျှင် နတ်ဆိုးနယ်မြေနှင့်တန်းတူ ထိပ်တန်းအဆင့်စွမ်းအားမျိုးရှိလိမ့်မည်။

အကျဉ်းထောင်ထဲရောက်သည်နှင့် နိယာမသခင် မျက်လုံးပြူးသွားသည်။

ဝူယွီထောင်၊ အိပ်မက်ဆိုးအဓိပဓိ၊ လေဟာနယ်အရှင်နှင့် သူသိသည့် မဟာယုကျင့်ကြံသူများ။

မဟုတ်သေး။ အသိအကျွမ်းသက်သက်မဟုတ်။ သူသိသမျှ အိပ်စက်ဂူအောင်းနေသည့် မဟာယုကျင့်ကြံသူအားလုံး ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။

ဘယ်အချိန်ဘယ်လိုအဖမ်းခံရပြီး ဤနေရာသို့ ရောက်နေကြသည်မသိ။

အထူးသဖြင့် ဝူယွီထောင် ရှိနေသည်။ သို့ဆိုလျှင် ကျင်းပုကျန်းဘယ်ရောက်နေသနည်း။

ကျင်းပုကျန်းသည် ဒုတိယနိုင်ငံ့ဆရာဖြစ်သည်။

အိပ်မက်ဆိုးအဓိပဓိနှင့် လေဟာနယ်အရှင်တို့ရှိသည်။ သူတို့ကို ရှေးဟောင်းကောင်းကင်ရုံးတော်က ဖမ်းသွာသည်ဟု ပြောကြသည်မဟုတ်လော...

တာအိုလမ်းစဉ်ဂိုဏ်းသည် ကောင်းကင်ရုံးတော်၏ဟန်ပြအဖွဲ့အစည်းလော...

သေချာစဉ်းစားကြည့်လျှင် အံ့ဩစရာကောင်းသည့်အချက်များ တစ်ခုပြီးတစ်ခုပေါ်လာသည်။ တစ်ခုထက်တစ်ခု ပိုကြောက်စရာကောင်းလာသည်။

အဖမ်းခံရသည်မှာမဆန်းလှဟု နိယာမသခင်တွေးမိသည်။ ဂိုဏ်း၏အင်အားက သူတို့သိထားသည်ထက် များစွာသာလွန်နေသည်။

ဖန်ဝူယာက နိယာမသခင်တို့လူစုကို အကျဉ်းထောင်သို့လိုက်ပို့သည်။ လေဟာနယ်အရိယဖလသန္ဓေစွမ်းအား ထောင်ခန်းတစ်ခုချင်းစီတွင် အားဖြည့်သည်။

"ကျန်တာတော့ မင်းကိုပဲလွှဲလိုက်ပြီ"

ထောင်တံခါးဝမှလူတစ်ယောက်ကို လှမ်းပြောပြီး ခြေလှမ်းကျဲကျဲဖြင့် သူထွက်သွားသည်။

ဖန်ဝူယာစကားပြောလိုက်သည့်လူကို နိယာမသခင် လှည့်ကြည့်သည်။

တံခါးဝတွင် လူနှစ်ယောက်ရပ်နေသည်။ နှစ်ယောက်လုံးကို သူသိသည်။

လုယန်နှင့် ယွမ်ကျိ။

ထိုနှစ်ယောက် ဘယ်လိုဖြစ်နိုင်မည်နည်း။

မဟုတ်သေး။ ဒုတိယစမ်းသပ်ပွဲတွင် အတွင်းနတ်ဆိုးယွမ်ကျိပေါ်လာသည်ကို သူမှတ်မိသည်။

ယွမ်ကျိသည် ကုကျဲ့ရဲ့၏အတွင်းနတ်ဆိုးမဟုတ်ဘဲ ဖန်ဝူယာ၏နတ်ဆိုးဖြစ်လျှင်....

ယွမ်ကျိ ဘယ်စွမ်းအားအဆင့်မျိုးရောက်နေ၍ ဖန်ဝူယာ၏အတွင်းနတ်ဆိုး ဖြစ်လာသနည်း။

ထို့ပြန် ဤလုယန်က ဘာကြောင့်ပါလာသနည်း။

ယွမ်ကျိက နိယာမသခင်ကို စဉ်းစားနေခွင့်မပေးဘဲ အခန်းတစ်ခုထဲသို့ ပစ်ထည့်ပြီး အပြင်ဘက်မှလူများ မစူးစမ်းနိုင်အောင် မှော်စက်ဝန်းတစ်ထပ်ကာလိုက်သည်။

"ဟား...ငါ့ဆီကနေ သတင်းနှိုက်ဖို့တော့ စိတ်တောင်မကူးနဲ့"

ယွမ်ကျိက လုယန်ကို လက်ဆုပ်အရိုအသေပြု၍

"အကြီးအကဲနတ်မယ်၊ ဝင်လှုပ်ရှားပေးဖို့ တောင်းဆိုချင်ပါတယ်"

"အမလေး..နောက်ဆုံးတော့ ဒီမသေမျိုးရဲ့အကူအညီလိုလာပြီပေါ့"

ကြောက်စရာစွမ်းအားတစ်ခု ပေါ်လာသည်။ နိယာမသခင် အရိုးထဲထိ စိမ့်တက်သွားသည်။ စိတ်ဝိညာဉ်မှ ပြင်းထန်သည့်ဖိအားကို ခံစားရသည်။ အပြည့်အဝ နှိပ်ကွပ်ခံရသည့် ဖိအားမျိုးဖြစ်သည်။

မသေမျိုး။

အဆင့်ပိုမြင့်သည့်မသေမျိုး။ မသေမျိုးအရယဖလတစ်ခုခုပိုင်ဆိုင်ထားသူ။

နတ်မယ် တခစ်ခစ်ရယ်၍ လုယန်ကိုယ်ထဲမှထွက်လာပြီး နိယာမသခင်၏နဖူးကိုလက်ညှိုးဖြင့်ထောက်လိုက်သည်။

"ငါ့အမိန့်၊ မေးသမျှအားလုံး နင်ဖြေရမယ်။ ဘာအချက်အလက်မှ လျှို့ဝှက်မထားနဲ့"

"ဟုတ်ကဲ့"

နိယာမသခင် အလိုလိုပြန်ဖြေမိသည်။

"အခုနင်မေးလို့ရပြီ"

"ကူညီပေးတာကျေးဇူးတင်ပါတယ် အကြီးအကဲနတ်မယ်"

"ရှင်ဘယ်အဖွဲ့အစည်းကလဲ"

"ယုမဟာမိတ်ကပါ။ ကျုပ်က အဖွဲ့ခေါင်းဆောင်ပါ"

"ဘယ်အချိန်က နိုးထခဲ့တာလဲ"

"ကျုပ်က မသေမျိုးခန္ဓာတစ်ခုပိုင်ဆိုင်တယ်။ ဂူအောင်းအိပ်စက်တာမျိုးလုံးဝမလုပ်ခဲ့ဘူး။ မဟာယုအစောပိုင်းခေတ်ကနေ ဒီနေ့အထိနေထိုင်ခဲ့တာ"

"ဘာလို့ငါတို့ဂိုဏ်းကို တိုက်ခိုက်တာလဲ"

"ယုအင်ပါယာဝူယော်ရဲ့ ရတနာတွေလိုချင်လို့ပါ၊ လုယန်က ဝူယော်ရဲ့မသေမျိုးဓားကိုင်ထားတာမြင်တော့ တာအိုလမ်းစဉ်ဂိုဏ်းမှာ ဝူယော်ရဲ့ တစ်ခြားရတနာတွေလည်းရှိမယ်လို့ ယူဆခဲ့တယ်။

မသေမျိုးရတနာရရင် ကျုပ်စွမ်းအား အများကြီးတိုးလာမယ်။ ဒါကြောင့် ဂိုဏ်းထဲကိုခိုးဝင်ပြီး အတွင်းအပြင်စီးနင်းတိုက်ခိုက်ဖို့ပါ"

ယွမ်ကျိ နည်းနည်းမျက်မှောင်ကျုံ့သွားသည်။ နားမလည်ဖြစ်နေဟန်ရှိသည်။

"ကျွန်မဝူယောက်ကိုသတ်ပြီး သူ့ရတနာအားလုံးယူလိုက်တာကို ရှင်ဘယ်လိုသိတာလဲ"

"ဘာရယ်"

နိယာမသခင် မျက်လုံးပြူးသွားသည်။ စကားစရှာမရတော့။ ကြားလိုက်ရသည့်သတင်းကို မယုံနိုင်တော့။ သူ့ခေါင်းကိုမိုးကြိုးပစ်လိုက်သလို ခံစားရသည်။

ဝူယော်သေပြီပေါ့...

သူ့ကိုသတ်လိုက်တာ မင်းပေါ့...

ဒီအကြောင်းသာသိခဲ့ရင် ငါ့ခေါင်းကိုမြင်းကန်ခံထားရရင်တောင် မင်းတို့ဂိုဏ်းကိုငါမလာဘူးကွ...

*********************************

All Chapters