အမေးနှင့်အဖြေ
Vol. 49 Ch. 733
နိယာမသခင်စိတ်ထဲ ချက်ချင်းမသေမျိုးထဖြစ်ချင်စိတ်ပေါက်သွားသည်။ သက်ရှည်အရိယဖလကိုအသက်သွင်း အချိန်နောက်ပြန်ရစ်ပြီး မနေ့ကအဖြစ်ကို ပြန်သွားချင်သည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့မဝင်ဖို့ အခိုင်အမာဆုံးဖြတ်မည်။
တာအိုလမ်းစဉ်ဂိုဏ်းသည် ဘယ်လိုနေရာကြီးမှန်းမသိ။ နှစ်နှစ်သိန်းကြာအောင် သူအသက်ရှင်နေထိုင်ခဲ့သည်။ မသေမျိုးများအသတ်ခံရသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။
ဝူယော်ကို သတ်နိုင်သည်ဆိုလျှင် ယွမ်ကျိသည် သေချာပေါက်မသေမျိုးဖြစ်ပေလိမ့်မည်။
ထိုအပြင် အမည်မသိမသေမျိုးမိန်းမလည်းရှိသေးသည်။ သက်ရှည်(ထာဝရ)အရိယဖလပိုင်ဆိုင်ထားသည်။
တာအိုလမ်းစဉ်ဂိုဏ်းတွင် မသေမျိုးနှစ်ယောက်ရှိနေသည်။
ထိုအင်အားမျိုးဖြင့် ဘာကြောင့် မသေမျိုးဂိုဏ်းတစ်ခုအဖြစ် နေသနည်း။ ဘာကြောင့်မဟာရှားကို မသိမ်းပိုက်သနည်း။
'မဟာရှားကိုသိမ်းပိုက်ဖို့လား...ဖြစ်နိုင်ခြေရှိတာပဲ'
နတ်မယ် အလေးအနက်စဉ်းစားရင်း မေးစေ့ကိုပွတ်နေသည်။
နိုင်ငံတိုင်းသည် နှစ်တစ်သိန်းသာသက်တမ်းရှည်သည်ဟု ဆိုခဲ့သည်မဟုတ်လော။ ယခု ခေတ်ပြောင်းရမည့်အချိန်မဟုတ်လော။ ခေတ်ကာလရေစီးသတ်မှတ်ချက်အတိုင်း ရှောင်ယွမ်နှင့်ပူးပေါင်း၍ အလယ်ပိုင်းတိုက်နယ်ကိုစုစည်းမည်။ ကိုယ်တိုင်အင်ပါယာဖြစ်လာမည်။
"လုယန်၊ ငါမဟာပဲဝါနိုင်ငံတည်ထောင်မယ်ဆိုရင် နင်ဘယ်လိုသဘောရလဲ။ အဲလိုဆို ငါကပဲဝါအရှင်ဖြစ်လာမယ်"
လက်ချိုးရေတွက်၍ သူ့ဆက်ပြောနေသည်။
"အင်ပါယာအလှည့်ကျလုပ်မယ်ပေါ့။ ရှောင်ယွမ်က ဒုတိယပဲဝါအင်ပါယာလုပ်၊ နင်က တတိယပဲဝါအင်ပါယာပေါ့။ လေးယောက်မြောက်ပဲဝါအင်ပါယာကိုတော့ နင်ခန့်ချင်တဲ့လူကိုခန့်လိုက်"
လုယန် "..."
နတ်မယ်၏ နာမည်ရွေးစွမ်းရည်က ခါတိုင်းလိုပင် နားကလောစရာကောင်းလှသည်။
ကပ်ဖားရပ်ဖားနန်းတွင်းသားလေသံဖြင့် လုယန်က ချီးကျူးလိုက်သည်။
"နတ်မယ်က တကယ်ထူးခြားတာပဲ။ မျိုးရိုးစဉ်ဆက်အုပ်ချုပ်တဲ့ဓလေ့ကိုပစ်ပယ်ပြီး စွမ်းနိုင်သူတွေကို ဦးဆောင်ခိုင်းတယ်။ ဒါဟာ မဟာချန်၊ မဟာယု၊ မဟာရှားနိုင်ငံတွေမှာတောင် လုံးဝမရှိခဲ့တဲ့စနစ်ပါ။
ခင်ဗျားလုပ်ရပ်ကို နောက်ထပ်နှစ်ထောင်ချီကြာတဲ့ထိ လေးစားနေကြလိမ့်မယ်။ ပညာပြည့်စုံပြီး ဉာဏ်အလင်းရတဲ့အင်ပါယာအဖြစ် အနာဂတ်မျိုးဆက်တွေက ရှိခိုးကြလိမ့်မယ်"
"ဒါပေ့ါ၊ ငါကထူးခြားတဲ့လူပဲလေ"
နတ်မယ်က တင်ပါးပေါ်လက်နှစ်ဘက်ထောက်၍ ခေါင်းနည်းနည်းမော့ပြီး ဝင့်ကြွားသည့်ဟန်ပန်ဖြင့်ပြောသည်။
ပလီပလာလုပ်နေသည့်လုယန်နှင့် မြောက်တက်နေသည့်နတ်မယ်ကို ယွမ်ကျိက အရေးမစိုက်ဘဲ နိယာမသခင်ကို ဆက်မေးမြန်းသည်။
"ဝူယော်ရဲ့ ရတနာတွေ တာအိုလမ်းစဉ်ဂိုဏ်းထဲမှာရှိနေတယ်ဆိုရင် ဝူယော်ကိုသတ်နိုင်တဲ့လူလည်း ဒီမှာရှိနိုင်တယ်ဆိုတာကို ရှင်လွယ်လွယ်လေးမှန်းဆနိုင်ခဲ့သင့်ပါတယ်။
ဘာကြောင့် အဲဒီ့ဖြစ်နိုင်ခြေကို မတွေးခဲ့တာလဲ"
"အင်ပါယာဝူယော် ဒီလောကထဲကထွက်သွားပြီလို့ ထင်လို့ပါ။ ဒီအလုံသေတ္တာရဲ့အပြင်ဘက်ကိုပေါ့။ အဲဒါပြီးမှ တာအိုလမ်းစဉ်ဂိုဏ်းကလူတွေက ကျန်ရစ်ခဲ့တဲ့သူ့ပိုင်ဆိုင်မှုတွေကို မထင်မှတ်ဘဲရခဲ့တာလို့ တွေးခဲ့တာ"
"အင်ပါယာယုမှာ ဒီလောကထဲက ထွက်သွားနိုင်တဲ့နည်းလမ်းရှိတယ်ပေါ့"
လုယန် အတော်အံ့အားသင့်သွားသည်။ ဤလောကသေတ္တာသည် ရှေးဟောင်းမသေမျိုးလေးယောက် နောက်ကွယ်မှတရားခံကို ပိတ်လှောင်ဖို့ အတူဖန်တီးထားသည့် အကျဉ်းထောင်ဖြစ်သည်။
ထိုမျှအင်အားကြီးသည့်ရန်သူပင် ထွက်မသွားနိုင်။ ဝူယောက်က ဘယ်လို ထွက်သွားနိုင်သနည်း။
"ရှိလောက်တယ်။ ဒီနှစ်နှစ်သိန်းအတွင်း အင်ပါယာယုနဲ့ အကြိမ်အတော်များများ ကျုပ်တွေ့ခဲ့တယ်။ ကျုပ်ကို သူ့ရဲ့နောက်မျိုးဆက်လို့ သတ်မှတ်ထားတော့ ကျုပ်တို့ကြားမှာ ပဋိပက္ခဖြစ်စရာမရှိဘူး။
သူကကျုပ်ကို အတော်လေးခင်တယ်။ အပြင်လောကကို ထွက်သွားချင်တဲ့သူ့ဆန္ဒကို ပြောပြတယ်။
သူ့အရိယဖလက ဖလှယ်ခြင်းအရိယဖလပါ။ အလှဲအလှယ်လုပ်တာကို အသားပေးတယ်။ သူပိုင်ဆိုင်သမျှအားလုံးကို အလဲအလှယ်လုပ်ဖို့ သုံးနိုင်တယ်။
မဟာယုနိုင်ငံပျက်စီးတာကို သူထိုင်ကြည့်နေခဲ့တာဟာ တမင်ခွင့်ပြုခဲ့တာမဟုတ်ဘဲ တစ်နိုင်ငံလုံးကို စတေး(အလဲအလှယ်)လုပ်ချင်ခဲ့တာလို့ ကျုပ်ယူဆတယ်။ မြန်မြန်ပျက်စီးအောင် သူကူညီကောင်းကူညီခဲ့နိုင်တယ်။
မဟာယုခေတ်ပျက်တဲ့အချိန်မှာ သဘာဝအန္တရာယ်တွေ ကပ်ဆိုးတွေကြောင့် လူတွေဒုက္ခရောက်ခဲ့ရတာတွေဟာ တိုက်ဆိုင်မှုသက်သက်မဖြစ်နိုင်ဘူး။
အရင်ဆုံး မဟာယုနိုင်ငံရဲ့ ကံကြမ္မာကို စတေးတယ်။ ပြီးတော့မှ နိုင်ငံကိုစတေးခဲ့တာ။
ဘယ်လိုပဲဖြစ်ဖြစ် သူ့အစီအစဉ်က အပြင်လောကကို ထွက်သွားနိုင်အောင် မဟာယုနိုင်ငံကို အလဲအလှယ်အဖြစ် စတေးဖို့ပဲ။
အဲဒီကတည်းက အပြင်လောကကို သူထွက်သွားပြီးလို့ ကျုပ်ထင်ခဲ့တယ်။ ဒါပေမယ့် မဟာရှားခေတ်အတွင်းမှာ သူ့ကိုကိုယ်တိုင်မမြင်ခဲ့ပေမယ့် လှုပ်ရှားမှုသဲလွန်စတွေကို နှစ်ကြိမ်တွေ့တယ်။
လွန်ခဲ့တဲ့ ဆယ့်ကိုးနှစ်က ယုပြည်နယ်မှာ ပြင်းထန်တဲ့စွမ်းအင်ရောင်တစ်ခု ရုတ်တရက်ပေါ်လာတယ်။ သေချာပေါက် အင်ပါယာယုရဲ့ စွမ်းအင်ရောင်ပဲ။
စွမ်းအင်ရောင်က ပေါ်ပြီးပြီးခြင်းပျောက်သွားတယ်။ သာမန်အဖြစ်အပျက်နဲ့မတူဘူး။ ဒီတော့ အင်ပါယာယု ဒီလောကထဲကထွက်သွားပြီးလို့ ကျုပ်သုံးသပ်လိုက်တယ်"
"ယုပြည်နယ်"
ယွမ်ကျိ ခေါင်းငြိမ့်သည်။ ရှေးဟောင်းမသေမျိုးနှင့် သူတိုက်ခိုက်ခဲ့သည့်နေရာပင်ဖြစ်သည်။ အခြေအနေက အကြမ်းဖျင်းကိုက်ညီသည်။
"ကျွန်မတိုက်ခိုက်ခဲ့တဲ့လူက တကယ်အင်ပါယာယုဆိုရင် အဲဒီ့တိုက်ပွဲကိုအခွင့်ကောင်းယူပြီး သူ့အရိယဖလကိုစွန့်လွှတ်ခဲ့တာ၊ သူ့ကိုယ်သူစတေးခဲ့တာ၊ အပြင်လောကကို အသေထွက် ထွက်သွားခဲ့တာဖြစ်နိုင်တယ်"
ထိုစဉ်က အသက်ပေါင်းများစွာချိတ်ဆက်ထားသည့်စွမ်းအားဖြစ်သည့် နိုင်ငံ့ကြမ္မာစွမ်းအားကိုညစ်ညမ်းအောင်လုပ်ဖို့ ဝူယော်ကြိုးစားခဲ့သည်။
အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ လောကမှလူတို့၏ ကြောင်းကျိုးကံကြမ္မာကို ထိခိုက်လှုပ်ရှားစေလိမ့်မည်။ အခြေအနေဆိုးဝါးမည့်အရေးကြောင့် ယွမ်ကျိ စွမ်းအားကုန်ထုတ်သုံးခဲ့ရသည်။
တိုက်ပွဲက မြန်မြန်အဆုံးသတ်သွားသည်။ ဝူယော်သေသွားသလား အပြင်လောကသို့ လွတ်မြောက်သွားသလား ယွမ်ကျိသေချာမသိခဲ့။
သို့သော် ဘယ်လိုဖြစ်ဖြစ် မထူးခြားပါ။ ခန့်မှန်းရခက်သည့် အင်ပါယာယုသည် မရှိတော့။
...
'လွန်ခဲ့တဲ့ဆယ့်ကိုးနှစ်ကလား...'
လုယန် လန့်သွားသည်။ ထိုအချိန်သည် သူသေဆုံးပြီးနောက် ဤလောကသို့ ဝိညာဉ်ပြောင်းလာသည့်အချိန်နှင့် ကွက်တိတူနေသည်။
'ဒါဆို ငါ့အတိတ်ဘဝဟာ အပြင်လောကမှာပေါ့'
'ဝူယော်ဆိုတဲ့ခင်ဗျားက ကျုပ်နဲ့နေရာချင်းလဲသွားတာပေါ့'
"ဒါနဲ့နတ်မယ်..နိယာမသခင်က သူ့အရိယဖလသန္ဓေအပေါ်မှာ ဖိအားခံစားရတာရှိမရှိ ကျုပ်မေးလိုက်ရမလား။ အချိန်မသေမျိုး အသက်ရှင်လျက်ရှိမရှိ အတည်ပြုနိုင်ဖို့ပေါ့"
လုယန် တစ်ခြားကိစ္စတစ်ခုကို သတိရလာသည်။
သက်ရှည်အရိယဖလတွင် ထာဝရအရိယဖလနှင့်အချိန်အရိယဖလစွမ်းအားနှစ်မျိုး ပါနေသည်။
နတ်မယ်က နိယာမသခင်ကို အထင်မကြီးဟန်ဖြင့်ကြည့်သည်။
"အလုပ်မဖြစ်နိုင်ဘူး။ သူက သက်ရှည်အရိယဖလသန္ဓေကိုတောင် ကောင်းကောင်းမကျွမ်းကျင်သေးဘူး။
အဆင့်မြင့်အရိယဖလရဲ့ဖိအားကို သူမခံစားနိုင်ဘူး။ ရှေးဟောင်းခေတ်က သက်ရှည်မသေမျိုးခန္ဓာပိုင်ရှင်ဆိုရင်တော့ ခံစားကောင်းခံစားနိုင်မှာပါ။ သူကတော့မဖြစ်နိုင်ဘူး"
"သူက နှစ်နှစ်သိန်းနေထိုင်ခဲ့တာတောင် မကျွမ်းကျင်သေးဘူးပေါ့"
လုယန် အံ့အားသင့်သွားသည်။ နိယာမသခင်သည် နှစ်နှစ်သိန်းသက်တမ်းရှိရုံသာမက။ သက်ရှည်မသေမျိုးခန္ဓာအစွမ်းဖြင့်လည်း ကျင့်စဉ်စွမ်းအားတိုးမြှင့်နိုင်သူဖြစ်သည်။
"ငါပြောခဲ့ပြီပဲ။ အရိယဖလကိုကျွမ်းကျင်ဖို့ဆိုတာ နားလည်နိုင်စွမ်းက အဓိကပဲ။ အချိန်စုစည်းပြီး ကျင့်ကြံရုံနဲ့မရဘူး။ နားလည်နိုင်စွမ်းညံ့ရင် နှစ်တစ်သန်းကြာလည်း မသေမျိုးဖြစ်မလာနိုင်ဘူး"
"ရှေးဟောင်းမသေမျိုးလေးယောက် ဘယ်မှာရှိလဲ ရှင်သိလား"
ယွမ်ကျိက တိုက်ရိုက်မေးသည်။
နိယာမသခင် ခေါင်းခါသည်။
"ကျုပ်မသိဘူး"
"နေပတ်လည်မှာ မသေမျိုးအဆင့်မှော်စက်ဝန်းတစ်ခုရှိတယ်။ အဲဒါကို ဘယ်သူဖန်တီးခဲ့လဲဆိုတာသိလား"
နိယာမသခင် အမူအရာပြောင်းသွားသည်။ သူသိထားကြောင်းသေချာသည်။
"နေပတ်လည်မှာ မသေမျိုးအဆင့်မှော်စက်ဝန်း နှစ်ခုရှိတယ်။ ပထမမှော်စက်ဝန်းကို ရှေးဟောင်းခေတ်အပျက်အစီးတွေပေါ် ဩဇာအသစ်တည်ဆောက်တယ်ဆိုတဲ့ ပထမချန်အင်ပါယာက ချန်ထားခဲ့တာ။
သူက ရည်မှန်းချက်ကြီးတယ်။ ကောင်းကင်က နေနဲ့လတောင် သူ့အပိုင်ပဲလို့ကြွေးကြော်ခဲ့တယ်။ ဘယ်သူမှအနားကပ်ခွင့်မပေးချင်လို့ ဒါကိုဖန်တီးခဲ့တာ။
မဟာချန်ပြိုလဲသွားတော့ ဝူယော်က မဟာယုနိုင်ငံကို တည်ထောင်တယ်။ နေနဲ့လရဲ့စွမ်းအားကို စူးစမ်းဖို့ နေဆီကိုကပ်ဖို့ အကြိမ်ကြိမ်ကြိုးစားတယ်။ ဒါပေမယ့် အင်ပါယာချန်ရဲ့ မှော်စက်ဝန်းကို သူမချိုးဖျက်နိုင်ဘူး။
ဒါကြောင့် ဒေါသထွက်ပြီး မူလချန်အင်ပါယာလည်း နေကိုပိုင်ဆိုင်ခွင့်မရအောင် နောက်ထပ် မသေမျိုးအဆင့်မှော်စက်ဝန်းတစ်ခု တည်ဆောက်ခဲ့တာ"
လုယန် "..."
ခင်ဗျားတို့ နိုင်ငံတည်အင်ပါယာနှစ်ယောက်က ရူးများနေကြသလား...
"မဟာယုခေတ်မှာ မသေမျိုးဘယ်နှယောက်ပေါ်ခဲ့လဲ"
"နှစ်ယောက်ပါ။ တစ်ယောက်က ဝူယော်။ နောက်တစ်ယောက်က နိုင်ငံ့ဆရာ ကွမ်းရှန်ဟိုင်"
"ပထမနိုင်ငံ့ဆရာ ကွမ်းရှန်ဟိုင်လား"
"ဟုတ်တယ်။ သူတို့နှစ်ယောက်လုံး နိုင်ငံတည်ပွဲတော်တွေအတွင်းမှာ မသေမျိုးဖြစ်ကြတာ"
"ကွမ်းရှန်ဟိုင်ရဲ့အရိယဖလက ဘာလဲဆိုတာသိလား"
"မသိဘူး"
"မဟာချန်ခေတ်မှာ မသေမျိုးဘယ်နှစ်ယောက်ပေါ်ခဲ့လဲ"
"ကျုပ်သိတာတော့ နေပတ်လည်မှာ မှော်စက်ဝန်းကာခဲ့တဲ့ ပထမအင်ပါယာချန်တစ်ယောက်ပဲ။ နောက်ထပ် ဘယ်နှစ်ယောက် မသေမျိုးဖြစ်ကြတယ်ဆိုတာ ကျုပ်မသိဘူး"
"နောက်ဆုံးမေးခွန်းတစ်ခုမေးမယ်။ မီး(ချီ)နိုင်ငံခေတ်ဆိုတာကို ရှင်သိလား"
ထိုစကားကြားသည်နှင့် နိယာမသခင် မျက်လုံးပြူးသွားသည်။
*********************************