အခန်း (၆၇၆)
Vol. 49 Ch. 676
"ဘယ်လို ဖြစ်နိုင်မှာလဲ"
နတ်ဆိုးဘုရင်မှာ အကြီးအကျယ်ထိတ်လန့်နေရသည်။
သူ၏ကာယခန္ဓာနှင့်ပက်သက်၍ သူ့ကိုယ်သူ ယုံကြည်မှုအရှိဆုံးပင်။
တစ်ချိန်က ခွင်းလွင်၏ သူတော်စင်လေးဦးထဲမှ တစ်ဦးဖြင့်တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့သည်မှအပ သူ့ဘဝတွင် တခြားသောအရှုံး မရှိခဲ့စဖူး။
ယခုတော့ အနီးကပ်တိုက်ပွဲပုံစံတွင်ပင် တစ်ဖက်ရန်သူက အသာစီးယူနိုင်နေခဲ့လေပြီ။
တစ်ဖက်မှ လုံအော်ထျန်းသည်လည်း လုံးလုံးအသာစီးရနေခြင်းတော့မဟုတ်။ ရံဖန်ရံခါ နတ်ဆိုးဘုရင်၏လက်သီးတစ်ချက်စာမျှ မိလိုက်လျှင်ပင် သူလည်းအတော်လေးဒဏ်ဖြစ်ရသည်။ သို့သော် အလွန်အကြူးတောက်လောင်နေသော ဒေါသမီးကြောင့် နာကျင်မှုကိုလည်း အမှုမထားနိုင်တော့ပြီ။
ဤဒေါသကြောင့် သူ့တိုက်ကွက်များမှာ ပုံမှန်ထက်ပို၍ ကြမ်းတမ်းရက်စက်လာရသည်။
ကောင်းကင်ထက်မှ နဂါးနှစ်ကောင်၏ ကြမ်းတမ်းသောတိုက်ပွဲသည်ကား မရေမတွက်နိုင်သောအကြည့်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
ထိုအခိုက်အတန့်တွင် မိတ်ဆွေဖြစ်စေ ရန်သူဖြစ်စေ အလိုလိုသိနားလည်မှုဖြင့် လက်တစ်ချက်ပင်မလှုပ်ရဲစွာ စောင့်ကြည့်နေခဲ့ကြသည်။
အဘယ့်ကြောင့်ဆိုသော် သောက်ရမ်း စိတ်လှုပ်ရှားစရာကောင်းလှသောကြောင့်။
ဤသို့သော တိုက်ရည်ခိုက်ရည်၊ တောက်ပသော ကျင့်စဥ်ကျင့်ကွက် တစ်ခုမှမပါဝင်သည့် လက်သီးနှင့်အသားထိခတ်ရုံသာ သန့်ရှင်းစွာပါဝင်သည့် အနီးကပ် ကာယအားကိုးလက်ဝှေ့ပွဲသည် ကြည့်ရှုသူပရိတ်သတ်အပေါင်းအား ရင်ခုန်သံပြင်းစွာဖြင့် သွေးများဆူပွက်လာမိစေသည်။
"တာအိုရောင်းရင်းလုံက တကယ်ကိုအစွမ်းထက်တာပဲ။ အဲ့မကောင်းဆိုးဝါးကို သူပဲနှိမ်နင်းနိုင်မှာ" ချင်းလျန်ဓားမသေမျိုးက စိတ်လှုပ်ရှားစွာဆိုသည်။
"နဂါးမျိုးနွယ်တွေထဲ အင်အားအကြီးဆုံး မျိုးရိုးအသန့်ဆုံးဖြစ်တဲ့ ရွှေနဂါးနဲ့ နဂါးနက်ပေါင်း မျိုးဆက်ပဲလေဗျာ။ တိုက်ရည်ခိုက်ရည်ဒီလောက်ကောင်းနေတာ အံ့သြစရာမရှိတော့ပါဘူး" ကောင်းပုလီက သက်ပြင်းချလျက်ဆိုသည်။
"ဟဲဟဲ ခွန်အားတွေအင်အားတွေ အသာထားစမ်းပါဦး။ သူဒီလောက်အားကုန်ထုတ်တိုက်ခိုက်နေတာ ဘယ်သူ့အတွက်များပါလိမ့်"
လီဝူကျယ်က အဓိပ္ပာယ်အပြည့်ပါသောမျက်နှာထားကြီးဖြင့် တစ်ဖက်မှအနီရောင်ပုံရိပ်ကို မျက်စလှမ်းပစ်ကာ ဆိုသည်။
"လီမျိုးရိုး မင်းသောက်ပါးစပ်ကို ပိတ်ထားတာကောင်းမယ်"
ရန်စကားကိုကြားလိုက်ရသော ဟုန်ချန်ယဲ့က လူကိုထွင်းဖောက်တော့မတတ် စူးစိုက်ကြည့်လာကာ အံကြိတ်သံဖြင့်ခြိမ်းခြောက်သည်။
"အေးပါ အေးပါ ဒေါသမထွက်လိုက်ပါနဲ့။ မင်းရဲ့'လုံ'က ငါ့ဆီစာရင်းလာရှင်းမှာလည်း ကြောက်ရသေးတယ္" လီဝူကျယ်က နောက်တစ်လုံးထပ်ပစ်သည်။
ဟုန်ချန်ယဲ့မှာ စက္ကန့်ပိုင်းမျှကြောင်အသွားပြီးမှ နားလည်လိုက်ကာ ဒေါသဖြင့်မေ့လဲလုမတတ် မျက်ဖြူဆိုက်သွားရသည်။
"မင်း စောင့်နေလိုက်၊ ငါကိုယ်တိုင်မင်းကို မီးရှို့သတ်ပစ်မယ်"
"ဆရာသခင်တားတောင် ငါရပ်မှာမဟုတ်ဘူး"
သူ အတည်ကြီး ဒေါသထွက်နေလေပြီ။
သူ့ဘဝတွင် အမှောင်မိုက်ဆုံးသောသမိုင်းကြောင်းမှာ ဤသို့အကြောင်းအရာကြီးဖြစ်လိမ့်မည်ဟု တစ်ခါမှမတွေးစဖူး။
ကောင်းကင်ထက်တွင် တိုက်ပွဲချိန်ကြာလာသည်နှင့်အမျှ နတ်ဆိုးဘုရင်လည်း ပို၍သတိကြီးလာရသည်။
အရှေ့မှ ဤလူ၏ ခွန်အား၊ အရှိန်၊ တုံ့ပြန်မှုများမှာ အမြင့်ဆုံးအဆင့်တွင် ရှိပြီး သူ၏ လှုပ်ရှားမှုများက ဒေါသအရှိန်ဖြင့် ရှုပ်ထွေးနေပုံရသော်ငြား အမှန်တကယ်တွင် ကြမ်းတမ်းမှုများကြား အနုစိတ်သော ရက်စက်မှုနှင့် တိကျသေချာမှုတို့ကို နေရာတကျထည့်သွင်းထား၏။
တိုက်ပွဲ ကြာရှည်လာပါက အခြေအနေသည် ပို၍ ဆိုးရွားလာလိမ့်မည်။
အရေးအကြီးဆုံးမှာ နတ်ဆိုးဧကရာဇ်သည် သူ၏အကူအညီကို လိုအပ်နေဆဲပင်။
"ချီးတဲ့မှ နှလုံးသားနတ်ဆိုးလူအိုနဲ့ပဲ လက်လွှဲထားဖို့ကျန်တော့တယ်။ ဒီဘုရင်ကတော့ ဒီအရူးကို အရင်သတ်ရဦးမယ်"
"ချဲ့ထွင်ခြင်းအရှိန်အဝါ အသက်သွင်း"
မျက်စိတစ်မှိတ်အတွင်း နတ်ဆိုးဘုရင်၏ လည်ပင်းပေါ်ရှိ နဂါးဦးခေါင်းသုံးခုစလုံးသည် သူတို့၏ ကိုယ်စီသရဖူများပေါ်တွင် မတူညီသော အရောင်များဖြင့် အရှိန်အဝါများ တလက်လက်တောက်ပလာလေတော့၏။
အနီရောင်၊ အညိုရောင်နှင့် အစိမ်းရောင်ကိုယ်စီရှိသည်။
အင်အား၊ ကာကွယ်မှုနှင့် မြန်နှုန်းကို ကိုယ်စားပြုကြသည်ပင်။
မကြာမီအချိန်အတွင်း နတ်ဆိုးဘုရင်၏ ခြုံငုံအင်အားမှာ ကျယ်ပြန့်တိုးမြင့်လာခဲ့ကာ ထိုသရဖူများမှ လွှတ်ထုတ်နေသော အရှိန်အဝါများသည်လည်း လုံအော်ထျန်းဆီတည့်တည့် ထိုးတက်သွားခဲ့သည်။
"ဟင်"
ဝင်သက်ထွက်သက် အနည်းငယ်စာမျှအချိန်အတွင်း လုံအော်ထျန်းသည် နှစ်ဆတိုးလာသောဖိအားကို ခံစားလိုက်ရကာ ရုတ်ချည်းလွှမ်းမိုးခံလိုက်ရသည်။
"ဟမ့် ငါမင်းကို ဒီလောက်ဒုက္ခပေးနိုင်လိမ့်မယ် မထင်ခဲ့ဘူး။ ငါဘုရင်ရဲ့လက်ထဲမှသေရတာက မင်းလိုနဂါးမျိုးနွယ်အတွက် အမြင့်မြတ်ဆုံး ဂုဏ်သရေတစ်ခုလို့ သတ်မှတ်လိုက်"
နတ်ဆိုးဘုရင်၏မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြင်းပြနေလျက် လုံအော်ထျန်း၏ရင်ဘတ်ကို အားပါပါတစ်ချက်ရိုက်ချလိုက်သည်။ လုံအော်ထျန်း၏ ရင်ဘတ်တစ်ခုလုံး သွေးများဖြင့် အလူးအလဲပြန့်ကျဲသွားရလျက်။
"အာ့"
လုံအော်ထျန်းသည် အံတင်းတင်းကြိတ်လျက်သားဖြင့် သူ့ဆီလာနေသောလေပြင်းကို ခံစားမိပါသော်ငြား အလိုအလျောက်ပိတ်ဆို့ဖို့ပင် မတတ်နိုင်ခဲ့။ နတ်ဆိုးဘုရင်က အလွန်လျင်မြင်စွာဖြင့် သူ့ကိုချောင်ပိတ်ထားလိုက်ပြီး ဖြစ်သောကြောင့်။
ဘန်း
ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။
လုံအော်ထျန်း သွေးတစ်ပွက်အန်လျက် ခပ်ဝေးဝေးသို့ လွင့်ထွက်သွားသည်။
"ဟဲဟဲ"
နတ်ဆိုးဘုရင်သည် ထိုတိုက်ကွက်တစ်ခုကိုသာ ဆက်တိုက်သုံး၍ လုံအော်ထျန်းကို ညှပ်ပိတ်တိုက်ခိုက်သည်။
အခြေအနေမှာ ဆိုးသည်ထက်ဆိုးလာလေပြီ။ လုံအော်ထျန်းမှာ အသိစိတ်လွတ်သည်အထိ ရိုက်နျက်ခံနေရကာ တစ်ဖက်ရန်သူ၏ လက်ဝါးလေးထဲထည့်ကစားခံနေရသည့်အဖြစ်သို့ ရောက်ရှိလာခဲ့သည်။
"ဒီကောင်ကတော့..."
ကောင်းပုလီတို့လည်း ကြည့်နေရင်း မျက်နှာပျက်ကုန်ကြသည်။
လုံအော်ထျန်းကဲ့သို့ သန်မာအားကောင်းလှသူပင် ရှုပ်ထွေးနတ်ဆိုးဝိညာဥ်ကို အနိုင်မယူနိုင်လောက်ဘူးလား။
"ကောင်လေး ဒီဘုရင်ဆီက သင်ခန်းစာလေးတွေရသွားတော့ ဘယ်လိုခံစားရလဲ"
နတ်ဆိုးဘုရင်သည် ကြောင်ကကြွက်ကိုကစားနေသည့်အလား လုံအော်ထျန်းကို တောက်လျှောက်လှည့်ကစားရင်း မေးနေလိုက်သည်။
လုံအော်ထျန်းမှာတော့ သွေးအလူးလူး အကွဲကွဲအပြဲပြဲဖြင့် ထိုလှောင်ပြောင်စကားက သူ့ကိုပို၍ဒေါသထွက်စေသည်။
သို့သော် တစ်ချိန်တည်းမှာပင် ရန်သူ၏ဟာကွက်ကို သူဖမ်းမိနိုင်ခဲ့လေပြီ။
"ငါကမင်းကို ဒီတိုင်းပဲအရှုံးပေးလိုက်မယ်ထင်တယ်ပေါ့"
ဒေါသတကြီး ဟိန်းဟောက်သံတစ်ချက် ကြားလိုက်ရသည်။
ထိုအခိုက် လုံအော်ထျန်းသည် ရုတ်တရတ် အသွင်ပြောင်းလဲသွားခဲ့ကာ ရွှေရောင်မှိုင်းညို့ညို့ နဂါးကြီးတစ်ကောင်အဖြစ် ခန္ဓာကိုယ်ကိုရစ်ခွေကာ နဂါးဘုရင်အား ပိတ်ဆို့ထားလိုက်သည်။ စပါးကြီးမြွေက သားကောင်ကိုမမျိုမီ ရစ်ပတ်သကဲ့သို့။
"မင်း မင်းဘာလုပ်မလို့လဲ" နတ်ဆိုးဘုရင်သည် မကောင်းသောနိမိတ်ကို ခံစားလိုက်ရပြီး အသည်းအသန်ရုန်းဖို့ပြင်သည်။
သို့သော် သူ့မျက်လုံးများမှ မြင်လိုက်ရသည်မှာ ထိုဧရာမနဂါးကြီး၏ အာခံတွင်းတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းအရှိန်အဝါအပြည့်ဖြင့် နီညိုရောင်အလင်းလုံးကြီးတစ်ခု ဖွဲ့တည်လာခြင်းပင်။
"မဖြစ်နိုင်တာ" နတ်ဆိုးဘုရင်မှာ ဇောချွေးများပင်လှိုက်ထွက်လာတော့၏။
သူ၏ မှော်သုဥ်းနယ်ပယ်အတွင်းတွင်ပင် တစ်ဖက်လူသည် မှော်ကျင့်စဥ်ကို ဆက်သုံးနိုင်နေသေးသည်လော။
"ဟဲဟဲ ဘာလို့လဲဆိုတော့ ဒါက ငါ့ရဲ့သွေးဆက်အမွေခံ မွေးရာပါကျင့်စဥ်ဖြစ်နေလို့လေ"
ထို့နောက် လုံအော်ထျန်း၏မျက်လုံးများသည် ကြမ်းရှတောက်ပလာပြီး ပါးစပ်ကိုဖွင့်ဟလိုက်ရာ နီညိုရောင်စွမ်းအင်လုံးကြီးသည် လှိုင်းအထပ်ထပ်ရိုက်ခတ်လျက်သားဖြင့် နတ်ဆိုးဘုရင်၏ခေါင်းသုံးလုံးထံ ဦးတည်ပြေးထွက်သွားခဲ့တော့၏။