ဧကရီ
Vol. 49 Ch. 677
တစ်ချိန်တည်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲနှစ်ခုကို တစ်ပြိုင်တည်း သုံးသပ်ကြည့်လိုက်ရအောင်။
ယဲ့ကျွင်းလင်သည် နတ်ဆိုးဧကရာဇ် တစ်နည်းအားဖြင့် သူနှင့်အင်အားတူ ယဲ့ကျွင်းလင်ဗားရှင်းအသစ်နှင့် တိုက်ခိုက်နေရဆဲဖြစ်၏။
ဤ စွမ်းအားဖလှယ်တိုက်ခိုက်မှုမှတစ်ဆင့် ယဲ့ကျွင်းလင်သည် သူ၏အားနည်းချက်များကို အဆက်မပြတ် ရှာဖွေတွေ့ရှိကာ ပြုပြင်ခဲ့ပြီး တိုက်ခိုက်ရေးအတွေ့အကြုံကို တဖြည်းဖြည်း တိုးပွားစေခဲ့သည်။
နတ်ဆိုးဧကရာဇ်သည် ခုခံနိုင်နေပုံရသော်လည်း အမှန်တကယ်တွင် သူသည် တိတ်တဆိတ် စိုးရိမ်ပူပန်နေသည်ပင်။
ဘာတွေဖြစ်နေတာလဲ။
နတ်ဆိုးဘုရင်နဲ့ နှလုံးသားနတ်ဆိုးလူအိုတို့က ဘာလို့ရောက်မလာကြသေးတာလဲ။
သိပ်မဟန်တော့ဘူး။
ချွမ်
ဓားရှည်နှစ်လက် ရိုက်ခတ်မိကာ နှစ်ဦသားမျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင်မိချိန်တွင် ယဲ့ကျွင်းလင်သည် သူ့ရှေ့မှ နတ်ဆိုးဧကရာဇ်ကိုစိုက်ကြည့်ကာ လျှာခေါက်သံတစ်ချက်ပေးလျက် ပြောလိုက်သည်။
“မင်း ဒီပုံစံကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲဆိုတာ ငါအရမ်းသိချင်တယ်”
သူ၏ အားနည်းချက်ကို တိုက်ရိုက်ထိမှန်သွားသော မေးခွန်းကြောင့် နတ်ဆိုးဧကရာဇ်မှာ လည်ပင်းအညှစ်ခံလိုက်ရသလို အသက်ရှူကျပ်သွားရပြီး ပြန်အော်လိုက်သည်။
“နောက်ထပ် အနှစ်သုံးရာ တိုက်ခိုက်ရဦးမယ်ဆိုရင်တောင် ဒီအရှင်က ကြောက်မှာမဟုတ်ဘူး”
"ကောင်းပါလေ့ကွာ၊ မင်းသိလား မင်းတစ်ကိုယ်လုံးမှာ အဲ့ပါးစပ်က အမာကျောဆုံးပဲ" ယဲ့ကျွင်းလင်ကပြောသည်။
နတ်ဆိုးဧကရာဇ်: “???”
မင်းစကားက အဓိပ္ပာယ်နှစ်ခွထွက်နေတယ်ကွ
ရုတ်တရက်ဆိုသလို နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်ရှိ မှန်ကဲ့သို့ တောက်ပနေသော အရောင်အဝါသည် တဖြည်းဖြည်း မှိန်ဖျော့သွားသောကြောင့် သူကိုယ်တိုင်လည်း ထိတ်လန့်ပျာယာခတ်သွားရ၏။
ဒီတစ်ကြိမ် ဘာလို့ ဒီလောက်မြန်ရတာလဲ။
ပုံတူကူးခံရတဲ့ကျင့်ကြံသူက အလွန်စွမ်းအားကြီးနေလို့လား။
ဤအချက်ကို တွေးမိသောအခါ နတ်ဆိုးဧကရာဇ်၏ ကျောပြင်တွင် ချွေးအေးများ စီးကျလာပြီး မခံစားရသည်မှာ ကာလကြာရှည်လှပြီဖြစ်သော ကြောက်ရွံ့မှုဟူသည့် ခံစားချက်တစ်ရပ်သည် သူ့စိတ်အစဥ်ကို ဖုံးလွှမ်းသွားလေသည်။
သို့သော် သူ့ကိုယ်သူ စိတ်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး အသံနက်ကြီးဖြင့်ဆိုလိုက်၏။
"တာအိုရောင်းရင်းရေ၊ ဘယ်အထိများဆက်သွားဖို့ စဥ်းစားထားလဲ။ ကျုပ်မေးပါဦးမယ်။ ခင်ဗျားဘာလိုချင်သလဲ အတိအကျပြောကြည့်စမ်းပါ။ ဒီအရှင်လက်ခံနိုင်လောက်တဲ့ အတိုင်းအတာအထိ အကုန်ဖြည့်ဆည်းပေးနိုင်တယ်"
ရန်သူမှ အားနည်းမှုကိုစတင်ထုတ်ဖော်လာချိန်တွင် ယဲ့ကျွင်းလင်လျှာတစ်ချက်ခေါက်ကာ ပြန်ပြောလိုက်သည်။
"အခု မင်းပါးစပ်ကလေးတောင် သိပ်မမာနိုင်တော့ဘူးပဲ"
နတ်ဆိုးဧကရာဇ်: “…”
ဒီလိုအရိုင်းအစိုင်းကို ကောင်းကင်တာအိုက ဘာလို့ပစားပေးထားရတာပါလိမ့်။
အမြင်မရှိလိုက်တာ။
မကြာမီပင် ကြေးမုံကိုယ်ပွားကျင့်စဥ်၏ အကျိုးသက်ရောက်မှု ကုန်ဆုံးပျောက်ကွယ်သွားပြီး နတ်ဆိုးဧကရာဇ်သည် သူ၏ မူလပုံစံသို့ လုံးလုံးလျားလျားပြန်ရောက်သွားသည်။
လက်ရှိအချိန်တွင်မတော့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေရလေပြီ။
ရွှိ
အသွေးအသားတို့ ခုတ်ပိုင်းဆုတ်ဖြဲခံလိုက်ရသည့်အသံကား ကျယ်လောင်လွန်း၍ ပဲ့တင်ထပ်ကျန်ရစ်ခဲ့သည်။
တစ်ဖက်တွင် လူတိုင်း၏ငေးမောကြည့်ရှုဆဲ မြင်ကွင်းတစ်ခုဝယ် အနက်ရောင်နှင့်ရွှေရောင်နှောသော နဂါးတစ်ကောင်သည် မြေပြင်ထက် သွေးအလူးလူးဖြင့်ပြုတ်ကျကာ ထိုနေရာတစ်ဝိုက် လုံးတက်လာသောဖုန်ထုကြီးမှာ မှိုပွင့်ကြီးတစ်ခုအလား။
ပတ်ဝန်းကျင်နေရာသည် မြေငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။
သေသေချာချာ အနီးကပ်ကြည့်လိုက်မည်ဆိုလျှင် ပြတ်လုနီးပါးဖြစ်နေသော နဂါး၏ခါးနေရာကို မြင်နိုင်မည်ဖြစ်ပြီး နဂါးသွေးများသည် ချောင်းငယ်လေးကဲ့သို့ တိုးလျှိုပေါက်စီးဆင်းကာ မြေဧရိယာ မိုင်တစ်ထောင်ခန့်ကို နီရဲစေခဲ့သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ"
လုံအော်ထျန်း၏မျက်နှာသည် နာကျင်မှုဖြင့် သိပ်သည်းပြည့်နှက်နေခဲ့ပြီး အထက်တွင်တည်ရှိနေသေးသော မပြည့်စုံတော့သည့်ခန္ဓာဖြင့် သတ္တဝါ စိတ်ရှုပ်ထွေးစွာ အံ့အားတသင့် မော့ကြည့်လိုက်၏။
ထိုအချိန်တွင် နတ်ဆိုးဘုရင်သည် မည်သို့သော အံ့ဖွယ်နည်းလမ်းဖြင့်မသိ၊ အသက်ရှင်သန်နေသေးသော်လည်း ထူးဆန်းစွာပင် ၎င်း၏ လည်ပင်းပေါ်ရှိ ဦးခေါင်းသုံးလုံးစလုံး လုံးဝ ပြတ်ထွက်သွားခဲ့လေပြီ။
ပြဿနာမှာ ဦးခေါင်းသုံးလုံး မရှိသော်လည်း နတ်ဆိုးဘုရင်သည် အသက်ရှင်နိုင်နေဆဲဖြစ်ပြီး စွမ်းအင်အရှိန်အဝါသည်သာ အတော်လေးထိုးကျသွားခဲ့ရုံဖြစ်၏။
ခေါင်းသုံးလုံး မရှိတော့ချိန်တွင် ၎င်း၏ရင်ဘတ်ပေါ်၌ မျက်လုံးကြီးတစ်လုံး ဒေါင်လိုက်ခွဲထွက်ပေါ်လာပြီး လုံအော်ထျန်းအား အငြှိုးတကြီး စိုက်ကြည့်နေခဲ့သည်။
"ယုတ်မာလိုက်တဲ့ကောင်၊ မင်းဘက်ကအောင်မြင်လုနီးပါးဖြစ်သွားတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာကတော့ ဒီဘုရင်ရဲ့သေကွင်းသေကွက်က ဦးခေါင်းမှာရှိတာမဟုတ်ဘူးလေ"
"မင်း အတွက်အချက်မှားသွားပြီလို့ ဆိုရမှာပေါ့"
နတ်ဆိုးဘုရင်သည် အမှန်တော့ ဖြစ်ပျက်ခဲ့သည့်ကိစ္စများစွာကြောင့် တုန်လှုပ်နေရဆဲပင်။
လုံအော်ထျန်း၏ တိုက်ပွဲစွမ်းရည်သည် သူမငြင်းနိုင်လောက်အောင် ကြောက်စရာကောင်းနေခဲ့သည်။
ထိုတစ်ချိန်က သူရင်ဆိုင်ခဲ့ရသော ခွင်းလွင်ထောက်တိုင် သူတောင်စင်များနှင့်ပင် ယှဥ်နိုင်လောက်သည်။
"အေးကွာ၊ တစ်ချက်လေးလွဲသွားတာ" ကောင်းပုလီက ကြိတ်မနိုင်ခဲမရဆိုသည်။
"ချီးတဲ့မှ၊ သူအားနည်းနေတဲ့အချိန် အခွင့်ကောင်းယူပြီး ဝိုင်းကြိတ်ကြစို့လား"
လီဝူကျယ်က အံတင်းတင်းကြိတ် မာန်သွင်း၍ သူ၏ရောင်းရင်းများကို နတ်ဆိုးဘုရင်အားတိုက်ခိုက်ကြဖို့ အချက်ပြလောဆော်လိုက်သည်။
"မှန်တယ်၊ ဒါကငါတို့အလှည့်ပဲ"
ကျူးကျို့ရှန်းကလည်း အလေးအနက်ထောက်ခံလာကာ အသက်လဲတိုက်ခိုက်ရမည့်အချိန်ရောက်လေပြီဟု ခံစားလာရ၏။
နတ်ဆိုးဘုရင်လည်း ဦးခေါင်းသုံးလုံးအထိဆုံးရှုံးသွားရပြီဖြစ်လေရာ အကြီးမားဆုံးအားသာချက် ပျောက်ကွယ်သွားသည်နှင့် အတူတူပင်။ ဤအချိန်သည် သူတို့ပြန်လည်ပေါင်းစည်းရုန်းကန်ရမည့် အခွင့်အရေးတစ်ခုဖြစ်၏။
"သစ္စာခံများ၊ ဒီဘုရင်အတွက် သူတို့ကိုဖျက်ဆီးလိုက်ကြ"
ပြန်လည်လှုပ်ခတ်လာသော အခြေအနေကိုသတိထားမိသော် နတ်ဆိုးဘုရင်က ချက်ချင်းအမိန့်ပေးလိုက်သည်။
သူစုစည်းတည်ထောင်ခဲ့သော အင်အားစုသည် ဤတစ်ကြိမ်တော့ အထူးတလည်အသုံးဝင်နိုင်တော့မည်။
"ယဇ်ပူဇော်ဝိညာဥ် အမိန့်ပေးနေပြီ။ ကျူးကျော်သူတွေကို သတ်ကြ"
မျောက်ဘီလူးမျိုးနွယ်စုခေါင်းဆောင်က ဟစ်ကြွေးလိုက်သည်။
"အားလုံးကို သတ်ကြ"
အမိန့်တစ်ချက်ပေးလိုက်သည်နှင့် မျိုးနွယ်စုဝင် စစ်သည်များအားလုံး ပြေးထွက်လာကြပြီး ဝိုင်းရံထားသော ကျင့်ကြံသူများကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲဖို့ရာ ဟန်ပြင်ကြတော့သည်။
"တာအိုရောင်းရင်းများ၊ ဒီသားရဲတွေကို သေတဲ့အထိတိုက်ခိုက်လိုက်ကြစို့"
ကျင့်ကြံသူများသည်လည်း အားကုန်ထုတ်ကာ ပြန်လည်တိုက်ခိုက်ကြတော့သည်။
တိုက်ပွဲခေါ်သံများ ပျံ့နှံ့ဖုံးလွှမ်းလျက် မြင်ကွင်းတစ်ခုလုံး ပရမ်းပတာရှုပ်ထွေးသွားခဲ့သည်။
အားနည်းနေပြီဖြစ်သော လုံအော်ထျန်းသည် အလွန်အမင်း မကျေမနပ်ဖြစ်လျက် အံကြိတ်သံဖြင့်ပြောလိုက်သည်။
"ငါအရှုံးမပေးဘူး..."
"ဟမ့် ဒီဘုရင် ဒီလိုပုံစံဖြစ်သွားရတာ အကုန်မင်းကြောင့်ပဲ။ မင်းကိုစားသောက်ပြီး စွမ်းအင်ပြန်ဖြည့်ရမယ်"
ထိုစဥ် နတ်ဆိုးဘုရင်၏ ဗိုက်သည် ပါးစပ်ကျယ်ကြီးအဖြစ် ပွင့်ဟသွားကာ အတောင်ပံများကိုခတ်၍ မလှုပ်ရှားနိုင်တော့သော လုံအော်ထျန်းဆီသို့ ခုန်အုပ်ရန် ပျံဝဲသွားသည်။
အရေးပေါ်အခြေအနေတွင်၊
အဝေးကောင်းကင်တစ်နေရာမှ ရိုးရိုးရှင်းရှင်း ဝတ်စုံဖြူဖြင့် အမျိုးသမီးတစ်ဦးသည် အလင်းတန်းတစ်ခုကိုစီးနင်းကာ ရောက်ရှိလာပြီး လက်တစ်ချက် မြှောက်လိုက်ရုံဖြင့် သူမကို ပိတ်ဆို့ရန် ကြိုးစားသော မျိုးနွယ်စုဝင်စစ်သည် ရာပေါင်းများစွာကို လေထဲ လွင့်ထွက်သွားစေသည်။ သူမ၏ နူးညံ့သိမ်မွေ့သော ကျောက်စိမ်းကဲ့သို့ လက်ဖဝါးတွင် အဆုံးမဲ့စွမ်းအားများ ပါဝင်စီးဆင်းနေခဲ့သည်ပင်။
"နောက်တစ်ယောက် လာပြန်ပြီလား"
နတ်ဆိုးဘုရင် ကြက်သေသေသွားရသည်။
မင်းတို့ဘက်က လူတွေများလှချည်လား။
"ဒါ...ဒါက ယောင်ကွမ်းသူတော်စင်နယ်မြေရဲ့ နတ်သမီးချင်ပဲ"
အလယ်ပိုင်းဒေသမှ ကျင့်ကြံသူတစ်ဦးက သူမကိုမှတ်မိလိုက်ပြီး အော်ဟစ်လိုက်သည်။
"တောင်းပန်ပါတယ်၊ ကျွန်မနောက်ကျသွားတယ်" ချင်ရူရန်က တည်တည်ငြိမ်ငြိမ် ဆိုသည်။
လာသည့်လမ်းတွင် ဓားဆင့်ခေါ်ဂိုဏ်းကိုဝင်ကာ လူကယ်ဆေးကုလုပ်နေခဲ့ရသည့်အပြင် သောင်းချီမသေမျိုးတောင်တန်းဒေသ၏ ကျယ်ပြောလှမှုကြောင့် သူမအရောက်နောက်ကျသွားခဲ့ခြင်းပင်။
"ဓားဆင့်ခေါ်ဂိုဏ်း ကျင့်ကြံသူအပေါင်း၊ ငါနဲ့အတူ တိုက်ခိုက်ကြစို့"
တစ်ချိန်တည်းမှာပင် ကြီးစွာသောအရှိန်အဝါဖြင့် အတူရောက်ရှိလာသည့် အန်းမြောင်ယိသည် ကောင်းကင်ထက်မှဆင်းသက်လာကာ ကပ်ရပ်ပါလာသော ကျင့်ကြံသူတပ်ဖွဲ့တစ်စုဖြင့် မြေပြင်ရှိတိုက်ပွဲဆီသို့ ပူးပေါင်းအားထည့်လာတော့၏။
သူမ၏ဖခင် အန်းကျစ်ကျိုင်းသည် အနောက်မှရပ်ကြည့်ရင်း စိတ်အေးသက်သာသွားသည့်နှယ် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ စိတ်ကစဥ့်ကလျားဖြစ်နေစဥ် ကာလများအတွင်း သမီးငယ်သည် ယခင်ကလို တဇွတ်ထိုးနိုင်၍ မရင့်ကျက်သော ကလေးမလေး မဟုတ်တော့ဘဲ အမှီအခိုကင်းသည့် ခေါင်းဆောင်တစ်ဦးဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့။
နတ်ဆိုးဘုရင်မှာ ဒေါသဖြင့်ပေါက်ကွဲလုနီးပါး။
"ဒီဘုရင်ရဲ့လမ်းကိုပိတ်ရဲတဲ့သူမှန်သမျှ သေကိုသေရစေ့မယ်"
ပြောရင်းဆိုရင်း လုံအော်ထျန်းကို နှစ်ခြမ်းဆွဲဖြဲဖို့ လက်ရွယ်လိုက်သည်။
"နင့်ပြိုင်ဘက်က ငါပဲ"
ချင်ရူရန်သည် လျှပ်တပြက်ဆိုသလို ကြားဖြတ်ဝင်ရောက်လာသည်။ သူမ၏မျက်ခုံးတန်းများက အေးစက်စက်အရိပ်အယောင်တစ်မျိုးဖြင့် နက်မှောင်လျက်ရှိကာ ကိုယ်ရောင်ကိုယ်ဝါသည် လောကကို အုပ်စိုးသော ဧကရီဘုရင်မတစ်ဦးအလား မသိမသာထင်မှတ်ယောင်မိစေ၏။
"ဟာ"
နတ်ဆိုးဘုရင်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိပြီး ရုတ်တရတ် ယောက်ယက်ခတ်သွားရသည်။ သူ့ကိုရင်ဆိုင်လာသော ထိုပုံရိပ်တွင် တစ်ချိန်ကထိုအမျိုးသမီး၏ အရိပ်အယောင်တချို့ကို ပြန်လည်ခံစားမိလိုက်သယောင်။
"ဒီနတ်သမီးက ငါ့အပေါ်ခံစားချက်တွေရှိနေတာလား"
ဒဏ်ရာပြင်းပြင်းရထားပြီး သေလုမြောပါးဖြစ်နေသော လုံအော်ထျန်းသည် ထိုဝတ်စုံဖြူဖြင့် အမျိုးသမီးက သူ့ကိုယ်စား နတ်ဆိုးဘုရင်ကို ပိတ်ဆို့တိုက်ခိုက်ပေးနေသည်အား မြင်သောအခါ လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် ကိုယ်ဟန်ကြောင့် သူပင် ခဏတာမျှ မိန်းမောသွားခဲ့မိသည်။
သို့သော် ချက်ချင်းဆိုသလိုပင် လုံအော်ထျန်းသည် သတိပြန်ဝင်လာဟန် သက်ပြင်းတစ်ချက်ချကာ ရေရွတ်မိ၏။
"စိတ်မကောင်းစွာနဲ့ပဲ ဒီလုံမျိုးရိုးရဲ့နှလုံးသားမှာ တစ်စုံတစ်ယောက်က နေရာယူပြီးသားဖြစ်နေခဲ့ပြီ"