ညီမလေး လုပ်ကွက်မလုနဲ့
Vol. 49 Ch. 678
"မဖြစ်နိုင်ဘူး မင်းက သူမဟုတ်နိုင်ဘူး"
နတ်ဆိုးဘုရင်က အသိစိတ်ပြန်ကပ်သွားသည့်နှယ် ဒေါသတကြီးဟိန်းဟောက်သည်။
"မိန်းမယုတ်၊ ဒီဘုရင်ကိုများ ခြိမ်းခြောက်ရဲသလား။ ငါမင်းကိုသတ်မယ်"
နောက်တစ်စက္ကန့်တွင် သူသည် တောင်ပံများကိုဖြန့်ကားကာ အရှေ့သို့ထိုးတက်ပျံသန်းလိုက်ပြီး လက်မည်းကြီးတစ်ဖက်ကိုဆန့်ထုတ်၍ ချန်ရူရန်ကို ကြမ်းတမ်းစွာဖမ်းဆုပ်ဖို့ ပြင်လိုက်သည်။
ခမ်းနားထည်ဝါသော လေမုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး အမြင့်ပေ ထောင်ပေါင်းများစွာရှိသော တောင်များကို ချိုးဖျက်ပစ်လိုက်သည်။
ချင်ရူရန်၏မျက်နှာအမူအရာကတော့ မပြောင်းမလဲတည်ငြိမ်မြဲသာ။ သူမသည် ကျောက်စိမ်းကဲ့သို့ သွယ်လျဖြူဝင်းသောလက်များကိုမြောက်၍ ရှေ့နောက်လွှဲယမ်းလိုက်ကာ လေးအောင်စခန့်ရှိမည်ဖြစ်သော လက်ဝါးကလေးဖြင့် ပေါင်တစ်ထောင်ကျော်မျှအင်အားကို ထုတ်လွှတ်လိုက်၏။
ချက်ချင်းဆိုသလိုပင် နတ်ဆိုးဘုရင်၏လက်ဝါးအင်အားမှာ ရုတ်ချည်းအားနည်းလျော့ကျသွားကာ လေပြင်းနှင့်လွင့်ပါသွားသည့်အလား အလုံးစုံပျက်ပြယ်သွားရသည်။
"ဘာ"
နတ်ဆိုးဘုရင်သည် အလွန်အမင်းအံ့သြသွားရကာ တစ်ဖက်အမျိုးသမီး၏ အင်အားအတိုင်းအဆကို မယုံနိုင်ဖြစ်သွားရသည်။
"သေစမ်း"
ဒေါသကြီးလာသည်နှင့်အမျှ စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လာပြီး ဆက်လက်တိုက်ခိုက်လေရာ ပစ်လွှတ်သောလက်သီးချက်များမှာ လွန်စွာစွမ်းအားပြည့်ဝသိပ်သည်းလှ၏။ သာမန်မသေမျိုးဧကရာဇ်တစ်ပါးပင် ထိုလက်သီးတစ်ချက်ဖြင့် သေနိုင်လောက်သည်။
အုံး အုံး အုံး
ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော်လည်း ချင်ရူရန်ကတော့ မလှုပ်မခတ် တည်ငြိမ်နေဆဲဖြစ်သည်။ သူမ၏ ပိန်သွယ်သော လက်တံများသည် နူးညံ့သိမ်မွေ့ပုံရသော်လည်း အမှန်တကယ်တွင် စကြဝဠာ၏အင်အားကို ငှားယူတိုက်ခိုက်နေခြင်းပင်။ လှုပ်ရှားမှုအားလုံးသည် အလွန်ကျက်သရေရှိပြီး ကြည့်ရှုသူအဖို့ စိတ်ကျေနပ်ကြည်နူးစရာပင် ကောင်းနေသေးတော့၏။
"မိန်းမယုတ် မကောင်းတဲ့မိန်းမ"
နတ်ဆိုးဘုရင်သည် ဒေါသအလျောက် ရူးသွပ်လုနီးပါးဖြစ်ကာ စိတ်ဓာတ်လည်းကျလာသည်။
တိုက်ပွဲအစမှ ယခုအချိန်အထိ သူပစ်လွှတ်ထားသောလက်သီးချက်များမှာလည်း ဝါဂွမ်းကိုထိုးမိနေသည့်အလား သက်ရောက်မှုမရှိလေသောကြောင့် စိတ်ဓာတ်ကယိုင်နဲ့လာလေပြီ။
တစ်ဖက်မှ စော်ကားဆဲဆိုသံများကို ကြားလိုက်ရချိန် ချင်ရူရန်မျက်မှောင်အနည်းငယ်ကြုတ်သွားသော်ငြား တည်ငြိမ်မှုကိုတော့ မပျက်ပြားစေရ။ အေးဆေးသက်သာစွာပင် သူမ၏အာရုံစူးစိုက်မှုကို အဆုံးထိမြှင့်ထားနိုင်ဆဲဖြစ်သည်။
နတ်ဆိုးဘုရင်သာ အင်အားအပြည့်အခြေအနေတွင် ရှိနေသေးခဲ့ပါက သူမအနေဖြင့် ယှဥ်တိုက်နိုင်လိမ့်မည်မဟုတ်ကြောင်း သူမ ကောင်းစွာသိသည်။ သို့သော် အချိန်ကြာမြင့်စွာ ပင်ပန်းနွမ်းနယ်နေပြီး ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် အခြေအနေအောက်တွင် အရာအားလုံး ဖြစ်နိုင်ချေရှိလာသည်။
အထူးသဖြင့် ယခုအချိန်တွင် သူမသည် ပြန်လည်ရရှိထားသော အတိတ်မှတ်ဉာဏ်များထဲမှ အထူးလက်ဝါးတိုက်ကွက်ကို အသုံးပြုတိုက်ခိုက်နေခြင်းပင်။ ထိုကျင့်စဥ်သည် ကာယခန္ဓာအားသုံးကျင့်ကြံသူများအတွက် အထူးတီထွင်ကျင့်ကြံထားသော ကျင့်စဥ်ဖြစ်ပြီး စကြဝဠာ၏အင်အားကို ငှားရမ်းသုံးစွဲကာ တစ်ဖက်ရန်သူ၏ တောင့်တင်းကြံ့ခိုင်မှုကို ညင်သာနူးညံ့မှုဖြင့် ပြန်လည်ရိုက်ချနိုင်သည့် သက်ရောက်မှုမျိုးရှိသည်။
နတ်ဆိုးဘုရင်၏ အခြေအနေသည် အတိုင်းအတာတစ်ခုအထိ ဆုတ်ယုတ်သွားပြီး ဦးခေါင်းသုံးလုံး ဆုံးရှုံးသွားသော်လည်း မှော်သုဥ်းနယ်ပယ်ကို အားကိုးရာအဖြစ် ပိုင်ဆိုင်ထားသဖြင့် အားသာချက်တစ်ခုကို အပြည့်အဝအသုံးချနိုင်ဆဲဖြစ်ကာ ထိုနယ်ပယ်အတွင်းရှိ ပြိုင်ဘက်အားလုံးကို တိုက်ထုတ်နိုင်ဦးမည်ဖြစ်သည်။
သူ့အတွက် ကံမကောင်းသည်ကား နောက်ထပ်ပေါ်လာသောရန်သူသည် သူ၏အားသာချက်ကို လျစ်လျူရှုနိုင်ပြီး အသာစီးရထားခြင်းပင်။
မကြာလိုက်သောအချိန်အတွင်း ချင်ရူရန်သည် တိုက်ပွဲကိုလက်ဝါးကြီးအုပ်လိုက်နိုင်သည်။ သူမသည် အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး နတ်ဆိုးဘုရင်၏အရှေ့သို့ဝင်တိုးကာ လက်ဝါးထဲသို့ စွမ်းအားအပြည့်စု၍ ခပ်ကြမ်းကြမ်းရိုက်ချလိုက်တော့၏။ လေထဲတွင် ပေါက်ကွဲမှုအကြီးကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
ဘန်း
နတ်ဆိုးဘုရင်သည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား တောင့်ခဲသွားကာ သွေးများအန်ထွက်ကုန်ပြီး သူ့မျက်လုံးများတွင် ဒေါသနှင့်အတူ တုန်လှုပ်မှုတို့ထင်ဟပ်လာသည်။
"နင်ငါ့ကို မနိုင်ပါဘူး" ချင်ရူရန်က အေးစက်စက်ဆိုသည်။
ထိုစကားကိုကြားသော် နတ်ဆိုးဘုရင်သည် ဒေါသဖြင့်ပေါက်ကွဲလေတော့၏။
"အိပ်မက်မက်မနေနဲ့။ ဒီဘုရင်က မင်းလိုမိန်းမလက်ထဲ လုံးဝအသေခံမှာမဟုတ်ဘူး"
ထိုနှစ်ဦးကြားမှ ကြမ်းကြမ်းရမ်းရမ်းတိုက်ပွဲက လူတိုင်း၏အာရုံစိုက်ရာဖြစ်နေခဲ့သည်။
သစ်ပင်ကို စိုက်သူကတစ်ဦး အရိပ်ခိုသူကတစ်ဦး ဟူသည့်ဆိုရိုးစကားကဲ့သို့။ ပထမတိုက်ပွဲမှ အကြီးအကျယ်အားအင်ကုန်ခမ်းခဲ့သော နတ်ဆိုးဘုရင်သည် ချင်ရူရန်ထံမှ အပြတ်အသတ်ဖိနှိပ်ခံနေရလေပြီ။
"အားလုံးပဲ၊ နတ်သမီးချင်ရောက်လာပြီဆိုတော့ ငါတို့သေချာပေါက်နိုင်ပါပြီ"
ကျင့်ကြံသူများ စိတ်အားတက်ကြွလာကာ ယုံကြည်မှုများလည်း တိုးမြင့်လာကြသည်။
"ဒီခေတ်မှာ ပါရမီရှင်တွေ အများကြီးမွေးထုတ်နိုင်ခဲ့တာပဲ"
ကျူးကျို့ရှန်း ရေရွတ်မိသည်။
ရုတ်တရတ် သူသည် ကောင်းပုလီ၏ မူမမှန်သောဟန်အမူအရာကို သတိထားမိလိုက်ပြီး နားမလည်စွာမေးလိုက်သည်။
"အကြီးအကဲ ဘာဖြစ်လို့လဲ"
ထိုအချိန်တွင် ကောင်းပုလီမှာ တစ်စုံတစ်ခုထံမှဖမ်းစားခံနေရသည့်အလား ချင်ရူရန်ကိုစိုက်ငေးကြည့်လျက် တတွတ်တွတ်ရေရွတ်နေခဲ့သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ကောင်းပုလီတစ်ယောက် လက်ရှိအချိန်တွင် ဘယ်လောက်ထိတ်လန့်အံ့သြနေမှန်း ဘယ်သူမှခန့်မှန်းနိုင်မည်မဟုတ်။
အဘယ့်ကြောင့်ဆိုသော် ချင်ရူရန်ထုတ်သုံးလိုက်သော ထိုလက်ဝါးတိုက်ကွက်မှာ သူနှင့် အလွန်တရာရင်းနှီးနေသည်ဟု ခံစားရသောကြောင့်။
စေ့စေ့စပ်စပ်တွေးကြည့်သော် ထိုတိုက်ကွက်မှာ ဧကရီဖူယောင်၏ ထိုက်ယီပါ့ကွားလက်ဝါးနှင့် ရွှင့်ထျန်းခြေလှမ်း ဖြစ်နေခဲ့သည်ပင်။
ဧကရီ၏ သစ္စာခံနောက်တော်ပါတစ်ဦးအနေဖြင့် ကောင်းပုလီသည် သခင်မ,ဖြစ်သူ၏ အတိတ်တစ်ချိန်ကဘုန်းတန်ခိုးကို အစဥ်အမြဲ တမ်းတလွမ်းဆွတ်နေခဲ့ရသည်ပင်။
ရလဒ်အနေဖြင့် နောက်ပိုင်းမျိုးဆက်သစ်ထဲမှ ထူးဆန်းသောအမျိုးသမီးတစ်ဦဂသည် ဧကရီဖူယောင်၏တိုက်ကွက်များကိုအသုံးပြုလျက် ထွက်ပေါ်လာခဲ့သည်။ ထိုအချင်းအရာကား သူ့စိတ်ဝိညာဥ်ကို အဆုံးသတ်လွှမ်းမိုးသွားခဲ့တော့၏။
"ဧကရီဖူယောင်က မရဏမျိုးနွယ်ရဲ့သူတော်စင်တွေနဲ့ စကြဝဠာထဲမှာ အကြိတ်အနယ်တိုက်ခိုက်ခဲ့ရတယ်။ နောက်ဆုံးမှာ အားအင်ကုန်ခမ်းလာတာကို သတိပြုမိတဲ့အခါ သူဟာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖောက်ခွဲလိုက်ဖို့ ရွေးချယ်ခဲ့တယ်။ ဒီအဖြစ်ကိုလည်း ကျင့်ကြံသူအတော်များများကြားသိထားကြပြီး လျှို့ဝှက်ချက်တစ်ခုလို့ မဆိုနိုင်တော့ဘူး"
"အဲ့လိုအခြေအနေတွေပြီးလို့ ခေတ်ကာလများစွာကုန်လွန်ခဲ့တဲ့နောက်မှာ ဧကရီဖူယောင် ဆက်လက်ရှင်သန်နေသေးဖို့ မဖြစ်နိုင်တော့ဘူးလေ"
"ပြန်လည်ဝင်စားမွေးဖွားခြင်းသီအိုရီအရ တွေးကြည့်မယ်ဆိုရင် ပိုပြီးတောင်ဆန်းကြယ်နေသေးတယ်။ နှစ်တွေဘယ်လောက်တောင်ကြာခဲ့ပြီမလို့လဲ။ ဧကရီသာပြန်လည်ဝင်စားခဲ့မယ်ဆိုရင် ဒီအချိန် မသေမျိုးဘုံမှာရှိနေလောက်တာ ကြာရောပေါ့။ ဘယ်လိုလုပ်ပြီး ဒီအဆင့်မှာပဲရှိနေရဦးမှာလဲ"
ကောင်းပုလီ ငြိမ်ငြိမ်လေးကြိတ်တွေးနေရင်း ချင်ရူရန်၏နောက်ခံကို ခွဲခြမ်းစိတ်ဖြာကြည့်မိသည်။
နောက်ဆုံးမှာတော့ တစ်ဖက်လူသည် ဧကရီဖူယောင်ချန်ထားရစ်သော အမွေအနှစ်တစ်ခုခုကို မတော်တဆသိမ်းပိုက်ရရှိနိုင်ခဲ့ခြင်း ဖြစ်ပေမည်ဟုသာ အကျဥ်းချုပ်မှတ်ချက်ချလိုက်သည်။
ပြန်လည်နာလန်ထူနေသော ခွင်းလွင်တွင် ရှေးဟောင်းအမွေအနှစ်များဆိုသည်မှာ အဆန်းတကြယ်ဖြစ်စရာမဟုတ်တော့။
ကောင်းပုလီလည်း ထိုအတွေးဖြင့်သာ စိတ်ရှင်းစေလိုက်သည်။
ထိုသို့ သဘောပေါက်သွားအပြီး ထိုအမျိုးသမီးအား တစ်ဖန်ပြန်ကြည့်လိုက်သော သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုနှင့်အတူ ကြင်နာမှုများပါ ရောယှက်နေခဲ့သည်။
ကျူးကျို့ရှန်းလည်း ဘေးမှအကဲခတ်နေရင်း မျက်နှာထားကထူးဆန်းလာသည်။
"အဟမ်း ကျွန်တော်ဒါကို ပြောသင့်မပြောသင့်တော့ သေချာမသိဘူး"
"ဘာပြောမလို့လဲ"
"အကြီးအကဲ လူတွေနဲ့ခွေးတွေဆိုတာ လျှောက်လှမ်းရတဲ့လမ်းချင်း မတူညီပါဘူး"
"ထွက်သွား ဝေးဝေးသွား ပြန်ကိုမလာနဲ့ ငါ့မျက်စိရှေ့ကိုရောက်မလာနဲ့တော့"
ကောင်းပုလီက ဒေါသတကြီးဆဲဆိုသည်။
"မင်းတို့မြွေမျိုးမှာ ခေါင်းကိုးလုံးရှိတာမဟုတ်ဘူးလား။ အကုန်ချီးတွေနဲ့ပြည့်နေတာလား"
ကျူးကျို့ရှန်းလည်း ယောင်ကန်းကန်းဖြစ်သွားရသည်။
ထို့နောက် ကြိတ်တွေးမိ၏။
"အကြီးအကဲက ရှက်ရမ်းရမ်းနေတာဖြစ်လောက်တယ်"
ထိုအချိန်တွင် နတ်ဆိုးဘုရင်မှာ သွေးစက်စက်ကျသည်အထိ ရိုက်နှက်ခံထားရလေပြီ။
သူ့နှလုံးသားထဲမှ ကြောက်စိတ်ကိုလည်း ဖြေဖျောက်မရတော့။
ဒီအတိုင်းဆက်သွားလျှင် သူတော့ မလွဲမသွေ သေရတော့မည်။
"နတ်ဆိုးဧကရာဇ်၊ အဲ့ဒီဘက်မှာ အခြေအနေဘယ်လိုရှိလဲ။ မင်းအဆင်ပြေရင် ဒီဘုရင်ကိုအမြန်လာကယ်လှည့်ဦး"
ရွေးချယ်စရာမရှိတော့သည့်အဆုံး နတ်ဆိုးဘုရင်သည် အရှက်မဲ့စွာပင် သူ၏ရောင်းရင်းထံ စိတ်ချင်းဆက်သွယ်၍ အကူအညီတောင်းရတော့၏။
သို့သော် တစ်ဖက်ခြမ်းမှာ သေလောက်အောင်တိတ်ဆိတ်နေခဲ့သည်။
ပင်လယ်ကြမ်းပြင်သို့ ငုပ်လျှိုးသွားသော ကျောက်တုံးတစ်တုံးအလား။
"ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ တစ်ယောက်မှ ဒီဘုရင်ကိုစကားမပြန်ကြတာလဲ။ အကုန် သေကုန်ကြတာများလား"
နတ်ဆိုးဘုရင်သည် တစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်းထကာ မကောင်းသောခံစားချက်များ စတင်ပျံ့နှံ့လာသည်။
သူတို့အားလုံးသေကုန်ပြီး ငါ...ငါတစ်ယောက်ပဲ ကျန်ခဲ့တာများလား။
ဒီအတိုင်းသာဆိုရင် သန္ဓေသားဝိညာဥ်ပြောခဲ့တဲ့ ကြောက်စရာအကောင်ကြီးဆိုတာ ဘယ်လောက်များ ကြောက်စရာကောင်းလိုက်လေမလဲ။
ဘုံး
စိတ်လွတ်သွားသည့်အခိုက်တွင် နတ်ဆိုးဘုရင်သည် လက်ဝါးတစ်ချက်စာဖြင့် အမိအရရိုက်ခံလိုက်ရကာ ကြီးစွာသောခန္ဓာကိုယ်သည် အနောက်သို့လွင့်စင်ထွက်သွားလျက် ရာချီသောတောင်တန်းများအား ဖြတ်တိုက်သွားခဲ့ပြီး အပျက်အစီးပုံများထဲ ကျရောက်သွားခဲ့ရသည်။