← Chapters

အခန်း (၆၇၉)

Vol. 49 Ch. 679

အခန်း (၆၇၉)

Vol. 49 Ch. 679

ကောင်းကင်ထက်တွင် ဖုန်လုံးများဖြင့် မှုန်မှိုင်းလျက်။

ချင်ရူရန်သည် ရွှင့်ထျန်းခြေလှမ်းဖြင့် လှမ်းလျှောက်လာပြီး အပေါ်စီးမှငုံ့ကြည့်လိုက်သည်။ ခရင်အနှစ်အလား ဖြူစင်သောအသားအရည်ဖြင့် တဖျပ်ဖျပ်လွင့်နေသော ဝတ်ရုံအနားစလေးကြောင့် ပန်းချီကားထဲမှ နတ်သမီးလေးအလား အစစ်အမှန်ဟုပင် မထင်ရက်စရာရှိ၏။

"အဟွတ် အဟွတ်"

နတ်ဆိုးဘုရင်သည် အဆက်မပြတ်ချောင်းဆိုးနေရင်း သွေးများလည်း တရစပ်အန်ထွက်လျက် သူ့ဘတသက်တမ်း၏ ဆုတ်ယုတ်ကုန်ခမ်းလာမှုကို ကောင်းကောင်းကြီးခံစားမိနေခဲ့သည်။ နှလုံးသားမှ စိတ်ပျက်အားငယ်မှုသည်ကား အဆုံးမရှိ။

တစ်ချိန်က သူ၏ရွှေရောင်နေ့ရက်များအား ပြန်လည်တမ်းတရင်း မိန်းမောနေမိသည်။

ယခုတော့ ဤအခြေအနေသို့ သက်ဆင်းခဲ့ရလေပြီ။

"အဆုံးသတ်ဖို့အချိန်တန်ပြီ"

ချင်ရူရန်သည် လက်ဝါးထက် စွမ်းအားများစုစည်းလျက် အနုစိတ်ကျသောမျက်နှာလေးမှာ စိတ်ပိုင်းဖြတ်မှုကြောင့် နှင်းခဲကဲ့သို့အေးစက်မာ‌ကျောလှစွာဖြင့် သတ်ဖြတ်မှုတစ်ခုအား ပြင်ဆင်လိုက်သည်။

"မလုပ်နဲ့..." နတ်ဆိုးဘုရင်၏ မျက်နှာသည် ဖြူဖျော့နေလျက်။

ချင်ရူရန်၏ လက်ဖဝါးသည် နတ်ဆိုးဘုရင်၏ အသက်ကို အပြီးတိုင် အဆုံးသတ်ရန် အောက်သို့ ဆင်းသက်လုနီးနီးတွင်၊

အဝေးတစ်နေရာမှ စိုးရိမ်တကြီးအော်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။

"ရပ်လိုက်"

ထိုအသံသည် မိုးခြိမ်းလိုက်သည့်အလားကျယ်လောင်ကာ ကြောက်စရာဖိအားကြီးလည်း ပါဝင်နေသေး၏။

"ဘယ်သူလဲ" ချင်ရူရန် တအံ့တသြ လှည့်ကြည့်လိုက်သည်။

နတ်ဆိုးဘုရင်မှာတော့ အပျော်လွန်သွားဟန်ရှိ၏။

"ကောင်းတယ် ဒီဘုရင်ကို လာကယ်ကြပြီပဲ"

ထိုမျှစွမ်းအားကြီးသော အရှိန်အဝါပိုင်ရှင်သည် သူ၏ရောင်းရင်းညီကို နတ်ဆိုးဧကရာဇ်သာဖြစ်ရမည်ဟု တွက်ထားမိသည်ပင်။

သို့သော် အသစ်ရောက်လာသူကို သူအသေအချာမြင်လိုက်ရချိန်တွင်တော့ နေရာတွင်တောင့်ခဲသွားရကာ သံသယအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"နေပါဦး အဲ့ကလေးကဘယ်သူလဲ မြင်လည်းမမြင်ဖူးဘူး"

ရောက်ရှိလာသူမှာ ယဲ့ကျွင်းလင်ဖြစ်သည်။

ယဲ့ကျွင်းလင်မှာ ချင်ရူရန်တစ်ယောက် နတ်ဆိုးဘုရင်ကိုမသတ်မီ အမြန်ပြေးလာခဲ့ရခြင်းပင်။

အခြား ရှုပ်ထွေးနတ်ဆိုးဝိညာဥ်သုံးကောင်ကို ရှင်းထုတ်ခဲ့ရသည်မှာ သူ့အတွက်လွယ်လှသည်မဟုတ်။ တစ်ယောက်တည်းကျန်သည့်အခိုက်အတွင်တော့ သူ၏စနစ်တာဝန်ကို ပြီးပြတ်အောင်လုပ်လိုက်ချင်သည်လေ။

လုပ်ကွက်အလုခံလိုက်ရလျှင် စနစ်ကလည်း သူ့ကိုအဖက်လုပ်မည်မဟုတ်တော့။

ထို့ကြောင့် ဤမျှအလန့်တကြားထအော်လိုက်ရခြင်းပင်။

"ဒီငယ်သားက မဟာမိတ်ခေါင်းဆောင်ယဲ့ကို နှုတ်ခွန်းဆက်သပါတယ်"

ယဲ့ကျွင်းလင်ရောက်အလာကိုမြင်သော် ချင်ရူရန်သည် လျစ်လျူရှုဖို့မရဲစွာ တလေးတစား ဦးညွှတ်နှုတ်ဆက်လိုက်၏။

ထိုလူငယ်၏ စွမ်းဆောင်မှုများကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရဖူးသူများအနေဖြင့် နုနယ်သောမျက်နှာနှင့်မလိုက်ဖက်လှသည့် ကြောက်မက်ဖွယ်အင်အားအကြောင်း သေချာသိထားကြသည်ပင်။

ထို့အပြင် အလယ်ပိုင်းဒေသတွင် သူမအသက်ကို တစ်ခါကယ်ခဲ့ဖူးသောသူလည်းဖြစ်၏။

သင့်လျော်သောယဥ်ကျေးမှုကို လိုက်နာရမည်မှာ သူမတာဝန်ဖြစ်သည်။

"ကောင်းတယ် အချိန်မီရုံလေးပဲ"

ယဲ့ကျွင်းလင်သည် စိတ်မရှည်စွာ သူ၏ဓားရှည်ကို မြှောက်၍ အပျက်အစီးပုံကြားထဲရှိ နတ်ဆိုးဘုရင်ဆီသို့ ထိုးသွင်းလိုက်သည်။

ဓားလေတိုးသံ ရွှီခနဲတစ်ချက်ဖြင့် ဓားဦးက လေဟာနယ်ကို ထိုးခွဲသွားလေသည်။

နတ်ဆိုးဘုရင်လည်း တုန်ခနဲဖြစ်သွားသည်။

မင်းက အခုမှရောက်လာပြီး ငါ့ကိုတန်းသတ်တယ်ပေါ့။

ချက်ချင်းပင် နတ်ဆိုးဘုရင်၏စိတ်ထဲ အတွေးများစွာဖြင့်ရှုပ်ထွေးသွားတော့၏။ ဤလူငယ်လေးသည် သန္ဓေသားဝိညာဥ်ပြောခဲ့ဖူးသော ကြောက်စရာအကောင်ကြီး ဆိုသည့်အရာများဖြစ်လေမလားဟု သူချက်ချင်းတွေးမိလိုက်သည်။

ကျန်မျိုးနွယ်သုံးဦးလည်း ထိုလူထံမှ အသတ်ခံခဲ့ရလောက်ပြီးလေပြီ။

ထိုအချက်ကို နားလည်လိုက်စဥ် နတ်ဆိုးဘုရင်သည် ကူကယ်ရာမဲ့စွာ အော်ဟစ်မိလေတော့၏။

"မလုပ်နဲ့...."

အွတ်

နတ်ဆိုးဘုရင်၏ ရင်ဘတ်သည် ဓားရှည်ဖြင့် ထိုးဖောက်ခံလိုက်ရပြီး အနက်ရောင်သွေးရည်များ အမြောက်အမြား စီးကျလာသည်။ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော ခန္ဓာကိုယ်သည် ပို၍ အေးစက်လာပြီး နောက်ဆုံးတွင် အသက်ရှင်သန်မှုလက္ခဏာများ လုံးဝပျောက်ကွယ်သွားသည်။

"နောက်ဆုံးတော့ ပြီးသွားပြီ"

ယဲ့ကျွင်းလင် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။

ဒီတစ်ခေါက်ပတ်ပြေးရတာ လွယ်တော့မလွယ်ဘူးပဲ။

"မဟာမိတ်ခေါင်းဆောင်ယဲ့ ဒါက..."

ချင်ရူရန်မှာ ကြောင်ကြည့်နေရင်း အသိဝင်လာပြီး နှုတ်ခမ်းနည်းနည်းတွန့်သွားသည်။

အခုလေးတင် စိုးရိမ်တကြီးလှမ်းတားလိုက်တာက ဒီတစ်ယောက်ကို ကြားဝင်သတ်ချင်လို့တဲ့လား။

ယဲ့ကျွင်းလင်က အရှက်မရှိစွာပင် သူမအား ငြင်သာစွာဖြင့် အလေးအနက်ပြောလာသည်။

"အထင်မလွဲပါနဲ့၊ မိန်းကလေးရဲ့ လက်နုနုလေးတွေ နာသွားမှာစိုးလို့ နောက်ဆုံးတစ်ချက်လောက် ဝင်ကူချင်ရုံပါ"

ချင်ရူရန်: “…”

ထိုအကြောင်းပြချက်ဖြင့် သူမမှာ စကားမပြန်နိုင်တော့လောက်အောင် ဆွံ့အသွားရသည်။

ထားလိုက်ပါလေ၊ ဘာအရေးပါတာမှတ်လို့။

"ယဇ်ပူဇော်ဝိညာဥ် သေသွားပြီ"

မျောက်ဘီလူးမျိုးနွယ်စုဝင်များမှာ သူတို့၏ခန္ဓာကိုယ်တွင်းရှိ အမွေခံသွေးဆက်စွမ်းရည်ပျောက်ဆုံးသွားသည်ကို ခံစားမိလိုက်ကြကာ မျှော်လင့်ချက်ကင်းမဲ့သွားကြဟန်ရှိသည်။

မှော်သုဥ်းနယ်ပယ်စွမ်းအား မရှိတော့သဖြင့် ကျင့်ကြံသူများအားလုံး သူတို့၏မှော်ကျင့်စဥ်များကို ပြန်လည်အသုံးပြုနိုင်ကြလေပြီ။

ချက်ချင်းဆိုသလိုပင် ကျင့်ကြံသူများသည် ၎င်းတို့၏ အင်အားအပြည့်အစုံကို ထုတ်လွှတ်လိုက်ပြီး မျောက်ဘီလူးများကို အကုန်အစင် ချေမှုန်းလိုက်သည်။

ယခင်က မှော်ကျင့်စဥ်များအားလုံး ကန့်သတ်ချုပ်နှောင်ခံထားရသဖြင့် ကျားကို အစွယ်နှုတ်ထားသည့်အလား သူတို့၏ သတ်ဖြတ်ရေးလက်နက်ပေါင်းစုံကို ထုတ်သုံးခွင့်မရဖြစ်ခဲ့ရသည်။

ယခုအခါ နတ်ဆိုးဘုရင် သေဆုံးသွားပြီဖြစ်ပြီး မျောက်ဘီလူးမျိုးနွယ်စု၏ အထူးစွမ်းရည်များ အားလုံး ပျောက်ကွယ်သွားပြီဖြစ်ရာ သူတို့လည်း ဆက်ပြီးချုပ်တည်းထားဖို့ရာ မရှိတော့ပေ။

"ချင်ဒီ သက်ရှည်စွမ်းအင်"

အခြေအနေကို မြင်သောအခါ မှိုဘုရင်သည် သူ၏ ကုသရေးကျင့်စဥ်ကို အင်အားအပြည့်အစုံဖြင့် လျင်မြန်စွာ အသက်သွင်းလိုက်သည်။ သူ၏နောက်တွင် အစိမ်းရောင်ကြာပန်းတစ်ပွင့် လှုပ်ယိမ်းပေါ်ထွက်လာပြီး မြစိမ်းရောင် ဆေးစွမ်းအင်အနှစ်သာရ အမြောက်အမြားသည် လှိုင်းလုံးများကဲ့သို့ ပျံ့နှံ့ကာ သူ့ပတ်ဝန်းကျင်ရှိ ဒဏ်ရာရ ကျင့်ကြံသူများကို ကုသပေးသည်။

"မင်းတို့အားလုံး ဒီအရှင့်လက်ထဲသေလိုက်ကြ"

ပြန်လည်ကောင်းမွန်သက်သာလာပြီးသော ဟုန်ချန်ယဲ့သည် ဝုန်းခနဲထရပ်ကာ သူ၏တစ်ကိုယ်လုံး မီးတိုင်းကြီးတစ်တိုင်အဖြစ် ပြောင်းလဲသွားသည်အထိ ကြက်သွေးရောင်မီးတောက်များ အုန်းအုန်းခတ်ထုတ်လွှတ်လာတော့သည်။ မီးနတ်ဘုရားတစ်ပါး၏ အသွင်သဏ္ဌာန်အလား မျက်လုံးသည်လည်း ဒေါသအပြည့်ဖြင့်။

ထို့နောက် မြင်မြင်ကရာမျောက်ဘီလူးများကို ပြာကျသည်အထိမီးထိုင်ရှို့နေလိုက်သည်မှာ အသားတစ်စပင်မကျနစေရ။ သူ၏နှလုံးသားမှ စိတ်ဓာတ်ကျဆင်းမှုနှင့် ဒေါသအမျက်များကို အပြီးတိုင်ဖယ်ရှားရမည်။

"သေ သေ သေစမ်း"

ကျင့်ကြံသူအပေါင်း အင်အားအပြည့်ဖြင့်ထရပ်ကာ အကြိတ်အနယ် လက်စားပြန်ချေကြတော့၏။

မကြာမီပင် သူတို့သည် မျောက်ဘီလူးမျိုးနွယ်စု တစ်စုလုံးကို အပြတ်အသတ် ချေမှုန်းနိုင်ခဲ့သည်။

"အားလုံးပဲကြည့်ကြစမ်း အကြီးအကဲယဲ့ရောက်ပြီ"

ရုတ်တရတ် တစ်ယောက်ယောက်ကအော်လိုက်သည်။

စစ်မြေပြင်မှ အရှေ့ပိုင်းဒေသကျင့်ကြံသူများမှာ ရင်းနှီးနေသော ငွေရောင်ဆံဖြူပုံရိပ်ကို တစ်ဖန်မြင်ရချိန်တွင် စိတ်ခံစားချက်များ လှိုင်းထလာလျက် ဝမ်းမြောက်ဝမ်းသာ အော်ဟစ်အားပေးကုန်ကြ၏။

မရေမတွက်နိုင်သော ကျင့်ကြံသူတို့ အပျော်လွန်၍ငိုယိုကုန်ကြကာ စိတ်လှုပ်ရှားမှုအား ထိန်းချုပ်မရခဲ့။

မြင်ကွင်းသည် နှစ်ပေါင်းများစွာ တောင့်တရည်မျှော်ခဲ့ရသော နတ်ဘုရားကို ဖူးတွေ့လိုက်ရသော ကိုးကွယ်သူများအလား။

"အကြီးအကဲယဲ့ကို ဒီအဘိုးကြီး ဒီတစ်သက်မှာ ထပ်မြင်တွေ့လိုက်ရပါပြီ"

လူအုပ်ထဲမှ အိုးရန်ဖုန့်သည်လည်း ပျော်ပျော်ကြီးတမ်းတငိုကြွေးလေ၏။

"သူလာပြီပဲ"

အန်းမြောင်ယိသည် မျောလွင့်သွားသောစိတ်အစဥ်ဖြင့် တိုးတိုးရေရွတ်မိသည်။

ရွှယ်ဝူဟန်သည် ရှေ့သို့တစ်လှမ်းတိုးလာ အရိုအသေပြုလျက် နှုတ်ဆက်သည်။

"အကြီးအကဲယဲ့ကို နှုတ်ခွန်းဆက်သပါတယ်"

"အကြီးအကဲယဲ့ကို နှုတ်ခွန်းဆက်သပါတယ်"

အရှေ့ပိုင်းဒေသ ကျင့်ကြံသူများအားလုံး လက်သီးဆုပ်ဦးညွှတ်ကာ ကောင်းကင်ကြီးတုန်ခါသွားအောင် အော်ဟစ်နှုတ်ဆက်လိုက်ကြသည်။

"ဒီလူက အရှေ့ပိုင်းဒေသမှာ အကြီးအကဲယဲ့လို့နာမည်တွင်တဲ့ မသေမျိုးမဟာမိတ်အဖွဲ့အစည်းရဲ့ အဓိကခေါင်းဆောင်ပါလား"

ကျူးကျို့ရှန်း တအံ့တသြရေရွတ်မိသည်။

"မဟာမိတ်ခေါင်းဆောင်ယဲ့က ဒီဘက်မှာလည်း နာမည်ကြီးတာပဲလား"

အလယ်ပိုင်းဒေသမှ ကျင့်ကြံသူတစ်ဦးက မြည်တမ်းမိသည်။

"မင်းကလည်း မဟာမိတ်ခေါင်းဆောင်ယဲ့က ခေတ်တစ်ခေတ်လုံးကို ဖိနှိပ်အုပ်စိုးထားနိုင်တဲ့ စွမ်းအားအကြီးဆုံးတည်ရှိမှုပဲလေ" ဘေးကတစ်ယောက်က ဖြည့်စွက်ပြောလာသည်။

"ဆရာသခင်" လီဝူကျယ်က ဓားရှည်ကောက်ကြီးကိုင်လျက် စိတ်အားတက်ကြွစွာပြောသည်။

"နောက်ထပ်ဘယ်သွားကြမလဲ ဆက်တိုက်ကြစို့ဗျာ"

ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းပြလိုက်သည်။

"မလိုတော့ဘူး၊ ငါကျန်တဲ့စခန်းသုံးခုဆီ တစ်ပတ်လှည့်ခဲ့ပြီးပြီ။ သူတို့ဆီက ယဇ်ပူဇော်ဝိညာဥ်တွေလည်း အကုန်သတ်ခဲ့လိုက်ပြီ"

ထိုစကားများအဆုံးတွင် စစ်မြေပြင်တစ်ခုလုံး သောင်းသောင်းဖြဖြ ဆူညံသွားတော့၏။

"ကျန်တဲ့ ရှုပ်ထွေးနတ်ဆိုးဝိညာဥ်တွေ အကုန်သေသွားပြီပေါ့"

ကောင်းပုလီက အံ့သြခြင်းကြီးစွာ ရေရွတ်လာသည်။

တော်တော်လက်သွက်တဲ့ကလေးပဲ။

ပြင်းပြသော ပျော်ရွှင်အော်ဟစ်သံများကြားတွင် ယဲ့ကျွင်းလင်သည် ကြယ်များက လကို ဝန်းရံထားသကဲ့သို့ လူအုပ်ထဲသို့ ဝင်ရောက်သွားသည်။

ထိုအထဲမှ ရင်းနှီးကျွမ်းဝင်နေသောမျက်နှာများက သူ့ကို နွေးထွေးပျော်ရွှင်စေသည်။

"ဆရာတူညီလေးယဲ့ နောက်ဆုံးတော့ပြန်ရောက်လာပြီပဲ"

ဂိုဏ်းချုပ်ရှယိုနျန်က စိတ်လှုပ်ရှားစွာ ပြောလာသည်။

"ဆရာတူမောင်လေးက အရင်လိုခန့်ညားနေတုန်းပဲ"

ထျန်ရှန်းတောင်ထိပ်သခင်မက တလက်လက်တောက်ပနေသောမျက်လုံးများဖြင့် ပါးစပ်ကိုအသာအုပ်၍ တခစ်ခစ်ရယ်ရင်းဆိုသည်။

"အားလုံးအဆင်ပြေကြလို့ ဝမ်းသာပါတယ်" ယဲ့ကျွင်းလင် ပြုံးလျက်ဆိုသည်။

သူ၏ ခန္ဓာကူးပြောင်းရောက်ရှိလာမှုတွင် ပထမဆုံးသောဂိုဏ်းဖြစ်သောကြောင့် သူ့နှလုံးသားထဲ ပထမဆုံးဝင်ရောက်ခဲ့သူများဆိုလျှင်လည်း မမှား။

အချိန်ကာလများစွာကြာပြီးမှ ပြန်လည်နုပျိုသစ်လွင်သွားသလို ခံစားမိရသည်။

ထိုအချိန်တွင် ယဲ့ကျွင်းလင်သည် တစ်ခုခုလိုအပ်နေသေးသလို ခံစားနေရဆဲဖြစ်ကာ ရုတ်တရတ် စနစ်ကိုမေးလိုက်သည်။

"စနစ် ငါ ရှုပ်ထွေးနတ်ဆိုးဝိညာဥ်လေးကောင်လုံးကို သတ်ပြီးပြီလေ။ မင်းဆုကဘယ်မှာလဲ။ မင်းဘာသာပြန်မျိုချလိုက်တာလား"

【တင်၊ ဝူးဝူး စနစ်မှားယွင်းစွပ်စွဲခံရတာပါ။ ဒီစနစ်က ဘာဆိုဘာမှမလုပ်ခဲ့ရသေးပါဘူးနော်။ အခု ပိုင်ရှင်က တာဝန်ကိုအပြီးထိမလုပ်ရသေးတဲ့အတွက် ဘာမှထူးခြားမလာသေးတာပါ။ ဪ ခင်လို့သတိပေးဦးမယ်။ ပစ်မှတ်တွေကို အပြည့်အဝမစုဆောင်းရသေးဘူးနော်】

စနစ်၏ အသိပေးချက် မြည်ဟည်းလာသည်။

ယဲ့ကျွင်းလင်လည်း နေရာတွင်ပင် ကြောင်တက်တက်ရပ်နေမိလိုက်တော့၏။

All Chapters