တိုက်ဆိုင်လိုက်ပုံများ
Vol. 49 Ch. 684
ယွင်ရှန်းမသေမျိုးကျွန်း။
ကောင်းကင်ဥပဒေများ လျှော့ပေါ့ကင်းလွတ်ပေးလာခြင်းကြောင့် ကျွန်းပေါ်ရှိ ဇာတိသားများသည်လည်း သူတို့၏ယခင်ကျင့်ကြံဆင့်များကို ပြန်လည်ရရှိခဲ့ကြပြီးဖြစ်၏။
ထိုကမ္ဘာငယ်လေးဆီ ယဲ့ကျွင်းလင်နောက်တစ်ကြိမ်ဆင်းသက်ရာတွင် ကျွန်းသည် ကြီးကြီးမားမား ပြောင်းလဲသွားခဲ့လေပြီ။
မရေမတွက်နိုင်သော ရှေးဟောင်းအပင်များစွာသည် ပြောင်းလဲတိုးတက်ခြင်းအဆင့်တစ်ခုကို ဖြတ်သန်းခဲ့ရသည့်အလား ယခု ၎င်းတို့၏ သာမန်နွယ်ကြိုးတစ်ချောင်းကပင် ကောင်းကင်မသေမျိုးတစ်ပါးကို သတ်နိုင်လောက်သည့်အခြေအနေတွင်ရှိ၏။
သိပ်သည်းသောတောနက်သည် အန္တရာယ်များစွာဖြင့် ပြည့်နှက်နေလျက် ရံဖန်ရံခါ တရှဲရှဲအသံများကို ကြားလိုက်ရသဖြင့် လှမ်းမျှော်ကြည့်မိပါလျှင် အလွန်စွမ်းအားကြီးသော သားရဲသတ္တဝါကြီးများ ဖြတ်သန်းသွားလာနေသည်ကို မြင်တွေ့ရပေမည်။ ၎င်းတို့၏ သွေးနှင့်ချီးစီးကြောင်းများမှာ အလွန်သန့်စင်အားကောင်းကာ မသေမျိုးဘုရင်တစ်ပါးနှင့်ပင် စစ်ခင်းတိုက်ခိုက်နိုင်ကြသည့် အရည်အချင်းကိုပိုင်ဆိုင်ထား၏။
ယဲ့ကျွင်းလင်သည် ယွင်ရှန်းကျွန်းတစ်ခုလုံး၏ ဝိညာဥ်သွေးကြောဖြင့် ချိတ်ဆက်ထားသော ကျွန်းသခင်ဖြစ်သောကြောင့် ကျွန်း၏ မြေမျက်နှာသွင်ပြင်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ရုံသာမက နေထိုင်သည့် သတ္တဝါများ၏ အရေအတွက်နှင့် အဆင့်အတန်းကိုပါ သိရှိနိုင်သည်။
ထို့ကြောင့် သူ၏လုပ်ပိုင်ခွင့်ကိုသုံးပြီး အကြမ်းဖျင်းမျှစစ်ဆေးကြည့်လိုက်သော် ကျွန်း၏လက်ရှိအခြေအနေအကြောင်း မြန်မြန်ဆန်ဆန်ပင် နားလည်ကျွမ်းကျင်သွားခဲ့သည်။
နားလည်သွားချိန်တွင် အတော်တော့ အံ့အားသင့်သွားရသည်။
အဘယ့်ကြော်င့ဆိုသော် ဤကျွန်းထက်တွင် မျိုးနွယ်စု ဒါဇင်ပေါင်းများစွာ ရှိနေပြီး မျိုးနွယ်စုတစ်ခုချင်းစီ၏ ခေါင်းဆောင်တို့သည် မသေမျိုးဧကရာဇ်အဆင့်တွင် ရှိနေကြ၍ပင်။
ထို့အပြင် ထိုမျှများပြားသိပ်သည်းသော မသေမျိုးဘုရင်အဆင့်သတ္တဝါတို့သည် ၎င်းတို့၏ သတ်မှတ်ထားသောနယ်မြေများအတွင်းသာ အေးအေးချမ်းချမ်းကျင်လည်ကာ တစ်ဦးကိုတစ်ဦး နှောင့်ယှက်ထိပါးခြင်းမပြုကြ။
သူယခင်ကမြင်ခဲ့ရသည်မှာ သမုဒ္ဒရာအလယ် တိမ်မြုပ်နေသောရေခဲတောင်၏ ထိပ်ဖျားအစအနလေးမျှသာဖြစ်ခဲ့၏။
ဤအခြေအနေမှနေ၍ ကောက်ချက်ချနိုင်သည်မှာ ခြံဝင်းငယ်ထဲရှိ သတ္တဝါအုပ်စုသည် ယွင်ရှန်းကျွန်း တစ်ခုလုံး၏ အလုံးစုံ တိုက်ခိုက်ရေးစွမ်းရည်ကို ကိုယ်စားပြုထားသော ပင်မထောက်တိုင်များဖြစ်ကြသည်။
ခြံဝင်းအတွင်းတွင် မသေမျိုးဧကရာဇ်များသာမက မသေမျိုးသူတော်စင်များ သို့တည်းမဟုတ် စကြဝဠာအရှင်များပါ ရှိနေနိုင်သည်။ လက်ရှိ ကောင်းကင်နှင့်ကမ္ဘာမြေ၏ ပတ်ဝန်းကျင်အကန့်အသတ်ကြောင့်သာ နဂိုကျင့်ကြံဆင့်များဆီသို့ ဆက်လက်မတက်လှမ်းနိုင်ကြသေးခြင်း ဖြစ်ပေမည်။
ဖြန့်ကျက်တွေးတောရင်း ယဲ့ကျွင်းလင် သက်ပြင်းချမိသည်။
"ဒီလျိုမျိုးရိုးကတော့ တကယ့်ကို အကြံအစည်ကြီးမားလှပါပေတယ်"
ယွင်ရှန်းကျွန်း၏ သဘောသဘာဝသည် ထိပ်တန်း ကျင့်ကြံရေးအင်အားစုတစ်ခုနှင့် တူညီသည်။ အတွင်းရှိ သတ္တဝါအားလုံးကို ကျွန်းစတင်ဖွဲ့စည်းချိန်ကတည်းက သေချာစွာ ရွေးချယ်ထားပြီး သူတို့အားလုံးသည် ဤကျွန်း၏ လက်ရှိကျွန်းသခင်ကိုသာ သစ္စာစောင့်သိကြသည်။
လျိုဟွမ်းရှုသည် ဤယွင်ရှန်းကျွန်းကို နောင်လာနောက်သားများအား အမွေဆက်ခံစေရန် တမင်တကာချထားပေးခဲ့ခြင်းမှာ ခွင်းလွင်မြေထက်တွင် မသေမျိုးတာအိုစွမ်းအားရှင်မြောက်များစွာ ပေါ်ပေါက်လာစေရန်နှင့် ပြင်ပဂြိုဟ်သားများ ကျူးကျော်လာချိန်တွင် ခုခံတိုက်ခိုက်ပေးဖို့ အင်အားတစ်ရပ် ချန်ထားရစ်ခဲ့ခြင်းသာဖြစ်၏။
မိုးသည်းသည်းရွာချလာမည့်နေ့အတွက် အပင်ပန်းခံ ကြိုတင်ပြင်ဆင်ထားခဲ့သော အစီအစဥ်တစ်ရပ်ပင်။
"ဒါက ယွင်ရှင်းမသေမျိုးကျွန်းရဲ့ အတွင်းပိုင်းပုံစံလား"
လုံအော်ထျန်းမှာ ဟိုကြည့်ဒီကြည့်ဖြင့် အတော်အံ့သြတကြီးဖြစ်နေဟန်။
အပြင်မှကြည့်လျှင် ဘွန်ဆိုင်းပင်ကလေးအလား ထင်ရသောဤပစ္စည်းလေးသည် အတွင်းတွင်တော့ ဂြိုဟ်စုကြီးတစ်လုံးမျှကျယ်ဝန်းနေလိမ့်မည်ဟု မည်သူမှကြိုတင်မခန့်မှန်းမိလောက်။
ဒဏ္ဍာရီလာ မသေမျိုးဧကရာဇ်များပင် ဤမျှတိကျစေ့စပ်သောအဆင့်အထိ ရောက်နိုင်ဖို့ခက်ခဲလောက်မည်ဖြစ်သည်။ အစီအရင်ဖွဲ့စည်းရာတွင် မဟာအဆင့်သို့ တက်လှမ်းထားနိုင်သည့် ဆရာသခင်များသာ ဤမျှကျယ်ပြောသောအတိုင်းအတာကို ဖန်တီးတည်ဆောက်နိုင်မည်ပင်။
ရုတ်တရတ် အဝေးတစ်နေရာမှ သြဇာအပြည့်ဖြင့် မေးခွန်းထုတ်သံတစ်ခုပျံ့လွင့်လာသည်။
"မင်းတို့နှစ်ယောက် ဘယ်ကလာသလဲ။ ဒီဧကရာဇ်ရဲ့နယ်မြေကိုတောင် ကျူးကျော်ဝံ့သတဲ့လား"
ထိုအသံသည် လူများ၏ စိတ်နှလုံးကို တုန်လှုပ်စေသည့် မိုးခြိမ်းသံကဲ့သို့ပင်။
အုံး
နွားသိုးပုံသဏ္ဍာန်ဖြင့် ခြေထောက်တစ်ချောင်းတည်းသာပါရှိသည့် သတ္တဝါဆန်းသည် တစ်ကိုယ်လုံး အပြာရောင်ရှိပြီး နေနှင့်လကဲ့သို့ တောက်ပသောအလင်းကို ထုတ်လွှတ်ကာ ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများဖြင့် ပြည့်နေသော ဦးချိုနှစ်ချောင်းနှင့်အတူ သူတို့ရှေ့တွင် ပြင်းထန်စွာ ဆင်းသက်လာသည်။
အရှိန်အဝါမှာ ထိပ်တန်းမသေမျိုးဧကရာဇ်တစ်ပါးဖြစ်သည်။
"ကွေ့လုံမျိုးနွယ်စု"
လုံအော်ထျန်းက မျက်ခုံးတစ်ဖက်ပင့်ကာ ကွေ့လုံမျိုးနွယ်စုစွမ်းအားရှင်ကို စူးစမ်းသလိုကြည့်သည်။
ထိုမျိုးနွယ်စုမှ သတ္တဝါများမှာ ထူထဲသောအရေပြားရှိရုံမက မွေးရာပါ လျှပ်စီးမိုးကြိုး ထိန်းချုပ်နိုင်စွမ်းရှိသူများဖြစ်ကာ ကြောက်မက်ဖွယ် ဖျက်စီးခြင်းစွမ်းအားကို ထုတ်လွှတ်နိုင်စွမ်းရှိ၏။
"ဪ ငါ့ကိုပြောနေတာလား" ယဲ့ကျွင်းလင်က လက်ဖျောက်တစ်ချက်တီး၍ ပြန်မေးသည်။
ထိုကွေ့လုံမျိုးနွယ်ဝင်သည် အစကတော့ ဒေါသပေါက်ကွဲလုနီးပါး ဖြစ်နေသော်ငြား ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ယင်သွားပြီး နဖူးတွင် ချွေးအေးများစို့လာကာ သူ့မျက်လုံးများတွင် မယုံကြည်နိုင်ခြင်းများ ထင်ဟပ်လာသည်။
ရုတ်တရက် သူ၏ခန္ဓာကိုယ်သည် အလင်းများဖြင့် တောက်ပလာပြီး ဦးခေါင်းတွင် နွားချိုများပါရှိသည့် အပြာရောင်ဝတ်ရုံဝတ် လူအမျိုးသား တစ်ဦးအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ပြီး တုန်ယင်သောအသံဖြင့် ဆိုသည်။
"ဒီငယ်သား လဲ့ချန်းကျူ ကျွန်းသခင်ကိုဂါရဝပြုပါတယ်"
လဲ့ချန်းကျူ၏နှလုံးသားတွင်မူ မုန်တိုင်းတိုက်ခတ်နေသော ပင်လယ်ပြင်အလား လှုပ်ရှားယိမ်းခတ်နေခဲ့သည်။
ယွင်ရှန်းမသေမျိုးကျွန်းတွင် ကျွန်းသခင်အပြောင်းအလဲရှိခဲ့ကြောင်း သူကြားထားပါသော်ငြား ထိုကျွန်းသခင်အသစ်လေးကို တစ်ကြိမ်တစ်ခါမှ မြင်ဖူးခဲ့ခြင်းမရှိပါလေ။
ယခု ယဲ့ကျွင်းလင်၏ လက်ဖျောက်သံတစ်ချက်က သူ့ကိုယ်ထဲရှိ တံဆိပ်ခတ်နှိပ်ခံထားရသော သွေးကြောဝိညာဥ်ကို နှိုးဆွပေးလိုက်သည့်နှယ်ရှိကာ လဲ့ချန်းကျူသည် ချက်ချင်းပင် မျက်စိရှေ့ရှိလူ၏နောက်ခံအား သဘောပေါက်သွားရတော့၏။
"ကျွန်းသခင်"
လုံအော်ထျန်းသည် ထိုစကားလုံးကိုကြားလိုက်ချိန်မှ နံဘေးရှိလူတွင် ထင်ရှားကျော်ကြားမှုနောက်တစ်မျိုး ရှိနေသေးကြောင်း သတိရသွားသည်။
သူအလွန်မနာလိုမိပါသည်။
ဤယွင်ရှန်းမသေမျိုးကျွန်းကို ထိန်းချုပ်အုပ်စိုးထားသူ ကျွန်းသခင်သည် ဘယ်နေရာကိုသွားသွား နောက်ဘက်တွင် ထိပ်တန်းအင်အားစုတစ်ခု ထပ်ကြပ်မကွာ လိုက်ပါနေမည်သာပင်။
ထိုမျှကောင်းမြတ်သော ကံတရားကို မည်သူကမနာလိုဘဲရှိပါမည်နည်း။
ယဲ့ကျွင်းလင်က ပြုံးသည်။
"ငါအစက ဒီနွားသိုးတော့ ကျွန်းသခင်ကိုတောင်မျက်လုံးထဲမထည့်ဘူးလားလို့ ထင်သွားတာ"
ထိုစကားကိုကြားသော် လဲ့ချန်းကျူမှာ ချွေးအေးများဖြင့် တဖန်စိုရွှဲသွားပြန်၏။
"ဒီငယ်သား စုံလုံးကန်းမိတာပါ။ ကျွန်းသခင်ကို ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်"
"ရပါတယ် နောက်များမှသာ သတိလေးထားပေး" ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းပြီး ဆိုသည်။
"ကျွန်းသခင်က စိတ်ထားမြင့်မြတ်လှပါပေတယ်"
လဲ့ချန်းကျူသည် စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်ခစားပြီး သူ၏တင်းကျပ်နေသော စိတ်နှလုံးသည်လည်း နောက်ဆုံးတွင် ပြေလျော့သွားတော့၏။
ကျွန်းသခင်တစ်ပါးအနေဖြင့် သူ့လက်ထဲတွင် ကျွန်းရှိသတ္တဝါအားလုံး၏ သေခြင်းရှင်ခြင်းကို စီရင်ထိန်းချုပ်ပိုင်ခွင့် အပြည့်အဝရှိသည်။
ဤသည်မှာ ပထမကျွန်းသခင်ဖြစ်သော လျိုဟွမ်းရှုမှ တံဆိတ်ခတ်ထားခဲ့သော လုပ်ပိုင်ခွင့်တစ်ရပ်ပင်။
ကျွန်းသခင်အသစ်တစ်ပါး တက်ရောက်လာလျှင် ကျွန်းသခင်ဟောင်း၏ သတ်မှတ်ချက်တိုင်းသည် သူ၏လက်ထဲသို့ အလိုအလျောက်သက်ဆင်းသွားပေမည်။
"ရှောင်လုံ ဆက်သွားမယ်"
ယဲ့ကျွင်းလင်သည် လုံအော်ထျန်းနှင့်အတူ ကောင်းကင်ထက်သို့ပျံတက်ကာ တစ်ဖက်သို့ဦးတည်လိုက်သည်။
"ကြောက်လို့သေတော့မယ်"
ထွက်သွားသောပုံရိပ်များကိုကြည့်ရင်း လဲ့ချန်းကျူမှာ မြေပြင်ပေါ်ပုံလျက်သားလဲကျသွားကာ သူ့နဖူးသူ နာနာလေးပိတ်ရိုက်မိလိုက်တော့၏။
ထို့နောက် သူတို့နှစ်ဦး ခြံဝင်းတစ်ခုအတွင်း ဆင်းသက်ခဲ့ကြသည်။
ထိုခြံဝင်းသည် တောင်ထိပ်တစ်ခုထက်တွင်တည်ရှိကာ အလွန်သမားရိုးကျဆန်ဟန်ရှိသော်ငြား အမှန်တော့ ထိုနေရာသည် ယွင်ရှန်းမသေမျိုးကျွန်းတစ်ခုလုံး၏ အသက်သွေးကြောသာပင်။
ခြံဝင်းထဲရှိ သတ္တဝါတစ်စုသည် ဤကျွန်း၏ အင်အားအကြီးဆုံး တိုက်ခိုက်ရေးသမားများဖြစ်ကြ၏။
ယဲ့ကျွင်းလင် ခြံဝင်းအတွင်းတစ်ဖန်ပြန်ရောက်ချိန်၌ သူ့တွင် ထိုခြံဝင်းကို အထူးတလည်ထိန်းချုပ်နိုင်သော လုပ်ပိုင်ခွင့်တစ်ခု ရထားသည်အား ခံစားမိလိုက်သည်။
အရင်တစ်ချိန်ကလို သူ့လက်ထဲမှလွတ်ထွက်နေသည့် ခံစားချက်မျိုး ပပျောက်သွားလေပြီ။
ကြည့်ရသလောက် သူ၏ မသေမျိုးသူတော်စင်ကျင့်ကြံဆင့်ကြောင့် ဖြစ်ရမည်။
ဝင်းတံခါးကိုတွန်းဖွင့်ကာ ယဲ့ကျွင်းလင် ခြေတစ်လှမ်းဝင်လိုက်သည်။
ဆံပင်ငွေရောင်နှင့်လူငယ်လေးကို မြင်သော် ခြံဝင်းတစ်ခုလုံး သက်ဝင်လှုပ်ရှားသွားခဲ့သည်။ ကြက်ပေါက်စလေးများက စိတ်လှုပ်ရှားစွာ အော်ဟစ်ကုန်ကြ၏။
"ကျွန်းသခင်ပြန်လာပြီ ကျွန်းသခင်ပြန်လာပြီ"
"ကျွန်းသခင်ယဲ့ ပြန်လည်ရောက်ရှိလာမှုအတွက် ဒီအဘွားကြီးဂုဏ်ပြုပါတယ်" ကြက်မကြီးသည် တောင်ပံများကိုတဖျတ်ဖျတ်ခါ၍ ယဲ့ကျွင်းလင်အရှေ့တွင်ဆင်းသက်လာပြီး ဦးညွှတ်ဂါရဝပြုလာသည်။
ထိုမြင်ကွင်းကိုမြင်သော် ယဲ့ကျွင်းလင် တအံ့တသြပြုံးလိုက်မိသည်။
"ငါတော့ မင်းတို့အားလုံးဆက်ဟန်ဆောင်နေကြဦးမယ်ထင်တာ။ အခုတော့ ကျွန်းသခင်တွေဘာတွေတောင် ခေါ်လို့ပါလား"
ထိုစကားကိုကြားသော် ကြက်မကြီးမှာ နည်းနည်းရှက်ကန်းကန်းဖြစ်သွားဟန်ဖြင့် ပြောသည်။
"အရင်က ကျွန်းသခင်ယဲ့ရဲ့ကျင့်ကြံဆင့်က မလုံလောက်သေးတဲ့အတွက် ဖုံးကွယ်ထားခဲ့တာပါ။ အခုတော့ လုပ်ပိုင်ခွင့်လည်း အပြည့်အဝရသွားပြီဆိုတော့ ကျွန်မတို့က ကျွန်းသခင်ကို အပြည့်အဝခစားဖို့ အသင့်ပါပဲရှင်"
"ကျွန်တော်လည်း အတူတူပါပဲခင်ဗျာ" မြည်းကလေးကလည်း ပြုံးပြုံးရွှင်ရွှင်ဆိုသည်။
ယဲ့ကျွင်းလင်က မြည်းကလေးကိုတစ်ချက်ကြည့်ပြီး ခပ်နောက်နောက်ပြုံးသည်။
"ငါကြားထားတာ မင်းအလယ်ပိုင်းဒေသမှာ ထွက်ပြေးသွားသတဲ့ဆို၊ ဘာလို့ဒီပြန်ရောက်နေတာလဲ"
မြည်းကလေးက အလျင်အမြန်ရှင်းပြလာသည်။
"အထင်လွဲတာပါခင်ဗျာ။ အားလုံး အထင်လွဲနေကြတာပါ။ ကျွန်တော်ကဒီတိုင်း ဟိုဟိုဒီဒီ ပတ်စူးစမ်းချင်ရုံလေးပါ။ နောက်ပိုင်းမှာတော့ ပြင်ပလောကကြီး ဘယ်လောက်ကောင်းကောင်း ဒီခြံဝင်းနဲ့မယှဥ်နိုင်ကြောင်း သိလာခဲ့ရလို့ အပြေးပြန်လာခဲ့ရတာပါ။ ဒါကကျွန်တော့်အိမ်ပါပဲဂ
"ကျွန်းသခင်ယဲ့ သူပြောတာတွေမယုံနဲ့။ အဲ့မြည်းအရူးကောင်က အပြင်မှာသေလောက်အောင်ကြောက်ပြီး ဒီကိုအပြေးပြန်လာတာ" ကြက်မအိုကြီးက ဖော်ကောင်လုပ်သည်။
မြည်းကလေးသည် ချက်ချင်းပင် မကျေမနပ်ဖြစ်သွားပြီး ဒေါသတကြီးအော်ဟစ်သည်။ "ဒီမကြက်အိုကြီး၊ ငါ့ကိုလာပြီး သိက္ခာမချနဲ့"
"ရှင်းရှင်းပြောရရင် အဲဒီလူက ငါ့ကြောင့်ကြောက်လန့်ပြီး ထွက်သွားဖို့ ဒူးထောက်တောင်းပန်ခဲ့တာ။ အလယ်ပိုင်းဒေသဟာ ငါ့လို ပုဂ္ဂိုလ်ကြီးကို လက်ခံဖို့ အရမ်းသေးငယ်လွန်းတယ်လို့တောင် ပြောခဲ့သေးတယ်။ ငါလည်း အဲဒီလိုပဲထင်လို့ ဒီခြံဝန်းကို ပြန်လာခဲ့တာပဲ"
ယဲ့ကျွင်းလင် ခေါင်းကိုအသာယမ်းလိုက်မိသည်။ ဤအရေးနှင့် အချိန်ကုန်နေလို့မဖြစ်၊ သူ့တွင် အခြားရည်ရွယ်ချက်တစ်ခု ရှိနေသေးသည်။
"ရှောင်လုံ ဝင်ခဲ့"
"ဟုတ်ကဲ့ မဟာမိတ်ခေါင်းဆောင်ယဲ့"
လုံအော်ထျန်းသည် ခြံဝင်းထဲလမ်းလျှောက်ဝင်လာပြီး မရေရာသောခံစားချက်တစ်ခုဖြင့် ထိတ်လန့်သွားပုံပေါ်သည်။ ဤခြံဝင်းအတွင်းတွင် သူ၏ကျင့်ကြံဆင့်မှာ ဖိနှိပ်ခံလိုက်ရကာ သာမန်လူတစ်ယောက်ဖြစ်သွားသကဲ့သို့ ခံစားရလေ၏။
ကြောက်စရာကောင်းလိုက်တာ။
လုံအော်ထျန်းသည် ခြံဝင်းထဲသို့ရောက်လျှင်ရောက်ချင်း မြည်းဇောင်းဘေးတွင်ရပ်နေသော မြည်းကလေးကို ပထမဆုံးမြင်လိုက်ရသည်။ မြည်းကလေးမှာလည်း လူသစ်အား ရင်းနှီးနေသလိုစူးစမ်းနေခဲ့ပြီး ချက်ချင်းဆိုသလို တောင့်ခဲသွားလေတော့၏။
သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခဲ့မိကြသည်။
လေထုမှာတော့ အတော်လေးကသိကအောက်ဖြစ်ချင်စရာ။