← Chapters

ဆွေမျိုးဆုံစည်းခန်း

Vol. 49 Ch. 685

ဆွေမျိုးဆုံစည်းခန်း

Vol. 49 Ch. 685

"ဪ မင်းကိုး"

လုံအော်ထျန်း၏မျက်နှာက မည်းမှောင်သွားသည်။ ခြံဝင်းထဲမှထွက်လာသောအသံ ရင်းနှီးနေသလိုခံစားရသည်မှာ မဆန်းတော့။

ငါက မင်းဆီကနေ သေလောက်အောင်အရိုက်ခံရပြီး ပြန်သွားပေးဖို့ ဒူးထောက်တောင်းပန်ခဲ့တယ်ပေါ့လေ။ ဒီမြည်းကတော့ ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်ပြောဆိုတဲ့နေရာမှာ အတော်ကျွမ်းတာပဲ။

ထိုနဂါးမျိုးနွယ်စွမ်းအားရှင်၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုများကို ပြန်လည်အမှတ်ရလိုက်ချိန်တွင် မြည်ကလေးမှာ တုန်လှုပ်ချောက်ချားသွားရတော့၏။

ဆယ်ပတ်လည် မသေမျိုးစက်ဝန်းပိုင်ရှင် မသေမျိုးဧကရာဇ်တစ်ပါးဆိုတာ လက်လှမ်းမမီတဲ့ အဆင့်တစ်ခုပဲမဟုတ်လား။

သူ၏အထွတ်အထိပ်ကျင့်ကြံဆင့်ကို ပြန်လည်မရယူနိုင်မချင်း ထိုမသေမျိုးဧကရာဇ်ကို အနိုင်ယူနိုင်ဦးမည်မဟုတ်။

အဆိုးဆုံးမှာ သူလေလုံးထွားနေချိန်မှာ ထိုနဂါးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်းပင်။

တိုက်ဆိုင်လိုက်ပုံများကွာ။

သောက်ရှက်တွေတော့ကွဲပါပြီ။

"နေစမ်းပါဦး ဒါငါ့နေရာပဲကို ဘာလို့ငါကကြောက်နေရဦးမှာလဲ"

မြည်းကလေးသည် အားသာချက်ကို ရုတ်တရတ်သတိရသွားပြီး မာန်ဝင့်နေဟန်ဖြင့် တစ်ချက်ပြုံးလိုက်သည်။

"ကောင်လေး မြည်းသခင်ကိုများ ဘယ်လိုတွေပြောဆိုနေတာလဲ၊ ပညာပေးခံချင်နေတာလား"

ထိုဟန်အမူအရာအားမြင်သော် လုံအော်ထျန်းမှာ သူ့မျက်လုံးများသူပင်မယုံနိုင်။ ထိုသတ္တိကြောင်လှသော အနံ့ဆိုးဆိုးမြည်းကောင်က ရုတ်တရတ်ကြီး လက်ခမောင်းခတ်ပြနေပါကလား။

မတိုင်မီက သူသည် သေလုမျောပါးအရိုက်ခံထားရပြီး လွှတ်ပေးဖို့ ဒူးထောက်၍ပင် တောင်းပန်တိုးလျှိုးခဲ့သေးသည်။ ထို့နောက် သူတစ်ချက်လေးအာရုံလွဲသွားချိန်တွင် ရုတ်တရတ် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းပင်။

သူလည်း မရမကလိုက်ဖမ်းဖို့ လုပ်ခဲ့သည်။

မျှော်လင့်မထားစွာပင် ထိုမြည်းသည် ထွက်ပြေးရာတွင် ထိပ်တန်းအဆင့်ကဲ့သို့ ကျွမ်းကျင်လှလေရာ သူ့လိုစွမ်းအားရှင်တစ်ပါးပင် ခြေရာမကောက်နိုင်သည်အထိ ပျောက်ချင်းမလှပျောက်သွားခဲ့သည်ပင်။

ယခုတော့ မျက်စိရှေ့တွင် နောက်တစ်ဖန်ပေါ်လာပြန်လေပြီ။ သို့သော် အရင်တစ်ခေါက်ကလို ကြောက်ဒူးတုန်နေသည့်ဟန်မဟုတ်တော့ဘဲ ရင်ကော့ခေါင်းမော့လျက် စိန်ခေါ်စကားဆိုနေလေရာ လုံအော်ထျန်းမှာ အတော်လေးစိတ်တိုသွားရ၏။

"မျိုးမစစ်မြည်း၊ တော်တော်ဖင်ယားနေတယ်ဟုတ်လား။ မင်းတော့အရိုက်ခံသင့်နေပြီ"

လုံအော်ထျန်းက စိတ်ဆိုးမာန်ဆိုးဖြင့် ရှေ့ကိုလျှပ်တပြက်တိုးလာပြီး လက်သီးကိုမြှောက်ကာ ထိုးချဟန်ပြင်စဥ် မြည်းကလေးက မထီမဲ့မြင်ဟန်ဖြင့် ခွာကိုမြှောက်လျက် တစ်ချက်ပြင်းပြင်းကန်ထုတ်လိုက်တော့၏။

"အာ့"

လုံအော်ထျန်းမှာ ဝမ်းဗိုက်အလယ်တည့်တည့်ကို ဆောင့်ကန်ခံလိုက်ရပြီး နာကျင်သောအမူအရာဖြင့် နောက်ပြန်ဆုတ်သွားရကာ မြေပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

သူ့မှာ အံ့အားသင့်ရသလို ဒေါသလည်းထွက်မိရ၏။ ထို့အပြင် စွမ်းအားစွမ်းအင်တစ်ခုမှ မထုတ်လွှတ်နိုင်ခြင်းကြောင့် ထိတ်လန့်မိရသည်။

ဤခြံဝင်းအတွင်းတွင် သူသည် သာမန်လူတစ်ယောက်သာဖြစ်နေခဲ့သည်။

"ဟီးဟော် ဟီးဟော် မင်းအရမ်းအံ့သြသွားတယ်မလား။ ဒါကမြည်းသခင်ရဲ့နယ်မြေ၊ မင်းကအပြင်လူပဲ။ သူများအိမ်မှာလာပြီး ‌သောင်းကျန်းချင်တိုင်းသောင်းကျန်းလို့ရမယ် ထင်လား။"

အောင်အောင်မြင်မြင် ခြေတစ်ချက်ကန်လိုက်နိုင်အပြီး မြည်းကလေး၏ယုံကြည်မှုမှာ ထိုးတက်သွားခဲ့ကာ ကြက်ကန်းဆန်အိုးတိုးသွားသော လူရမ်းကားတစ်ဦးကဲ့သို့ ကြွားဝါလို့မဆုံးတော့။

"ချီးတဲ့မှ၊ မင်းအဲ့လောက်သတ္တိရှိနေရင် အပြင်ထွက်ပြီးချကြတာပေါ့"

လုံအော်ထျန်းက ခြံဝင်းအပြင်ကိုပြေးထွက်လိုက်ပြီး အော်ဟစ်စိန်ခေါ်သည်။

"လာလေ လာစမ်းပါ"

မြည်းကလေးက ခြံဝင်းအပြင်သို့ ဖြည်းဖြည်‌လေးထွက်လာပြီး အပြင်ရောက်သည်နှင့် ဆတ်ခနဲပြန်ခုန်ဝင်သွားသည်။ ထို့နောက် ဆတ်ခနဲပြန်ခုန်ထွက်လိုက်ပြန်ကာ ပြောင်စပ်စပ်အကြည့်ဖြင့် ဆိုသေး၏။

"ဟေး ငါအခုအပြင်ရောက်ပြီ၊ ဟေး ငါပြန်ဝင်လိုက်ပြီ၊ ဟေး ငါအပြင်ရောက်ပြီ၊ ဟေး ငါအထဲပြန်ဝင်ပြီ..."

ဤသို့ဖြင့် အရှေ့အနောက် ခုန်ဝင်လိုက် ခုန်ထွက်လိုက် ဆက်လုပ်နေလေသည်။

"အား..."

လုံအော်ထျန်းမှာ မျက်လုံးများနီရဲလာပြီး ဒေါသဖြင့် အငွေ့တထောင်းထောင်း ထွက်ကာ တစ်ကိုယ်လုံး တုန်ယင်နေသည်။

"မင်းဒိုးလိုက်တော့"

မြည်းကလေး၏အပြုအမူကို ယဲ့ကျွင်းလင်ပင် သည်းမခံနိုင်‌တော့ဟန်ဖြင့် အပြင်ကို တစ်ချက်တည်းကန်ထုတ်လိုက်ကာ ခြံဝင်းတံခါးကိုပင် ဂရုတစိုက်စေ့ပိတ်ပေးလိုက်သေး၏။

ခြံဝင်းအပြင် ကန်ထုတ်ခံလိုက်ရသောမြည်းကလေးမှာ မှင်တက်မိနေဆဲ။

အနောက်မှ တင်းတင်းပိတ်ထားသောခြံတံခါးကို သူတောင့်တောင့်ကြီးလှည့်ကြည့်မိပြီး အရှေ့မှ ဒေါသမီးတောက်နေသောလုံအော်ထျန်းကို တောင့်‌တောင့်ကြီးပြန်ကြည့်မိသည်။

သူ့နှလုံးသားထဲတွင် မြင်းပုလေးတစ်အုပ် ဖြတ်ပြေးသွားသကဲ့သို့။

"အဲ ခုနကသက်သက်စနေတာလေ။ ဒီလောက်အရပ်ရှည်ရှည်နဲ့ ချောမောခံ့ညားတဲ့နဂါးမင်းဆိုတော့ စိတ်မဆိုးတတ်လောက်ပါဘူး ဟုတ်တယ်မလား"

"အေး မင်းဘယ်လိုထင်လဲ"

လုံအော်ထျန်း၏အပြုံးသည် တဖြည်းဖြည်း အကြံဆိုးများဖြင့်ပြည့်နှက်လာပြီး ကျေးဇူးမသိတတ်သောမြည်းကောင်ကို ကောင်းကောင်းပညာပေးဖို့ ဆုံးဖြတ်လိုက်သည်။

"‌ဟေ့ ကပ်မလာနဲ့နော် ကျွန်းသခင် ကျွန်တော့်ကိုကယ်ပါဦး"

ခြံဝင်းတံခါးကို ခပ်မြန်မြန်ခေါက်သံများကြားလိုက်ရပြီး ချက်ချင်းတိတ်ဆိတ်သွားတော့သည်။ အပြင်မှမြည်းကလေး ဘယ်လောက်ပယ်ပယ်နယ်နယ် အဆော်ခံနေရမလဲ‌တော့မသိ။

ခြံဝင်းအတွင်းတွင် ယဲ့ကျွင်းလင်မှာမူ ကျန်သတ္တဝါများနှင့် အေးအေးဆေးဆေးစကားစမြည်ဆိုရင်း ခြံဝင်းအကြောင်း ပိုပြီးသိနားလည်အောင် မေးစမ်းနေခဲ့သည်။

"ကျွန်းသခင်မြင်တဲ့အတိုင်းပဲ ကျွန်မတို့အားလုံးက အစောင့်အရှောက်တွေပါ။ ဒီယွင်ရှန်းမသေမျိုးကျွန်းတစ်ခုလုံးမှာ အင်အားအကြီးဆုံး အသိုက်အဝန်းဆိုလည်း မမှားပါဘူး"

ကြက်မကြီးက သေချာရှင်းပြလာသည်။

"ဒါပေမဲ့ ကောင်းကင်တာအိုဥပဒေတွေကြောင့် ကျွန်မတို့ကျင့်ကြံဆင့်တွေ အပြည့်အစုံပြန်မကောင်းနိုင်သေးပါဘူး။ နောက်ပြီး ကျွန်မတို့ ခြံဝင်းအပြင်ထွက်ဖို့ဆို အစ်မလျိုဆီက ခွင့်ပြုချက်ရဖို့ လိုအပ်ပါတယ်"

"အစ်မလျိုဆိုတာက?"

ယဲ့ကျွင်းလင် မျက်ခုံးတစ်ဖက်ပင့်သွားသည်။

အစ်မလျိုဆိုပါလား။ ဒီခြံဝင်းရဲ့ အကြီးအကဲဖြစ်ဟန်တူပါရဲ့။

"ကျွန်မပါ"

အလွန်သာယာကြည်လင်သည့် အမျိုးသမီးသံတစ်ခုက စက္ကန့်မဆိုင်းပင် ဖြေကြားလာသည်။ ထိုအသံသည် ခြံထောင့်ရှိမိုးမခပင်ထံမှ စီးဆင်းလာခြင်းဖြစ်ကာ လူတို့၏စိတ်နှလုံးကို အေးချမ်းငြိမ်သက်သွားစေနိုင်စွမ်းရှိလေသည်။

"တစ်နည်းပြောရရင် မင်းက ဒီခြံဝင်းတစ်ခုလုံးရဲ့ အင်အားအကြီးဆုံးအစောင့်အရှောက်ပေါ့နော်"

ယဲ့ကျွင်းလင်က မြင်နေကျမိုးမခပင်ကို တအံ့တသြမော့ကြည့်လျက်ဆိုသည်။

သူဤခြံဝင်းသို့ စတင်ဝင်ရောက်ကတည်းက မိုးမခပင်သည် အမြဲတစေ ငြိမ်သက်တိတ်ဆိတ်လျက်ရှိသောကြောင့် သူသည်လည်း အမှုမဲ့အမှတ်မဲ့ သတိမပြုမိခဲ့ခြင်းပင်။

"ကျွန်းသခင်ယဲ့ရဲ့ လက်ရှိကျင့်ကြံဆင့်ကြောင့် ကျွန်မလည်း တကယ်ကိုအံ့သြသွားခဲ့ရပါတယ်။ ဒီလိုတိုးတက်မှုအမြန်နှုန်းမျိုးက မကြုံစဖူးပါပဲ"

"ဒါ့အပြင် ကျွန်းသခင်က ကောင်းကင်တာအိုဥပဒေတွေကိုတောင် လျစ်လျူရှုပြီး မသေမျိုးသူတော်စင်အဆင့်ထိ တက်လှမ်းနိုင်ခဲ့တဲ့အတွက် ကောင်းကင်တာအိုရဲ့ ဒဏ္ဍာရီလာ ချစ်သားမျက်ရှုဆိုတာ သေချာနေပါပြီ။ ယွင်ရှန်းမသေမျိုးကျွန်းကို အမွေဆက်ခံနိုင်ခဲ့ပြီး ဒုတိယမြောက်ကျွန်းသခင်ဖြစ်လာတာ အံ့သြစရာမရှိတော့ပါဘူးရှင်"

ထိုစကားကိုပြောချိန်တွင် မိုးမခပင်၏ အမြဲတစေတည်ငြိမ်သောလေသံသည်ပင် အနည်းငယ်လှုပ်ခတ်လျက်။

"ကောင်းကင်တာအိုရဲ့ ချစ်သားမျက်ရှု တဲ့လား"

ယဲ့ကျွင်းလင်၏ မျက်နှာအမူအရာက ထူးဆန်းနေဟန်ရှိသည်။ တစ်ဖက်လူမှာ တစ်ခုခုကိုနားလည်မှုလွဲထားပြီဖြစ်ကြောင်း သူခံစားမိနေသည်။

သို့သော် အရေးမကြီးပါက ရှင်းပြနေစရာမလိုပါချေ။

"ကျွန်းသခင်ယဲ့၊ အနာဂတ်မှာ စကြဝဠာအရှင်နေရာကို တက်လှမ်းနိုင်ခဲ့ရင် ယွင်ရှန်းမသေမျိုးကျွန်းရဲ့ လုပ်ဆောင်ချက်တွေအားလုံး ရှင့်အတွက်ဖွင့်လှစ်ပေးကြမှာဖြစ်ပြီး ဒီမှော်ရတနာရဲ့ စွမ်းအားအစုံအလင်ကို အပြည့်အဝအသုံးပြုနိုင်မှာပါ"

မိုးမခပင်က လျှို့ဝှက်ချက်တစ်ခုကို ထုတ်ပြောလာသည်။

"အဲ့သလိုလား"

ယဲ့ကျွင်းလင်လည်း စိတ်ဝင်စားသွားသည်။ ဒီကျွန်းမှာ ကစားစရာအသစ်လေးတွေ ကျန်နေသေးတာလား။

မိုက်တယ်ကွာ၊ အဲ့နေ့ကိုမြန်မြန်ရောက်ချင်ပြီ။

ထိုစဥ် သူတစ်ခုခုကိုသတိရသွားဟန်ဖြင့် ကန်ထဲမှရွှေငါးအုပ်စုကိုကြည့်ကာ အဓိပ္ပာယ်ပါပါမေးလိုက်သည်။

"ငါထင်တာမမှားဘူးဆိုရင် မင်းတို့က တစ်ချိန်ကပြည်နှင်ဒဏ်ခံခဲ့ရတဲ့ ရွှေနဂါးမျိုးနွယ်စုဝင်တွေမဟုတ်လား"

ထိုစကားကိုကြားသော် ကန်ရေမျက်နှာပြင်ထက် ပူဖောင်းများပွတက်လာအောင်မှုတ်နေသော ရွှေငါးကြင်းအုပ်စုသည် ရုတ်တရတ်ကြောင်အသွားကာ မျက်လုံးပြူးဝိုင်းဝိုင်းများဖြင့် ယဲ့ကျွင်းလင်အား မယုံနိုင်စွာငေးကြည့်နေကြသည်။

"အိုက်ယား ကျွန်းသခင်ယဲ့က ဒီရှက်စရာကောင်းလှတဲ့သမိုင်းကြောင်းအထိ သိနေလိမ့်မယ်ထင်မထားခဲ့ဘူး"

မုတ်ဆိတ်မွေးရှည်ရှည်ဖြင့် ငါးကြင်းအိုကြီးတစ်ကောင်က အရှေ့သို့ကူးခတ်လာပြီး သက်ပြင်းချလျက်ဆိုသည်။

"မှန်ပါတယ်ခင်ဗျာ။ အဲ့ဒီတစ်ချိန်တုန်းက ကျုပ်သမီးမိုက်ကျူးလွန်လိုက်တဲ့ အမှားကြီးတစ်ခုကြောင့် ကျုပ်တို့ရွှေနဂါးမျိုးနွယ်တစ်ခုလုံး မျက်နှာထားစရာမရှိလောက်အောင် အရှက်ကွဲရပြီးအဆုံး နှင်ထုတ်ခံလိုက်ရတာပါပဲ။ အကြီးအကဲလျိုကာကွယ်ပေးထားလို့သာ ဒီနေ့ဒီအချိန်ထိ ဆက်ရှင်သန်နေနိုင်တာပါ"

ထိုငါးကြင်းအိုကြီးမှာ တစ်ချိန်က ရွှေနဂါးမျိုးနွယ်စု၏ မဟာအကြီးအကဲဖြစ်ပေ၏။

သူ၏သမီးမိုက်ဆိုသူမှာ လုံအော်ထျန်း၏ မွေးသမိခင်ပင်။

ယဲ့ကျွင်းလင်က ခေါင်းတညိတ်ညိတ်ဖြင့် စဥ်းစားနေသည်။

"ဟုတ်သားပဲ၊ ခဏနေဦး"

ထို့နောက် ခြံဝင်းတံခါးကို ချက်ချင်းထဖွင့်လိုက်ရာ အရိုက်ခံရ၍ ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော မြည်းကလေးတစ်ကောင်သည် အော်ဟစ်ငိုယိုကာ ပြေးဝင်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားလျက် လေကို အမောတကောရှူရှိုက်နေသည်။

"နောက်ဆုံးတော့ နောက်ဆုံးတော့အသက်ရှင်ခဲ့ပြီ"

မြည်းကလေးက မျက်ရည်တတောက်တောက်စီးကျလျက်သားဖြင့် ပြောလေသည်။

"ဟမ့် မင်းကံကောင်းသွားတယ်မှတ်ပါ"

လုံအော်ထျန်းက ကြိမ်းသည်။

သူယခုအချိန် ဒဏ်ရာပြင်းထန်စွာရထားပြီး စွမ်းအားတစ်ဝက်လောက်သာထုတ်နိုင်သောကြောင့် တစ်ဖက်လူ ဤမျှအထိနာရုံသာရှိသည်။ မဟုတ်ပါက ဒီ့ထက်ပိုဆိုးအောင် ရိုက်နှက်မိလိမ့်မည်။

"ကျစ် ကျစ်၊ ဒီမြည်းမိုက် အခုတော့ ပြစ်ဒဏ်ခံရပြီပေါ့။ လေလုံးထွားခဲ့တဲ့အကျိုးဆက်ပဲလေ"

ကြက်မအိုကြီးက ဝမ်းမြောက်ဝမ်းသာဟန်ဖြင့် လှောင်ပြောင်သည်။

"ကြက်အိုမကြီး မင်းကိုတစ်နေ့ကျ စွပ်ပြုတ်လုပ်သောက်ပစ်မယ်" မြည်းကလေးက ‌ဒေါသတကြီးပြန်ပက်သည်။

စကားမဆုံးမီမှာပင် ခပ်ပြင်းပြင်း တစ်ချက်ဆိတ်ခံလိုက်ရသဖြင့် မြေပြင်ပေါ်တွင် ထပ်ခါတလဲလဲ အော်ဟစ်ငိုယိုရပြန်သည်။

ထိုအဖြစ်သနစ်ကို ယဲ့ကျွင်းလင်စိတ်ပျက်လက်ပျက်ကြည့်ရင်း ဖျန်ဖြေရသည်။

"ဟုတ်ပြီ အားလုံးပဲတော်ကြတော့"

ကျွန်းသခင်၏အမိန့်ကြောင့် ခြံဝင်းတစ်ခုလုံး တိတ်ကျသွားခဲ့သည်။

"ရှောင်လုံ ဒီကိုလာပြီး သူတို့ကိုတစ်ချက်ကြည့်ကြည့်စမ်း"

ယဲ့ကျွင်းလင်က လုံအော်ထျန်းကိုခေါ်ပြီး ကန်ကိုလက်ညှိုးထိုးပြသည်။

လုံအော်ထျန်းလည်း နဝေတိမ်တောင်ဖြင့် ကန်အနားသို့လျှောက်လာသည်။ ရွှေရောင်ငါးကြင်းအုပ်ကြီးကိုမြင်သော် ချက်ချင်းပင် မိုးကြိုးအပစ်ခံလိုက်ရသည့်အလား တစ်ခေါင်းလုံးမူးဝေသွားခဲ့ရ၏။

အဘယ့်ကြောင့်ဆိုသော် သူ့မျက်လုံးများတွင် ပုံပေါ်လာသည်ကား ရွှေရောင်ငါးကြင်းတစ်အုပ်မဟုတ်ပါဘဲ ကောင်းကင်ကိုးထပ်အမြင့်တွင်ပျံသန်းနေသော လက်ငါးချောင်းပါ ရွှေရောင်နဂါးတစ်အုပ် ဖြစ်နေသောကြောင့်ပင်။

လုံအော်ထျန်းတစ်ယောက် မွေးရာပါမောက်မာနေသော အဓိကအကြောင်းရင်းမှာ သူသည် နဂါးမျိုးနွယ်ဝင်တစ်ဦးဖြစ်သောကြောင့်ပင်။

ရွှေနဂါးမျိုးနွယ်တွင် လက်ငါးချောင်းပါ ရွှေနဂါးများ၏ အဆင့်အတန်း မည်မျှမြင့်မားသည်ကိုလည်း သူ သိထားသည်။ ၎င်းတို့ကို အစွမ်းအထက်ဆုံး မျိုးနွယ်စု၊ နဂါးမျိုးနွယ်၏ ခေါင်းဆောင်အဖြစ် လူသိများသည်။

သို့သော် ဤသာမန်ဟုထင်ရသော ရေကန်တွင် အမြင့်မြတ်ဆုံး လက်ငါးချောင်းပါ ရွှေနဂါးများ ပါဝင်သည်ကို သူ လုံးဝမမျှော်လင့်ခဲ့မိပေ။

နားလည်နိုင်စွမ်းတို့ ချာချာလည်သွားသလို ခံစားရသည်။

"ကလေးရေ မင်းကိုယ်ထဲက သွေးရိုးသွေးဆက်က ဘာလို့ဒီလောက်ရင်းနှီးနေတာပါလိမ့်။ မင်းက မဟုတ်မှ ငါ့ရဲ့... ငါ့ရဲ့..."

ခေါင်းဆောင် ငါးကြင်းအိုသည် တစ်စုံတစ်ခုကို သိရှိသွားသည့်အလား လုံအော်ထျန်းကို မယုံကြည်နိုင်စွာ ကြည့်ကာ ရုတ်တရက် အော်ဟစ်လိုက်သည်။

"ငါ့မြေးလေး"

All Chapters