← Chapters

အခန်း (၆၇၄)

Vol. 49 Ch. 674

အခန်း (၆၇၄)

Vol. 49 Ch. 674

အားခွင်း၏မျက်လုံးများသည် ရွှေရောင်အလင်းဖြင့် ပေါက်ကွဲတော့မတတ်လင်းလက်နေကာ ကိုယ်တွင်းရှိ သွေးနှင့်ချီစီးကြောင်းများက ပွက်ပွက်ဆူနေခဲ့သည်။ ထို့နောက် ခေါင်းပေါ်မှလက်ဝါးရာကြီးအား အမှန်တကယ်ပင် ခါထုတ်ပစ်လိုက်နိုင်ခဲ့ကာ လေးမှလွှတ်လိုက်သောမြှားတစ်စင်းအလား နတ်ဆိုးဘုရင်ဆီ လှစ်ခနဲဦးတည်ပျံသန်းသွားသည်။

"ရုပ်ဆိုး မကောင်းဆိုးဝါးကောင်၊ သခင်လေးခွင်းရဲ့လက်သီးတစ်ချက်ကို မြည်းကြည့်လိုက်"

ချက်ချင်းဆိုသလိုပင် သိပ်သည်းသောလက်သီးအားများသည် မိုးသည်းသည်းရွာချသည့်အလား နတ်ဆိုးဘုရင်အပေါ်သို့ တဖွားဖွားကျဲချလာခဲ့တော့၏။

လက်သီးတစ်ချက်စီတိုင်းတွင် အင်အားအပြည့်ပါရှိသည်။

"ခေါင်းမာလိုက်လေ"

နတ်ဆိုးဘုရင်က ဟမ့်ခနဲတစ်ချက်ရယ်ကာ သူ၏ထက်ရှသောနဂါးလက်သည်းများဖြင့် လေဟာနယ်ကိုဆုတ်ဖြဲ၍ သူ့ထံကြဲပေါက်ချလာသောလက်သီးများအား တားဆီးကာရံထားလိုက်သည်။ ထို့နောက် သူ၏ယှဥ်ဘက်မရှိသော ကာယခန္ဓာအားဖြင့် အားခွင်းဆီသို့ ဥက္ကာခဲကြီးတစ်လုံးအလား တိုက်ရိုက်ပစ်ဝင်လိုက်တော့လေ၏။

ဘန်း

အားခွင်း သွေးတစ်ပွက်အန်ထွက်သွားပြီး ကြိုးပြတ်သွားသောစွန်ငယ်အလား ဖုတ်ခနဲလွင့်စင်ကျလာခဲ့သည်။

လီဝူကျယ်က အမြန်ပြေးထွက်လာပြီး သွေးစက်များစွန်းထင်းပေကျံနေသော လူငယ်လေးအား ဆီးဖမ်းလိုက်ကာ စိုးရိမ်တကြီးမေးသည်။

"အားခွင်း ဘယ်လိုနေလဲ"

"ဒီအရှင်ခွင်းတော့ ကြာကြာခံနိုင်တော့မယ်မထင်ဘူး..."

အားခွင်း၏မျက်နှာလေးမှာ ဖြူဖျော့ကျန်ရစ်ကာ ဒဏ်ရာများမှာလည်း အတော်လေးပြင်းထန်နေခဲ့သည်။

တစ်ဖက်မှ နတ်ဆိုးဘုရင်သည် နောက်ဆုံးတွင်တော့ မသေမျိုးဧကရာဇ်တစ်ပါးသာဖြစ်လေရာ ဤသို့ နတ်ဘုရားသားရဲ ခွင်းဖန်း၏ အဆုံးမရှိသောအလားအလာဖြင့် သန့်စင်ပါသည့် သွေးဆက်သားငယ်လေးသည်ပင် ကျင့်ကြံဆင့်အားနည်းနိမ့်ကျမှုကြောင့် ကာယအားချင်းမယှဥ်နိုင်ခဲ့။

တိုက်ပွဲအစမှအဆုံးအထိ ထိုနဂါးဘုရင်၏ကိုယ်ထက်မှ အကြေးခွံတစ်ချပ်ပင် မပဲ့ကြွေခဲ့ပါလေ။

"ပွဲပြီးပြီ"

သူတို့အားလုံး၏ နှလုံးသားများမှာ စိတ်ပျက်အားငယ်ခြင်းဖြင့်ပြည့်နှက်လျက် မျက်နှာများလည်း ညို့မှိုင်းနေခဲ့ကြသည်။

"မင်းတို့အဖွဲ့က သန္ဓေသားဝိညာဥ်ပြောခဲ့တဲ့ ကြောက်စရာအကောင်ကြီးတော့မဟုတ်ဘူးပဲ။ တခြားတစ်ယောက် ရှိနေသေးလောက်တယ်"

နတ်ဆိုးဘုရင်က မထီမဲ့မြင်ဆိုလိုက်သည်။

ဤတပ်ဖွဲ့ရောက်လာခါစက သူအလွန်အမင်းသတိထားခဲ့ရသော်ငြား နောက်ဆုံးတော့ မာန်ကြွနေသောအုပ်စုတစ်စုထက်မပို။

ရုတ်တရတ်ဆိုသလိုပင် နတ်ဆိုးဘုရင်သည် နတ်ဆိုးဧကရာဇ်ထံမှ သတင်းစကားတစ်ခုရလိုက်သည်။

"မင်းတို့နှစ်ယောက် မြန်မြန်လာခဲ့ကြဦး။ ဒီဧကရာဇ်က သန္ဓေသားဝိညာဥ်ကိုသတ်ခဲ့တဲ့တရားခံနဲ့ တိုက်ခိုက်နေရတာ။ သူ့အင်အားက မသေးဘူး။ မင်းတို့အကူအညီကို လိုအပ်နေပြီ"

ထိုစကားကိုကြားသော် နတ်ဆိုးဘုရင်၏မျက်လုံးများမှာ ကြမ်းတမ်းစူးရှလာပြီး နှလုံးသားတွင် ဒေါသလှိုင်းလုံးများထကြွလာသည်။

ထို ကြောက်စရာအကောင်ကြီး ဆိုသည်ကား ထပ်ပေါ်လာပြန်လေပြီ။

ထို့အပြင် သူတို့ထဲမှ အင်အားအကြီးဆုံးဖြစ်သော နတ်ဆိုးဧကရာဇ်သည်ပင် မနိုင်တော့ကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံကာ စစ်ကူတောင်းလာရလေပြီ။

ရှုပ်ထွေးနတ်ဆိုးဝိညာဥ်လေးပါးတွင် အင်အားအရာ နံပါတ်၂ချိတ်သူတစ်ဦးအနေဖြင့် နတ်ဆိုးဘုရင်သည် သူ့ညီအစ်ကို၏စွမ်းအားကို ကောင်းကောင်းသိထား၏။

ပြဿနာမှာ ထိုသို့သော သူ့အထက်နေရာမှတည်ရှိမှုတစ်ခုသည်ပင် ကိုင်တွယ်ဖြေရှင်းဖို့အခက်တွေ့နေရသော ထိုကြောက်စရာကျင့်ကြံသူသည် မည်မျှပင်အင်အားကြီးလိုက်လေမည်နည်း သူမမှန်းဆတတ်ခြင်းပင်။

"ငါအမြန်သွားပြီးကူဖို့လိုတယ်"

အတွေးများစွာဖြင့် ရှုပ်ထွေးသွားပြီးတစ်ခဏ နတ်ဆိုးဘုရင်၏စိတ်ထဲ သတ်ဖြတ်ချင်စိတ်များသာ ပြည့်လျှံလာသည်။

နဂါးခေါင်းသုံးလုံးက ကြမ်းကြုတ်သောအပြုံးများဖြင့် အေးစက်စက်ဆိုလာသည်။

"ငါမထွက်ခွာခင်မှာ မင်းတို့အားလုံးကိုအကုန်စားသောက်ပြီး တိုက်ပွဲကြီးအတွက် ရိက္ခာအလုံအလောက်ဖြည့်သွားလိုက်မယ်"

ဝှစ်

လေထုထဲမှအပူချိန်သည် ချောက်နက်ထဲထိုးဆင်းသွားသည့်အလား အေးစက်သွားခဲ့ကာ အလဲလဲအပြိုပြိုဖြစ်နေကြသော ကျင့်ကြံသူများအားလုံး အရိုးထိအေးခဲသွားခဲ့ရသည်။

အလန့်တကြား ထွက်ပြေးဖို့အတွေးဝင်မိပါသော်လည်း မျောက်ဘီလူးတစ်အုပ်က သူတို့ကိုဝိုင်းရံထားပြီးလေပြီ။

သေဖို့လမ်းကလွဲပြီး မရှိတော့ပါလား။

ကျင့်ကြံသူများမှာ နောင်တအပြည့်ဖြင့် ကြောက်စိတ်နှင့်အားငယ်မှုတို့ ရင်ဝယ်ပိုက်ကာ ငြိမ်သက်နေမိကြသည်။

"မင်းတို့အားလုံး ဒီဘုရင်ရဲ့ဗိုက်ထဲဆင်းလာခဲ့ကြ"

နတ်ဆိုးဘုရင်သည် ၎င်း၏ပါးစပ်ကြီးကိုဟပြီး အားလုံးကို ဝါးမျိုရန် အသင့်ပြင်ကာ ရက်စက်စွာ ပြုံးလိုက်သည်။

"မလုပ်ပါနဲ့" ကြောက်လန့်တကြားငိုသံများ ထွက်ပေါ်လာသည်။

ထို့နောက်တွင် စူးရှကြည်မြသော နဂါးဟောက်သံတစ်ချက်သည် မိုးကုပ်စက်ဝိုင်းအစွန်မှ မြည်ဟည်းလာကာ ကောင်းကင်ကိုးထပ်ဆီသို့ ပဲ့တင်ထပ်သွားခဲ့၏။

"ဘယ်သူလဲဟေ့"

ဝန်းရံနေသော မျိုးနွယ်စုစစ်သည်တော်များ အားလုံးမော့ကြည့်လိုက်မိချိန်တွင် သူတို့၏မျက်ဆံနက်များ ကြောက်စိတ်ဖြင့်ကျုံ့ဝင်သွားကြရသည်။ ထို နဂါးကိုယ်ဟန်ဖြင့် အလင်းတန်းတစ်ခုသည် ကြီးစွာသောအရှိန်အဝါဖြင့် သူတို့ဆီ ပျံသန်းချဥ်းကပ်လာခဲ့ခြင်းပင်။

"မြန်မြန် တားကြစမ်း"

"အား"

အော်သံများက နိမ့်ချည်မြင့်ချည်။

ထိုနဂါးသဏ္ဌာန်အလင်းတန်းသည် ပိတ်ဆို့ထားသောနေရာထဲသို့ ရဲရဲဝံ့ဝံ့ ပြေးဝင်လာခဲ့ပြီး လမ်းတစ်လျှောက်တွင် မည်သည့်အတားအဆီးကမှ သူ့ကိုမနှောင့်နှေးစေနိုင်ခဲ့။

တားဆီးရန် ကြိုးပမ်းခဲ့သော မျိုးနွယ်စုစစ်သည်များအားလုံး လေထဲသို့ လွင့်စင်ထွက်ကာ သွေးအန်သူကအန်၊ အရိုးကျိုးသူကကျိုးဖြင့် မာရီဒန်များလည်း မခံနိုင်တော့ဟန် ပျက်စီးသွားခဲ့သည်။

မရေမတွက်နိုင်သော ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်များအောက်တွင် ထိုတောက်ပသော နဂါးသဏ္ဌာန်အလင်းတန်းသည် ဆင်းသက်လာခဲ့၏။

အားလုံး၏မျက်စိရှေ့တွင် သူ၏ပုံစံအမှန်ကို ဖော်ထုတ်လိုက်သည်။

ထိုသူသည် ခန့်ညားထည်ဝါပြီး သြဇာအာဏာစက်ပြင်းပြသော အရပ်ရှည်ရှည် အမျိုးသားတစ်ဦး ဖြစ်သည်။ ဆံပင်နက်များမှာ ဖရိုဖရဲဖြစ်ကာ ကြမ်းကြမ်းတမ်းတမ်း လွင့်ပျံလျက် ဦးခေါင်းပေါ်တွင် ချိုနက်နှစ်ချောင်းလည်း ပါရှိနေသည်။ သူ၏ မျက်နှာသွင်ပြင်မှာ စကျင်ကျောက်သားအား ထွင်းထုထားသကဲ့သို့ ချောမွေ့ပြေပြစ်လှပြီး မျက်လုံးများမှာ ရွှေရောင်အလင်းများဖြင့် တောက်ပနေကာ မှောင်မိုက်သော ညကို ထွန်းလင်းပေးနေသော မီးတောက်နှစ်ခုအလား ထင်မှတ်ရ၏။

သူ၏ ရင်ဘတ်နှင့်လက်များမှာ မာကျောသော နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းနေပြီး မှောင်မှိုင်းသော ရွှေရောင်၏ တစ်မျိုးတစ်မည် တောက်ပမှုဖြင့် တလက်လက်ရှိကာ အနောက်တွင် နဂါးအမြီးထူထူတစ်ချောင်းက ယိမ်းနွဲ့နေသည်။

"အစကတော့ ဒီတိုင်းကံစမ်းဖို့လာခဲ့ရုံပဲ၊ ဒီနေရာမှာ တကယ်ကြီးစစ်ပွဲဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး"

လုံအော်ထျန်းသည် ကျစ်ခနဲအသံတစ်ချက်ပေးလျက် ရေရွတ်လိုက်ပြီး နှုတ်ခမ်းစွန်းတစ်ဖက်က ဓားသွားချွန်မြမြအလား ယုံကြည်မှုအပြည့်ဖြင့် ကော့တက်လာသည်။

အစောက ကစဥ့်ကလျားပြေးထွက်သွားသော မြည်းကလေးအကြောင်းကိုတော့ သူခေါင်းထဲထပ်မထည့်ဖြစ်တော့။ သူ့ကိုစိန်ခေါ်နိုင်မည့် ရန်သူအဆင့်ကိုသာ သူစိတ်ဝင်စားသည်။

ကံကောင်းထောက်မစွာဖြင့် အခွင့်အလမ်းကောင်းကြီးကို လက်လွတ်မသွားခဲ့ဟန်ပင်။

လမ်းတစ်လျှောက် ချီစွမ်းအင်များကို အာရုံခံခြေရာကောက်ရင်း ဤပွက်လောရိုက်နေသောနေရာအား တွေ့ရှိခဲ့ခြင်းပင်။

"ဟုတ်ပြီဟေ့ လုံအော်ထျန်းလာပြီ"

ချင်းလျန်ဓားမသေမျိုးတို့ တပ်ဖွဲ့သည်လည်း အလွန်အမင်းပျော်မြူးသွားကြကာ မှောင်မိုက်မည်းမည်းတွင် အရုဏ်ဦးရောင်ခြည်တန်းအား မြင်လိုက်ရသည့်အလား ထခုန်မိကြတော့သည်။

လုံအော်ထျန်းဆိုတာ မဟာမိတ်ခေါင်းဆောင်ယဲ့ပြီးရင် တိုက်ရည်ခိုက်ရည်မှာ ဒုတိယလိုက်တဲ့ မကောင်းဆိုးဝါးလေးပဲကွ။

လုံအော်ထျန်းသည် မျက်နှာသေဖြင့် စစ်မြေပြင်ကိုတစ်ချက်ဝေ့ကြည့်လိုက်ရင်း အဝေးတစ်နေရာ လူအုပ်ကြားထဲ မလှုပ်မယှက်လှဲလျောင်းနေသော ဟုန်ချန်ယဲ့လေးအား လှမ်းမြင်လိုက်ရသည်။

ချက်ချင်းဆိုသလိုပင် သူ့ခေါင်းတစ်ခုလုံး မူးမိုက်ပြာဝေသွားရ၏။

"နတ်သမီးဟုန်"

All Chapters