← Chapters

နွေးထွေးချိုမြိန်လှသော မိသားစုတွေ့ဆုံပွဲ

Vol. 49 Ch. 686

နွေးထွေးချိုမြိန်လှသော မိသားစုတွေ့ဆုံပွဲ

Vol. 49 Ch. 686

လုံအော်ထျန်း: "?"

သူ့မှာ နားမလည်ပါးမလည်ဖြင့် ငါးတစ်ကောင်ဆီမှ မြေးလေးဟုအခေါ်ခံလိုက်ရခြင်းဖြစ်သည်။ တစ်ဖက်လူ၏ ပုံစံအစစ်အမှန်က လက်ငါးချောင်းပါရွှေနဂါးပင် ဖြစ်နေပါစေ၊ ခံရတော့ခက်လှသေးသည်သာ။

"အဘိုးကြီး ခင်ဗျားဘယ်သူ့ကိုလာမိုက်ရိုင်းနေတာလဲ"

လုံအော်ထျန်း၏မျက်နှာက မည်းမှောင်သွားသည်။ သူသည် ချက်ချင်းပင် ကန်ထဲသို့ခုန်ဆင်းကာ ငါးကြင်းအိုကြီးအား လှမ်းဆွဲလိုက်ပြီး သူ့မျက်စိ‌ရှေ့တည့်တည့်ကိုင်မြှောက်လျက် ‌မေးခွန်းထုတ်သည်။

(တရုတ်မှာကျ ဘလိုင်းကြီး မြေးလေး သားလေးလို့ခေါ်တာက ဆဲတာနဲ့အတူတူပါပဲ)

"ဘိုးဘိုးကြီး ဘေးဘေးကြီး ဘီဘီကြီး" ငါးကြင်းပေါက်စလေးများက လန့်ဖျပ်သွားဟန်ဖြင့် ပွက်လောရိုက်အော်ငိုကြတော့လေသည်။

(ဖေ-ဘိုး-ဘေး-ဘီ-ဘင်-ဘောင်-....)

ငါးကြင်းအိုကြီးသည် အသက်ရှူကျပ်လာပြီး ခက်ခက်ခဲခဲပြောရှာသည်။

"တောင်းပန်ပါတယ်ကွာ၊ ဒီအဘိုးကြီး စကားမှားသွားတာပါ။ မင်းက ဒီအဘိုးကြီးရဲ့မြေးမဟုတ်ပါဘူး"

"အဲ့လိုမှပေါ့"

လုံအော်ထျန်းသည် ထိုအခါမှ မျက်နှာထားလျော့သွားပြီး ဆုပ်ကိုင်ထားသောလက်ကို နည်းနည်းဖြေလျှော့လိုက်သည်။

"တကယ်...တကယ်တော့ မင်းကငါ့မြေးဟုတ်ပါတယ်"

"ဟမ်"

ထိုစကားကိုကြားလိုက်ချိန်တွင် လုံအော်ထျန်း၏နဖူးမှ သွေးကြောများထောင်ထလာကာ ထိန်းချုပ်မရသောဒေါသမီးက ပေါက်ကွဲထွက်လာတော့သည်။

ဖြန်း

နောက်ထပ်ဘာစကားမှဆိုမနေတော့ဘဲ ထိုငါးအိုကြီးကို မြေပြင်ပေါ်ပစ်ချကာ ခြေထောက်ဖြင့် အကြိမ်ပေါင်းများစွာ ကြမ်းကြမ်းတမ်းတမ်း နင်းချေလေတော့သည်။

"အဘိုးကြီး ခင်ဗျားတော်တော်သေချင်နေပြီဟုတ်လား၊ ကျုပ်လုံအော်ထျန်းက အဲ့လောက်အနိုင်ကျင့်လို့လွယ်မယ်ထင်နေလား။ ခင်ဗျားတို့က အုပ်စုလိုက်ဖြဲချင်တာပေါ့"

"အား..."

သနားစရာငါးကြင်းအိုကြီးမှာ တစ်ချက်အနင်းခံရတိုင်း တစ်ခါအော်နေရပြီး မြေပြင်ပေါ် ငိုကြွေးလူးလှိမ့်နေရတော့၏။

ကန်ထဲမှငါးကြင်းများလည်း ကြက်သေသေနေကြသည်။

ယဲ့ကျွင်းလင်လည်း မျက်လုံးအပြူးသားဖြင့် ကြောင်အလျက်။

ဘယ်လောက်တောင်ရင်နာစရာကောင်းလိုက်တဲ့ မြင်ကွင်းမျိုးလဲ။

မြေးအဘိုးနှစ်ယောက်ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခန်းက အရမ်းထိရှနာကျင်စရာကောင်းလိမ့်မယ်လို့ ထင်ထားပေမဲ့ ဒီလိုလက်ပါတာကြီးကျ...

အိမ်း သားသမီးဝတ္တရားတွေလည်း ကျေကုန်လောက်ပါပြီ။

"တော်တော့ ရပ်တော့ ထပ်မနင်းပါနဲ့တော့၊ မင်းဒီတိုင်းဆက်နင်းနေရင်း မင်းအမေဘက်က တစ်ယောက်တည်းကျန်တဲ့အဘိုး သေသွားတော့မယ်ကွ"

ယဲ့ကျွင်းလင်အသိဝင်လာသည်နှင့် အမြန်ဆွဲတားလိုက်ရသည်။

လုံအော်ထျန်းမှာ နောက်ထပ်နှစ်ချက်သုံးချက်လောက် ထပ်နင်းတော့မည်အပြင်တွင် ထိုစကားအားကြားလိုက်ရပြီး နေရာတွင်ပင်တောင့်ခဲသွားတော့၏။

သူ့ခြေရင်းတွင် အကြောတတွန့်တွန့်ဖြင့် အသက်ကိုဆန့်တငင်ငင်ရှူသွင်းနေရသော ငါးကြင်းအိုကြီးကိုကြည့်ရင်း လုံအော်ထျန်းမှာ မိုးကြိုးဖြင့် ဒိုင်းခနဲအပစ်ခံလိုက်ရသကဲ့သို့ တောင့်ခနဲဖြစ်သွားရသည်။

"ဟီးဟော် မြေးလေးက မျိုးရိုးစဥ်ဆက်အဘိုးကို ပြန်တွေ့တွေ့ချင်းမှာ မြေပေါ်လှိမ့်နေအောင်ရိုက်လိုက်တယ်တဲ့လား။ မိုက်တယ်ဟေ့"

မြည်းကလေးသည် အခွင့်အရေးကိုဖမ်းဆုပ်မိသည့်အလား စိတ်လှုပ်ရှားစွာ ပျော်မြူးအော်ဟစ်လေသည်။

လုံအော်ထျန်းသည် မြည်းကလေးကိုလျစ်လျူရှုလိုက်သည်ပေလား၊ လုံးဝမကြားလိုက်ပေသည်လားမသိ။ လက်ရှိ သူ့အာရုံအားလုံးမှာ ထိုငါးကြင်းအိုကြီးဆီတွင်သာစုပြုံရောက်နေကာ မယုံကြည်မှုများဖြင့် ပြည့်နှက်နေလျက်။

သူ သူကတကယ် ငါ့အမေရဲ့အဖေ ငါ့အဘိုးအရင်းကြီးတဲ့လား။

"ဒီလူအိုကြီးကတော့ ဒီလိုအသက်အရွယ်ကျမှ ဒီလို ကပ်ဆိုးမျိုး ကြုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါက ကံကြမ္မာပဲ..." ငါးကြင်းအိုကြီးက အားအင်ချို့တဲ့စွာ ပြောလိုက်သည်။

လုံအော်ထျန်းသည် သူ့ကို အမြန်‌ကောက်ယူလိုက်ပြီး သူတို့နှစ်ဦးကြားရှိ မျိုးရိုးဆက်နွယ်မှုကို သေသေချာချာ ခံစားကြည့်သည်။

တဖြည်းဖြည်းနှင့် သူ့လက်များစတင်တုန်ယင်လာပြီး ပဲစေ့ခန့် ချွေးစက်များသည် နဖူးပေါ်မှစီးကျလာကာ ပါးပြင်များပင် နာကျင်ကျိန်းစပ်မှုဖြင့် ပူလောင်လာရသည်။

ဒါက အရမ်းရှက်စရာကောင်းတာပဲမဟုတ်လား...

"ခင်ဗျား ခင်ဗျားအဆင်ပြေရဲ့လား"

လုံအော်ထျန်းသည် အချိန်အကြာကြီးတိတ်ဆိတ်နေပြီးမှ အရေထူထူဖြင့်မေးလိုက်သည်။

ငါးကြင်းအိုကြီးက စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်သည်။

"လိမ္မာလိုက်တဲ့မြေးလေး၊ ငါ့ကြည့်ရတာ အဆင်ပြေတဲ့ပုံပေါက်နေလား။ မင်းနှလုံးသားက အဲ့လောက်တောင်အညှာအတာမဲ့ရသလား။ မင်းအခုတင်ငါ့ကို သေလောက်အောင်တက်နင်းထားတာလေ"

ထိုစကားများကိုကြားသော် လုံအော်ထျန်းမှာ မည်သို့တုံ့ပြန်ရမည်ကိုပင်မသိတော့။

"ဟမ့်" ရုတ်တရတ်သူသည် တစ်ခုခုကိုသတိရလိုက်ဟန်ရှိကာ စိတ်သဘောထားမှာ ချက်ချင်း ပြောင်းပြန်လန်သကဲ့သို့ ပြောင်းလဲသွားပြီး ငါးကြင်းအိုကြီးအား မြေကြီးပေါ် ခပ်ကြမ်းကြမ်းပစ်ချလိုက်လေတော့သည်။

"အာ့"

ငါးကြင်းအိုကြီးမှာ နာလွန်းလို့ ငိုချမိတော့မတတ်ပင်။

"မင်းဘာလုပ်တာလဲကွ"

သူ့နှလုံးသားတစ်ခုလုံး အေးစက်သွားသကဲ့သို့ခံစားရသည်။ သူ့သမီးလေး ဘဝကိုအဆုံးခံပြီး စွန့်စားမွေးထုတ်ခဲ့ရသောကလေးမှာ ဤသို့ကြမ်းတမ်းရိုင်းစိုင်းစွာ ကြီးပြင်းခဲ့ရလေသလော။

အဘိုးအရင်းကိုပင်မချန် ရက်စက်ကြမ်းကြုတ်နေလေပြီ။

လုံအော်ထျန်းက အေးစက်စက်ဖြင့်ဆိုသည်။

"အဘိုးအို ကံစမ်းဖို့မကြိုးစားပါနဲ့။ ကျုပ်အဖေက ကျုပ်ကို နဂါးနက်မျိုးနွယ်စုဆီပြန်ခေါ်လာပြီးတဲ့နောက် ပုံမှန်ဘဝလေးတစ်ခုကိုရဖို့ တစ်ရက်တောင်စိတ်မကူးခဲ့ရဲဘူး။ ကလေးဘဝကတည်းက ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်မှုတွေမျိုးစုံကို နာကျင်ခံစားခဲ့ရပြီး တစ်ချိန်လုံး မျိုးမစစ်ခွေးသားလေးလို့ပဲ အခေါ်ခံခဲ့ရတာ။ ကျုပ်ကူကယ်ရာမဲ့နေတဲ့အချိန်တွေမှာ ခင်ဗျားဘယ်ရောက်နေသလဲ။ ကျုပ်ရဲ့ သွေးသားရင်းဘိုးဘိုးကြီးခင်ဗျာ"

"နောက်ပိုင်း ကျုပ်နဂါးနက်မျိုးနွယ်ကို ပြန်လည်ပုန်ကန်တဲ့အခါလည်း ခင်ဗျားတို့ရွှေနဂါးတွေ အရိပ်တောင်ပေါ်မလာခဲ့ကြဘူးမဟုတ်လား။ ကျုပ်လုပ်သမျှကို အဝေးကနေလိုက်စောင့်ကြည့်ဖို့ပဲ တတ်ကြတာမဟုတ်လား"

"ခင်ဗျားတို့မျက်လုံးထဲမှာဆို ကျုပ်လုံအော်ထျန်းက မျိုးမစစ် သွေးဆက်တစ်ယောက်ပဲလေ"

သူ၏အသံနက်ကြီးမှာ ကြမ်းတမ်းအေးစက်နေလျက် လူတိုင်း၏နှလုံးသားကို ဆောင်းလေပြင်းပြင်းဖြင့်တိုက်ခတ်နေသလို ခံစားရ၏။

ဤစကားမှနေ၍ လုံအော်ထျန်းသည် သူ၏ ငယ်ဘဝတွင် ဒဏ်ရာများစွာခံစားခဲ့ရကြောင်း၊ နဂါးနက် မျိုးနွယ်စုတွင် အပယ်ခံခဲ့ရပြီး လှောင်ပြောင်ခံခဲ့ရကြောင်း သိသာသည်။ နောက်ထပ် ထိခိုက်မှုများကို ရှောင်ရှားရန် သူသည် သူ၏နှလုံးသားကို လုံးဝပိတ်ဆို့ထားခဲ့ခြင်းပင်။

အရွယ်ရောက်ပြီးနောက် နဂါးနက်မျိုးနွယ်စုကို ပုန်ကန်ပြီး ကျင့်ကြံရေးလောကတွင် လှည့်လည်သွားလာပြီးနောက်တွင်ပင် သူသည် မည်သည့် မိတ်ဆွေရောင်းရင်းမှမရှိဘဲ တစ်ကောင်တည်းသော ဝံပုလွေအဖြစ်သာ ကျန်ရှိနေခဲ့သည်။

ထို့ကြောင့် သူ မဆုံဖူးသေးသော သူ၏ မိခင်ဘက်က အဘိုးနှင့် ဗြုန်းစားကြီးပြန်တွေ့ရသောအခါ လုံအော်ထျန်းသည် နှလုံးသားထဲတွင် မည်သည့်ခံစားချက်မှ မကျန်ရှိတော့သလို ဆွေမျိုးရင်းကဲ့သို့ နက်ရှိုင်းသောရင်းနှီးမှုကိုလည်း မခံစားမိခဲ့။

ငါးကြင်းအိုကြီးသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချလိုက်သည်။

"သားလေး၊ မင်းရဲ့ အတွေ့အကြုံဆိုးတွေအတွက် ဒီအဘိုးကြီးလည်း ရင်နဲ့အမျှခံစားမိရပါတယ်။ ဒါပေမဲ့ ဒီပြဿနာကြီး ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ ဒီအဘိုးအိုဟာ အချစ်ဆုံးသမီးကို ဆုံးရှုံးခဲ့ရတယ်။ ငါ့ရဲ့ မျိုးနွယ်စုထဲက အဆင့်အတန်းဟာလည်း ကျဆင်းသွားရုံသာမက ငါ့ပတ်ဝန်းကျင်က မျိုးနွယ်စုဝင်တွေလည်း ပါဝင်ပတ်သက်ခဲ့ရပြီး ဝေဖန်မှုများစွာ ခံခဲ့ရတယ်"

"ပြောပါဦး၊ ဒီလို နှစ်ထပ်ကွမ်းထိခိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုကရော ဘယ်နားများ ပိုပြီးလျော့နေဦးမှာလဲ"

သူ၏လေသံတွင် ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်းနှင့် နက်ရှိုင်းသော အားကိုးရာမဲ့ခြင်းများ ပါဝင်နေသည်။

လုံအော်ထျန်းသည် သ‌ဘောထားပျော့ပျောင်းလာဟန်ရှိသော်ငြား‌ လေသံတော့မလျှော့သေး။ "ဒါဆို ခင်ဗျားတို့ ဘာလို့ ဒီမှာနေနေကြတာလဲ"

ဂုဏ်ယူထိုက်ပြီး မြင့်မြတ်သော ရွှေနဂါးမျိုးရိုးက ငါးကန်တစ်ခုထဲက ငါးများအဖြစ် နေထိုင်နေရသည်လော။

အတွင်းရေးတစ်ခုခုတော့ ရှိရမည်။

ငါးကြင်းအိုကြီးက သက်ပြင်းချလိုက်သည်။

"မျိုးနွယ်စုအတွင်း ပဋိပက္ခတွေကြောင့် ငါတို့ ဘိုးဘွားပိုင်မြေကနေ ပြောင်းရွှေ့ဖို့ အတင်းအကျပ် စေခိုင်းခံခဲ့ရတယ်။ ဒီအဘိုးအိုရဲ့ စွမ်းရည်နဲ့ဆို ပြင်ပကမ္ဘာမှာ မျိုးနွယ်စုကို ကောင်းမွန်တဲ့ ဘဝတစ်ခုဆီ ဦးဆောင်နိုင်လိမ့်မယ်လို့ အစက ထင်ခဲ့ပေမယ့် ဒါဟာလည်း ပျောက်ကွယ်သွားတဲ့အိပ်မက်လေးပါပဲ"

"ဘာလို့လဲဆိုတော့ ငါတို့ဟာ သန့်စင်တဲ့ လက်ငါးချောင်း ရွှေနဂါးသွေးစစ်စစ်တွေ ဖြစ်နေလို့ပဲ၊ အဲဒီ မြင့်မြတ်ပြီး ဩဇာကြီးတဲ့ မသေမျိုးဧကရာဇ်တွေက ငါတို့ကို ပစ်မှတ်ထားပြီး အနိုင်ပိုင်းချေမှုန်းချင်ခဲ့ကြတာ"

"ငါတို့ အခက်ကြုံနေချိန်မှာ အကြီးအကဲလျိုပေါ်လာပြီး ငါတို့ကို ခိုလှုံခွင့် ပေးခဲ့ပေမယ့် စျေးနှုန်းကတော့ စာချုပ်တစ်ခု လက်မှတ်ရေးထိုးရခြင်းပဲ။ သဘောတူညီချက်က ဒီနေရာမှာ အစောင့်အရှောက်တွေအဖြစ် နေထိုင်ပြီး အနာဂတ်ကျွန်းသခင်အသစ်ရဲ့ စီမံခန့်ခွဲမှုကို စောင့်ဆိုင်းနာခံရမယ်တဲ့"

"ဒီအဘိုးအိုလည်း အချိန်ယူစဉ်းစားပြီး ယွင်ရှန်းမသေမျိုးကျွန်းဆီ ခိုဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒါက အကောင်းဆုံး ရွေးချယ်မှုပဲ။ မျိုးနွယ်စုကိုလည်း ထိန်းသိမ်းနိုင်မယ်၊ အနာဂတ်ကျွန်းသခင်ကို သစ္စာခံပြီး ခွင်းလွင်ကမ္ဘာကို ကာကွယ်ပေးနိုင်မယ်"

"ဒါကြောင့် ငါတို့ ဒီမှာ ကျန်နေရစ်ခဲ့တာပဲ"

"တကယ်တော့ ဒါဟာလည်း ကံကြမ္မာရဲ့ အကောင်းဆုံးစီစဉ်မှု ဖြစ်နိုင်ပါတယ်..."

ထိုစကားများကို ကြားပြီးနောက် လုံအော်ထျန်း၏ ရင်ထဲတွင် စိတ်ခံစားမှုများ ရောထွေးနေသည်။

ဤဂယက်၏ ရိုက်ခတ်မှုဒဏ်ကို အဘိုးဖြစ်သူလည်း များစွာခံစားခဲ့ရသည်ပင်။

မမျှတလှသည့် တစ်ခုတည်းသောအရာမှာ သူ့ဆီမှတွေ့တွေ့ချင်း သေကောင်ပေါင်းလဲအရိုက်ခံခဲ့ရခြင်းပင်။ သေသေချာချာ စဉ်းစားကြည့်တော့ သူ အမှန်တကယ်ပဲ တောင်းပန်ချင်စိတ် ပေါ်လာသည်။

ယဲ့ကျွင်းလင်က အကြံပေးသည်။

"ရှောင်လုံ၊ မင်းအဘိုးက အပြစ်ကင်းပါတယ်။ သူ့မှာလည်း သူ့အခက်အခဲနဲ့သူ ရှိခဲ့တာပဲ။ မင်းတို့ နှစ်ယောက် ပြန်လည်ဆုံစည်းခဲ့ကြပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းပေါင်းစည်းနိုင်ကြဖို့ မျှော်လင့်တယ်။ မုန်းတီးမှုကြောင့် စုံလုံးကန်းပြီး နောင်မှနောင်တရရတဲ့အဖြစ်မျိုး မဖြစ်စေနဲ့"

ဝဲလည်လှည့်နေသော အတွေးများကြားတွင် လုံအော်ထျန်းသည် အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်သည်။

"တောင်းပန်ပါတယ်၊ ခုနက ကျွန်တော် စိတ်လိုက်မာန်ပါ ဖြစ်သွားတာပါ"

ငါးကြင်းအိုကြီးက အားအင်ချို့တဲ့စွာ ပြောလိုက်သည်။

"မှားတာကို ပြင်ချင်စိတ်ရှိတဲ့ ကလေးက လိမ္မာတဲ့ကလေးပဲ။ ဒီလိုလုပ်ပါ၊ မင်း ဒီအဘိုးကို အရင် ကန်ထဲပြန်ထည့်ပေးပါ၊ ပြီးမှ ငါတို့ ဖြည်းဖြည်းချင်း စကားပြောကြတာပေါ့..."

"ကောင်းပါပြီ"

လုံအော်ထျန်းသည် ငါးကြင်းအိုကြီးကိုကိုင်ဆောင်ကာ ကန်ထဲသို့ ဂရုတစိုက် ထည့်ပေးလိုက်သည်။အားနည်းဖျော့တော့နေသော ငါးကြင်းအိုကြီးသည်လည်း ရေထဲသို့ ပြန်ရောက်သည်နှင့် ချက်ချင်း ပြန်လည်သွက်လက်လာသည်။

"သားလေး၊ ဒီနားကပ်စမ်းပါဦး။ အဘိုး မင်းကို အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု ပြောစရာရှိတယ်"

"နားထောင်နေပါတယ်" အဘိုးဟူသည့်နာမ်စားကို လက်ခံဖို့ခက်ခဲနေသေးပေသည့် လုံအော်ထျန်း အတတ်နိုင်ဆုံးသည်းခံကာ လိုက်နာဖို့ကြိုးစားလိုက်သည်။

နောက်တစ်စက္ကန့်တွင် ရေများ ဖြန်းခနဲပက်စင်သွားသည်။ ငါးကြင်းအိုကြီးသည် ရုတ်တရက် ရေထဲမှခုန်ထွက်လာပြီး သူ၏အမြီးကို အားအပြည့် ခါယမ်းလိုက်ကာ လုံအော်ထျန်း၏ မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ဖြန်း ဖြန်း ဖြန်း

နှစ်စက္ကန့်အတွင်းမှာပင် လုံအော်ထျန်းသည် ဆယ်ချက်ကျော်မျှ အရိုက်ခံလိုက်ရတော့၏။

"အဘိုးကြီး ခင်ဗျားကလှည့်စားတာပဲ"

လုံအော်ထျန်းမှာ ဒယိမ်းဒယိုင်ဖြင့် မြေပြင်ပေါ်လဲကျသွားခဲ့သည်။ ဘာဖြစ်သွားမှန်း သိလိုက်သောအခါ သူ ချက်ချင်း ဒေါသထွက်ကာ အသံကျယ်ကျယ်ဖြင့် ဆဲဆိုလိုက်သည်။

ကျန်ငါးကြင်းများ၏ လေးစားချီးကျူးသော အကြည့်များအောက်တွင် ငါးကြင်းအိုကြီးသည် သူ၏ လေးနက်တည်ငြိမ်သော ပုံစံကို ပြန်လည်ရယူကာ အာဏာအပြည့်ပါသောလေသံဖြင့် ဆိုသည်။

"မင်းလို လူယုတ်မာက ကိုယ့်ရဲ့ မိခင်ဘက်က အဘိုးကိုတောင် ကိုယ်ထိလက်ရောက် ရိုက်ရဲတယ်။ ဒီနေ့ ဒီအဘိုးအိုက မင်းကို လူကြီးမိဘတွေကို ဘယ်လိုလေးစားရမလဲဆိုတာ သင်ပေးမယ်။"

"အား ကျုပ်ခင်ဗျားကို ကင်စားပစ်မယ်"

လုံအော်ထျန်းသည် ဒေါသတကြီးဖြင့် ရေကန်စပ်သို့ ပြေးသွားကာ ငါးကြင်းအိုကြီးကို ဆွဲဖမ်းရန် ကြိုးစားလိုက်သည်။

အရင်လိုပင် ချောချောမွေ့မွေ့ဖမ်းနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း ဤတစ်ကြိမ်တွင် ပြိုင်ဘက်သည် အလွန်အားပြည့်သွက်လက်လာပြီး လျင်မြန်စွာရှောင်တိမ်းနေသောကြောင့် ဖမ်းရန် ခက်ခဲနေသည်။

"ဟမ့် ခေါင်းမာနေလိုက်တာ"

အခွင့်အရေးရချိန်တွင် ငါးကြင်းအိုကြီးသည် ကန်ထဲမှတစ်ဖန်ပြန်ခုန်ထွက်လာပြီး လုံအော်ထျန်း၏မျက်နှာအား ပြင်းပြင်းတစ်ချက်ရိုက်ချလိုက်ပြန်သည်။

ဖြန်း ဖြန်း ဖြန်း ဖြန်း ဖြန်း

အသံက ကြည်လင်ပြီး သာယာကာ စည်းချက်ကျကျရှိ၏။

လုံအော်ထျန်း၏ ပါးပြင်များမှာ အရိုက်ခံရခြင်းကြောင့် ပူလောင်နေပြီး ကြယ်တွေလတွေပင်မြင်နေရသည်။

"ဟဲဟဲ၊ ဒီအဘိုးအို အညောင်းပြေအညာပြေ လက်မဆန့်ဖြစ်တာတောင် အတော်ကြာပြီ။ ဒီလို အခွင့်အရေးပေးတဲ့အတွက် မင်းကို တကယ်ကျေးဇူးတင်ရမယ်"

ငါးကြင်းအိုကြီးသည် ရေထဲသို့ ပြန်ဆင်းသွားပြီး သူ့ကိုမျက်စောင်းဖြင့်ကြည့်ကာ ဆိုသည်။ "ဒီအဘိုးအိုနဲ့ ယှဉ်ပြိုင်ဖို့အတွက် မင်းကငယ်သေးတယ် ကောင်လေး"

လုံအော်ထျန်းသည် ဤမျှရက်စက်သော ချောင်းမြောင်းတိုက်ခိုက်ခြင်းကို လုံးဝမျှော်လင့်မထားခဲ့။

"အမ်"

အဓိပ္ပာယ်မရှိလှသော မြင်ကွင်းကြီးကြောင့် ယဲ့ကျွင်းလင် နှုတ်ခမ်းနည်းနည်းတွန့်တက်သွားသည်။

ဆွေမျိုးတွေဖြစ်နေတာ မအံ့သြတော့ပါဘူး၊ အကျင့်တွေကအစ တစ်ချိုးတည်းပဲ။

ထို့အပြင် သူစိတ်ကူးထားသော မိသားစုပြန်လည်ဆုံဆည်းခြင်းမြင်ကွင်းလေးမှာလည်း ပျောက်ချင်းမလှပျောက်ပျက်ကုန်လျက်။

ချီးကျူးစရာ သာယာနာပျော်ဖွယ် တစ်စက်မှမရှိသည့် ရန်ပွဲကြီးသာ။

"သေချင်းဆိုးကြီး..."

လုံအော်ထျန်းသည် သူ၏စပ်ဖျဥ်းနေသောပါးပြင်ကို လက်ဖြင့်အုပ်ထားပြီး ဆဲဆိုလိုက်သည်။ သူသည် ငါးတစ်ကောင်ထံမှ ပါးအချခံလိုက်ရဖူးလေပြီ။

"အငယ်ကအကြီးကို အနိုင်ကျင့်ပြီးရိုက်တော့ အကြီးကအငယ်ကို လှည့်စားပြီးပြန်ရိုက်တယ်။ ခင်ဗျားတို့ နဂါးမျိုးနွယ်စုရဲ့ ဓလေ့တွေက တကယ် မှတ်သားစရာကောင်းလှချည်လား၊ ဟားဟားဟား..."

မြည်းကလေးကရယ်မောပြီး မြေပြင်ပေါ်တွင် လူးလှိမ့်နေသည်။

စာစဉ်ပြီး၏

All Chapters