← Chapters

ရှောင်မူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံက လူသားတစ်ယောက်နဲ့မတူဘူး

Vol. 1 Ch. 285

ရှောင်မူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံက လူသားတစ်ယောက်နဲ့မတူဘူး

Vol. 1 Ch. 285

"ငါဒီကောင်းကင် ကျောက်တုံးကို ဘယ်လိုသန့်စင်ရမလဲ"

ကျန်းရီသည် ကျင့်ကြံခန်းထဲတွင် ထိုင်၍ အတွေးထဲတွင် နစ်မြောနေခဲ့သည်။ ကောင်းကင်ကျောက်တုံးကို သန့်စင်သည့် နည်းလမ်းအား သူသိထားသော်လည်း ပြဿနာမှာ သူ့ဒန်တျန်း အသွင် ပြောင်းသွားခြင်း ဖြစ်သည်။ ကောင်းကင်ကျောက်တုံးကို သန့်စင် နိုင်ပါဦးမည်လော။

သူသင်တန်းကျောင်းသို့ ပြန်လာရသည့် အဓိက အကြောင်းအရင်းမှာ တံခါးပိတ် ကျင့်ကြံရန်နှင့် သူ့ဒန်တျန်းတွင်းရှိ ကြယ်ကိုးလုံးကို သေချာ လေ့လာရန် ဖြစ်သည်။

ကောင်းကင် ကျောက်တုံးထဲတွင် မြောက်မြားလှစွာသော စွမ်းအင်များ ပါဝင်သည်။ သူ့ဒန်တျန်းသာ ပုံစံပြောင်း မသွားလျှင် ထိုစွမ်းအင်များ အားလုံးကို ခရမ်းရောင်နန်းတော်မှ စုပ်ယူလိမ့်မည်။ ခရမ်းရောင်နန်းတော် မရှိတော့ဘဲ ထိုစွမ်းအင်များကို မည်သည့်နေရာတွင် သွား၍ သိမ်းဆည်းရမည်နည်း။

"ငါစမ်းကြည့်မယ်"

ကျန်းရီသည် အချိန် အတော်ကြာအောင် စဉ်းစားပြီးနောက် နောက်ဆုံးတွင် ဘာကိုမှ မတွေးတော့ဘဲ စမ်းသပ်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ ကြယ်ကိုးလုံးထဲတွင် အနက်ရောင် အတွင်းအားများ ကိုတောင် သိမ်းဆည်း၍ ရနိုင်လျှင် ကောင်းကင်ကျောက်တုံးမှ စွမ်းအင်များကိုလည်း သိမ်းဆည်းနိုင်လောက်သည်။

မီးဝိညာဉ်ပုလဲ လင်းလက် သွားခဲ့ပြီး ကျောက်စိမ်းသေတ္တာ တစ်လုံးကို သူထုတ်လိုက်သည်။ ကျန်းရီသည် ကျောက်စိမ်းသေတ္တာကို ဖွင့်၍ အတွင်းမှ ဖွေးဖွေးဖြူနေသော ကောင်းကင်ကျောက်တုံးကို ယူလိုက်သည်။ သူ့ကိုယ်တွင်းမှ အနက်ရောင် အတွင်းအားများ တိုးထွက်လာကြပြီး ကောင်းကင်ကျောက်တုံးအား ဝန်းရံသွားကြသည်။

"ဟမ်"

အနက်ရောင် အတွင်းအားများ ကျောက်တုံးကို ရစ်ပတ်သွားသော ခဏတွင် ကျောက်တုံး တစ်ခုလုံးမှ အဖြူရောင်အလင်းများ ဖြာထွက်လာခဲ့သည်။ သန့်စင်၍ ထူးခြားသော စွမ်းအင်များသည် ကျန်းရီ၏ လက်မှတစ်ဆင့် ကိုယ်တွင်းသို့ ချက်ချင်း တိုးဝင်လာလေ၏။ ထိုစွမ်းအင်တို့သည် သူ၏ သွေးကြောဆုံမှတ်များ တည့်တည့်သို့ အားပြင်းသည့် လှိုင်းလုံးကြီးများ အလား ရောက်ရှိလာခဲ့သည်။

"အားကောင်းလိုက်တဲ့ စွမ်းအင်"

ကျန်းရီသည် စိတ်မပျံ့လွင့်ရဲဘဲ အာရုံစူးစိုက်၍ ထိုစွမ်းအင်များကို သွေးကြောများမှ တစ်ဆင့် ဒန်တျန်းဆီ စီးဝင်စေလိုက်သည်။ ထိုစွမ်းအင်၏ စွမ်းအားများသည် သူ့သွေးကြောများ ကိုတောင် အချိန်မရွေး ပေါက်ထွက် လာစေနိုင်လောက်သည်။

စွမ်းအင်များသည် သူ့ဒန်တျန်းအတွင်း လျင်လျင်မြန်မြန် ဝင်ရောက်လာသော်လည်း ထိုနေရာမှဆက်၍ ဘာဆက်လုပ်ရမည်မှန်း ကျန်းရီ မသိတော့ပေ။ ထိုအချိန်တွင် ကျန်းရီတစ်ယောက် အံ့အားသင့် သွားရလေ၏။

သူ့ဒန်တျန်းအတွင်းမှ ကြယ်ကိုးလုံးသည် ထိုသန့်စင်သော စွမ်းအင်တို့ကို အလိုအလျောက် စုပ်ယူလာခဲ့သည်။ စုပ်ယူသော အရှိန်သည်လည်း အလွန်အမင်း မြန်ဆန်နေခဲ့သည်။

"ဒါ ...  ဒါ…"

ကျန်းရီ ထိတ်လန့်နေခဲ့သည်။ သူမီးလင်ဇီးမှိုမှ စွမ်းအင်များကို စုပ်ယူစဉ်အခါက နည်းလမ်းတစ်ခု လိုအပ်ခဲ့သည်။ ကောင်းကင်ကျောက်တုံးမှ စွမ်းအင်များကို ခရမ်းရောင်နန်းတော်ဆီ ပို့ဆောင်ရန်လည်း သီးသန့်နည်းလမ်းတစ်ခု ရှိလေ၏။ သို့သော ယခု ကြယ်ကိုးလုံးသည် မည်သည့်နည်းလမ်းမှ မလိုဘဲ သူ့ဟာသူ စွမ်းအင်များကို အလိုအလျောက် တိုက်ရိုက်စုပ်ယူနေခဲ့သည်။

ကျန်းရီသည် ကြယ်ကိုးလုံးအတွင်း အလျင်အမြန် စစ်ဆေးကြည့်လိုက်သောအခါ စွမ်းအင်များသည် အနက်ရောင်အတွင်းအားအဖြစ် သူ့အလိုလို ပြောင်းလဲသွားသည်ကို တွေ့လိုက်ရလေသည်။ သူသည် ထိတ်လန့်မှုရော အံ့သြဝမ်းသာမှုကိုပါ တစ်ပြိုင်နက်တည်း ခံစားနေရသည်။

ကောင်းကင်ကျောက်တုံးကို သန့်စင်ရန် နည်းလမ်းသည် အတော်လေး ကရိကထများသည်။ ချမ်ဝမ်ကွမ်၏ အပြောအရဆိုလျှင် ကောင်းကင်ကျောက်တုံးမှ စွမ်းအင်များကို စုပ်ယူခြင်းနှင့် စွမ်းအင်များကို အတွင်းအားအဖြစ် ပုံစံပြောင်းခြင်းသည် ဖြည်းဖြည်းချင်းစီ လုပ်ဆောင်ရသည်။ ထို့ကြောင့် ကောင်းကင်ကျောက်တုံး တစ်ခုစီမှ စွမ်းအင်များကို စုပ်ယူရန် လဝက်ခန့် ကြာမြင့်ခြင်း ဖြစ်သည်။ ယခုမူ ကျန်းရီသည် စွမ်းအင်များကို စုပ်ယူရန်သာလိုပြီး ပုံစံပြောင်းခြင်းကို ကြယ်ကိုးလုံးမှ သူ့အလိုလို လုပ်ဆောင်သွားခဲ့သည်။ ထို့ကြောင့် သူ့အတွက် အချိန်ကုန်သက်သာ၍ စိုးရိမ်စရာလည်း လျော့နည်းသွားသည်။ စွမ်းအင်များကို ဒန်တျန်းအတွင်း လမ်းညွှန်ပေးနေရန်သာ လိုလေ၏။

သို့သော်လည်း ကျန်းရီသည် သတိထား၍ အလျင်စလို မသန့်စင်ခဲ့ပေ။ ကောင်းကင်ကျောက်တုံးမှ စွမ်းအင်များသည် အလွန်သန့်စင်၍ များပြားသည်။ သူသည် ကျင့်ကြံဆင့်နိမ့်နေသေးရာ သူ့သွေးကြောများသည် အားနည်း၍ ထိုကဲ့သို့ စွမ်းအင်မျိုးကို ခံနိုင်ရည်မရှိပေ။ ကျန်းရီသည် တစ်ကြိမ်လျှင် အပုံတစ်သောင်းပုံတစ်ပုံခန့်ကိုသာ စုပ်ယူခဲ့သည်။ သူ့အတွက် ပထမကောင်းကင်ကျောက်တုံးကို သန့်စင်ရန် အချိန်ငါးရက် ကြာမြင့်ခဲ့သည်။

"ကောင်းကင်ကျောက်တုံးက စွမ်းအင်တွေက တကယ်များတာပဲ၊ အရင်တုန်းက ငါသာဆိုရင် တစ်တုံးကို နှစ်ဝက်လောက်ကြာနိုင်တယ်"

ကျန်းရီသည် ကြယ်ကိုးလုံးထဲမှ အလွန်များပြားလှသော အနက်ရောင်အတွင်းအားများကိုကြည့်ရင်း အံ့သြတကြီးရေရွတ်လိုက်သည်။ စွမ်းအားအမြောက်အများကို စုပ်ယူပြီးသော်လည်း မည်သည့်ကျင့်ကြံဆင့်သို့ ရောက်နေမှန်း မသိသည့်အတွက် သူလမ်းပျောက်နေခဲ့သည်။ သူသည် ပုံမှန်သိုင်းသမားများနှင့် မတူတော့ဘဲ သီးခြားကွဲထွက်နေပြီ ဖြစ်လေသည်။

"ထားလိုက်တော့ ... တံခါးပိတ်ကျင့်ကြံရာကနေထွက်ပြီး သိုင်းလေ့ကျင့်ခန်းမှာ ငါ့အင်အားကို သွားပြီး စမ်းသပ်ကြည့်လိုက်ဦးမယ်"

ငါးရက်နှင့် ငါးညတိုင်တိုင် အစားမစားသော်လည်း ကျင့်ကြံထားမှုမှ စွမ်းအင်တစ်ချို့ ဖြည့်တင်းမှုကြောင့် သူ့ကိုယ်သည် အားနည်းလွန်းမသွားပေ။ သူတံခါးပိတ်ကျင့်ကြံခြင်း မစမီတွင် သက်လုံအားဖြည့်ဆေးတစ်လုံး စားထားသော်လည်း သူ့ဗိုက်သည် အတော်ဆာလောင်နေပြီဖြစ်သည်။

ကျန်းရီ ကျင့်ကြံခန်းထဲမှ ထွက်လာသောအခါ ဧည့်ခန်းမထဲတွင် ငိုင်တိငိုင်တိုင် ထိုင်နေသော ကျန်းရှောင်နူသည် ထခုန်၍ ဝမ်းသာအားရ မေးလာလေသည်။

"သခင်လေး ... ပြန်ထွက်လာပြီလား၊ ဆယ်ရက်လောက်ကြာမယ်လို့ ပြောသွားတာမဟုတ်ဘူးလား"

ကျန်းရီသည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ကာ တစ်ခွက်ပြီးတစ်ခွက်သောက်လိုက်ပြီး လက်ကာပြ၍ ပြောလိုက်သည်။

"ရှောင်နူ ... အများကြီး မမေးနဲ့၊ အရင်ဆုံး ငါ့ဖို့ စားစရာတွေ သွားယူပေး"

"ဟုတ်ကဲ့ပါ ... သခင်လေး၊ ခဏလောက်စောင့်ပါ"

ကျန်းရှောင်နူသည် မြန်မြန်ဆန်ဆန် ထွက်သွား၍ ထမင်းရည်ဖြူ အချို့နှင့်အတူ ပြန်ရောက်လာခဲ့သည်။ သူမသည် စိုးရိမ်တကြီး ပြောလာလေ၏။

"သခင်လေး ... အခု ဆီပါတဲ့ အစားအစာတွေ မစားတာ ကောင်းလိမ့်မယ်၊ ဒါကြောင့် ထမင်းရည်သောက်ပြီး အရင် ဗိုက်ဖြည့်လိုက်ပါ"

ကျန်းရီသည် ထမင်းရည် ပန်းကန်လုံးကို ယူ၍ အငမ်းမရ သောက်လိုက်သည်။ ထမင်းရည် ပန်းကန်လုံးကြီး သုံးလုံးကုန်မှသာ သူ့အစာအိမ်မှ ဆာလောင် မွတ်သိပ်မှုသည် ပြေလျော့သွားခဲ့သည်။

"ရှပ် ... ရှပ် ... ရှပ်"

အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာခဲ့ပြီး ကျန်းယွင်ဟိုင်နှင့် ချမ်ဝမ်ကွမ် ဝင်လာလေ၏။ ချမ်ဝမ်ကွမ်၏ မျက်လုံးများ တောက်ပနေကာ စိတ်လှုပ်ရှားစွာ ပြောလာလေသည်။

"အစ်ကိုကြီး ... မင်းက တကယ့် နတ်ဘုရားလား ဟမ်၊ ငါးရက်နဲ့ ထွက်လာတယ်၊ ပထမကောင်းကင် ကျောက်တုံးကို သန့်စင်ပြီးပြီပေါ့"

ကျန်းရီသည် ခေါင်းညိတ်၍ ကျန်းယွင်ဟိုင်ထံ တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"ဝမ်ကွမ် ... သခင်လျောင်ကို အဘိုးရဲ့ ဒန်တျန်းကို ပြန်ကုလို့ရမရ မေးကြည့်ပြီးပြီလား"

ချမ်ဝမ်ကွမ်သည် ခေါင်းခါပြလာခဲ့ပြီး ကျန်းယွင်ဟိုင်က ဘာမှမဖြစ်သလို ရယ်ရယ်မောမော ဆိုလာခဲ့သည်။

"အရှင်ငယ် ... အဆင်ပြေပါတယ်၊ ဒီအဘိုးကြီးက ဒီအသက်အရွယ်ပဲ ရောက်နေပြီ၊ အသက်လည်း သိပ်ရှည်မှာ မဟုတ်တော့ဘူး၊ ကျင့်ကြံဦးမယ် ဆိုရင်တောင် သိပ်ဖြစ်ဖြစ်မြောက်မြောက် ရှိမှာမဟုတ်ဘူး ... ဒါကြောင့် ဒန်တျန်းကို ပြန်မရနိုင်တော့ဘူး ဆိုရင်တောင် အဆင်ပြေပါတယ်"

"ဟူး ... "

ကျန်းရီ ပင့်သက် ရှိုက်လိုက်မိသည်။ ဒန်တျန်း ပျက်စီးသွားသော သိုင်းသမား တစ်ဦးသည် အသုံးမဝင်သော လူတစ်ယောက် ဖြစ်သွားမည်သာ။ ကောင်းကင်အဆင့် ကုသသူတောင် ဘာမှ မလုပ်ပေးနိုင်ပေ။ ကျန်းယွင်ဟိုင်သည် ဤတစ်သက် ပြန်ကောင်းရန် မဖြစ်နိုင်တော့ပုံ ရသည်။

"ရှောင်နူ ... အဘိုးကို သူ့အခန်းဆီ အနားယူဖို့ ခေါ်သွားပေးလိုက်၊ ငါအစ်ကိုကြီးနဲ့ ဆွေးနွေးစရာ ရှိသေးလို့"

ချမ်ဝမ်ကွမ်သည် ရုတ်တရက် ထပြောလေရာ ကျန်းရှောင်နူသည် ဆွံ့အသွားပြီး သူ့အား ကြည့်လိုက်လေ၏။ သို့သော် သူမသည် နာနာခံခံပင် ကျန်းယွင်ဟိုင်အား သူ့အခန်းထံ လိုက်ပို့လေသည်။ ကျန်းရီသည် ချမ်ဝမ်ကွမ်အား ကြည့်လိုက်ပြီး လေးနက်နေသော အမူအရာအား မြင်သည့်အခါ မေးလိုက်သည်။

"တစ်ခုခု ဖြစ်ခဲ့လို့လား"

"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ အပြင်ထွက်ပြီး ပြောကြရအောင်"

ချမ်ဝမ်ကွမ်သည် အပြင်ဘက်သို့ လျှောက်သွားလိုက်ပြီး ကျန်းရီအား ခပ်တိုးတိုး ပြောလာလေသည်။

"အစ်ကိုကြီး ... ငါမင်းကို ဖုံးကွယ်ထားတာ တစ်ခုရှိတယ်၊ လွန်ခဲ့တဲ့လတွေက သခင်လျောင် ကျန်းရှောင်နူကို ကုသပေးနေတုန်း ကျန်းရှောင်နူရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက လူသား တစ်ယောက်နဲ့ မတူဘူး ဆိုတာမျိုး ပြောလာခဲ့တယ်၊ တစ်နည်းပြောရရင် သူမရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ဒီနယ်မြေက လူသားတွေနဲ့ လုံးဝ ကွဲပြားနေတယ်၊ သူက ငါတို့ကို သတိထားဖို့ ပြောလိုက်တယ်"

"အဲဒါ ဘာအဓိပ္ပာယ်လဲ"

ကျန်းရီသည် နားမလည်နိုင်စွာ မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်မိသည်။ သူသည် ပဟေဠိ ဖြစ်လာ၍ မေးမြန်းလိုက်သည်။

"ရှောင်နူက လူသားတစ်ယောက်နဲ့ ဘယ်လိုကွာလို့လဲ၊ သူမက တခြား မိန်းကလေးတွေနဲ့ ဘယ်နေရာက ကွဲပြားနေတာလဲ၊ သူမက လူမဟုတ်ဘူး ဆိုရင်တောင် နယ်မြေမှာ ထူးခြားတဲ့ မျိုးနွယ်တွေ အများကြီး ရှိတယ် မဟုတ်ဘူးလား ... သူမက အဲ့မျိုးနွယ်တွေက ဆိုရင် ဘာပြဿနာမှ မရှိဘူး မဟုတ်လား"

ကျန်းရီ မှင်တက်နေစဉ် ချမ်ဝမ်ကွမ်က ပြန်ဖြေလာလေသည်။

"ဘာက ကွဲပြားနေတာလည်းတော့ ငါလည်း အတိအကျ မသိဘူး၊ သခင်လျောင် ပြောတဲ့ အဓိပ္ပာယ်အရ ရှောင်နူက သာမန် လူသားတစ်ယောက် မဟုတ်သလို ထူးခြားတဲ့ မျိုးနွယ်တစ်ခုခု ကလည်း မဖြစ်နိုင်ဘူးလို့ ခံစားရတယ်၊ ဟူး ... ငါလည်း မသိတော့ဘူး၊ ဘာလို့ သခင်လျောင်ကို ကိုယ်တိုင် သွားမမေးတာလဲ"

"မေးဖို့ မလိုပါဘူး"

ကျန်းရီသည် ရယ်မောကာ ပြန်ဖြေလိုက်သည်။

"ရှောင်နူ ဘယ်မျိုးနွယ်ပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး၊ သူမက အမြဲတမ်း ငါ့ညီမလေးပဲ ... သူမကို နတ်ဆိုးသားရဲ တစ်ကောင်လို့ပဲ ယူဆလိုက်ဦး၊ အဲ့တော့ရော ဘာအရေးလဲ၊ မြေခွေးလေးနဲ့တောင် ငါမိတ်ဆွေ ဖြစ်သွားသေးတာပဲ ... ဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်း စိတ်မပူနဲ့"

"အိုး ... ကောင်းပြီလေ"

ချမ်ဝမ်ကွမ်သည် ခေါင်းညိတ်ပြလိုက်သည်။ ကျန်းရီနှင့် ကျန်းရှောင်နူသည် တစ်ဦးနှင့်တစ်ဦး မှီခို၍ ကြီးပြင်းလာခဲ့သည်။ သူတို့သည် သွေးသားရင်းခြား များနှင့်တောင် မခြားပေ။ သခင်လျောင်၏ စကားကို မဆိုထားနှင့်၊ ကျန်းရှောင်နူသည် အမှန်တကယ် ထူးခြားသည့် မျိုးနွယ်တစ်ခုခုမှ ဆိုလျှင်တောင် ကျန်းရီနှင့် ကျန်းရှောင်နူ၏ ဆက်ဆံရေးအရ သူတို့ စိတ်ပူနေရန် မလိုချေ။

"ဒီမှာပဲ တော်လိုက်ကြတာပေါ့၊ ငါ ငါ့အင်အားကို သွားစမ်းသပ်ဦးမယ် ... ပြီးမှ ကျန်တဲ့ကောင်းကင် ကျောက်တုံးတွေ စုပ်ယူဖို့ ပြန်လာခဲ့မယ်"

ကျန်းရီသည် လက်ပြလိုက်ပြီး တောင်ဘက် အဆောင်များရှိရာ ထွက်လာခဲ့သည်။ တောင်ဘက် အဆောင်များတွင် သိုင်းသမား တစ်ဦး၏ အင်အားကို အလွယ်တကူ အဆုံးအဖြတ် ပေးနိုင်သည့် လေ့ကျင့်ရေး အခန်းများ ရှိလေသည်။

"ဘာအင်အားကို စမ်းသပ်မှာလဲ၊ ကိုယ့်ကျင့်ကြံဆင့်ကို အခြေခံတဲ့ အင်အားကိုတောင် မသိတော့တာလား"

ချမ်ဝမ်ကွမ်သည် ဆွံ့အသွားကာ ခေါင်းကုတ်၍ ကိုယ့်အခန်း ကိုယ်သာ ဝင်လာခဲ့တော့သည်။

***

All Chapters