← Chapters

နဂါးစစ်ခင်း

Vol. 49 Ch. 675

နဂါးစစ်ခင်း

Vol. 49 Ch. 675

ထိုနာမည်ကို ဟုန်ချန်ယဲ့အနားစောင့်ကြပ်ပေးနေသော အမျိုးသားကျင့်ကြံသူတစ်ဦးက အော်ခေါ်လိုက်ခြင်းပင်။

ထိုအမျိုးသားကျင့်ကြံသူသည် ကြောက်ကြောက်ဖြင့်ပင် တံ‌‌တွေးတစ်ချက်မျိုချလျက် မေးလိုက်သည်။

"နတ်သမီးဟုန် ဟိုလူကခင်ဗျားကိုလှမ်းကြည့်နေတယ်။ နှစ်ယောက်က သိကြတာလား"

ဟုန်ချန်ယဲ့ကမလှုပ်။ ခေါင်းတွေလည်းရှုပ်နေသည်။

လုံအော်ထျန်း၏ အချိန်မီရောက်ရှိလာမှုသည် ဤတိုက်ပွဲအတွက် သိသာထင်ရှားသော အပြောင်းအလဲကို သယ်ဆောင်လာသည်မှာ မှန်သော်လည်း ဘာကြောင့်ရယ်မသိ ထိုလူပေါ်လာသည့်အချိန်တိုင်း သူ့အတွက်ဒုက္ခတစ်ခုခုကို သယ်ဆောင်လာတတ်လေသောကြောင့် စိတ်ထင့်နေရ၏။ မဟုတ်မှ လူအများကြီးရှေ့မှာများ....

ဝှစ်

လုံအော်ထျန်းသည် အရိပ်တစ်ခုဖြတ်ပြေးလိုက်သည့်အလား အမြန်နှုန်းဖြင့် ကျင့်ကြံသူအုပ်ကြီးကြား ခုန်ဝင်လာသောအကြောင့် ဤနဂါး၏အရှိန်အဝါကိုကြောက်ကြသော ကျင့်ကြံသူများမှာ အပြေးအလွှား‌ ဘေးသို့ဆုတ်ခွာဖယ်ရှာ‌ပေးလိုက်ရသည်။

မျက်စိရှေ့တွင် မြေပြင်ထက် ဒဏ်ရာအပြည့်ဖြင့်လဲကျနေသော အနီရောင်ပုံရိပ်လေးအားကြည့်ရင်း လုံအော်ထျန်းမှာ အသည်းကိုဓားဖြင့်မွှန်းသည့်အလား ခံစားနေရ၏။ အချိန်အကြာကြီး ဆို့နင့်နေပြီးမှ သွားကြားမှအံကြိတ်သံတစ်ခု ညှစ်ထုတ်လိုက်နိုင်သည်။

"ချန်ယဲ့ ကိုယ်နောက်ကျသွားတယ်"

ဘေးပတ်လည်မှကျင့်ကြံသူတို့၏ အထူးတဆန်းဝိုင်းကြည့်နေကြမည့် မျက်လုံးများကို ခံစားမိလိုက်သော် ဟုန်ချန်ယဲ့မှာ နေရာတွင်သာတွင်းတူး၍ ခေါင်းကိုမြှုပ်ထားလိုက်ချင်မိသည်။

သူစိတ်ထဲမှတွေးမိသည်။ "ခွေးကောင် စောက်ပိုတွေလုပ်ပြန်ပြီ"

မှန်သည်။ ဟုန်ချန်ယဲ့အကြောက်ဆုံးအရာမှာ လုံအော်ထျန်း သူ့ကိုတွေ့တိုင်း ဖြစ်လာတတ်သည့် အိုဗာအိုက်တင်များပင်။

ကြမ်းကြမ်းရမ်းရမ်း နတ်ဆိုးဂိုဏ်းချုပ်ကို အမြဲတစေ ကြက်သီးဖြန်းဖြန်းထပြီး ကို့ရို့ကားရားဖြစ်အောင် လုပ်နိုင်စွမ်းရှိလေသည်။

လုံအော်ထျန်းခမျာတော့ ဘာဆိုဘာမှမသိရှာ။

သူ၏ အမြင်တွင် ဤအနီရောင်ဝတ်စုံနှင့် အမျိုးသမီးလေးသည် နှင်းကဲ့သို့ ဖြူဖွေးသောအသားအရေနှင့် နွယ်ပင်ပျော့‌လေးအလား သွယ်လျနွဲ့နှောင်းသော ခန္ဓာကိုယ်လေးဖြင့် လဲကျနေရကာ ပါးစပ်ထောင့်တွင် သွေးစများလည်း ပေကျံနေခဲ့သည်။ ပြစ်ချက်ဆိုစရာမရှိ ချောမွေ့လှပသောမျက်နှာလေးမှာ နာကျင်မှုကြောင့်ဖြစ်သည်ထင့်၊ ရှုံ့မဲ့တွန့်လိမ်နေလျက်။

ထို့အပြင် လုံအော်ထျန်းသည် သူ၏နတ်ဘုရားအာရုံမှတစ်ဆင့် ဟုန်ချန်ယဲ့တစ်ယောက် ခန္ဓာကိုယ်အနှံ့ အရိုးများအပိုင်းပိုင်းကျိုးလျက်ရှိကာ ကိုယ်တွင်းအင်္ဂါများ ပြင်းထန်စွာ ပျက်စီးနေသည်ကို သိရှိလိုက်ရ၏။ ထပင်မထိုင်နိုင်လောက်အောင် အားနည်းပျော့ခွေကာ ချီစွမ်းအင်လည်း အတော်လေးဖျော့တော့နေသည်မှာ အံ့သြစရာမရှိတော့။

ထိုဒဏ်ရာများ၏ပြင်းထန်မှုကို နားလည်လိုက်အပြီး လုံအော်ထျန်းသည် မိမိကိုယ်ကို အပြစ်တင်လို့မဆုံး အသည်းနာလို့မဆုံးဖြစ်ရသည်။ သူဤမျှနောက်ကျသွားခဲ့၍ ဤနတ်သမီးလေး ဆိုးဆိုးရွားရွား နာကျင်ခံစားခဲ့ရသည်ဟုသာ မှတ်ယူလိုက်သည်။

"ချန်ယဲ့၊ မင်းအရမ်းကိုအားငယ်ဝမ်းနည်းနေခဲ့ရမှာ ကိုယ်သိပါတယ်။ ဒါပေမဲ့ အခုအချိန်ကစပြီး မင်းအဲ့လိုထပ်အားမငယ်စေရတော့ဘူး"

"ဘာကြောင့်လဲဆိုတော့..."

လုံအော်ထျန်းသည် စကားကိုကြားဖြတ်ရပ်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးမှ သံလိုက်လိုဆွဲငင်အားကောင်းလှသောအသံဖြင့် စိတ်ခံစားမှုအပြည့်ထည့်ကာ အခိုင်အမာဆိုသည်။

"မင်းရဲ့'လုံ' ဒီကိုရောက်လာပြီမလို့ပဲ"

(လုံ - နဂါး)

ထိုစကားတစ်ခွန်းအပြီးတွင်...

စစ်မြေပြင်ကြီးတစ်ခုလုံး တိတ်ကျသွားရသည်။

ကျင့်ကြံသူအပေါင်းမှာ ပါးစပ်အဟောင်းသားဖြင့် ကြက်သေသေလျက် ထိုစကားတစ်ခွန်း၏ အီစီကလီဆန်လွန်းမှုအား လက်ခံလို့မရနိုင် ဖြစ်နေခဲ့ကြသည်။

"ခွီးခွီးခွီး.."

လီဝူကျယ်မှာ အသံလည်းကျယ်ကျယ်ထွက်မရယ်ရဲသဖြင့် ထိုသို့ မပီမသအသံများထွက်လျက် မျက်နှာကြီးရဲတက်နေအောင် ထိန်းချုပ်ထားရလေသည်။

ထိုအားပေးစကားကိုကြားပြီး ဟုန်ချန်ယဲ့ ပို၍စိတ်ဓာတ်ကျသွားရသည်။

အံတင်းတင်းကြိတ်ကာ သူ့ခေါင်းထဲမှအရှက်တရားကိုသာ ဖြေဖျောက်ဖို့ကြိုးစားနေရင်း ထုတ်ဆဲချင်ပါသော်ငြား လက်ရှိတွင် စကားသံပင်မထွက်နိုင်သေး။

ဘယ်လိုပဲဖြစ်ပါစေ၊ တစ်ဖက်လူသည် စိတ်ကောင်းနှလုံးကောင်းဖြင့် သူတို့ကိုကူညီရန်ရောက်လာခြင်းဖြစ်ကာ ဤစစ်ပွဲတစ်ခုလုံးတွင် နတ်ဆိုးဘုရင်နှင့် ယှဥ်တိုက်နိုင်မည့် တစ်ဦးတည်းသောစွမ်းအားရှင်လည်း ဖြစ်ပြန်သည်။

ဤသို့သောအခြေအနေတွင် သူက ဘာစကားများ ပြန်ပြောနိုင်နေဦးမည်နည်း။

အေးပါ မင်းနေနှင့်ဦး။

နတ်သမီးလေးမှာ စကားပင်ပြန်မပြောလာသောကြောင့် လုံအော်ထျန်း နည်းနည်းစိတ်ဓာတ်ကျသွားသော်ငြား သူအရောက်နောက်ကျ၍ ကောင်မ‌လေးစိတ်ကောက်နေခြင်းဖြစ်မည်ဟု တွေးလိုက်သည်။

လက်တွေ့လုပ်ဆောင်ပြပြီး နှလုံးသားကိုပြန်လည်သိမ်းပိုက်ဖို့ အချိန်ကျလေပြီ။

အသိစိတ်ပြန်ဝင်လာပြီး လုံအော်ထျန်းသည် အနောက်မှနတ်ဆိုးဘုရင်ကိုလှည့်ကြည့်လိုက်စဥ် သူ့မျက်လုံးများထဲ ကြမ်းကြုတ်သောဒေါသရိပ်များ ထင်ဟပ်လာသည်။ လက်သီးဆုပ်သံက တဖျစ်ဖျစ်မြည်လျက်။

"ဒါတွေအားလုံး မင်းကြောင့်ပဲ"

ထို့နောက် ဒေါသအပြည့်ဖြင့် ခြေကိုပြင်းပြင်းဆောင့်နင်းကာ အရှိန်အဝါပြည့်ထုတ်လျက် လျှောက်လှမ်းသွားခဲ့ရာ လမ်းတစ်လျှောက်တွင် လေပြင်းများပင်တိုက်ခတ်ကုန်သည်အထိ။

မြင်ကွင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာသော ဤလူကိုကြည့်ရင်း နဂါးဘုရင်သည် သိသာထင်ရှားသော ခြိမ်းခြောက်မှုကို ဗီဇအရ ခံစားလိုက်ရသည်။ မကြည်သာသောမျက်နှာဖြင့် သူအေးစက်စက်ပြောလိုက်၏။

"မသိနားမလည်တဲ့ လူငယ်လေး၊ ဒီဘုရင်မှာ မင်းနဲ့ ကစားဖို့ အချိန်မရှိဘူး"

"ဒီဘုရင်ရဲ့လမ်းကို လာပိတ်ရဲရင် မင်းသေရမှာပဲ"

ကြမ်းကြမ်းတမ်းတမ်း ကြိမ်းဝါးအပြီး နတ်ဆိုးဘုရင်သည် တောင်ပံများကိုပြင်းပြင်းခတ်ကာ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားလျက် အဝေးသို့ပျံထွက်သွားတော့၏။

ထိုအရာကိုမြင်သော် ဒေါသထွက်နေပြီးဖြစ်သော လုံအော်ထျန်းသည် ချက်ချင်းပျံတက်၍ နတ်ဆိုးဘုရင်နောက် တည့်တည့်လိုက်ကာ မိုးခြိမ်းသံအလား အော်ဟစ်သည်။

"မင်းကိုယ်မင်း ဘယ်သွားနေတယ်ထင်သလဲ"

ဝေါင်း

ခမ်းနားသော နဂါးဟောက်သံသည် နားမခံနိုင်လောက်အောင်စူးရှကာ ကောင်းကင်နှင့်မြေပြင်ကြား ပဲ့တင်ထပ်ပျံ့လွင့်သွားခဲ့သည်။

ရုတ်တရတ်ပင် နတ်ဆိုးဘုရင်သည် အနောက်မှ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် နီးကပ်လာသောအရှိန်အဝါအား ခံစားလိုက်မိ၏။

"မင်းက သေကိုသေချင်နေတာပဲ"

သူသည် ဒေါသလည်းထွက် ထိတ်လည်းထိတ်လန့်မိသည်။ အမှန်တော့ အချိန်ထပ်မကုန်လိုသောကြောင့် ကျင့်ကြံသူများအား လွှတ်ပေးထားခဲ့ခြင်းဖြစ်သော်ငြား ဤသည်မှာ သူ၏အကြီးမားဆုံးလိုက်လျောမှုပင်။

သို့သော် လုံအော်ထျန်း၏လုပ်ရပ်များက သူ၏ကြင်နာမှုကို အသိအမှတ်မပြုရုံမက စော်ကားလွန်ကျူးနေခဲ့သည်။

"သေစမ်း"

လုံအော်ထျန်းသည် ရုတ်ချည်းဆိုသလို နဂါးလူသားပုံစံသို့ ပြောင်းလဲလိုက်သည်။ သူ၏မျက်လုံးများမှာ သွေးနီရောင်အလင်းဖြင့် တောက်ပနေလျက် ကြောက်မက်ဖွယ်ကြမ်းတမ်းခက်ထန်သော မျက်နှာထားဖြင့် ပြင်းထန်သောတိုက်ကွက်တစ်ကွက်အား ထုတ်လွှတ်လိုက်၏။

အလွန်အမင်းဒေါသထွက်နေခြင်းကြောင့် နဂါးသွေးဆက်သည်လည်း ဆူပွက်မြင့်တက်လာကာ သူ၏လက်ရှိစွမ်းအားမှာ အမြန်နှုန်းသာမက ပြင်းအားသည်လည်း အမြင့်ဆုံးဖြစ်နေခဲ့သည်။

"ဘုရားဘုရား"

နတ်ဆိုးဘုရင်သည် ရုတ်တရတ်ကြက်သေသေသွားရကာ ကာကွယ်ရုံမှအပ တခြားမတတ်နိုင်ခဲ့။

"အားလုံးမင်းကြောင့်ပဲ၊ မင်းကြောင့် ချန်ယဲ့နာကျင်ခံစားခဲ့ရတယ်။ နတ်သက်ကြွေသလိုလှတဲ့ နတ်သမီးလေးကို မင်းဘယ်လိုစိတ်နဲ့များ ဒဏ်ရာပေးရက်ရတာလဲ။ မင်းလိုကောင်ကို ခွင့်လွှတ်ပေးဖို့အကြောင်းမရှိဘူး။ ငါမင်းကိုသတ်မယ်။ သတ်မယ်။ အားးးးးး"

လုံအော်ထျန်းသည် ရူးသွပ်သွားသည့်အလား အထိန်းအကွပ်မဲ့ သောင်းကျန်းတော့သည်။

မိမိကိုယ်ကို အပြစ်တင်စိတ်နှင် မလုံမလဲစိတ်တို့ကြောင့် ဆူပွက်လောသောဒေါသမီးတို့မှာ ပစ်မှတ်တစ်ခုကို သတ်မှတ်ရှင်းလင်းလိုက်မှ ပြေပျောက်တော့မည်သာဖြစ်၏။

နတ်ဆိုးဘုရင် မျက်လုံးများပြူးကျယ်လာသည်။

မင်း စိတ်မမှန်ဘူးလား။

အဲ့လောက်ကြီး အသည်းအသန်ဖြစ်နေဖို့ လိုလို့လားဟ။

တစ်ချိန်တည်းမှာပင် လုံအော်ထျန်း၏ ရူးသွပ်သောတိုက်ခိုက်မှုကို ရင်ဆိုင်နေရသောကြောင့် ရှားရှားပါးပါး လေးလံသောဖိအားကို မတွန်းလှန်နိုင်ဖြစ်ကာ မည်သို့ပင်ကာကွယ်နေပါသော်ငြား နာကျင်မှုကိုမပိတ်ဆို့နိုင်ခဲ့။

တဖြည်းဖြည်းနှင့် မာကျောလှပါသည်ဆိုသော နဂါးအကြေးခွံများ အက်ကြောင်းစထင်ကာ သွေးများစိမ့်ထွက်လာတော့သည်။

All Chapters