← Chapters

အရူးလုပ်ခံရ

Vol. 49 Ch. 680

အရူးလုပ်ခံရ

Vol. 49 Ch. 680

ရှုပ်ထွေးနတ်ဆိုးဝိညာဥ်လေးကောင်လုံးကို သူကိုယ်တိုင် ခုတ်ထစ်သတ်ဖြတ်ခဲ့ပြီးပြီဖြစ်၏။ ဤသို့သောအခြေအနေမျိုး ဖြစ်လာနိုင်စရာအကြောင်းမရှိ။

တစ်စုံတစ်ယောက်တော့ လွတ်မြောက်သွားခဲ့ပြီမှာ သေချာနေလေပြီ။

ဤအချက်ကိုတွေးမိချိန်၌ ယဲ့ကျွင်းလင်၏ဦးခေါင်းသည် နတ်ဆိုးဘုရင်၏အလောင်း လှဲလျောင်းနေရာဆီသို့ မသိလိုက်မသိဘာသာ တဖြည်းဖြည်း လှည့်ကြည့်မိလိုက်သည်။ သူ့အကြည့်များက အဓိပ္ပာယ်အပြည့်ပါဝင်လျက်။

အေးပါ မင်းကငါ့ကို သေချင်ယောင်ဆောင်ပြီး လှည့်စားချင်တယ်ပေါ့။

သရုပ်ဆောင်ကောင်းသားပဲ။

စနစ်ကသာမပြောရင် ငါတကယ် မင်းဆီကအရူးလုပ်ခံလိုက်ရတော့မလို့။

အတွေးများစွာ ခေါင်းထဲလှည့်လည်နေရင်း ယဲ့ကျွင်းလင် မဲ့ပြုံးတစ်ချက်ပြုံးကာ လေထဲသို့ လှစ်ခနဲခုန်တက်လိုက်သည်။ သူ၏ဓားကို ခေါင်းထက်မြှောက်ကိုင်လိုက်ပြီး ပူပြင်းတောက်ပသော ‌ရွှေရောင်အလင်းတန်းအား ထုတ်လွှတ်လိုက်တော့၏။

"ဒါက..."

လူတိုင်း၏အကြည့်မှာ သံသယမကင်းစွာဖြင့် တအံ့တသြဖြစ်ကုန်ကြဟန်ရှိ၏။

"အဲ့မကောင်းဆိုးဝါး မသေသေးတာများလား"

ချင်ရူရန်လည်း ဘေးမှခပ်တွေတွေကြည့်ရင်း မျက်မှောင်ကြုတ်မိသည်။

ထိုအချိန်တွင် သေဟန်ဆောင်ထားသည့် နတ်ဆိုးဘုရင်သည် မှောင်အတိကျနေသော အသိစိတ်ထဲ၌ သူ့၏ သတိအာရုံမှိန်မှိန်လေးကို မျောလွင့်နေစေသည်။

"ဟဲဟဲ ဒီအရူးကောင်တွေကတော့ ဒီဘုရင်သေချင်ယောင်ဆောင်လိမ့်မယ်ဆိုတာ ဘယ်လိုလုပ်တွေးမိလောက်မှာလဲ"

"ငါဒီတစ်ကြိမ် ရှင်လျက်လွတ်နိုင်မယ်ရင် အရင်ကျင့်ကြံဆင့်အထွတ်အထိပ်ကို ပြန်အရယူနိုင်ဖို့ အခွင့်အရေးတစ်ခုတော့ရပြီ။ အဲ့ဒီနောက်မှာတော့ မင်းတို့အားလုံး ဒီဘုရင်ရဲ့အာဟာရဝမ်းစာတွေ ဖြစ်ကုန်ကြရမှာပဲ"

"အခုတော့ ဒီဘုရင် ငြိမ်ငြိမ်လေးလှဲပြီး ပြန်သက်သာအောင် စောင့်ဆိုင်းလိုက်ရုံပဲပေါ့"

နတ်ဆိုးဘုရင်သည် အသက်မျောနေသည့်အခြေအနေတွင် သူ၏ထက်မြက်လှသော သေချင်ယောင်ဆောင်နည်းဗျူဟာကြီးကို အမွှမ်းတင်မာန်တက်နေစဥ် ရုတ်တရတ် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်လာသလို ခံစားလိုက်ရပြီး ဖော်ပြမရနိုင်သော နာကျင်မှုတစ်ခုက ဖြတ်သန်းသွားကာ သူ၏ မှိန်ဖျော့သော သတိအာရုံကို ပြင်းထန်စွာ ထိခိုက်စေသည်။

"အား ဘာတွေဖြစ်နေတာလဲ"

"နေဦး မဟုတ်တော့ဘူးကွ"

ထိုအခါမှ ယဲ့ကျွင်းလင်သည် ရွှေရောင်တောက်တောက် ဓားအလင်းတန်းတစ်ခုကို လွှတ်ထုတ်ကာ သူ၏ခန္ဓာကိုယ်အနီးသို့ အားမာန်အပြည့်ဖြင့် တစ်ဖန်ချဥ်းကပ်လာသည်ကို သိလိုက်ရခြင်းပင်။

ကြောက်မက်ဖွယ် ဓားရောင်ခြည်တန်း၏ ဖိအားအောက်တွင် နတ်ဆိုးဘုရင်၏ အရွယ်အစားကြီးမား၍ ပြတ်သည့်နေရာပြတ် ရှသည့်နေရာရှ ဖြစ်နေသော ခန္ဓာကိုယ်ကြီးသည် နေရောင်စူးစူးနှင့်ထိတွေ့လိုက်ရသော ရေခဲတုံးကြီးအလား တရှူးရှူးမြည်သံပေး၍ အရည်ပျော်ကျကုန်တော့လေသည်။

"ဒီဘုရင်ရဲ့လှည့်ကွက်ကိုတောင် ရှာတွေ့သွားသေးတာလား၊ မင်းဆိုတဲ့ကောင်စုတ်လေး ဒီဘုရင်ကို အခွင့်အရေးလေးတစ်ခုတောင် မပေးချင်တော့ဘူးလား"

နောက်ဆုံးတွင် နတ်ဆိုးဘုရင်သည်လည်း စိတ်ပျက်အားငယ်မှုများကို တနင့်တပိုးသယ်ဆောင်ရင်း ဤကမ္ဘာမြေထက်မှ ခန္ဓာရောဝိညာဥ်ပါ တစ်စမကျန် ပျောက်ကွယ်လွင့်ပါးသွားရ‌တော့လေ၏။

ဤခွင်းလွင်တွင် ရှုပ်ထွေးနတ်ဆိုးဝိညာဥ်ဟူ၍ တစ်ကောင်တစ်လေမှ မကျန်ရှိတော့လေပြီ။

ထိုနှစ်များကို ပြန်လှန်နောက်ကြောင်းပြန်ရမည်ဆိုလျှင် ထိုဝိညာဥ်တို့သည် မသေမျိုးဧကရာဇ်အဆင့်ဖြင့်ပင် သူတို့၏ အထူးပင်ကိုစွမ်းရည်များကို အားကိုးကာ အနိုင်ကျင့်ရမ်းကားခဲ့ကြပြီး နောက်ပိုင်းတွင် ထိုခေတ်၏ အစွမ်းအထက်ဆုံး လူပုဂ္ဂိုလ်လေးဦးထံမှ အနိုင်ယူခံခဲ့ရသည်။ ထို့နောက် လက်မြှောက်အရှုံးပေးကာ သောင်းချီမသေမျိုးတောင်တန်းများဆီ ဆုတ်ခွာသွားကြလျက် ၎င်းတို့၏ သက်ဆိုင်ရာ စွမ်းအားများကို နောက်လိုက်နောက်ပါများထံပါ အမွေပေးပျိုးထောင်လျက် အချိန်ကာလများစွာ သည်းခံပုန်းအောင်းနေခဲ့ပြီး ခေတ်သစ်တွင် တစ်ဖန်မင်းမူဖို့ ပြန်လည်နိုးထလာခဲ့ကြသည်။

ခွင်းလွင်တွင် ရန်သူဟောင်းများလည်း အစအနမကျန်ပ‌ပျောက်သွားလေသောကြောင့် ဤကမ္ဘာမြေကို အထိန်းအကွပ်မရှိ ရမ်းကားအုပ်စိုးနိုင်မည်ဟု ထင်ခဲ့ကြသည်။ သက်ရှိလူသားအားလုံးကို သူတို့၏အစာအာဟာရအဖြစ် ဖမ်းဆီးပျိုးထောင်၍ သေဆုံးခြင်းချီများကို အဆက်မပြတ်စုပ်ယူကာ ဒီ့ထက်ပိုတိုးတက်မြင့်မားကြဖို့ စီစဥ်ထားခဲ့ကြသည်။

ရလဒ်အနေဖြင့် ယနေ့အချိန်အခါတွင် ထည့်တွက်မထားခဲ့သော ပြဿနာကောင်တစ်ကောင်က ဝင်မွှေသွားခဲ့သည်။

အိပ်မက်ပင်မက်မထားဖူးသော အဆုံးသတ်မျိုးသာ။

[တင်၊ စနစ်တာဝန်ကို ပြီးပြတ်အောင်မြင်နိုင်ခြင်းအတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ မသေမျိုးသူတော်စင် ဥပဒေစွမ်းအား သန်းနှစ်ဆယ်ကို ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်ပါပြီ]

နောက်ဆုံးကျန်သော နတ်ဆိုးဘုရင်၏ သက်တမ်းဝိညာဥ်သည်လည်း လေထုပါးပါးလေးကြား ရောနှောလွင့်ပါးသွားခဲ့ပြီဖြစ်သောကြောင့် စနစ်၏အချက်ပေးသံချိုချိုက မဆိုင်းမတွအော်မြည်လာသည်။

"နောက်ဆုံးတော့ ပြီးပြီ"

ယဲ့ကျွင်းလင်၏နှလုံးသားထက် အောင်မြင်မှုခံစားချက်သေးသေးလေးတစ်ခု ခိုဝင်လာခဲ့သည်။

မသေမျိုးသူတော်စင်ကျင့်ကြံဆင့်တွင် ဥပေဒစွမ်းအား သန်းနှစ်ဆယ်ကို ပိုင်ဆိုင်ရရှိသူမှာ ရှာမတွေ့နိုင်လောက်အောင်ရှားပါးသည်။

အဘယ့်ကြောင့်ဆိုသော် ထိုမသေမျိုးသူတော်စင်သည် အနာဂတ်တွင် စကြဝဠာအရှင်ဖြစ်လာနိုင်သော အခွင့်အလမ်းကို လက်ဝယ်ဆုပ်ဖမ်းထားနိုင်ပြီး ဖြစ်ရုံမက မသေမျိုးတာအိုသရဖူ၏ အလယ်ထပ်ကောင်းကင်နေရာကိုပါ ရယူပိုင်ဆိုင်နိုင်မည် ဖြစ်သောကြောင့်။

မသေမျိုးသူတော်စင်အားလုံး၏ နောက်ဆုံးသော အိပ်မက်ပန်းတိုင်ဟု ဆိုလျှင်လည်းမမှား။

ယဲ့ကျွင်းလင်၏ ရုတ်တရတ်လှုပ်ရှားမှုကိုမြင်မှ ကျင့်ကြံသူများလည်း သေချင်ယောင်ဆောင်နေသည့်လှည့်ကွက်ကို သတိထားမိလိုက်ကြသည်။

နတ်ဆိုးဘုရင်၏ အဆုံးစွန်သောလှည့်ကွက်အထိ ထိုးဖောက်မြင်နေနိုင်သော ယဲ့ကျွင်းလင်၏ထက်မြက်မှုကို သူတို့မချီးကျူးမိဘဲ မနေနိုင်ပါ။

"ဆရာသခင်က တကယ်ကို အံ့သြစရာပါပဲ။ တစ်ချက်လောက်လှည့်အကြည့်မှာ သူအကုန်သိသွားနိုင်တယ်" လီဝူကျယ်က စတင်သည်။

"ချီးပဲ၊ အဲ့အကောင်မသေသေးမှန်း ငါသာအရင်သိရင် ရှိရှိသမျှနည်းလမ်းပေါင်းစုံနဲ့ မသေမချင်းနှိပ်စက်ပေးဦးမှာ။ အခုဟာက အရမ်းလွယ်လွယ်နဲ့ လွှတ်ပေးလိုက်တာမဟုတ်ဘူးလား"

ဟုန်ချန်ယဲ့က ဒေါသတကြီးပြောသည်။

ဤတိုက်ပွဲစဥ်တစ်လျှောက်တွင် သူ့အငြှိုးအတေးများကား တစ္ဆေတစ်ကောင်ထက် ပိုမိုပြင်းထန်နေလေပြီ။

အစွမ်းပြခွင့်မကြုံခဲ့လိုက်ရုံမက အရှက်လည်း ဗြန်းဗြန်းကွဲခဲ့ရသေးသည်။

သူ့သမိုင်းကြောင်းတစ်လျှောက်တွင် အကြီးမားဆုံး အမည်းစက်ကြီးပါပေ။

"ချန်ယဲ့ ကိုယ်တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ မင်းအတွက် ကိုယ်တိုင်ကိုယ်ကျ လက်စားချေမပေးနိုင်ခဲ့ဘူး။" လုံအော်ထျန်းက တစ်ခဏမျှတွန့်ဆုတ်နေပြီးမှ အနားသို့လျှောက်လာကာဆိုသည်။

မှိုဘုရင်၏ အားသွန်ခွန်စိုက်ကုသမှုကြောင့် သူ့ဒဏ်ရာများလည်း အတော်အတန်ပျောက်ကင်းနေခဲ့ပြီဖြစ်သော်ငြား ချီအရင်းအမြစ်ကို အလွန်အကျွံသုံးစွဲလိုက်ခြင်း၏ အကျိုးဆက်ကြောင့် သူအတော်လေးအားနည်းနေဆဲရှိ၏။

လုံအော်ထျန်း၏အသားအရောင်မှာ အတော်လေးဖျော့တော့အားနည်းနေလျက်ရှိကာ စိတ်ဓာတ်လည်းကျဆင်းနေလျက် ပုံမှန်မြင်တွေ့နေကျဖြစ်သော ဗိုလ်ကျစိုးမိုးတတ်သည့် နဂါးအရှိန်အဝါမှာ အစအနပင်မကျန်လေတော့။ ဘယ်ဘက်ကကြည့်ကြည့် အချစ်ရှုံးသမား ကြေကွဲလူငယ်လေးနှင့်သာ တူနေရှာတော့၏။

ဟုန်ချန်ယဲ့နှင့်ပက်သက်၍လည်း သူ့ကိုယ်သူ အပြစ်ရှိစိတ်ခံစားနေရဆဲပင်။

လာပြန်ပြီ ဒီကောင်ကတော့။

ဟုန်ချန်ယဲ့၏နှုတ်ခမ်းထောင့် တစ်ချက်တွန့်လှုပ်သွားသည်။

အမှန်တော့ ချက်ချင်းပင် လုံအော်ထျန်းကိုလျစ်လျူရှုကာ ထွက်ပြေးလိုက်ချင်သည်။

သို့သော် နောက်တစ်ခေါက်ပြန်တွေးကြည့်ပြန်တော့ တစ်ဖက်လူသည် အရေးကြီးအခိုက်အတန့်တွင် ပေါ်လာပေးခဲ့ပြီး ကြမ်းတမ်းသောတိုက်ပွဲကိုဆင်နွှဲ၍ အသက်ပေးလုပေးခင် ကြိုးပမ်းခဲ့ရသည်မဟုတ်လော။

ဤပါဝင်ကူညီမှုအတွက် ကြီးမားစွာပေးဆပ်ခဲ့ရသလို ဟုန်ချန်ယဲ့ကိုယ်တိုင်လည်း ထိုကျေးဇူးကြောင့် အသက်ချမ်းသာရာရခဲ့ခြင်းပင်။

ဤအချိန်မှ မလိုလားဟန်ပြလိုက်ပါလျှင် ဘယ်လိုဆင်ခြေပေးပေး မျက်နှာပျက်စရာသာ ဖြစ်ပေတော့မည်။

ဤသို့‌သောအကြောင်းကြောင်းကြောင့် ဟုန်ချန်ယဲ့သည် မနှစ်မြို့မှုကို အတတ်နိုင်ဆုံးထိန်းချုပ်လျက် အကြာကြီး စဉ်းစားပြီးနောက် မျက်နှာကိုတည်တည်ထားကာ အလွန်တင်းမာသော လေသံဖြင့် ပြောလိုက်သည်။

"တာအိုရောင်းရင်းလုံ၊ ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာအကြောင်းမရှိပါဘူး။ ကျွန်တော်တို့အားလုံးကို အချိန်မီဝင်ရောက်ကယ်ဆယ်ပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်မိပါတယ်။ အခုလောလောဆယ်တော့ အမြန်ပြန်ပြီး ဒဏ်ရာတွေသက်သာဖို့ အနားယူသင့်ပါပြီ"

ယနေ့တွင်တော့ အကြီးအကဲဟူသည့် တရိုတသေနာမ်စားကို သူအသုံးမပြုလိုက်တော့။

ဘယ်လိုအကြီးအကဲက ဒီလိုနှာဘူးကျနေမှာတဲ့လဲ။

All Chapters