← Chapters

စမှတ်နေရာ

Vol. 49 Ch. 682

စမှတ်နေရာ

Vol. 49 Ch. 682

ရုတ်တရတ်ဆိုသလို ချင်ရူရန်၏မျက်လုံးများမှာ သတိအပြည့်ဖြင့်တင်းမာသွားခဲ့ပြီး ပြန်လည်ပြောဆိုသောလေသံသည်လည်း အေးစက်နေခဲ့သည်။

"ဒီအကြောင်းအရာက ကျွန်မရဲ့ကိုယ်ရေးကိုယ်တာဖြစ်တဲ့အတွက် ဖွင့်ချဖို့မသင့်တော်ပါဘူး။ လူကြီးမင်းအနေနဲ့ စည်းရှိရှိပြုမူပြောဆိုဖို့ တောင်းဆိုပါရစေ"

ယိပါ့ကွားလက်ဝါးနှင့် ရွှင့်ထျန်းခြေလှမ်းတို့သည် သူမ၏ ပြန်လည်ပေါ်ပေါက်လာသော အတိတ်မှတ်ဉာဏ်များမှ ဆင်းသက်လာခြင်းဖြစ်၏။

လက်လွှတ်စပယ် ဖွင့်ထုတ်လို့ရသည့်အချက်များမဟုတ်။

ထို့အပြင် သူမကိုယ်တိုင်သည်ပင် ထိုမှတ်ဉာဏ်များ ဘယ်ကဘယ်လိုရောက်ရှိလာမှန်း မသိသေးချိန်ပင်။

ထို့ကြောင့် မျက်နှာချိုချိုဖြင့် ထိုတာအိုအဘိုးကြီးမှာ စည်းမသိစွာ အတင်းကာရောလာစူးစမ်းလေသောအခါ ချင်ရူရန် အတော်လေးစိတ်မကြည်မလင်ဖြစ်သွားရသည်။

"ဪ မိန်းကလေးရယ် အထင်မလွဲပါနဲ့။ ဒီအဘိုးကြီးက သိချင်ရုံ..."

တစ်ဖက်မိန်းကလေး တွန့်ဆုတ်တင်းမာသွားသည်ကိုမြင်သော် ကောင်းပုလီသည် သူ့ခေါင်းသူဖတ်ခနဲရိုက်၍ ပြန်လည်ရှင်းပြဖို့ကြိုးစား၏။

"ခွေးအိုကြီး ခင်ဗျားဘာလိုချင်တာလဲ"

လုံအော်ထျန်းသည် ဘေးကကြည့်နေရင်း သည်းမခံနိုင်တော့ပေ။ ကောင်းပုလီကို အရှေ့မှပိတ်ရပ်လိုက်ကာ ထိုဆံပင်ဝါဝါ မျက်နှာအိုအိုအား ဒေါသတကြီးစိုက်ကြည့်ရင်း ဖိအားများကိုပါ ထုတ်လွှတ်လိုက်သည်။

ရွှယ်ထျန်းသူတော်စင်နယ်မြေမှာတုန်းကလည်း လူရုပ်ဖြင့် ခွေးလိုပြုမူနေသည့် ဤအဘိုးကြီးကြောင့် သူအတော်အာရုံနောက်ခဲ့ရပြီးလေပြီ။

ယခု သူ၏အသက်သခင်ကျေးဇူးရှင်ကို အရှက်မရှိ လာရောက်ထိပါးနေပြန်သောကြောင့် ဒီတစ်ကြိမ်တော့ စာရင်းရှင်းဖို့ဆုံးဖြတ်လိုက်သည်။

"အယ် နဂါးလေး မင်းအထင်လွဲ..."

ကောင်းပုလီသည် ဟန်အမူအရာ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ပြန်လည်ထိန်းချုပ်ရင်း မျက်နှာချိုသွေးဖို့ပြင်လိုက်သည်။

သို့သော် လုံအော်ထျန်းက သူ့အင်္ကျီကော်လာစကို ဆွဲဆုပ်လိုက်ပြီး နဖူးပေါ်တွင် သွေးကြောများထောင်ထလျက်သားဖြင့် ဒေါသတကြီးဆိုသည်။

"နဂါးလေးဟုတ်လား။ မင်းလိုခွေးတစ်ကောင်ကများ ငါ့ကိုအဲ့လိုခေါ်ဝံ့တယ်ပေါ့"

သူ့ကိုနဂါးလေး၊ ရှောင်လုံဟု ခေါ်ခွင့်ရှိသူသည် ဤလောကတွင် မဟာမိတ်ခေါင်းဆောင်ယဲ့တစ်ယောက်သာဖြစ်၏။

"တာအိုရောင်းရင်းလုံရယ်၊ ဒီအဘိုးကြီးက ကိုယ့်နေရာကိုယ်မသိ ဝင်လျှာရှည်မိတာပါ။ စိတ်ငြိမ်ငြိမ်ထားပါဦး။ ဒီအဘိုးကြီးမှာ နတ်သမီးလေးကိုပြောစရာ အရေးကြီးကိစ္စတွေအများကြီးရှိနေလို့ပါ"

ကောင်းပုလီမှာ‌ ကြောက်ကြောက်ဖြင့် ချွေးအေးများရွှဲနစ်နေလျက်။

"ထွက်သွား"

လုံအော်ထျန်းသည် ရှင်းပြချက်ကို လုံးဝနားမထောင်ပေ။ သူသည် တစ်ဖက်လူကို ကောက်ကိုင်လိုက်ပြီး အမှိုက်ပစ်သကဲ့သို့ ပစ်ထုတ်လိုက်သည်။

ကောင်းပုလီမှာ သွေးအန်ချင်လောက်အောင် စိတ်ဓာတ်ကျသွားကာ စိတ်ထဲမှ တိတ်တိတ်လေး ကျိန်ဆဲသည်။

"မင်း ခွေးတစ်ကောင်ကို အဲ့လိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီး အနာဂတ်မှာ ကံကောင်းဖို့များတော့ မျှော်လင့်မနေလေနဲ့"

မည်သို့ပင် ခွေးမျိုးဖြစ်နေပါစေ ကောင်းပုလီသည် ဧကရီဖူယောင်၏ တံခါးစောင့်ခွေးဟောင်းအဖြစ် နောက်ခံအတောင့်အတင်းရှိနေသေးသည်ကို အကြောင်းပြု၍ ဤခေတ်အခါတွင်ပင် မသေမျိုးအသိုင်းအဝိုင်းအတွင်း နာမည်ရနေသေးသည်။ ခွင်းလွင်နယ်မြေ၏ အရေးပါသော ကျန်ရစ်သူတစ်ဦးအဖြစ်၊ အတွင်းသတင်းအချက်အလက်မျိုးစုံကို သိရှိသူအဖြစ် လူသိများသည်။

သို့သော် လုံ‌အော်ထျန်း၏မျက်လုံးထဲတွင်မူ ဤအဘိုးအိုသည် ပုံမှန်ကိုဟုတ်မနေပေ။

ထို့နောက် လုံအော်ထျန်းသည် ချင်ရူရန်ဘက်သို့ပြန်လှည့်ကာ ဆိုသည်။

“နတ်သမီးလေး၊ စိတ်ပူစရာမလိုပါဘူး။ အဲဒီ အဘိုးအိုကြီးကို ကျွန်တော်မောင်းထုတ်လိုက်ပါပြီ။ သူ နောက်ထပ် အနှောင့်အယှက်ပေးဖို့ သတ္တိရှိနေသေးရင် သူ့ခွေးခြေထောက်တွေကို ကျွန်တော် သေချာပေါက်ရိုက်ချိုးပေးပါ့မယ်"

"ကြင်နာမှုအတွက် အထူးပဲကျေးဇူးတင်ပါတယ်၊ လူကြီးမင်း"

ချင်ရူရန်က တောက်တောက်ပပလေးပြုံးလျက် ယဥ်ကျေးစွာဦးညွှတ်သည်။

၎င်းသည် ရေခဲမြစ်များကို အရည်ပျော်စေနိုင်သကဲ့သို့ ဖြစ်ပြီး မည်သည့်ရှုခင်းသာကိုမဆို မှေးမှိန်သွားစေသည်။ ဤအပြုံး၏ ဖျက်ဆီးသိမ်းပိုက်နိုင်စွမ်းသည် ထိုမျှကြီးမားလှ၏။

လုံအော်ထျန်းပင် ခေတ္တမျှ အာရုံပျက်ပြားသွားရသည်။

သူအသိဝင်လာသောအခါ တိတ်တိတ်လေးတွေးလိုက်မိသည်။

"ဒီနတ်သမီးလေးက ငါ့အပေါ် ခံစားချက်တွေများ ရှိနေတာလား"

"အာ အဲ့လိုလည်းဖြစ်နိုင်တာပဲ။ ငါ့ရဲ့ ယောက်ျားဆန်တဲ့ ဆွဲဆောင်မှုကို ဘယ်သူမှ မတွန်းလှန်နိုင်ဘူးလေ"

လုံအော်ထျန်းမှာ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်မိသည်။

သူသည် အလွန်အာရုံခံကောင်းသောသူဖြစ်လေရာ မည်သည့်အမျိုးသမီးဆိုစေ သူ၏ဖောက်ထွင်းနိုင်သောမျက်လုံးများထံမှ လွတ်မြောက်နိုင်မည်မဟုတ်။

ယခုအချိန်တွင် သူသည် ဟုန်ချန်ယဲ့အပြင် ဤနတ်သမီးလေးကိုလည်း ထူးထူးခြားခြားခံစားချက်ရှိမိကြောင်း သတိပြုလိုက်မိ၏။

သို့‌သော် သူ၏ နှလုံးသားရေးရာ စည်းမျဥ်းစည်းကမ်းများမှာ အထူးတင်းကျပ်ပေသည်။

"နတ်သမီးလေး၊ ကျွန်တော့်အပေါ် ခင်ဗျားရဲ့ခံစားချက်တွေကို တကယ်ပဲအသိအမှတ်ပြုမိပါတယ်။ ဒါပေမဲ့ ချန်ယဲ့ရဲ့ခံစားချက်တွေကို ကျွန်တော်အထူးဂရုစိုက်ပေးဖို့လိုသေးတယ်။ ကျွန်တော့်ကို ဒီအတိုင်းဆက်စောင့်ချင်နေသေးတယ်ဆိုရင်တော့ စိတ်ပျက်စေမိပါပြီလို့ပဲ ပြောပါရစေ။

ထိုစိတ်ရှုပ်ထွေးစရာ စကားလုံးများကြောင့် ချင်ရူရန်မှာ နေရာတွင် ကျောက်ရုပ်လိုရပ်ကျန်ခဲ့ရသည်။ သူမမျက်လုံးများမှာ တအံ့တသြဖြင့်ပြူးကျယ်လျက်။

ဒါ ဘာသဘောပါလိမ့်။

ရုတ်တရတ်ကြီး ဘာတွေထပြောနေပါလိမ့်။

"တောင်းပန်ပါတယ်"

လုံအော်ထျန်းသည် အပြစ်မကင်းဟန်မျက်နှာလေးဖြင့် ပြတ်သားစွာလှည့်ထွက်သွားတော့၏။

ရှည်လျားဖြောင့်မတ်သောကျောပြင်ကို ကြည့်ရင်း ချင်ရူရန် နှုတ်ခမ်းနည်းနည်းတွန့်သွားသည်။

သူက ကျပ်မပြည့်တာများလား။

ဦးနှောက်မှာ တစ်ခုခုထိခိုက်မိထားပုံရတယ်။

နားမလည်နိုင်စရာပဲ။

တစ်ဖက်တွင် ကျူးကျို့ရှန်းသည် ရိုသေစွာဦးညွှတ်လျက် ပြောလိုက်သည်။

"ကျွန်တော်က ခေါင်းကိုးလုံးမြွေ မျိုးနွယ်စုဝင် ကျူးကျို့ရှန်းဖြစ်ပါတယ်။ ဂါရဝပြုပါတယ် မဟာမိတ်ခေါင်းဆောင်ခင်ဗျာ"

"မင်းက အရှေ့ပိုင်းဒေသ ပြန်လည်နိုးထရှင်သန်လာသူများရဲ့ ကိုယ်စားလှယ်လို့ပြောကြတာကြားတယ်"

ယဲ့ကျွင်းလင်က မျက်ခုံးတစ်ဖက်ပင့်လျက်ဆိုသည်။

"မခံယူဝံ့ပါဘူးခင်ဗျာ။ တာအိုရောင်းရင်းများရဲ့ ကြင်နာမှုကြောင့်ပါ" ကျူးကျို့ရှန်းက နှိမ့်ချစွာတုံ့ပြန်သည်။

ကြီးမြတ်သောပုံရိပ်ရှေ့တွင် သူသည် မာန်မာနဟူ၍လုံးဝမထားရှိ။ နက်ရှိုင်းသော ရိုသေလေးစားမှုသာရှိသည်။

"အင်း မင်းကအတော်လေးတော့ စည်းကမ်းရှိသားပဲ။ မင်းတို့ပြန်ထွက်လာပြီးကတည်းက အရှေ့ပိုင်းဒေသမှာ ဘာပြဿနာမှမဖြစ်စေခဲ့ဘူးမလား။ မဟုတ်လို့ကတော့ မသေမျိုးမဟာမိတ်အဖွဲ့ရဲ့စည်းမျဥ်းတွေအတိုင်း ဖမ်းဆီးအပြစ်ပေးခံရဦးမှာ" ယဲ့ကျွင်းလင်က အဓိပ္ပာယ်ပါပါဆိုသည်။

"မိုးကောင်းကင်ကို ကျိန်ဆိုပါတယ်ခင်ဗျာ။ ကျွန်တော် ဘာပြဿနာမှမရှာခဲ့ပါဘူး"

ကျူးကျို့ရှန်းမှာ ချွေးအေးများစီးကျသည်အထိ ကြောက်လန့်သွားရပြီး သူ့ရပ်တည်ချက်ကို အလျင်အမြန်‌ဖော်ထုတ်ပြလာသည်။

နတ်ဆိုးဘုရင်အား ခုတ်ဖြတ်လိုက်သော ထိုဓားချက်တွင် သူနားလည်လိုက်သည်။ သူ့တွင် ခေါင်းကိုးလုံးရှိနေစေဦးတော့၊ အရှေ့မှလူငယ်လေး၏ ဓားချက်တစ်ချက်စာကိုပင် တောင့်ခံနိုင်လိမ့်မည်မဟုတ်။

"မကြောက်ပါနဲ့၊ ကျွန်တော် ယဲ့မျိုးရိုးက ထူးချွန်တဲ့စွမ်းအားရှင်တွေကို ကြိုဆိုလျက်ပါပဲ။ အခုအချိန်ကစပြီး ခင်ဗျားက အရှေ့ပိုင်းဒေသရဲ့ မသေမျိုးမဟာမိတ်အဖွဲ့ ကိုယ်စားပြုအဖြစ် စီမံထမ်းရွက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

ထိုစကားများအဆုံးတွင် ကျူးကျို့ရှန်း ကြက်သေသေသွားရသည်။

ချင်းလျန်ဓားမသေမျိုးက ပြုံးလျက်ဆို၏။

"တာအိုရောင်းရင်းကျူး၊ မဟာမိတ်ခေါင်းဆောင်ယဲ့ကို မြန်မြန်ကျေးဇူးတင်လိုက်ပါ။ အခုခင်ဗျားက မသေမျိုးမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ငယ်တစ်ယောက်ဖြစ်သွားပါပြီ"

ကျူးကျို့ရှန်းသည် ထိုအခါမှ အသိဝင်လာဟန်ဖြင့် စိတ်လှုပ်ရှားစွာဦးညွှတ်သည်။

"ကျေးဇူးတင်ပါတယ် မဟာမိတ်ခေါင်းဆောင်ယဲ့၊ ဒီငယ်သား အကောင်းဆုံးကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်"

"ဟုတ်ပြီ"

ယဲ့ကျွင်းလင်က ခေါင်းညိတ်သည်။

မူလကသူသည် စနစ်ဆုလာဘ်ရလိုဇောဖြင့် ဤမဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့လိုက်ခြင်းဖြစ်သော်ငြား ယခုမူ မဟာမိတ်အဖွဲ့၏ အရေးပါမှုသည် တစ်စထက်တစ်စ ပိုမိုကျယ်ပြန့်လာပြီဖြစ်သောကြောင့် လက်လွတ်စပယ်ထားလို့ မရနိုင်တော့။

ခွင်းလွင်ကမ္ဘာကြီး မြန်ဆန်စွာပြောင်းလဲတိုးတက်လာသည်နှင့်အမျှ နေရာအနှံ့အပြားတွင် ပဋိပက္ခများ ပြင်းထန်လာမည်ဖြစ်ပြီး စွမ်းအားကြီးသူများက အရင်းအမြစ်များကို တစ်ဦးတည်း ပိုင်ဆိုင်လိုသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ်ပေါ်လာမည်ဖြစ်သည်။ မသေမျိုးတာအို မဟာမိတ်အဖွဲ့အစည်းသည် ထိုလောဘလမ်းကြောင်းများကို ဖြတ်တောက်နှိမ်နင်းကာ ကျင့်ကြံရေးလောကကို ထိန်းညှိအုပ်စိုးရမည်။ တိုးတက်မှုလမ်းကြောင်းကို မျှတသေချာစေရမည်ဖြစ်၏။

ပြည်တွင်းအင်အားများကို ရနိုင်သမျှစုစည်းကာ လူအင်အားဖြုန်းတီးမှုအား တတ်နိုင်သလောက်လျှော့ချခြင်းဖြင့် အပြင်ကမ္ဘာများနှင့် ထိပ်တိုက်ရင်ဆိုင်ရရာတွင် သူတို့ဒီ့ထက်ပို၍ ယုံကြည်မှုရှိလာကြမည်ဖြစ်သည်။

အရေးကြီးဆုံးမှာ ပြင်ပကမ္ဘာများမှ ခွင်းလွင်ဒေသကြီးငါးခုဆီ သူလျှိုများစေလွှတ်ထောက်လှမ်းခြင်းနှင့် လူအင်အားစုစည်းခြင်းမှ ကာကွယ်နိုင်ရန် ယဲ့ကျွင်းလင်သည် မသေမျိုးမဟာမိတ်တပ်ဖွဲ့များကို ဒေသကြီးငါးခုဆီသို့ စနစ်တကျ တပ်ဖြန့်ထားလိုသည်။ ရန်သူများ နောက်ကွယ်မှ တိတ်တဆိတ်မလှုပ်ရှားစေနိုင်ဖို့ သူတို့တတ်နိုင်သမျှ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်သည်။

ဤသည်မှာ မသေမျိုးမဟာမိတ်အဖွဲ့၏ အခန်းကဏ္ဍဖြစ်သည်။

“လာမယ့်ရက်တွေမှာ မသေမျိုးမဟာမိတ်အဖွဲ့က မြောက်ပိုင်းဒေသ၊ တောင်ပိုင်းဒေသနဲ့ အနောက်ပိုင်းဒေသတွေဆီ တပ်ရင်းခွဲတွေ အသီးသီး ထူထောင်စေချင်တယ်။ ယုံကြည်စိတ်ချရတဲ့ ဒေသခံ စွမ်းအားရှင်တွေကို တပ်ခွဲခေါင်းဆောင်တွေအဖြစ် ခန့်အပ်ရမယ်။”

"ဒီကိစ္စကို အမြန်ဆုံးဦးစားပေးပြီး စေ့စေ့စပ်စပ်လုပ်ဆောင်ရမယ်။ အမှားအယွင်း လုံးဝမရှိစေရဘူး။ "

ယဲ့ကျွင်းလင်က အမိန့်ချသည်။

"ဟုတ်ကဲ့ ကျွန်တော်ကိုယ်တိုင် စီစဥ်လိုက်ပါ့မယ်"

ချင်းလျန်ဓားမသေမျိုးသည် အလွန်အမင်းစိတ်လှုပ်ရှားမှုကြောင့် အသက်ရှူသံများမြန်ဆန်လာရသည်။ မသေမျိုးမဟာမိတ်တပ်ဖွဲ့သည် တရားဝင်အင်အားဖြန့်ကျက်ခြင်းကို စတင်တော့မည်ပင်။

"မဟာမိတ်ခေါင်းဆောင်ယဲ့၊ ကျွန်တော်လုံမျိုးရိုး ကူညီနိုင်တာများရှိရင် ချက်ချင်းအမိန့်ပေးလိုက်ပါ"

အမိန့်ချမှတ်သံကိုကြားသော် လုံအော်ထျန်းလည်း သွေးများဆူပွက်လာလျက် ဝင်ရောက်ကူညီလိုကြောင်း ပြသလိုက်သည်။

ယဲ့ကျွင်းလင်က အတွေးတစ်ခုဝင်သွားဟန်ရှိကာ အလေးအနက်ဆိုလာသည်။

"ရှောင်လုံ မင်းကငါနဲ့ခဏလိုက်ခဲ့ဦး"

"အာ ဟုတ်ကဲ့"

လုံအော်ထျန်းသည် အနည်းငယ်နားမလည်နိုင်ဖြစ်သွားသော်ငြား ချက်ချင်းသဘောတူလိုက်သည်။

ဆူညံပွက်လောရိုက်နေကြသော ကျင့်ကြံသူအုပ်ကြီးကြား ဆက်နေလိုစိတ်မရှိတော့သဖြင့် ယဲ့ကျွင်းလင်သည် အကျဥ်းချုပ်စီမံကွပ်ကဲပေးပြီးနောက် နှုတ်ဆက်စကားဆိုကာ သူ့အနီးကပ်အဖွဲ့နှင့်အတူ ရွှယ်ထျန်းဂိုဏ်းဆီသို့ ဦးတည်လာခဲ့လိုက်တော့၏။

ရင်းနှီးကျွမ်းဝင်လှသော မြူခိုးတောင်ထိပ်ဆီသို့ သူတို့တစ်ဖန် ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဤနေရာကား သူ၏ အလိမ်အညာများစွာဖြင့် ခန္ဓာကူးပြောင်းခြင်းဘဝ၏ စမှတ်နေရာပင်ဖြစ်လေသည်။

All Chapters