← Chapters

အတွေးနည်းနည်းလွန်သွားတယ်

Vol. 49 Ch. 683

အတွေးနည်းနည်းလွန်သွားတယ်

Vol. 49 Ch. 683

မြူခိုးတောင်ထိပ်ပေါ်တွင်။

ယဲ့ကျွင်းလင်သည် စိတ်ခံစားချက်တို့ဖြင့်ပြည့်နှက်လျက် ဤနေရာသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့သည်။

သူ၏ နတ်ဘုရားအာရုံကိုဖြန့်ကျက်ကာ အာရုံခံကြည့်သော် ဤတောင်ထိပ်ရှိ မသေမျိုးဂူများအားလုံး အသစ်အတိုင်းဖြစ်နေသည်ကိုတွေ့ရပြီး ဖုန်မှုန့်များ ပင့်ကူမျှင်များပင် တစ်စမကျန်ရှင်းသန့်လျက်။ ပတ်ဝန်းကျင်ရှိ ပန်းမာန်များကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားသည်အား တွေ့ရသည်။ ခြုံပြောရလျှင် ဤနေရာသည် ကြာရှည်စွာ လူမနေဘဲ စွန့်ပစ်ထားသော နေရာကဲ့သို့ မဟုတ်ဘဲ စနစ်တကျ ရှိနေလေသည်။

"ဆရာတူညီလေးယဲ့၊ မင်းမရှိတဲ့ရက်တွေအတွင်း ဂိုဏ်းချုပ်က ဒီနေရာကိုရှင်းလင်းထိန်းသိမ်းဖို့ တပည့်တွေကိုမှန်မှန်ညွှန်ကြားထားတယ်။ မင်းပြန်လာတဲ့အခါ အကုန်အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားခိုင်းတာလေ"

ဓားဝှက်တောင်ထိပ်သခင်က ပြုံးလျက်ဆိုသည်။

ရှယိုနျန်က တည်တည်တံ့တံ့ပြန်ပြောလိုက်သည်။

"ဒါကငါတို့တာဝန်ပဲလေ။ ရွှယ်ထျန်းရဲ့ မဟာအကြီးအကဲအတွက် သူနေထိုင်နေကျနေရာကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ထိန်းသိမ်းပေးထားရမယ်မဟုတ်လား။ ဒါက ငါတို့ဂိုဏ်းရဲ့ ဂုဏ်သရေနဲ့ဆိုင်တဲ့ကိစ္စပဲ"

"အမြော်အမြင်ရှိလှပါပေတယ်"

ယဲ့ကျွင်းလင်က ကျေကျေနပ်နပ်ခေါင်းညိတ်လျက် ဆိုသည်။

ကြည့်ပါဦး။ ငါတို့ဂိုဏ်းချုပ်က ဘယ်လောက်တောင် စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် ဖွံ့ဖြိုးလိုက်လေသလဲ။

ထိုစဥ် ထျန်ရှန်းတောင်ထိပ်သခင်မက တခစ်ခစ်ရယ်ရင်း စသလိုနောက်သလိုဝင်ပြောသည်။

"မောင်လေးမသိသေးဘူး။ ဒါက ဂိုဏ်းချုပ်ရဲ့အစီအစဥ်တွေထဲက တစ်ခုလေးပဲရှိသေးတာ"

"နောက်အစီအစဥ်က အနာဂတ်မှာ မောင်လေးပြန်မလာရင် ဒီကိုလာလည်တဲ့ ကျင့်ကြံသူတိုင်း မောင်လေးနေခဲ့တဲ့နေရာကို ဝင်ရောက်လေ့လာချင်တဲ့အခါ ဝင်ခွင့်လက်မှတ်အဖြစ် ကြေးကြီးကြီးကောက်ခံပြီး ဂိုဏ်းရဲ့ဘဏ္ဍာကို ဖြည့်တင်းဦးမှာတဲ့လေ"

ကောင်းကင်ထက်တွင် ကျီးတစ်အုပ်ပျံသန်းသွားသည့် တအာ့အာ့အသံကိုကြားလိုက်ရသည်။

ယဲ့ကျွင်းလင်၏နဖူးကြောများ အတွန့်လိုက်ထပ်သွားကာ ရှယိုနျန်ကို ဆွံ့အစွာလှည့်ကြည့်လိုက်မိသည်။

ဂိုဏ်းချုပ်ဆိုတဲ့နေရာနဲ့အညီ စီးပွားရေးအကွက်မြင်လှပါပေတယ်။ ဆယ်လီဘရစ်တီတစ်ယောက်ရဲ့ ‌ကျော်ကြားမှုကို ကောင်းကောင်းအသုံးချနိုင်တာပဲ။

ရှယိုနျန် နည်းနည်းအပြစ်မကင်းသလို ခံစားလိုက်ရပြီး မနေတတ်စွာပြောလိုက်သည်။

"အယ် အဲ့လိုလုပ်တာဘာမှားနေလို့လဲ နှစ်ဦးနှစ်ဖက်ကောင်းကျိုးရှိတာပဲကို"

ထို့နောက် ထျန်ရှန်းတောင်ထိပ်သခင်မကို မကျေမနပ်လှမ်းကြည့်ပြီး စိတ်ပျက်လက်ပျက်ပြောသည်။

"ဆရာတူညီမလေး၊ ပါးစပ်ထဲရှိရာ‌ အကုန်ထုတ်ထုတ်မပြောစမ်းပါနဲ့ဟာ"

"ဪ အခုတော့ကျွန်မအပြစ်ပေါ့"

ထျန်ရှန်းတောင်ထိပ်သခင်မက မျက်ဆံလှန်ပြကာ စိတ်တိုသွားဟန်ရှိသည်။

ယဲ့ကျွင်းလင်က ထိုအုပ်စုကိုတစ်ပတ်လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။

"ကျွန်တော်တို့အတူတူ အကင်လုပ်မစားကြတာတောင် အတော်ကြာပြီမဟုတ်လား။ အခု နည်းနည်း‌လောက် ပွဲလေးလုပ်လိုက်ကြမလား"

"ရှိတာအကုန်ထုတ်ခဲ့ကြ။ ငါ့မှာ သေရည်တွေအလုံအလောက်ရှိတယ်" ဓားဝှက်တောက်ထိပ်သခင်က စိတ်လှုပ်ရှားစွာပြောသည်။

"ရှောင်ဟုန် သွားပြီးစီစဥ်လိုက်တော့"

ယဲ့ကျွင်းလင်က ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ ဆရာသခင်"

"ဟီးဟီး ဒီတစ်ခေါက်တိုက်ပွဲက တော်တော်ပင်ပန်းတာ။ အကင်ချောင်းလေးနဲ့ သေရည်လေးတစ်ခွက်လောက်သောက်လိုက်ရရင်တော့ အမောပြေသွားလောက်တယ်"

လီဝူကျယ်က ပြုံးပြုံးရွှင်ရွှင်ဆိုသည်။

ဤသို့ဖြင့် ပါဝင်ပစ္စည်းများကို စတင်ပြင်ဆင်ကြတာ မီးသွေးဖိုဖြင့် အကင်အိုးတစ်ခုလုပ်လိုက်ကြသည်။ ထို့နောက် အသားတုတ်ထိုးများနှင့် ဟင်းသီးဟင်းရွက်ကင်များကို ဆီသုတ်ကာ အကင်ဒယ်ပေါ် တစ်ခုပြီးတစ်ခုတင်ပြီး ကင်နေစဥ်မှာပင် ဟင်းခတ်အမွေးအကြိုင်များ ဖြူးထည့်ကြသည်။

မကြာမီသော မွှေးကြိုင်သောရနံ့များ သင်းပျံ့လာကာ လူအများကိုသွားရည်ယိုစေပြီး ဗိုက်ဟာဆာလောင်လာစေသည်။

ထိုအချိန်တွင် လုံအော်ထျန်းမှာတော့ အနီရောင်ဝတ်စုံဖြင့် နတ်သမီးလှလှလေးတစ်ယောက် ကျွမ်းကျင်သေသပ်စွာဖြင့် အကင်များကို ဟိုဘက်သည်ဘက်လှန်ကာ မီးအပူကို သေချာထိန်းညှိနေသည်အား ကြည့်မဝဖြစ်နေသည်။

ကြည့်နေရင်းလည်း ရေရွတ်မိ၏။

"ချန်ယဲ့ရဲ့ ပုံမှန်နေ့စဥ်ဘဝက ပုံစံလေးကို ဒီလိုဖြစ်နေလိမ့်မယ်ထင်မထားဘူး။ သူက ဘာမဆိုကျွမ်းကျင်နေတာပါလား"

လုံအော်ထျန်းသည် သူကိုယ်တိုင်လည်း နည်းနည်းတော့အစွမ်းပြရမည်ဟု ခံစားရကာ အနားသို့လျှောက်သွားပြီး ဆိုသည်။

"ချန်ယဲ့ ကိုယ်လုပ်လိုက်ပါ့မယ် အပင်ပန်းမခံနဲ့"

ဟုန်ချန်ယဲ့က သူ့ကို မျက်ခုံးတစ်ဖက်ပင့်ကြည့်လာကာ မကျေမနပ်ဆိုသည်။

"အခု ကျွန်တော့်ဟင်းချက်လက်ရာကို အထင်သေးနေတာလား။ မနှောင့်ယှက်စမ်းပါနဲ့ ဝေးဝေးသွားနေ"

အစကတော့ ရွှယ်ထျန်းကိုပြန်ရတော့မည်ဆိုသဖြင့် ဤလုံအော်ထျန်းကိုလည်း ထပ်မြင်စရာအကြောင်းမရှိတော့ဟု ထင်ထားသော်ငြား ဆရာသခင်မှ ဤနဂါးကို ဒီနေရာအထိဆွဲခေါ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့။ တွန့်ဆုတ်စွာပင် လက်ခံလိုက်ရပြီးနောက် ကိုယ့်အားကိုယ်ကိုးကာ ဒီလူကိုရှောင်နိုင်သလောက်ရှောင်ဖို့သာ ကြိုးစားနေရတော့၏။

ရလဒ်အနေဖြင့် အကင်ချောင်းများကို အာရုံစူးစိုက်၍ပြင်ဆင်နေစဥ် လုံအော်ထျန်းက သူ့ရှေ့တည့်တည့်တွင် ရုတ်တရတ်ပေါ်လာပြန်သည်။ အဘယ်မှာ ဒေါသမထွက်ဘဲနေမည်နည်း။

ဝတ်ရုံနီလေး၏ဒေါသကိုမြင်သော် လုံအော်ထျန်း အံ့သြသွားရသည်။

သူ့နေရာတွင် တခြားတစ်‌ယောက်ဆိုပါက သူဤနေရာတွင်ပင် ယမ်းပုံမီးကျ ဒေါသထွက်ပေရော့မည်။ သို့သော် တစ်ဖက်လူက ဟုန်ချန်ယဲ့လေးဖြစ်နေသောကြောင့် လုံအော်ထျန်းမှာ စိတ်ကသိသအောက်ဖြစ်ရမည့်အစား တစ်မျိုးတစ်မည် ကြည်နူးပျော်မြူးသွားသလိုပင် ခံစားရမိသည်။

ချစ်စရာကောင်းလိုက်တာနော်

ငါဒီလောက်ကြွေနေတာလည်း မဆန်းတော့ပါဘူး။

လုံအော်ထျန်းသည် မည်သို့မည်ပုံတုံ့ပြန်ရမှန်း စဥ်းစားမရနေချိန် ယဲ့ကျွင်းလင်က သူ့အနောက်မှပေါ်လာပြီး ပုခုံးကိုပုတ်၍ အပြုံးတစ်ခုဖြင့်ဆိုသည်။

"ရှောင်လုံ ငါနဲ့လိုက်ခဲ့ဦး"

"ဪ ဟုတ်ဟုတ်"

လုံအော်ထျန်းသည် ယဲ့ကျွင်းလင်ခေါ်ရာနောက် မေးခွန်းတစ်ခုမှမထုတ်ဘဲ လိုက်လာပါသော်ငြား စိတ်ထဲမှာတော့ အလွန်ရှုပ်ထွေးနေခဲ့သည်။

မဟာမိတ်ခေါင်းဆောင်ယဲ့ ကျွန်တော့်ကိုဘယ်ခေါ်သွားမလို့လဲ။

သူတို့အတူလျှောက်လာရင်း သပ်ရပ်လှပသော ခြံဝင်းလေးတစ်ခုက မျက်စိရှေ့ဘွားခနဲပေါ်လာသည်။ ကွေ့ကောက်နေသောလမ်းကြားလေးများမှာ ဆိတ်ငြိမ်အေးဆေးလျက် လူ့လောကနှင့် သီးသန့်ကွဲပြားနေသော နေရာတစ်ခုကဲ့သို့။

"မြန်မြန်ဝင်လာခဲ့။ ငါမင်းကိုပြစရာတစ်ခုရှိတယ်"

ယဲ့ကျွင်းလင်သည် လိုက်ကာစကိုမကာ အခန်းထဲသို့လျှောက်ဝင်သွားပြီး မျက်နှာထက်တွင် လျှို့ဝှက်သောအပြုံးတစ်မျိုးဖြင့်။

ထိုအမူအရာကိုမြင်သော် လုံအော်ထျန်းမှာ မိုးကြိုးအပစ်ခံလိုက်ရသည့်အလား တောင့်ခနဲဖြစ်သွားပြီး အခြေအနေကို ချက်ချင်းသဘောပေါက်လိုက်ဟန်ရှိသည်။

သူ့ကျောရိုးထက်တွင် ကြက်သီးများဖြန်းခနဲပြေးဆင်းသွားသည်အား ခံစားလိုက်ရပြီး တံတွေးတစ်ချက် အနိုင်နိုင်မျိုချလျက် အသံတုန်တုန်ဖြင့် သူပြောမိသည်။

"မဟာမိတ်ခေါင်းဆောင်ယဲ့၊ ခင်ဗျားက ဒီဘက်ခေတ်ရဲ့အင်အားအကြီးဆုံးပုဂ္ဂိုလ်ဆိုတာ လက်ခံပါတယ်။ ကျွန်တော်လုံမျိုးရိုး ချီးမွမ်းလေးစားရတဲ့သူဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ လေးစားတာကလေးစားတာပါပဲ။ ဒီလိုအကြံရှိနေတာမျိုးဆိုရင် ကျွန်တော် ခုခံသင့်ရင်ခုခံရမှာပါ"

ဤသို့ တိတ်ဆိတ်ငြိမ်သက်သာ လူသူကင်း‌ဝေးသော သီးသန့်အိမ်ခန်းတစ်ခုတွင် ထိုသို့ အကြံတစ်ခုခုကိုကိန်းအောင်းထားဟန် အပြုံးမျိုးဖြင့် မျက်နှာအမူအရာမှာ လုံအော်ထျန်းစိတ်ထဲ မရိုးအသားအတွေးတချို့ ခိုဝင်မိသွားအောင် စွမ်းဆောင်နိုင်ခဲ့လေသည်။

ထိုစကားအားကြားသော် ယဲ့ကျွင်းလင်မှာ ချက်ချင်းမျက်နှာတည်သွားပြီး ထို့နောက် မည်းမှောင်သွားတော့၏။

"မင်းဘာစောက်ရေးမပါတာတွေ တွေးနေတာလဲ။ ငါကအဲ့လောက် နှာဘူးကျမဲ့ရုပ်ပေါက်နေလို့လား"

အထင်လွဲတာတောင် ဒီလိုကိစ္စကြီးမှလွဲရသလား။

"တောင်းပန်ပါတယ်ခင်ဗျာ"

လုံအော်ထျန်းမှာ ရှက်ရွံ့သွားဟန်ဖြင့် ဦးညွှတ်တောင်းပန်သော်ငြား တကယ်တော့ စိတ်အေးသွားခြင်းသာဖြစ်၏။

"မြန်မြန်ဝင်ခဲ့ အချိန်ဆွဲမနေနဲ့"

ယဲ့ကျွင်းလင်က စိတ်မရှည်လက်မရှည်ပြောသည်။

"ဟုတ်ကဲ့"

လုံအော်ထျန်းလည်း ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ ယဲ့ကျွင်းလင်ခေါ်ရာနောက် လိုက်လာခဲ့လိုက်သည်။

အခန်းထဲတွင် စားပွဲပုလေးတစ်လုံးနှင့် ထိုင်ဖုံလေးနှစ်ခုသာရှိပြီး ပရိဘောဂများမှာလည်း အတော်လေးရိုးရှင်းနည်းပါးသည်။

"ဟင်"

လုံအော်ထျန်းသည် စားပွဲပုလေးပေါ်မှ ပန်းအိုးစိမ်းစိမ်းစိုစိုလေးတစ်လုံးနှင့် တူသော ကျွန်းပုံစံငယ်လေးအား သတိပြုမိလိုက်၏။

မသိလိုက်စွာဖြင့် ထိုကျွန်းလေးကိုအာရုံခံရန် နတ်ဘုရားအာရုံကို ဖြန့်ကျက်မိချိန်တွင် အမျိုးအမည်မသိသော စွမ်းအားတစ်ခုက သူ့ကိုတားဆီးပိတ်ပင်ထားသဖြင့် တအံ့တသြဖြစ်သွားခဲ့ရသည်။

"ဒါက ယွင်ရှန်းမသေမျိုးကျွန်းပဲ"

ယဲ့ကျွင်းလင်ကပြောသည်။

"ယွင်ရှန်းမသေမျိုးကျွန်းလား"

ထိုစကားလုံးများကို ကြားလိုက်ချိန်တွင် လုံအော်ထျန်းသည်‌ ရှေးဟောင်းခွင်းလွင်ကမ္ဘာ၌ လွန်စွာကျော်ဇောထင်ရှားခဲ့သည် ဒဏ္ဍာရီလာပုံရိပ်တစ်ခုအား လှစ်ခနဲပြေးမြင်လိုက်မိသည်။

လျိုဟွမ်းရှု။

ထိုအချိန်များတုန်းက အပြင်လောကတွင် အကြီးအကဲလျို သို့မဟုတ် ယွင်ရှန်းကျွန်းသခင်ဟူသော နာမည်ဖြင့် ကျော်ကြားခဲ့သည့် ကျင့်ကြံသူ။

ရိုးရိုးလေးရှင်းပြရလျှင် ထိုပုဂ္ဂိုလ်သည် ခွင်းလွင်၏ အမြင့်ဆုံးသော အစီအရင်ဆရာသခင်တစ်ဦးဖြစ်ပြီး အစီအရင်ဖွဲ့စည်းခြင်း အဆင့်အတန်းတွင် မဟာအကြီးအကဲဟူသည့်ဂုဏ်ပုဒ်ကို ရရှိထားသူဖြစ်၏။

ခွင်းလွင်ကမ္ဘာကြီး သေရေးရှင်ရေးအခက်အခဲဖြင့် ကြုံတွေ့နေရစဥ်က ထိုပုဂ္ဂိုလ်မြတ်သည် အစီအရင်များကိုအသုံးပြုကာ တိုက်ပွဲ၏အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီး သက်ရှိလူသားများကို ကယ်တင်ပေးနိုင်ခဲ့သည်။ ထိုသူ၏အောင်မြင်မှုများကား တုနှိုင်းမဲ့ကြီးမြတ်ကာ မြင့်မြတ်သော ကံကြမ္မာလမ်းကြောင်းပိုင်ရှင်လည်းဖြစ်သည်။

ကျော်ကြားမှုအား နှိုင်းဆပြရလျှင် ဤခွင်းလွင်၏ ကျင့်ကြံရေးလောကတွင် ခွင်းလွင်ထောက်တိုင် သူတော်စင်လေးပါး၏နောက် ဒုတိယလိုက်သော ကျင့်ကြံသူဖြစ်၏။

ထိုနာမည်ကို မကြားဖူးသူမရှိ။

ယခု လုံအော်ထျန်းသည် အကြီးအကဲလျို၏ မသေမျိုးကျွန်းအား ယဲ့ကျွင်းလင်၏နေအိမ်စားပွဲထက် မြင်လိုက်ရသဖြင့် မယုံကြည်နိုင်မှုနှင့်အတူ အလွန်အမင်းရှော့ခ်ရသွားရသည်။

ဘာတွေဖြစ်နေတာလဲ။

ဒီလိုအရေးပါလှတဲ့ အဖိုးတန်ရတနာ ယွင်ရှန်းမသေမျိုးကျွန်းက ဘယ်လိုလုပ် ဒီကိုရောက်နေရတာလဲ။

"မဟာမိတ်ခေါင်းဆောင်ယဲ့က အကြီးအကဲလျိုနဲ့ ရင်းနှီးတာများလား" လုံအော်ထျန်းက စူးစမ်းလိုဟန်ဖြင့်မေးသည်။

ယဲ့ကျွင်းလင် နည်းနည်းလောက်တွေးကြည့်လိုက်ပြီး ထိုသူထံမှ ကျွန်းကိုအမွေဆက်ခံရရှိခဲ့သလို ထိုသူ၏နတ်အာရုံကိုယ်ပွားဖြင့်လည်း အတော်အတန် စကားစမြည်ဆိုခဲ့ဖူးသဖြင့် ရင်းနှီးသည်ဟုသာ သတ်မှတ်လိုက်သည်။

"အင်း အတော်လေးရင်းနှီးတာပေါ့"

ထိုအဖြေစကားအား ကြားလိုက်ချိန်တွင် လုံအော်ထျန်း၏မျက်လုံးများမှာ တစ်စထက်တစ်စပိုပြူးကျယ်လာပြီး အကြီးအကျယ် အံ့သြဘနန်းဖြစ်သွားဟန်ရှိလေသည်။

အကြီးအကဲလျိုလို တကယ့်စွမ်းအားရှင်နဲ့တောင် အရမ်းရင်းနှီးတာပဲတဲ့လား။ မဟာမိတ်ခေါင်းဆောင်ယဲ့လည်း အကောင်ကြီးကြီး အမြှီးရှည်ရှည်ထဲကပဲဖြစ်ရမယ်။

ကောင်းကင်ဧကရာဇ်ယဲ့ ဟူသော ကောလဟလများသည်လည်း ရာနှုန်းပြည့် ယုံကြည်စိတ်ချရလောက်ပေမည်။

"အဲ့မှာရပ်မနေနဲ့ ငါနဲ့လိုက်ဝင်ခဲ့"

ထိုသို့ပြောအပြီး ယဲ့ကျွင်းလင်သည် လှစ်ခနဲပင် ကျွန်းငယ်လေးထဲခုန်ဝင်သွားတော့၏။

လုံအော်ထျန်းလည်း အလွန်စိတ်လှုပ်ရှားနေရသည်။ ထိုယွင်ရှန်းမသေမျိုးကျွန်း၏ ထူးကဲသာလွန်သော သ‌ဘောသဘာဝကို သူနားရည်ဝအောင်ကြားဖူးထားလှသဖြင့် ဤသို့ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လည်ပတ်နိုင်မည့်အခွင့်အရေးသည် တစ်သက်တွင်တစ်ကြိမ် အထူးအခွင့်အရေးကြီးသာ ဖြစ်ပေတော့၏။

All Chapters