ခုခံကာကွယ်ရေးဒြပ်စင်လက်နက်
Vol. 6 Ch. 67
ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်သို့ တက်လှမ်းပြီးနောက် ခုန်မင်က တစ်ချက်ပင်မနားဘဲ ဆက်လက်ကျင့်ကြံနေခဲသည်။
သူ၏သွေးကြောများထဲတွင် အရည်အဖြစ်ပြောင်းလဲသွားသော ဒြပ်စင်စွမ်းအားများကို အပြစ်ဆိုဖွယ်မရှိအောင် သန့်စင်ပြီး အပြည့်အဝ ထိန်းချုပ်နိုင်တော့မှ ကျင့်ကြံခြင်းကိုရပ်တန့်ပြီး မတ်တတ်ထရပ်လိုက်သည်။
တံခါးပိတ်ကျင့်ကြံခြင်းက မည်မျှကြာသွားကြောင်းပင် သူ သတိမထားခဲ့မိပေ။
သူ၏စိတ်အာရုံက ကိုယ်တွင်းခန္ဓာထဲ အပြည့်အဝနစ်မြုပ်သွားသည့်အခါ မည်သို့မည်ပုံ အချိန်ကုန်သွားမှန်းပင် မသိခဲ့ပေ။ ခုန်မင်က မတ်တတ်ရပ်လိုက်သော်လည်း ကျောက်ဂူအတွင်းမှ ထွက်ခွာမသွားသေးပေ။
လက်ရှိတွင် ခုန်မင်က ဒြပ်စင်စွမ်းအားကျင့်ကြံသူမျှသာ မဟုတ်ပေ။ သူက ပန်းပဲဆရာနျင့် အဂ္ဂိရတ်ပညာရှင်လည်း ဖြစ်နေပေပြီ။
ယခု သူက ဒြပ်စင်စွမ်းအားပညာရှင်အဆင့်မှ ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့ အောင်မြင်စွာ တက်ရောက်ခဲ့ပြီးဖြစ်ရာ သူ၏ပန်းပဲပညာနှင့် အဂ္ဂိရတ်ပညာတို့မှာလည်း များစွာတိုးတက်လာပေမည်။
ထိုပညာရပ်နှစ်ခုလုံး ကနဦးအဆင့်တွင် ရပ်တန့်နေတော့မည် မဟုတ်ပေ။
ခုန်မင်က ဤကျောက်ဂူကို စတင်ပြင်ဆင်ကတည်းက ပန်းပဲပညာနှင့် အဂ္ဂိရတ်ပညာ နှစ်မျိုးလုံးအသုံးပြုနိုင်ရန် ပုံစံထုတ်ထားခဲ့သည်။
ထို့ကြောင့် သူက ကျင့်ကြံခြင်းပြီးဆုံးသည်နှင့် ပန်းပဲပညာနှင့် အဂ္ဂိရတ်ပညာ လျှို့ဝှက်ချက်များကို ဆက်လက်လေ့လာရန် ဆုံးဖြတ်လိုက်၏။
ခုန်မင် ဝိညာဉ်စွမ်းအားထုတ်လွှတ်ကာ အာရုံပြုလိုက်သည်နှင့် တိုရီယာလက်စွပ်ထဲတွင် သိမ်းဆည်းထားသော ပန်းပဲပညာကျမ်းက သူ့လက်ထဲသို့ ချက်ချင်းရောက်လာသည်။
မီးဒြပ်စင်စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် ထိုကျမ်းစာက တဖျပ်ဖျပ်ပွင့်သွားပြီး စွမ်းအားများရိုက်ခတ်လာကာ ပညာရပ် အချက်အလက်များစွာ ခုန်မင်၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်ဆီသို့ စီးဝင်လာသည်။
ယခုတစ်ကြိမ် သူ သင်ယူရသောပညာများက အရင်တစ်ခေါက်ကထက် ပိုမိုနက်ရှိုင်းသလို ပြီးပြည့်စုံခြင်းလည်းရှိသည်။
ပန်းပဲပညာကျမ်းအား ဒြပ်စင်စွမ်းအားပညာရှင်အဆင့် မီးဒြပ်စင်စွမ်းအားဖြင့် ဖွင့်လှစ်ခြင်းနှင့် ဒြပ်စင်စွမ်းအားဆရာသခင်အဆင့် မီးဒြပ်စင်စွမ်းအားဖြင့် ဖွင့်လှစ်ခြင်းတို့က များစွာကွာခြားသည်။
ကျမ်းစာမှ ထုတ်ဖော်ပြသပေးသည့်အကြောင်းအရာများသည်လည်း တူညီခြင်းရှိတော့မည် မဟုတ်ပေ။
ဒြပ်စင်စွမ်းအား ပညာရှင်အဆင့်တွင် ပန်းပဲပညာကျမ်း၏ နိဒါန်းပိုင်းကို လေ့လာနိုင်ပြီး ဒြပ်စင်စွမ်းအားလက်နက်များကိုပုံသွင်းရန် အခြေခံအကျဆုံးနည်းလမ်းများကို ဖော်ပြထားသည်။
ယခု ခုန်မင်က ပန်းပဲပညာအခြေခံများကို ကျွမ်းကျင်ပိုင်နိုင်သွားပြီဖြစ်ရာ နောက်ထပ် မည်သည့်အရာများကို သင်ယူရဦးမည်နည်း။
ဒြပ်စင်စွမ်းအားလက်နက်များက မရေမတွက်နိုင်အေင် များပြားလွန်းသော်လည်း တိုက်ခိုက်ရန်တစ်ခုတည်းအတွက် သီးသန့်ရည်ရွယ်ထားခြင်း မဟု်တပေ။
ထျန်းယွမ်ကုန်းမြေတွင် ခုခံကာကွယ်ရေးအမျိုးအစားဖြစ်သော ဒြပ်စင်လက်နက်များလည်း များစွာရှိနေသည်။
အရေးကြီးသောအခြေအနေတွင် အကောင်းဆုံးတိုက်ခိုက်ခြင်းဆိုသည်မှာ ခိုင်မာသောကာကွယ်ခြင်းပင် ဖြစ်၏။ ထျန်းယွမ်ကုန်းမြေမှလူများက ဤသဘောတရားကို ကောင်းစွာနားလည်ထားကြသည်။
ထို့ကြောင့် ဒြပ်စင်စွမ်းအားလက်နက်များကို ပုံသွင်းသည့်အခါ တိုက်ခိုက်ရေးလက်နက်သာမက ခုခံကာကွယ်ရေးအတွက် အထူးပြုလုပ်ထားသည့်လက်နက်များကို မည်သို့လျစ်လျူရှုနိုင်ပါမည်နည်း။
ခုန်မင်လက်ထဲတွင်ရှိနေသည့် ပန်းပဲပညာကျမ်းက လျန်ကျိုးနယ်နံပါတ်(၁) ပန်းပဲပညာရှင် “ဓားသူတော်စင်” မှ လက်ဆင့်ကမ်းပေးခဲ့သော စာအုပ်ဖြစ်သည်။
ဓားသူတော်စင်၏ ဘဝသက်တမ်းတစ်လျှောက်တွင် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက် (၅)ခု ဖန်တီးခဲ့သည်။ ထိုလက်နက်များထဲမှတစ်ခုက အတုမရှိသော ကာကွယ်ရေးစွမ်းရည်ကြောင့် အလွန်တရာ နာမည်ကျော်ကြားခဲ့သည်။
သို့ဖြစ်ရာ ခုန်မင်အနေဖြင့် ပန်းပဲပညာလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းမည်ဆိုပါက သူရင်ဆိုင်ရမည့် နောက်ထပ်စိန်ခေါ်မှုတစ်ခုရှိလာသည်။
ခုခံကာကွယ်ရေးအမျိုးအစား ဒြပ်စင်စွမ်းအားလက်နက်တစ်ခုကို ပြုလုပ်ရပေမည်။
ပန်းပဲဆရာအစစ်ဆိုပါက တိုက်ခိုက်ရေးလက်နက်ရော ကာကွယ်ရေးလက်နက်ပါ ပြုလုပ်နိုင်ရပေမည်။ ထိုသို့မပြုလုပ်နိုင်ဘဲ ပန်းပဲပညာလမ်းကြောင်း၏ ထိပ်ဆုံးအဆင့်တွင် အခိုင်အမာ ရပ်တည်နိုင်မည် မဟုတ်ပေ။
အသုံးအများဆုံး ကာကွယ်ရေး ဒြပ်စင်စွမ်းအားလက်နက်မှာ သေချာပေါက် “ဒိုင်း” များ ဖြစ်ရပေမည်။
အတိတ်တစ်ချိန်က ပန်းပဲဆရာကြီး”ဓားသူတော်စင်” က မြောက်ဝင်ရိုးစွန်းမှ ရောင်စဉ်တန်းကိုဖမ်းယူပြီး ရှားပါးသောသတ္တု(၁၂)မျိုးနှင့်ရောစပ်ကာ အဆင့်မြင့် ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ဖြစ်သော “ရောင်စဉ်ဒိုင်း” ကို ဖန်တီးခဲ့သည်။
ထိုဒိုင်းက ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူများအတွက်ပင် အကောင်းဆုံး ခုခံကာကွယ်ရေးလက်နက်အဖြစ် မှတ်ကျောက်တင်ခံခဲ့ရသည်။
ရောင်စဉ်ဒိုင်းက ဒြပ်စင်စွမ်းအားထိပ်တန်းသခင်အဆင့် ကျွမ်းကျင်သူတစ်ယောက်၏ စွမ်းအားပြည့်တိုက်ခိုက်မှုကို ခုခံနိုင်ရုံသာမက မြောက်ဝင်ရိုးစွန်းရောင်စဉ်တန်းကိုထုတ်လွှတ်ကာ ရန်သူများအား မျက်စိကျိန်းပြီး စိတ်ရှုပ်ထွေးသွားအောင် ပြုလုပ်နိုင်သည်။
ထိုမျှကောင်းမွန်သည့်ဒိုင်းလက်နက်မျိုးကို မည်သူမဆို လိုချင်တပ်မက်မည်သာပင်။
ခုန်မင်၏ လက်ရှိစွမ်းရည်ဖြင့် “ရောင်စဉ်ဒိုင်း” ကဲ့သို့ ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်မျိုးကို ပြုလုပ်ရန် မဖြစ်နိုင်သေးပေ။
သို့သော် ပန်းပဲပညာကျမ်းတွင် ကာကွယ်ရေး ဒြပ်စင်စွမ်းအားလက်နက် မည်သို့ပြုလုပ်ရမည်ကို သင်ပြပေးထားသည်။ ထိုသို့သောလက်နက်မျိုးသာ ပြုလုပ်နိုင်ခဲ့ပါက ခုန်မင်၏လိုအပ်ချက်များနှင့် လုံးဝ ကိုက်ညီသွားပေမည်။
ခုန်မင်က သူပြုလုပ်မည့် ကာကွယ်ရေး ဒြပ်စင်စွမ်းအားလက်နက်ကို “ဒြပ်စင်သံလိုက်ဒိုင်း” ဟု အမည်ပေးလိုက်သည်။
လိုအပ်သောပစ္စည်းများကတော့ ရိုးရှင်းပါသည်။
သွေးနီငွေသားသံမဏိ ၊ သံမဏိသတ္တုနှစ် ၊ ပြီးတော့ လျန်ကျိုးနယ်နှင့် ယိုကျိုးနယ်များတွင်သာတွေ့ရသော အထူးသံလိုက်ကျောက်နှစ်မျိုးဖြစ်သည့် တောင်ပိုင်းသံလိုက်ကျောက်နှင့် မြောက်ပိုင်းသံလိုက်ကျောက်တို့ ဖြစ်သည်။
ယခု ခုန်မင်တွင် ထိုပစ္စည်းများရှိနေလေရာ ချက်ချင်းပင် ပန်းပဲပြုလုပ်နိုင်လေသည်။
ဒြပ်စင်သံလိုက်ဒိုင်းက ကာကွယ်ရေးလက်နက် ဒိုင်းကာတစ်ခုဖြစ်ပြီး အထူးစွမ်းရည်တစ်ခု ထည့်သွင်းထားသည်။ ဒိုင်းကာအတွင်းသို့ ဒြပ်စင်စွမ်းအားစီးဝင်စေလိုက်သည်နှင့် ထူးခြားသော သံလိုက်စက်ကွင်းတစ်ခု ထုတ်လွှတ်ပေးနိုင်သည်။
ဒြပ်စင်စွမ်းအားလက်နက်အများစုက သတ္တုဖြင့်ပြုလုပ်ထားသည်ဖြစ်ရာ သံလိုက်စက်ကွင်းဖြစ်ပေါ်လာသည်နှင့် ရန်သူအနေဖြင့် လက်နက်များကို ထိန်းချုပ်ရန်ခက်သွားပြီး မခန့်မှန်းနိုင်သောပုံစံများဖြင့် လမ်းကြောင်းပြောင်းသွားနိုင်သည်။
သူသေကိုယ်သေတိုက်ပွဲမျိုးတွင် သံလိုက်စက်ကွင်း၏နှောက်ယှက်မှုကြောင့် လက်နက်၏လမ်းကြောင်း အနည်းငယ်လွဲချော်သွားခြင်းသည်ပင် အနိုင်အရှုံးကိုပိုင်းခြားသော အမှားတစ်ခု ဖြစ်လာနိုင်သည်။
ဤအချက်ကြောင့်ပင် ဒြပ်စင်သံလိုက်ဒိုင်းကို အဆင့်မြင့် ဒြပ်စင်စွမ်းအားလက်နက်အဖြစ သံသယမရှိ သတ်မှတ်နိုင်ပေ၏။
ထို့ပြင် ဒြပ်စင်သံလိုက်ဒိုင်းက လက်ဖျံတွင် ဝတ်ဆင်ရသော ဒိုင်းကာဖြစ်လေရာ လက်တစ်ဖက်ဖြင့်တိုက်ခိုက်ပြီး လက်တစ်ဖက်ဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားနိုင်ခြင်းဖြစ်သည်။
သို့ဖြစ်ရာ တိုက်ခိုက်ရေးတွင်လည်း အနှောက်အယှက် မရှိလှပေ။
ခုန်မင် စဉ်းစားကြည့်လိုက်သည်။
လက်တစ်ဖက်တွင် ဒြပ်စင်သံလိုက်ဒိုင်းကို ဝတ်ဆင်ကာကွယ်ထားပြီး ကျ်နလက်တစ်ဖက်တွင် ယွမ်ရုန်ဒူးလေးကို ကိုင်ဆောင်တိုက်ခိုက်မည်ဆိုပါက အဆင့်တူညီသော ဒြပ်စင်စွမ်းအားလက်နက်ကိုကိုင်ဆောင်ထားသည့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်စရာမရှိပေ။
ဒြပ်စင်သံလိုက်ဒိုင်းနှင့် ယွမ်ရုန်ဒူးလေး ပေါင်းစပ်လိုက်မည်ဆိုလျှင် ခံစစ်-တိုက်စစ် ပေါင်းစပ်သွားပြီး အကောင်းဆုံး တိုက်ခိုက်စွမ်းရည်ကို ထုတ်ပေးနိုင်ပေမည်။
သို့ဖြစ်ရာ ဒြပ်စင်သံလိုက်ဒိုင်းက အားသာချက်ရှိသော ကာကွယ်ရေးလက်နက်ဖြစ်လေသည်။
ခုန်မင်ကလည်း ပန်းပဲပညာကို ပိုမိုနက်နဲစွမ်ကျွမ်းကျင်ရန် လေ့ကျင့်ချင်သည်ဖြစ်ရာ ထိုဒိုင်းကာကိုဖန်တီးရန် စိတ်အားထက်သန်စွာပင် ဆုံးဖြတ်လိုက်တော့သည်။
ပြီးတော့ လေလံပွဲမှ နေမီးလျှံမီးပြင်းဖိုကိုရရှိထားသည် မဟုတ်လား။
ထိုမီးပြင်းဖို မည်မျှအစွမ်းထက်ကြောင်း ခုန်မင် စမ်းသပ်မကြည့်ရသေးပေ။ လက်ရှိအချိန်က စမ်းသပ်ရန် အသင့်တော်ဆုံးအချိန်သာပင်။
သိုလှောင်လက်စွပ်ဖြစ်သော တိုရီယာလက်စွပ်ရရှိပြီးကတည်းက ခုန်မင်က ခုန်အိမ်တော်တွင်ရှိသော ပစ္စည်းအမျိုးအစားတိုင်းကို လက်စွပ်ထဲထည့်ထားခဲ့သည်။
ထို့ကြောင့် သွေးနီငွေသားသံမဏိ ၊ သံမဏိသတ္တုနှစ်ကဲ့သို့ ရှားပါးပစ္စည်းသာမက တောင်ပိုင်းသံလိုက်ကျောက်နှင့် မြောက်ပိုင်းသံလိုက်ကျောက်ကဲ့သို့ ထူးခြားပစ္စည်းများကိုလည်း အဆင်သင့်ယူဆောင်ထားနိုင်ခဲ့သည်။
ပစ္စည်းများစုံပြီဖြစ်ရာ ခုန်မင်အနေဖြင့် ဒြပ်စင်သံလိုက်ဒိုင်းကို စတင်ပုံသွင်းရန်သာ လိုအပ်တော့သည်။
ခုန်မင်က ပန်းပဲပညာကျမ်းကို တိုရီယာလက်စွပ်ထဲပြန်သိမ်းလိုက်ပြီး နေမီးလျှံမီးပြင်းဖိုကို ထုတ်ယူလိုက်သည်။ နေမီးလျှံမီးပြင်းဖိုက လေထုထဲတွင် ဘွားကနဲပေါ်လာပြီး ဖြည်းဖြည်းချင်း ပန်းပဲခုံထက်သို့ မြဲမြံစွာ ကျရောက်သွားသည်။
နေမီးလျှံမီးပြင်းဖိုက သာမန်မီးပြင်းဖိုထက် သုံးပုံတစ်ပုံခန့် ပိုမိုကြီးမားသည်။
ထူးခြားသော သတ္တုစပ်(၁၂)မျိုးထက်မနည်းဖြင့် ပုံသွင်းထားသည်ဖြစ်ရာ မျက်နှာပြင်က သတ္တုရောင်တောက်ပလျှက်ရှိသဖြင့် ကြည့်မြင်ရသည်မှာ အလွန်ပင် ခမ်းနားထည်ဝါလှသည်။
ဤမျှအဆင့်မြင့်သော မီးပြင်းကိုကိုရရှိထားသည်ဖြစ်ရာ သူ၏ထူးခြားသော ဝိညာဉ်ခန္ဓာဖြင့် ပန်းပဲပြုလုပ်မည်ဆိုလျှင် “ဒြပ်စင်သံလိုက်ဒိုင်း” ကို ပြုလုပ်ရာတွင် ရာနှုန်းပြည့်မအောင်မြင်လျှင်တောင် (၉၀)ရာနှုန်းတော့အောင်မြင်မည်ဟု ခုန်မင် ယုံကြည်ထားလိုက်သည်။
ထို့ကြောင့် ခုန်မင်က ယုံကြည်မှုအပြည့်ဖြင့် လိုအပ်သည့်ပစ္စည်းများအားလုံးကို တိုရီယာလက်စွပ်ထဲမှထုတ်ယူကာ မီးပြင်းဖိုအတွင်း ထည့်သွင်းလိုက်သည်။
ထို့နောက် မီးပြင်းဖိုအတွင်းရှိမီးကန်ကို မီးညှိပြီး ပန်းပဲပြုလုပ်ခြင်း စတင်လိုက်တော့၏။
ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့ တက်လှမ်းခဲ့ပြီးနောက် ခုန်မင်၏ကိုယ်တွင်းမှ ဒြပ်စင်စွမ်းအားသန့်စင်မှုက ယခင်ကနှင့်လုံးဝကွာခြားသွားခဲ့သည်။
သို့ဖြစ်ရာ ဒြပ်စင်သံလိုက်ဒိုင်းပြုလုပ်ရန် မတူညီသည့်ပစ္စည်း (၄)မျိုးကို တပြိုင်တည်းသန့်စင်ရန်လိုအပ်သော်လည်း သူ့အတွက် အခက်အခဲမရှိတော့ပေ။
ဒြပ်စင်စွမ်းအားများကို စုပ်ယူအသုံးပြုခြင်းက သူ့အတွက် အလွန်တရာ လွယ်ကူနေပြီ မဟုတ်ပါလား။