← Chapters

ဒြပ်စင်သံလိုက်ဒိုင်းနှင့် ဒြပ်စင်စွမ်းအားပြုပြင်ဆေးလုံး

Vol. 6 Ch. 68

ဒြပ်စင်သံလိုက်ဒိုင်းနှင့် ဒြပ်စင်စွမ်းအားပြုပြင်ဆေးလုံး

Vol. 6 Ch. 68

ခုန်မင်က လက်ဖဝါးနှစ်ဖက်ကို အသာအယာပွတ်သပ်လိုက်ပြီး မီးဒြပ်စင်စွမ်းအားကို ထုတ်ဖော်လိုက်သည်။

မီးလျှံ(၄)ခုထွက်ပေါ်လာပြီး ထိုမီးလျှံများက နေမီးလျှံမီးပြင်းဖိုထဲသို့ဝင်ရောက်သွားကာ သွေးနီငွေသားသံမဏိ၊ သံမဏိသတ္တုနှစ်၊ တောင်ပိုင်းသံလိုက်ကျောက်နှင့် မြောက်ပိုင်းသံလိုက်ကျောက်တို့အား ရစ်ပတ်သွားသည်။

နေမီးလျှံမီးပြင်းဖိုက အမည်နှင့်လိုက်အောင် အရည်အသွေးမြင့်မားလှသည်။

ခုန်မင် မီးပြင်းဖိုထဲထည့်လိုက်သည့် မီးဒြပ်စင်စွမ်းအားက လုံးဝ အလေအလွင့်မရှိဘဲ ဖိုထဲမှပစ္စည်းများထံသို့ မှန်ကန်စွာ ကျရောက်သွားသည်။

ထိုသို့တိကျမှုကြောင့် မီးပြင်းဖိုအတွင်းမှ သတ္တုများကိုသန့်စင်ရာတွင် များစွာ စွမ်းဆောင်ရည်တိုးတက်လာလေသည်။ အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းချိန်မျှကြာမြင့်ပြီးနောက် မီးပြင်းဖိုထဲမှ ပစ္စည်း(၄)မျိုးလုံး သန့်စင်ပြီးသွားသည်။

ဤအရှိန်အဟုန်က ခုန်မင် ယွမ်ရုန်ဒူးလေး ပြုလုပ်စဉ်ကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်ပေသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်မြင့်တက်လာခြင်းအပြင် နေမီးလျှံမီးပြင်းဖိုကလည်း အဆင့်မြင့်လွန်းသဖြင့် ပန်းပဲပြုလုပ်ရာတွင် ပိုမိုမြန်ဆန်လာခြင်း ဖြစ်၏။

ထို့နောက်မှာတော့ ပန်းပဲပညာ၏ အရေးကြီးဆုံးအပိုင်းဖြစ်သော ပေါင်းစပ်ခြင်းအပိုင်းကို စတင်ရသည်။

ခုန်မင် ယွမ်ရုန်ဒူးလေးကို သန့်စင်စဉ်က ပစ္စည်း(၄)မျိုးကို နှစ်စုံခွဲကာ ပေါင်းစပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုစဉ်က ခက်ခဲမှုက ယခုခက်ခဲမှုနှင့်ယှဉ်လျှင် ဘာမှမဟုတ်ခဲ့ပေ။

ပန်းပဲပညာရှင်ကြီးများပင်လျှင် ပစ္စည်း(၄)မျိုးကို တစ်ပြိုင်တည်း အပြစ်အနာအဆာမရှိ ပေါင်းစပ်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။

ခုန်မင်သည်လည်း တစ်ကြိမ်တည်းဖြင့် အောင်မြင်နိုင်ပါမည်လား။

ဟုတ်ပေ၏။

အရေးကြီးသည့် ပေါင်းစပ်ခြင်းအဆင့်တွင် ခုန်မင်၏ သစ်သား - မီး - မြေ ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာက အဆုံးအဖြတ်ပေးမည့်ကဏ္ဍမှ ပါဝင်လာသည်။

မီးဒြပ်စင်စွမ်းအားက ပေါင်းစပ်ခြင်းနှင့် ပုံသွင်းခြင်းကို လုပ်ဆောင်သည်။

သစ်သားဒြပ်စင်စွမ်းအားက ပစ္စည်းများ တည်ငြိမ်မှုကို ထိန်းသိမ်းပေးသည်။

မြေဒြပ်စင်စွမ်းအားက ခုခံကာကွယ်ရေး ဒြပ်စင်စွမ်းအားလက်နက်များကို အောင်မြင်စွာသွန်းလုပ်ရာတွင် အထူးသဖြင့် အကျိုးရှိစေ၏။

ထိုသို့ဖြင့် ခုန်မင်က ဒြပ်စင်စွမ်းအား(၃)မျိုး ပေါင်းစပ်ပြီး နေမီးလျှံမီးပြင်းဖိုအတွင်း ထည့်သွင်းလိုက်ရာ ပစ္စည်း(၄)မျိုး အပြည့်အဝ ပေါင်းစပ်သွားပြီး “ဒြပ်စင်သံလိုက်ဒိုင်း” တဖြည်းဖြည်း ပုံစံပေါ်လာခဲ့သည်။

သွေးနီငွေသားသံမဏိနှင့် သံမဏိသတ္တုနှစ်တို့ ပေါင်းစပ်သွားပြီး ဒိုင်း၏လုံးဝန်းသောကိုယ်ထည် ဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် တောင်ပိုင်းသံလိုက်ကျောက်နှင့် မြောက်ပိုင်းသံလိုက်ကျောက်ကို သန့်စင်ထားသော သတ္တုရည်များက ဒိုင်း၏အရှေ့နှင့်အနောက် မျက်နှာပြင်တွင် ညီညာစွာ လွှမ်းခြုံအုပ်မိုးသွားသည်။

လုပ်ငန်းစဉ်တစ်ခုလုံး အပြစ်အနာအဆာမရှိ ပြီးပြည့်စုံစွာ ပြီးဆုံးသွားသည်။

နောက်ဆုံး နေမီးလျှံမီးပြင်းဖို အဖုံးပွင့်သွားပြီး အစိမ်း ၊ အနီ ၊ အဝါရောင်များ ရောယှက်နေသည့် အလင်းတန်းတစ်ခု ပြင်းထန်စွာ မြင့်တက် ထွက်ပေါ်လာသည်။

ခုန်မင်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ ရောင်စဉ်သုံးမျိုးအလင်းတန်းများ မှေးမှိန်သွားပြီး အချင်းဝက်(၁)ပေခန့်ရှိပြီး အပြင်ဘက်တွင်အဖြူရောင် အတွင်းဘက်တွင် အနက်ရောင်ရှိသော ဒြပ်စင်သံလိုက်ဒိုင်းတစ်ခုက သူ၏လက်ဖြန်ထက်တွင် နေရာယူလိုက်သည်။

ခုန်မင်က သူ၏ညာဘက်လက်တွင် မီးဒြပ်စင်စွမ်းအားစုစည်းလိုက်ပြီး ဒြပ်စင်သံလိုက်ဒိုင်းကို ရိုက်ချလိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး စွမ်းအားလှိုင်းတစ်ခု အပြင်ဘက်သို့ လွင့်စင်ထွက်သွားသည်။ သိူ့သော် ဒြပ်စင်သံလိုက်ဒိုင်းကတော့ ပျက်ဆီးသွားခြင်းမရှိဘဲ နဂိုအတိုင်း တောက်ပပြောင်လက်စွာပင် ရှိနေသည်။

သံသယဖြစ်စရာ မရှိပါ။

ခုန်မင် လျှပ်စစ်သံလိုက်ဒိုင်းကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပေပြီ။

ယွမ်ရုန်ဒူးလေးပြီးလျှင် ခုန်အိမ်တော်အတွက် နောက်ထပ် အရည်အသွေးမြှင့် ဒြပ်စင်စွမ်းအားလက်နက်ကို ထပ်မံတပ်ဆင်နိုင်ခဲ့ပေပြီ။

သူ၏ဘယ်ဘက်လက်တွင်ဝတ်ဆင်ထားသော ဒြပ်စင်သံလိုက်ဒိုင်းကို ကြည့်ရင်း ခုန်မင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဤမျှ အရည်အသွေးမြင့်သော ဒြပ်စင်စွမ်းအားဝိညာဉ်လက်နက်ကို တစ်ကြိမ်တည်းအောင်မြင်စွာပြုလုပ်နိုင်ခဲ့သဖြင့် ခုန်မင်လည်း အတော်လေး ကျေနပ်သွားသည်။

ထို့နောက် သူက နေမီးလျှံမီးပြင်းဖိုနှင့် ဒြပ်စင်သံလိုက်ဒိုင်းကို တိုရီယာလက်စွပ်ထဲသို့ သိမ်းဆည်းလိုက်ပြီး သွေးနီငွေသားဆေးပြင်းဖိုကို ပြန်ထုတ်ယူလိုက်သည်။

သူက ကျင့်ကြံခြင်းအဆင့်တက်သွားသဖြင့် တစ်လက်စတည်း ဆေးလုံးများပါ ထပ်မံသန့်စင်ရန် ပြင်ဆင်လိုက်သည်။

ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့ တက်လှမ်းပြီဆိုလျှင် အလယ်ဆင့် ဆေးလုံးအချို့ကို ပြုလုပ်နိုင်မည်ဟု အဂ္ဂိရတ်ကျမ်းက ဆိုထားသည်။

ထိုဆေးများထဲတွင် “ဒြပ်စင်စွမ်းအားပြုပြင်ဆေး” ဆိုသော ဆေးလုံးတစ်မျိုးပါဝင်သည်။

ထိုဆေးက ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းဆေးကဲ့သို့ပင် ကျင့်ကြံသူများအတွက် ဒြပ်စင်စွမ်းအားပြန်လည်ဖြည့်တင်းပေးနိုင်သည့် ဂုဏ်သတ္တိများ ရှိလေသည်။

သို့သော် ဖြည့်တင်းဆေး၏စွမ်းဆောင်ရည်က ပြုပြင်ဆေး၏စွမ်းဆောင်ရည်ထက် အများကြီးနိမ့်ကျသည်။

အရည်အသွေးမြင့် ဖြည့်တင်းဆေးလုံးတစ်လုံးက ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့် ကျင့်ကြံသူ၏ ဒြပ်စင်စွမ်းအား (၁၀)ရာနှုန်းကိုသာ ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး ဒြပ်စင်စွမ်းအားဆရာသခင် အလယ်ဆင့်နှင့် နှောင်းပိုင်းအဆင့် ကျင့်ကြံသူများအပေါ်တွင်မူ သက်ရောက်မှု လုံးဝနီးပါးမရှိပေ။

သို့သော် ဖြည့်တင်းဆေးလုံးကို ဒြပ်စင်စွမ်းအားပညာရှင်အဆင့် ကျင့်ကြံသူများသောက်သုံးနိုင်သဖြင့် ပြုပြင်ဆေးလုံးထက် သုံးစွဲမှုကျယ်ပြန့်သည်။

ခုန်မင်အတွက်တော့ ဖြည့်တင်းဆေးလုံးထက် ပြုပြင်ဆေးလုံးက ပိုပြီးအသုံးဝင်သည်။ သူ့အတွက်သာမက ခုန်အိမ်တော်အတွက်ပါ အကျိုးရှိမည်ဖြစ်ရာ သူက မြောက်မြားစွာသန့်စင်ပြုလုပ်ရန် ရည်ရွယ်လိုက်၏။

ဒြပ်စင်စွမ်းအားပြုပြင်ဆေးလုံးပြုလုပ်ရန်အတွက် ဝိညာဉ်လည်ပြန်မြက် ၊ နှစ်တစ်ရာဂျင်ဆင်း ၊ ပွင့်ချပ်ငါးလွှာကြာပန်းသစ်သီး ၊ ချီဟွမ်သစ်သားနှင့် အဆင့်(၃) သစ်သားဒြပ်စင်မှော်ဝင်သားရဲ၏ ပုံဆောင်ခဲအမြုတေ လိုအပ်လေသည်။

ဒြပ်စင်စွမ်းအား ပြန်လည်ဖြည့်တင်းပေးနိုင်သည့်ဆေးလုံးများကို ဖော်စပ်ခြင်းက သာမန်ဆေးလုံးများကို ဖော်စပ်ရသည်ထက် ပိုမိုခက်ခဲသည်။

ဒြပ်စင်စွမ်းအားပြုပြင်ဆေးလုံးက အလယ်ဆင့်ဆေးတစ်မျိုးသာဖြစ်သော်လည်း အခြားအလယ်ဆင့်ဆေးလုံးများထက် သန့်စင်ရန် ပိုမိုခက်ခဲသည်။

သို့သော် ခုန်မင်အတွက်တော့ မကျော်လွှားနိုင်သည့်အခက်အခဲမျိုး ဘယ်တုန်းကမှ မရှိပေ။

သူက ဆေးပစ္စည်းကုန်ကြမ်းများစွာဝယ်ယူထားသည်ဖြစ်ရာ ပြုပြင်ဆေးလုံးသန့်စင်ရန်လိုအပ်သောပစ္စည်းများက တိုရီယာလက်စွပ်ထဲတွင် ရှိနှင့်ပြီးသားပင်။

ခုန်မင်က ချက်ချင်းပင် ဆေးလုံးသန့်စင်ရန် စတင်လိုက်သည်။

ဆေးပြင်းဖိုအဖုံးဖွင့်လိုက်သည်နှင့် ဝိညာဉ်လည်ပြန်မြက် ၊ နှစ်တစ်ရာဂျင်ဆင်း ၊ ပွင့်ချပ်ငါးလွှာကြာပန်းသစ်သီး ၊ ချီဟွမ်သစ်သားနှင့် အဆင့်(၃) မှော်ဝင်သားရဲဖြစ်သည့် အလင်းရိပ်လိပ်ပြာ အမြုတေတို့က မီးပြင်းဖိုအတွင်း ဝင်ရောက်သွားသည်။

အလင်းရိပ်လိပ်ပြာက တောရိုင်းဒေသတွင်တွေ့ရသော အဆင့်(၃) မှော်ဝင်သားရဲဖြစ်သည်။

ထိုသားရဲက တိုက်ခိုက်စွမ်းရည်သိပ်မရှိသော်လည်း အရှိန်အဟုန်က မယုံနိုင်လောက်အောင် လျှင်မြန်ပြီး အတောင်ခတ်လိုက်သည်နှင့် အလင်းရိပ်များကို ထုတ်လွှတ်နိုင်သည်။

သူ၏ပုန်းကွယ်နိုင်စွမ်းက အဆင့်နိမ့်မှော်ဝင်သားရဲများတွင် ထိပ်တန်းဟု ဆိုနိုင်၏။

ထို့ကြောင့် အတော်ကျွမ်းကျင်မှုရှိသော မှော်ဝင်သားရဲလိုက်သည့်မုဆိုးများသာ အလင်းရိပ်လိပ်ပြာကို ဖမ်းဆီးနိုင်ကြသည်။

အလင်းရိပ်လိပ်ပြာက သစ်ပင်များ၏အနှစ်သာရကို စုပ်ယူစားသုံးသဖြင့် သူ၏ ပုံဆောင်ခဲ့အမြုတေတွင်ပါဝင်သော သစ်သားဒြပ်စင်စွမ်းအားက အလွန်သန့်စင်သည်။

ထို့ကြောင့် အလင်းရိပ်လိပ်ပြာ၏ အမြုတေက အတော်လေးတန်ဖိုးရှိပြီး အဂ္ဂိရတ်ပညာဖြင့် ဆေးလုံးသန့်စင်ရန် အထူးကောင်းမွန်သည်။

ပစ္စည်းများကို ဆေးပြင်းဖိုထဲထည့်ပြီးနောက် ခုန်မင်က ဆေးလုံးသန့်စင်ခြင်းအပေါ် အပြည့်အဝ အာရုံစိုက်လိုက်သည်။

ဤသည်က ခုန်မင်အတွက် ပစ္စည်း(၅)မျိုးကို တပြိုင်တည်း သန့်စင်ရန် ပထမဆုံးကြိုးစားခြင်း ဖြစ်သည်။

မီးဒြပ်စင်စွမ်းအား လှိုင်းလုံးတစ်ခု ဆေးပြင်းဖိုထဲဝင်ရောက်သွားသည်နှင့် ပစ္စည်း(၅)မျိုးလုံး ချောမွေ့စွာပင် ဖြည်းဖြည်းချင်းပြိုကွဲသွားပြီး ၎င်းတို့ထဲမှ အညစ်အကြေးများ တဖြည်းဖြည်း သန့်စင်ဖယ်ရှားသွားသည်။

အမွှေးတိုင်တစ်တိုင်ခန့်လောင်ကျွမ်းချိန်ကြာပြီးနောက် ပစ္စည်းသန့်စင်ခြင်းအဆင့် ပြီးဆုံးသွားလေသည်။

အမှန်တော့ ခုန်မင်၏ ထူးခြားသော သစ်သား-မီး-မြေ ဒြပ်စင်(၃)ပါး ဝိညာဉ်ခန္ဓာကြောင့်သာမဟုတ်လျှင် မည်မျှဉာဏ်ရည်ထက်ပါစေ ၊ မည်မျှနားလည်နိုင်စွမ်းမြင့်မားပါစေ ဤသို့သောအောင်မြင်မှုမျိုး ရရှိမည်မဟုတ်ပေ။

ထို့နောက် ဆေးလုံးပေါင်းစပ်ခြင်းအဆင့်သို့ ရောက်ရှိလာသည်။

ပစ္စည်း(၅)မျိုးဖြင့် ဆေးလုံးပေါင်းစပ်ရခြင်းက ပစ္စည်း(၄)မျိုးဖြင့် ဆေးလုံးပေါင်းစပ်ရခြင်းထက် နှစ်ဆကျော်ခန့် ပိုမိုခက်ခဲသည်။

ကံကောင်းသည်မှာ ခုန်မင်က ဝိညာဉ်စွမ်းအားမြင့်မားပြီး စိတ်ဓာတ်လည်းခိုင်မာသူဖြစ်သည်။ ထို့ကြောင့် ဆေးလုံးပေါင်းစပ်ခြင်းနှင့် ဆေးလုံးပုံဖော်ခြင်း လုပ်ငန်းစဉ်မျးတွင် အသေးအဖွဲတစ်ခုပင် မမှားယွင်းခဲ့‌ပေ။

ဒြပ်စင်စွမ်းအားအပေါ် သူ၏ထိန်းချုပ်နိုင်စွမ်းက ပြီးပြည့်စုံပြီး တိကျသည်။

နာရီဝက်ခန့်အကြာမှာတော့ “ဒြပ်စင်စွမ်းအားပြုပြင်ဆေးလုံး” များကို အောင်မြင်စွာ သန်စင်နိုင်ခဲ့သည်။

ဆေးပြင်းဖိုအဖုံးပွင့်သွားသည်နှင့် အစိမ်းရောင်အလန်းတန်းတစ်ခုထွက်ပေါ်လာပြီး ၊ အလင်းတန်းထဲတွင် ဆေးလုံးရနံ့များ မွှေးပျံ့စွာထွက်ပေါ်နေသည်။

ထိုအလင်းတန်းထဲတွင် ဆေးလုံးများစွာရှိနေသည်ကို မှုံဝါးဝါး တွေ့မြင်နေရသည်။

All Chapters