← Chapters

တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီ

Vol. 6 Ch. 69

တံခါးပိတ်ကျင့်ကြံရာမှထွက်လာပြီ

Vol. 6 Ch. 69

ခုန်မင် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်အလင်းတန်း မှေးမှိန်သွားပြီး ခပ်မှိန်မှိန်တောက်ပနေသော မြစိမ်းရောင်ဆေးလုံး(၅)လုံး သူ၏လက်ဖဝါးထက်သို့ ကျရောက်လာသည်။

မျှော်လင့်ထားသည့်အတိုင်းပင် ဒြပ်စင်စွမ်းအားပြုပြင်ဆေးလုံးက သန့်စင်ရန်ခက်ခဲသည့် ဆေးတစ်မျိုးဖြစ်၏။

ခုန်မင် အသုံးပြုခဲ့သော ကုန်ကြိမ်းပစ္စည်းများက ဆေးလုံး(၁၀)လုံးစာဖြစ်သော်လည်း (၅)လုံးသာလျှင် ရရှိခဲ့သည်။ အောင်မြင်မှု(၅၀)ရာနှုန်းသာရှိခဲ့ပြီး ဆေးစွမ်းကလည်း အနည်းငယ်နိမ့်ကျနေသည်။

မည်သို့ပင်ဖြစ်စေ ဆေးလုံးကို ပထမဆုံးအကြိမ်သန့်စင်ခြင်းမှာပင် (၅၀)ရာနှုန်းအောင်မြင်ခြင်းက အံ့မခန်းဟု ဆိုနိုင်ပေ၏။

ကျွမ်းကျင်အဆင့် အဂ္ဂိရတ်ပညာရှင်များပင်လျှင် ဤသို့သောဆေးလုံးများကို (၃၀)ရာနှုန်းခန့်သာ အောင်မြင်နိုင်သည် မဟုတ်လား။

ထို့နောက်မှာတော့ ခုန်မင်က ဒြပ်စင်စွမ်းအားပြုပြင်ဆေးလုံးများကို ထပ်မံသန့်စင်ရန် ဆေးပြင်းဖိုကို ဖွင့်လိုက်ပြန်၏။

တိုရီယာလက်စွပ်ထဲတွင် သိုလှောင်ထားသည့် ကုန်ကြမ်းများ အားလုံးကုန်သွားသည်အထိ ဆေးလုံးများသန့်စင်ပြီးမှ ခုန်မင်က ဆေးပြင်းဖိုကို သိမ်းဆည်းလိုက်သည်။

စုစုပေါင်း (၁၀)ကြိမ် ဆေးလုံးများပြုလုပ်ပြီးနောက် နောက်ပိုင်းမှာတော့ ဆေးလုံးများကို (၇၀)ရာနှုန်းအောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။

ထိုသို့ဖြင့် ပြုပြင်ဆေးလုံး (၇၀)ကျော်ရရှိလာခဲ့ရာ ခုန်အိမ်တော်တစ်ခုလုံးအတွက် ရေတိုလိုအပ်ချက် လုံလောက်သည်ထက်ပင် ကျော်လွန်သွားခဲ့သည်။

ကျန့်ယွမ်ဆေးလုံးနှင့် ဒြပ်စင်စွမ်းအားပြုပြင်ဆေးလုံးများဖြင့်ဆိုလျှင် ခုန်အိမ်တော်မှ ကျင့်ကြံသူများအတွက် များစွာ အကျိုးကျေးဇူးရှိပေမည်။

နောက်ပိုင်းတွင် ခုန်မင်က ယွမ်ရုန်ဒူးလေးနှင့် ဒြပ်စင်သံလိုက်ဒိုင်းများကို ထပ်မံပြုလုပ်နိုင်မည်ဆိုလျှင် ခုန်အိမ်တော်၏စွမ်းအားက အဆပေါင်းများစွာ မြင့်မားလာပေတော့မည်။

ခုန်မင် တံခါးပိတ်ကျင့်ကြံခြင်းက အချိန်မည်မျှကြာသည်ကို အတိအကျမသိသေးသော်လည်း ရရှိသည့်အကျိုးကျေးဇူးများ အလွန်များပြားလေသည်။

ခုန်မင်ကိုယ်တိုင်လည်း အတိုင်းမသိ ကျေနပ်မိသည်ပင်။

ထို့နောက် ခုန်မင်က မတ်တတ်ရပ်ပြီး လက်တစ်ဖက်ဝှေ့ရမ်းလိုက်ရာ ဒြပ်စင်စွမ်းအား ရောင်စဉ်(၃)ခု လက်ခနဲတောက်ပသွားသည်။

ထို့နောက် မိုးခြိမ်းသံပမာ အသံတစ်သံ ထွက်ပေါ်လာကာ ကျောက်ဂူတံခါးပွင့်ထွက်သွားတော့၏။

ယခု ခုန်မင်က ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့ တက်ရောက်သွားပြီဖြစ်ရာ ဒြပ်စင်စွမ်းအားကို လိုသလိုအသုံးပြုနိုင်နေပေပြီ။

လူတစ်ယောက်အား ပေ(၁၀၀)အဝေးမှ လှမ်းပြီးသတ်ဖြတ်လေရာ ကျောက်ဂူတံခါးဖွင့်ခြင်းကတော့ အသေးအဖွဲသာပင်။

ထို့နောက် ခုန်မင် ကျောက်ဂူထဲမှ တည်ငြိမ်သောခြေလှမ်းများဖြင့် လှမ်းထွက်လိုက်လေ၏။

သို့သော် ကျောက်ဂူအပြင်ရောက်သည်နှင့် သူ အံ့အားသင့်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ကျောက်ဂူရှေ့တွင် လူ(၁၀)ယောက်ကျော်ခန့် သူ့ကိုစောင့်ကြိုနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

ခုန်သခင်ကြီး၊ ခုန်ကျောင်း၊ ချင်တယ်နှင့် ခုန်အိမ်တော်မှကျင့်ကြံသူများ အားလုံးနီးပါး ဝမ်းသာအားရမျက်နှာများဖြင့် သူ့ကိုကြည့်နေကြလေသည်။

မော့ယွဲ့နှင့် မော့ဖေးတို့ မောင်နှမသည်ပင် ခပ်လှမ်းလှမ်းတွင် မတ်တတ်ရပ်နေကြပြီး သူတို့မျက်နှာများသည်လည်း ပျော်ရွှင်မှုဖြင့် ပြည့်နက်နေကြသည်။

ဆိုတော့ ခုန်မင် တံခါးပိတ်ကျင့်ကြံသည့် ကာလတစ်လျှောက်လုံး ခုန်အိမ်တော်မှလူများ မည်မျှစိတ်လှုပ်ရှားနေသည်ကို သိမြင်နိုင်သည်။

မဟုတ်ပါက သူ ဘယ်အချိန်တွင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည်ကို မသိရှိဘဲ အဘယ့်ကြောင့် ဤနေရာတွင် နေ့တိုင်း လာရောက်စောင့်ဆိုင်းနေကြပါမည်နည်း။

ခုန်မင် စကားမပြောရသေးခင်မှာပင် ခုန်ကျွင်းက ကျယ်လောင်စွာရယ်မောလိုက်ပြီး...

“ဟား ဟား ဟား... မင်အာ... ဒြပ်စင်စွမ်အား ဆရာသခင်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီပဲ ၊ ဒီနေ့ကစပြီး မင်းနာမည်က ခွန်းကာမြို့တစ်ခုလုံးကို တုန်လှုပ်စေတော့မယ် ၊ မကြာခင် ချန်နန်တိုင်းပြည်တစ်ခွင် နာမည်ကြီးတစ်ယောက် ဖြစ်လာတော့မယ် ၊ အနာဂတ်မှာ ငါတို့ ခုန်အိမ်တော်က မင်းအတွက် သိပ်ကိုဂုဏ်ယူရလိမ့်မယ်”

ခုန်သခင်ကြီး၏ ရဲဝံ့သောစကားသံအဆုံးမှာတော့ ချင်တယ်နှင့်အခြားသူများက တညီတညွတ်တည်း စကားဆိုလိုက်ကြသည်။

“ဒုတိယသခင်လေး တံခါးပိတ်ကျင့်ကြံရာကထွက်လာတာကို ကြိုဆိုပါတယ်”

ဒြပ်စင်စွမ်းအားကျင့်ကြံသူ (၁၀)ယောက်ကျော်က အော်ဟစ်လိုက်သည်ဖြစ်ရာ စွမ်းအားလှိုင်းလုံးများက ပတ်ဝန်းကျင်သို့ပင် ရိုက်ခတ်သွားသည်။

သူတို့အားလုံး စိတ်ရင်းမှန်ဖြင့် ပျော်ရွှင်နေကြသည်ပင်။

အသက်(၁၄)နှစ်အရွယ် ဒြပ်စင်စွမ်းအားဆရာသခင်...။

ဤသည်က မည်မျှကြောက်စရာကောင်းလှပါသနည်း။

သမိုင်းတစ်လျှောက် ဤသို့သောကျင့်ကြံသူအများစုက ခေတ်ကိုလွှမ်းမိုးသည့် ဒဏ္ဍာရီဆန်သောပုဂ္ဂိုလ်များအဖြစ် အောင်မြင်မှုများ ရရှိခဲ့ကြသည်ပင်။

ခုန်မင်ကတော့ ဒဏ္ဍာရီလာပုဂ္ဂိုလ်များထက်ပင် ထူးချွန်သေးသည်။

သူ့ဘဝတွင် (၅)နှစ်တိတိ အချိန်ဖြုန်းသလိုဖြစ်ခဲ့ရသည့်တိုင် ယခုတော့ ဤအဆင့်သို့ ရောက်ရှိလာပေသည်။ အစကတည်းက ပုံမှန်အတိုင်းကျင့်ကြံမည်ဆိုလျှင် ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိနေမည်လား။

သို့သော် ဤသည်က ခုန်မင်လေး၏ရုပ်ခန္ဓာနှင့်ပေါင်းစပ်ထားသည့် ကျူးကဲခုန်မင်၏ စိတ်ဝိညာဉ်ဖြစ်လေရာ သူ၏အနာဂတ်အောင်မြင်မှုက စိတ်ကူး၍ပင် မရနိုင်ပေ။

မည်သို့ပင်ဖြစ်စေ ခုန်အိမ်တော်မှ ကောင်းကင်ဘုံကိုပင် စိန်ခေါ်နိုင်သည့် ပါရမီရှင်တစ်ယောက်ထွက်ပေါ်လာပြီဖြစ်ရာ ခုန်အိမ်တော်သာမက ခုန်အိမ်တော်နှင့် ဆက်နွယ်နေသူတိုင်း ကြီးမားသောအကျိုးကျေးဇူးရရှိမည်သာပင်။

ထို့ကြောင့်ပင် လူတိုင်းက စိတ်ရင်းမှန်ဖြင့် ဝမ်းသာပျော်ရွှင်နေကြခြင်း ဖြစ်၏။

လူတိုင်းမျက်လုံးထဲမှ စိတ်အားထက်သန်မှုနှင့် ဝမ်းသာပျော်ရွှင်မှုကိုတွေ့လိုက်ရသည့်အခါ ခုန်မင် အတော်လေး ကျေနပ်သွားသည်။

သို့သော် ယဉ်ကျေးမှုအရ မိမိကိုယ့်ကိုယ် နှိမ့်ချရပေမည်။

“မခံယူဝံ့ပါဘူး မခံယူဝံ့ပါဘူး ၊ အားလုံးပဲ... ကျွန်တော့်ကိုစောင့်နေရလို့ ပင်ပန်းသွားကြပြီ ၊ အားလုံးရဲ့စေတနာကို ကျွန်တော့်ရင်ထဲ နက်နက်ရှိုင်းရှိုင်းမှတ်သားထားပါ့မယ် ၊ အနာဂတ်မှာ အခွင့်အရေးရတာနဲ့ အားလုံးကို ကျေးဇူးတုံ့ပြန်နိုင်အောင် ကြိုးစားပါ့မယ်”

ခုန်သခင်ကြီးက ရယ်မောလိုက်ရင်း...

“ငါက မင်းအဖေရင်းပါကွ... ဘာလို့ သူစိမ်းဆန်နေရတာလဲ ၊ မင်း ဘေးကင်းကင်းနဲ့ ကျင့်ကြံခြင်းအဆင့်တက်နိုင်ပြီး ခုန်အိမ်တော်အတွက် ဂုဏ်ယူစရာဖြစ်နေတာနဲ့တင် အဖေ ကျေနပ်ပါပြီ”

ဘေးနားတွင်ရှိနေသည့် ခုန်ကျောင်းကလည်း ဝင်ပြောလိုက်သည်။

“ညီလေး... မင်းက ခုန်အိမ်တော်အတွက် ဂုဏ်ယူစရာဖြစ်နေတာနဲ့တင် အဖေ့ကို အကြီးမားဆုံး ကျေးဇူးဆပ်ရာရောက်နေပါပြီ”

ထိုစကားကြောင် ခုန်ကျွင်းက ကျေနပ်စွာပြုံးလိုက်လေသည်။

ချင်တယ်က အရိပ်အကဲနားလည်သူပီပီ ရှေ့သို့တိုးလိုက်ပြီး...

“ဒုတိယသခင်လေး တံခါးပိတ်ကျင့်ကြံနေတာ အချိန်(၁)လကျော်သွားပြီ ၊ အခု အိမ်တော်သခင်နဲ့ ဒုတိယသခင်လေးတို့ ပြောစရာစကားတွေရှိနေမှာပဲ ၊ ဒါကြောင့် ဒီလူအိုကြီးနဲ့ တခြားသူတွေ ပြန်လိုက်ပါဦးမယ်”

ချင်တယ်၏စကားကိုကြားတော့မှ သူ တံခါးပိတ်ကျင့်ကြံသည်မှာ အချိန်(၁)လကျော်ကြာသွားပြီဖြစ်ကြောင်း ခုန်မင် သိလိုက်ရသည်။

ဆေးလုံးသန့်စင်ခြင်းနှင့် လက်နက်ပြုလုပ်ခြင်းများက အချိန်သိပ်မကုန်ခဲ့ပေ။

ကြည့်ရသည်မှာ သူ၏ကိုယ်တွင်းပြောင်းလဲမှုများနှင့် ကျင့်ကြံခြင်းအဆင့်တက်ခြင်းကြောင့် အချိန်ကုန်သွားခြင်း ဖြစ်နိုင်၏။

ပထမအကြိမ် ကျင့်ကြံခြင်းအဆင့်တက်ခြင်းနှင့် နှိုင်းယှဉ်ပါက ယခု ဒုတိယအကြိမ်က ပိုပြီးအချိန်ကြာခဲ့သည်။ အနာဂတ်တွင် တတိယအကြိမ် ကျင့်ကြံခြင်းအဆင့်တက်ပါ ပို၍ပင် အချိန်ကြာမြင့်နိုင်မည်လား မသေချာပေ။

ခုန်မင် တိတ်တဆိတ်စဉ်းစားနေစဉ်မှာပင် ခုန်ကျွင်း နေရာတွင်ရှိနေသူတိုင်းကို အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။

“နောက်(၃)ရက်နေရင် ခွန်းကာမြို့က ထင်ရှားတဲ့ပုဂ္ဂိုလ်တိုင်းကိုဖိတ်ကြားပြီး ခမ်းနားတဲ့ပွဲကြီးတစ်ပွဲ ကျင်းပမယ် ၊ မင်အာက ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်ကို တက်လှမ်းနိုင်ပြီဆိုတာ တစ်မြို့လုံးသိအောင် ကြေညာရမယ် ၊ ဒီနေ့ကစပြီး ငါတို့ခုန်အိမ်တော်က ခွန်းကာမြို့ရဲ့ဥသျှောင် ဖြစ်လာရမယ်”

ခုန်သခင်ကြီးစကားဆုံးသည်နှင့် ချင်တယ်နှင့် အခြားသူများက လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ကြပြီး...

“ဟုတ်ကဲ့ပါ သခင်ကြီး”

ထို့နောက် ပြင်ဆင်မှုများပြုလုပ်ရန် နေရာမှ အသီးသီးထွက်ခွာသွားကြတော့သည်။

အားလုံးထွက်သွားတော့မှ ခုန်ကျွင်းက သားဖြစ်သူ၏ပခုံးကို လက်ဖြင့်ပုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် စကားဆိုလိုက်သည်။

“မင်အာ... မင်း အကောင်းဆုံးလုပ်နိုင်ခဲ့တာပဲ ၊ အမေ မင်းအတွက် သိပ်ကိုဂုဏ်ယူပါတယ်”

ခုန်မင်က ခုန်သခင်ကြီးအား ဦးညွှတ်ဂါရဝပြုလိုက်ပြီး...

“အဖေ စိတ်ချပါ ၊ ကျွန်တော် အဖေ့ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါဘူး”

ခုန်သခင်ကြီးက ခေါင်းတညိတ်ညိတ်လုပ်ရင်း...

“ကောင်းတယ် ကောင်းတယ်... ၊ ကဲ... အရင်သွားပြီး ရေမိုးချိုးလိုက်ဦး ၊ ပြီးရင် စာကြည့်ခန်းထဲကိုလာခဲ့ ၊ မင်း ဘယ်လောက်အစွမ်းထက်နေပြီလဲဆိုတာ အဖေစမ်းကြည့်ချင်နေပြီ”

ခုန်မင်က ခပ်ဖွဖွပြုံးလိုက်ရင်း...

“ကျွန်တော်ကလည်း အဖေ့ဆီက သင်ယူဖို့အသင့်ပါပဲ”

ခုန်ကျွင်း ကျယ်လောင်စွာရယ်မောလိုက်ပြီးနောက် ခုန်ကျောင်းနှင့်အတူ ထွက်ခွာသွားလေသည်။

ထိုအခါမှ ခုန်မင်က မော့ယွဲ့အနားသို့ အပြေးလေးရောက်လာလေသည်။

သူမက ခါတိုင်းလိုပင် နူးညံ့သိမ်မွေ့သည့်လေသံလေးဖြင့်...

“သခင်လေး... ရေနွေးစပ်ထားပြီးပါပြီ ၊ အချိန်မရွေး ရေချိုးအဝတ်အစားလဲလို့ရပါတယ်”

အချိန် (၁)လကျော်ကြာအေင် တံခါးပိတ်ကျင့်ကြံခဲ့သည်ဖြစ်ရာ သေချာပေါက် ရေမိုးချိုးအနားယူရမည် မဟုတ်ပါလား။ သူမက ခုန်မင်၏ ကိုယ်ပိုင်အစေခံမလေးဖြစ်လေရာ ဤသို့ အနီးကပ်ပြုစုပေးရခြင်းက သူမ၏တာဝန်သာပင်။

မော့ယွဲ့က ခုန်မင်၏ ကိုယ်ပိုင်အစေခံဆိုသော်လည်း သူမရောက်လာပြီးမှ ခုန်မင်က နှစ်ကြိမ်တိုင်တိုင် တံခါးပိတ်ကျင့်ကြံနေသည်ဖြစ်ရာ ၊ မော့ယွဲ့အနေဖြင့် သခင်လေးအား ကိုယ်တိုင်ကိုယ်ကျ ပြုစုပေးရန် အခွင့်အရေး မရခဲ့ပေ။

အထူးသဖြင့် ခုန်မင် ရေချိုးခြင်း ၊ အဝတ်လဲခြင်းကဲ့သို့သောကိစ္စများတွင် သူမ လုံးဝ ကူညီပေးဖူးခြင်း မရှိသေးပေ။

ဘာကြောင့်မှန်းမသိ သခင်လေးကို ပြုစုပေးရမည်ဟု စဉ်းစားမိသည်နှင့် မော့ယွဲ့‌လေး စိတ်လှုပ်ရှားလာရတော့သည်။

All Chapters