နှလုံးသားချင်းဟန်ချက်ညီစွာ
Vol. 6 Ch. 70
ခုန်မင်ကတော့ မော့ယွဲ့စိတ်ထဲမှအတွေးများကို နားလည်ခြင်းမရှိခဲ့ပေ။
သူ့စိတ်ထဲတွင် အစကတည်းက မော့ယွဲ့ကို ချစ်ရပါသော’ယွဲ့ယင်း’ အဖြစ် သတ်မှတ်ထားခဲ့သည်ပင်။
သူနှင့် ယွဲ့ယင်းက အကြင်လင်မယားအဖြစ် နှစ်ပေါင်းများစွာ အတူနေခဲ့ကြသည်ဖြစ်ရာ သူတို့နှစ်ယောက်ကြား မျှဝေမခံစားဖူးသည့်အရာ မရှိသလောက်ပင်။
ရေချိုးအဝတ်အစားလဲတာလောက်က ထည့်ပြောစရာပင် မလိုပေ။
ထို့ကြောင့် ခုန်မင်က အတွေးများနေခြင်းမရှိဘဲ ခေါင်းတစ်ချက်ညိတ်လိုက်ရင်း...
“ဟုတ်တယ်... ငါ တကယ်ပဲ ရေချိုးချင်နေပြီ ၊ သြော် ဒါနဲ့... ယွဲ့အာ ဆံပင်ချည်တတ်တယ်မဟုတ်လား ၊ ရေချိုးပြီးရင် ငါ့ဆံပင်ကိုချည်ပေးဦးနော်”
“အား...”
ခုန်မင်၏ စကားကြောင့် မော့ယွဲ့အလန့်တကြား အော်ဟစ်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော ခုန်မင်ပြောလိုက်သည့်အဓိပ္ပါယ်က သူရေချိုးနေစဉ် သူမက အနားမှာနေပြီး အမှုထမ်းရမည်ဆိုသည့်သဘော မဟုတ်လား။
ဆိုတော့ သူမအနေဖြင့် သခင်လေး၏ အင်္ကျီမပါသောခန္ဓာကိုယ်ကိုတွေ့မြင်ရန် အခွင့်အရေးရတော့မည်။
ထို့ကြောင့် မော့ယွဲ့ စိတ်လှုပ်ရှားပြီး အော်လိုက်မိခြင်းပင်။
ထျန်းယွမ်ကုန်းမြေတွင် အသက်(၁၆)နှစ်ဆိုလျှင် အရွယ်ရောက်ပြီဖြစ်လေရာ အသက်(၁၂)နှစ်ရှိပြီဖြစ်သော မော့ယွဲ့အနေဖြင့် ယောကျ်ားလေးနှင့် မိန်းကလေးကြားမှ “အချစ်” ဆိုသော ထိုအရာကို နားလည်နေပေပြီ။
မော့ယွဲ့က “အား...” ဟု အော်လိုက်တော့ မိန်းကလေးငယ်က ဆံပင်မချည်တတ်သောကြောင့်အော်သည်ဟု ခုန်မင်က ထင်သွားမိသည်။
ထို့ကြောင့် ရယ်မောလိုက်ပြီး ချစ်စနိုးဖြင့် သူမ၏ဆံပင်လေးများကို ဆွဲဖွလိုက်ပြီး နှစ်သိမ့်စကားဆိုလိုက်လေသည်။
“ဆံပင်မချည်တတ်လည်းကိစ္စမရှိပါဘူး ၊ အဝတ်အစားပဲပြင်ဆင်ပေးရင်ရပြီ”
မော့ယွဲ့က ခပ်မြန်မြန်ပင် ခေါင်းခါရမ်းလိုက်သည်။
“မဟုတ်ပါဘူး သခင်လေး ၊ ယွဲ့အာ ဆံပင်ချည်တတ်ပါတယ် ၊ ဒါပေမဲ့ ယွဲ့အာဆံပင်ချည်ပေးတာ မလှမှာပဲစိုးရိမ်တာပါ”
ထိုစကားကြားတော့ ခုန်မင် အော်ရယ်လိုက်သည်။
“ငါ့ယွဲ့အာလေးက ဉာဏ်ကောင်းတာပဲ ၊ ဆံပင်ချည်တာ မလှစရာအကြောင်းမရှိပါဘူး ၊ ဘာမှစိတ်မပူနဲ့... ငါတို့က မိသားစုဝင်တွေပဲလေ”
မော့ယွဲ့ ခေါင်းလေးညိတ်လိုက်မိသည်။
“မိသားစု” ဆိုသောစကားကိုကြားသည်နှင့် သူမရင်ထဲမှ ရှက်ကြောက်စိတ်များ အရည်ပျော်သွားတော့သည်။
သူမက ချက်ချင်းပင် ပေါ့ပါးရွှင်လန်းသည့်ခြေလှမ်းများဖြင့် ခုန်မင်ကိုဦးဆောင်ကာ ခုန်မင်နေထိုင်သည့် ခြံဝင်းဆီသို့ ထွက်ခွာသွားတော့သည်။
မော့ယွဲ့က သခင်လေးရေချိုးရန်အတွက် အစောကြီးကတည်းက ရေနွေးပြင်ဆင်ထားပြီးသား ဖြစ်၏။
သူမက တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ် ပထမအဆင့်မအောင်မြင်သေးသော်လည်း ကျင့်စဉ်၏ ကိုယ်ဟန်အနေအထား(၅)ခုလုံးကို အပြည့်အဝ သဘောပေါက်ထားပြီ ဖြစ်သည်။
ထို့ကြောင့် သူမ၏ရုပ်ခန္ဓာစွမ်းအားက အံ့သြစရာကောင်းလောက်အောင် တိုးတက်လာပြီး ရေချိုးဇလုံသယ်ယူခြင်း ၊ ရေခပ်ခြင်းများကို အလွယ်တကူပင် ပြုလုပ်နိုင်နေပေပြီ။
ယခင်ကဆိုလျှင် မော့ယွဲ့က ပဲပင်ပေါက်လေးလို ချည့်နဲ့နဲ့လေးဖြစ်သော်လည်း ယခုတော့ ချစ်စရာကောင်းသည့် အပျိုမလေးတစ်ယောက်ပမာ ပွင့်လန်းလာခဲ့ပြီ ဖြစ်သည်။
ယခုဆိုလျှင် သူမ၏သွယ်လျသည့်ခန္ဓာကိုယ်လေးက အလွန်သိမ်မွေ့ကျက်သရေရှိကာ စွဲဆောင်မှုပင် ရှိလွန်းလှသည်။
စဉ်းစားစရာရှိသည်မှာ အနက်ရောင်ပုဝါအောက်မှ သူမ၏မျက်နှာလေးကရော ဒဏ္ဍာရီလာ ကိုးပြည်ထောင်ကိုစစ်ခင်းစေနိုင်သည့် ပြိုင်ဘက်ကင်းအလှတရားနှင့်ပြည့်စုံပါမည်လား ဆိုသည့်အချက်ပင်။
ခုန်မင်၏စံအိမ်တွင် သူအသုံးပြုသည့်ရေချိုးခန်းက သူနေသည့်အခန်းထဲမှာပင် ရှိလေသည်။
သစ်သားရေချိုးဇလုံကြီးထဲတွင် မော့ယွဲ့ကိုယ်တိုင်ထည့်ထားသော ရေနွေးများက အငွေ့တထောင်းထောင်းထနေဆဲပင်။
ခုန်မင်က အပေါ်ဝတ်ရုံများကိုချွတ်လိုက်ရာ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာဖြစ်သွားပြီး ခန္ဓာကိုယ်အောက်ပိုင်းကတော့ အောက်ခံဘောင်းဘီဝတ်ထားဆဲပင်။
သူက ပေါ့ပါးစွာပင် ရေချိုးဇလုံထဲသို့ ဝင်ထိုင်လိုက်သည်။
သခင်လေး တစ်ကိုယ်လုံးမှအဝတ်အစားများ အကုန်မချွတ်လိုက်သဖြင့် မော့ယွဲ့ စိတ်သက်သာရာရစွာ သက်ပြင်းလေးတိုးတိုးချလိုက်မိသည်။
ခုန်မင်က မကြာခင်ကမှ အသက်(၁၄)နှစ်ပြည့်သည်ဆိုသော်လည်း အရပ်မြင့်မြင့်နှင့်ဖြစ်ပြီး ခန္ဓာကိုယ်က သာမန်လူကြီးတစ်ယောက်နှင့် ယှဉ်နိုင်နေပေပြီ။
ထို့ပြင် တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ် ဒုတိယအဆင့်ထိ အောင်မြင်သွားပြီဖြစ်ရာ ခန္ဓာကိုယ်ပြီးပြည့်စုံမှုက ထိပ်တန်းအဆင့် ဖြစ်၏။
ခုန်မင်က မျက်ခုံးကောင်းကောင်းနှင့် တောက်ပသည့်မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။
ခြေတံလက်တံရှည်ရှည် ခါးသွယ်သွယ်နှင့် အနည်းငယ်ပိန်သယောင်ထင်ရသည့်တိုင် သူ့ခန္ဓာကိုယ်က ကျစ်လျစ်သောကြွက်သားများဖြင့် ပြည့်နေကာ မိန်းကလေးတိုင်းကြွေနိုင်လောက်သည့် ယောကျ်ားပီသမှုဖြင့် ခန့်ညားလေသည်။
မော့ယွဲ့က တောရိုင်းဒေသတွင် ကြီးပြင်းလာသူဖြစ်လေသည်။
တောရိုင်းဒေသမှ ယောကျ်ားလေးများက ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်ဗလာနှင့်နေလေ့ရှိသည်ဖြစ်ရာ မော့ယွဲ့အနေဖြင့် ယောကျ်ားလေးခန္ဓာကိုယ်ကို တွေ့မြင်ရသည်က အထူးအဆန်းမဟုတ်တော့ပေ။
သို့သော် ခုန်မင်၏ ပြည့်စုံလွန်းသည့် ခန္ဓာကိုယ်ကိုတွေ့မြင်ရသည့်အခါ မိန်းကလေးငယ်မှာ သူ့နှလုံးသားပေါက်ထွက်တော့မတတ် ရင်ခုန်စိတ်လှုပ်ရှားသွားရသည်။
သခင်လေး၏ခန္ဓာကိုယ်က ဤမျှလှပမည်ဟု သူမ ထင်မထားခဲ့ပေ။
ရုတ်တရက်ပင် သခင်လေးအနားသို့သွားပြီး ထိကိုင်လိုက်ချင်စိတ်များ ဖြစ်လာရသည်။
ဘုရားရေ... ဒီလောက်ရှက်စရာကောင်းတဲ့အတွေးမျိုး ဘာလို့ပေါ်လာရတာပါလိမ့်...။
ငါက မိန်းကလေးတစ်ယောက်ပဲ မဟုတ်ဘူးလား...။
မော့ယွဲ့မှာ တွေးရင်း ပိုပြီးရှက်သွားကာ ခေါင်းတွင်တွင်ငုံ့လျှက် ခုန်မင်ကိုပင် မော့မကြည့်ရဲတော့ပေ။
အနက်ရောင်ပုဝါဖြင့်သာ မျက်နှာကို ဖုံးကွယ်ထားခြင်းမရှိလျှင် သူမ၏ပါးပြင်လေးများ ရှက်သွေးဖြာနေသည်ကိုတွေ့ရမည် အမှန်ပင်။
ခုန်မင်ကတော့ မော့ယွဲ့၏ မူမမှန်မှုများကို သတိမထားမိပေ။
သူက ဦးခေါင်းတစ်ခုလုံး ရေထဲသို့ငုပ်ချလိုက်ပြီး ဆံပင်များကို ခပ်ကြမ်းကြမ်းပွတ်တိုက်ပြီး ခေါင်းလျှော်လိုက်သည်။
ပြီးမှ သူက ရေထဲမှပြန်ပေါ်လာပြီး တစ်ကိုယ်လုံးရေစိမ်ရင်း ဆံပင်များကို မော့ယွဲ့ပြင်ဆင်ပေးထားသည့် သဘက်တစ်ထည်ဖြင့် ခြောက်အောင်သုတ်လိုက်သည်။
အတန်ကြာမှ...
“ယွဲ့အာ... ငါ့ကို ဆံပင်ချည်ပေးမယ်ဆို”
မော့ယွဲ့က နူးညံ့သောအသံလေးဖြင့်...
“ဟုတ်”
ဟု ပြန်ဖြေလိုက်သည်။
စောစောက သခင်လေးကို ထိကိုင်မကြည့်လိုက်ရသည့်အတွက် စိတ်ထဲ နောင်တပင်ရနေသလိုလို...။
ဟုတ်ပေ၏။
တကယ်တမ်း သူမ သခင်လေး၏ခန္ဓာကိုယ်ကို သွားထိမိလျှင်လည်း ရှက်လွန်းသဖြင့် အခန်းထဲမှ ထွက်ပြေးမိမှာသေချာသည်။
ချန်နန်တိုင်းပြည်တွင် ယောကျ်ားလေးများက ဆံပင်ရှည်ထားလေ့ရှိပြီး သပ်သပ်ရပ်ရပ်စည်းနှောင်လေ့ရှိကြသည်။
ရေချိုးလျှင်တော့ ဆံပင်ရှည်ကို ဖြည်ချကြသည်ပင်။
စောစောက ရေစိုနေသော ခုန်မင်၏ဆံပင်များက ယခုခြောက်သွေ့သွားပေပြီ။
မော့ယွဲ့က သူမ၏ နူးညံ့သောလက်လေးများဖြင့် ဆံပင်များကို ဘီးဖြင့် တစ်ချောင်းချင်းစီဖြီးသင်ပေးလိုက်ပြီး ကျွမ်းကျင်စွာစုစည်းလျှက် အဝါရောင်ပိုးကြိုးဖြင့် စည်းနှောင်ပေးလိုက်သည်။
အခြားသူများကို ဆံပင်စည်းပေးခြင်းကို မော့ယွဲ့ ပထမဆုံးပြုလုပ်ဖူးခြင်း ဖြစ်သည်။
သို့သော် ခုန်မင် တံခါးပိတ်ကျင့်ကြံနေသည့် အချိန်(၁)လအတွင်း သူမက အိမ်တော်ရှိ အခြားအစေခံများထံမှ ဆံပင်စည်းနှောင်နည်းကို ဝီရိယရှိရှိ သင်ယူထားခဲ့လေသည်။
သူမက မွေးရာပါဉာဏ်ရည်ထက်မြက်သဖြင့် လွယ်လွယ်ပင်တတ်မြောက်သွားခဲ့လေရာ ယခု ခုန်မင်ကို အပြစ်ဆိုစရာမရှိအောင် ဆံပင်ချည်ပေးနိုင်ခဲ့သည်။
ခုန်မင်ကတော့ မော့ယွဲ့ရှေ့တွင် စိတ်ကို လုံးဝလွှတ်ချထားနိုင်ခဲ့သည်။
အထူးသဖြင့် သူ၏ဆံပင်များကြား နူးညံ့စွာဖြတ်သန်းသွားသည့် လက်ချောင်းသွယ်သွယ်လေးများကိုခံစားရသည့်အခါ ဇိမ်ကျပြီး အိပ်ငိုက်လာတော့သည်။
နောက်ဆုံး ရေချိုးကန်ထဲတွင်စိမ်နေရင်း သတိမထားမိဘဲ အိပ်ပျော်သွားလေသည်။
သခင်လေးထံမှ တိုးလျသည့်အသက်ရှူသံမှန်မှန် ထွက်ပေါ်လာတော့ မော့ယွဲ့၏လက်များ လှုပ်ရှားမှုရပ်တန့်သွားသည်။ ထို့နောက် သူမက ပိုပြီးနူးညံ့သိမ်မွေ့စွာဖြင့် ဆံပင်ကိုစည်းနှောင်ပေးနေတော့သည်။
တစ်လောကလုံးတွင် အလှပဆုံးသော အနုပညာလက်ရာတစ်ခုကို ကိုင်တွယ်ရသည့်ပမာ သူမက အလွန်သတိထား လုပ်ဆောင်နေလေသည်။
ထိုအချိန်ခဏတွင် သူမ၏စိတ်အစဉ်က ကြည်လင်ရှင်းသန့်နေခဲ့သည်။
တစ်ယောက်က အေးချမ်းစွာအိပ်ပျော်နေပြီး တစ်ယောက်ကတော့ တိတ်ဆိတ်စွာ ဆံပင်စည်းနှောင်ပေးနေသည်။
ထိုခဏတွင်...
အချိန်သည်ပင် ရပ်တန့်သွားသယောင် ထင်မှတ်ရပြီး ရေဆေးပန်းချီတစ်ချပ်ပမာ အေးချမ်းနူးညံ့သည့်မြင်ကွင်းတစ်ခုက ကျန်ရစ်ခဲ့သည်။
ကိုယ်ရောစိတ်ပါ ဤလောကထဲ ပျော်ဝင်သွားသည့်ပမာ... သူတို့နှစ်ယောက်ကြား အပြည့်အဝ ဟန်ချက်ညီနေခဲ့လေသည်။
ရေချိုးရင်းအိပ်ပျော်သွားရုံ ၊ ဆံပင်ချည်ပေးရုံတစ်ခုတည်းဖြင့် ခံစားချက်၏လှပမှုက ပြီးပြည့်စုံသည့် အချိန်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့သည်။
ဝန်ခံရမည်ဆိုလျှင် ခုန်မင်နှင့် မော့ယွဲ့ကြားတွင် အမှန်တကယ်ပင် ရေစက်ဆိုသောကံတရားက အလုပ်လုပ်နေပုံရသည်။
ထိုရေစက်ကပင် သူတို့နှစ်ယောက်ကို တစ်သားတည်းကျအောင်ဆွဲယူပြီး မခွဲမခွာနိုင်အောင် ပေါင်းစည်းထားသည်။
တစ်ယောက်မရှိလျှင် တစ်ယောက်က မပြည့်စုံနိုင်သည့်ပုံစံမျိုး....။
လူအများပြောလေ့ရှိသည့် “နတ်ဖက်သည့်စုံတွဲ” ဆိုသည်မှာ ဤသည်ကိုဆိုလိုခြင်း ဖြစ်နိုင်သည်။
မော့ယွဲ့၏စိတ်အစဉ်က ကြည်လင်ရှင်းလင်းနေပြီး ခုန်မင်၏ဆံပင်များကို တစ်ချောင်းချင်းဖြီးသင်ပေးကာ ပိုးကြိုးဖြင့် စည်းနှောင်ပေးနေသည်။
အပြင်ဘက်တွင် မိုးပြိုလျှင်တောင်မှ သူတို့နှစ်ယောက်၏ တိတ်ဆိတ်ကြည်နူးဖွယ်အချိန်လေးကို အနှောက်အယှက်ပေးနိုင်မည် မဟုတ်ပေ။
လုံးဝ သာမန်ဆန်သော နေ့လည်ခင်းတစ်ခုမှာ ကောင်လေးနဲ့ ကောင်မလေးတစ်ယောက်၏နှလုံးသားတစ်စုံဟာ တစ်သားတည်းကျသွားခဲ့ကြသည်။
ဒီနေ့ကစပြီး သူတို့နှစ်ယောက် ဘယ်တော့မှ ခွဲခွာမည် မဟုတ်တော့ပေ။