← Chapters

အံ့သြတုန်လှုပ်ဖွယ်ရာ

Vol. 6 Ch. 71

အံ့သြတုန်လှုပ်ဖွယ်ရာ

Vol. 6 Ch. 71

ဆံပင်စည်းနှောင်ပြီးသွားသည်နှင့် မော့ယွဲ့က ခုန်မင်ကို တိတ်ဆိတ်စွာ ငေးစိုက်ကြည့်နေမိသည်။

သခင်လေး၏မျက်နှာက ထက်မြက်ဟန်ရှိပြီး အသက်ရှူသံကလည်း တည်ငြိမ်လွန်းသည်။

ဤသို့သော သခင်လေးမျိုးကို အကြိမ်တစ်ရာ အကြိမ်တစ်ထောင် ထိုင်ကြည့်နေရလျှင်တောင် ငြီးငွေ့စရာမရှိနိုင်ပေ။

ခုန်မင်ကို ကြည့်နေရင်း မော့ယွဲ့ရင်ထဲ ထူးဆန်းသည့်ခံစားချက်တစ်ခု ဝင်ရောက်လာသည်။

သူမနှင့်သခင်လေး၏ အသက်ရှူသံက တစ်သားတည်းကျသွားသလိုမျိုး ၊ တူညီသည့်ကံကြမ္မာကို အတူတူထမ်းပိုးထားရသလိုမျိုး ခံစားလိုက်ရလေသည်။

ထိုခံစားချက်က လှပသန့်စင်ပြီး ပျော်စရာလည်းကောင်းလှသည်။

ထို့နောက်မှာတော့ မော့ယွဲ့က သစ်သားရေချိုးကန်ကြီးကိုမှီရင်း နူးညံ့သည့်အတွေးများနှင့်အတူ ချစ်စရာကောင်းစွာ အိပ်ပျော်သွားတော့၏။

ရေချိုးကန်ထဲမှရေက တဖြည်းဖြည်းအေးစက်လာသည်နှင့် ခုန်မင် အိပ်ပျော်ရာမှနိုးလာကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။

အမှန်တော့ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် အိပ်စက်ရန် မလိုအပ်တော့ပေ။ ဒြပ်စင်စွမ်းအားကို စုပ်ယူကျင့်ကြံလိုက်ရုံမျှဖြင့် ပင်ပန်းနွမ်းနယ်မှုအားလုံးပျောက်ကွယ်သွားနိုင်သည်။

‌စောစောက သူ အိပ်ပျော်သွားရခြင်းမှာ မော့ယွဲ့ရှေ့တွင် စိတ်ကိုအပြည့်အဝ လွှတ်ချလိုက်မိသောကြောင့်သာ ဖြစ်သည်။ စိတ်လွတ်ကိုယ်လွတ်ဖြစ်သွားသဖြင့် အေးဆေးစွာ အိပ်ပျော်သွားခဲ့ခြင်းသာပင်။

မော့ယွဲ့မဟုတ်ဘဲ အခြားတစ်ယောက်ဆိုလျှင် ခုန်မင် ထိုမျှ စိတ်လွတ်ကိုယ်လွတ် ဖြစ်မိမည် မဟုတ်ပေ။

ခုန်မင်နိုးလာတော့ ရေချိုးကန်ကိုမှီကာ အိပ်ပျော်နေသည့် မော့ယွဲ့ကိုကြည့်ပြီး နူးညံ့စွာ ပြုံးလိုက်မိသည်။

သူ ရေချိုးကန်ထဲမှထွက်လိုက်ပြီး အပေါ်ဝတ်ရုံတစ်ခုကို အသာယူပြီးဝတ်ဆင်လိုက်သည်။

ထို့နောက် ကြောင်လေးတစ်ကောင်ကို ချီပွေ့လိုက်သည့်ပမာ မော့ယွဲ့ခန္ဓာကိုယ်လေးကို လက်နှစ်ဖက်ဖြင့် အသာပွေ့ချီလိုက်ပြီး အိပ်ယာထက်သို့ ဂရုတစိုက် တင်ပေးလိုက်သည်။

မော့ယွဲ့ကလည်း ခုန်မင်ကဲ့သို့ပင်ဖြစ်သည်။

သခင်လေးအနားတွင် နေရသည်က စိတ်အေးချမ်းသာရှိလွန်းသဖြင့် စိတ်လွတ်ကိုယ်လွတ် အိပ်ပျော်သွားမိခြင်းသာ။

ခုန်မင်က သူမကိုပွေ့ချီသွားသည့်တိုင် မိန်းကလေးငယ်သည် အိပ်မက်မက်လို့ ကောင်းနေဆဲပင်။

ခုန်မင် ကုတင်ခေါင်းရင်းဘက်သို့လှမ်းကြည့်မိတော့ သပ်ရပ်စွာခေါက်တင်ထားသည့် ယောကျ်ားလေးဝတ်စုံတစ်စုံကို တွေ့ရသည်။

မော့ယွဲ့ကိုယ်တိုင် သန့်ရှင်းသပ်ရပ်စွာပြင်ဆင်ထားသည့် အဝတ်အစားများပင် ဖြစ်လေသည်။

“ဒီကေလးမလေး တကယ်ပင်ပန်းပြီး အိပ်ပျော်သွားတာဖြစ်ရမယ်”

ခုန်မင်တွေးလိုက်သည်။

နတ်သားရဲမျိုးနွယ်မှ မင်းသမီးလေးက အခုတော့ သူများအတွက် ရေချိုးဖို့ပြင်ဆင် ၊ အဝတ်အစားဝတ်ဖို့ ပြင်ဆင်ပေးနေရရှာသည်။

သို့ပေသိ မိန်းကလေး အိပ်ပျော်နေပုံကိုကြည့်ရသလောက် သူမထံတွင် နာကျည်းဟန် ဝမ်းနည်းဟန် မတွေ့ရှိရပေ။ သူမက ခုန်မင်အတွက် ဤသို့ပြင်ဆင်ပေးရသည်ကို ကျေနပ်နေဟန် ရှိသည်။

ခုန်မင်က မော့ယွဲ့ပြင်ဆင်ပေးထားသည့် အဝါဖျော့ရောင် အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်ပြီး အိပ်ယာဘေးမှ စောင်ပါးတစ်ထည်ကိုယူကာ မော့ယွဲ့ကိုယ်ပေါ် အသာလွှမ်းခြုံပေးလိုက်သည်။

ပြီးတော့ သူမနဖူးထက်လွင့်ကျနေသည့် ဆံနွယ်လေးများကို ညင်သာစွာဖယ်ရှားသပ်တင်ပေးရင်း သိမ်မွေ့သည့်အပြုံးနှင့်အတူ ခြေဖျားထောက်လျှက် အခန်းထဲမှ ထွက်သွားလေသည်။

မော့ယွဲ့ရှေ့မှာဆိုလျှင် ခုန်မင်က အရာရာကိုလွှတ်ချထားသည့် လူငယ်‌လေးတစ်ယောက်သာပင်။

သို့သော် စံအိမ်တံခါးကိုကျော်လိုက်သည်နှင့် သူက ချက်ချင်းပင် အရာအားလုံးကို လက်ခုပ်ထဲထည့်ထားနိုင်သည့် ၊ အရာရာကို သိမြင်နိုင်စွမ်းရှိသည့် ပါရမီရှင်တစ်ယောက်အဖြစ် ပြန်လည်ပြောင်းလဲသွားတော့သည်။

စံအိမ်အပြင်ဘက်တွင် မော့ဖေးက တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။

မော့ယွဲ့က ပြီးပြည့်စုံသည့်အစေခံတစ်ယောက်ဖြစ်ရန် ကြိုးစားနေသလို မော့ဖေးကလည်း ပြီးပြည့်စုံသည့် ကိုယ်ရံတော်တစ်ယောက်ဖြစ်လာရန် ဆုံးဖြတ်ထားသည်။

တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံခြင်း၏သက်ရောက်မှုကြောင့် မေ့ဖေးထံမှထွက်ပေါ်နေသည့် စွမ်းအားရောင်ဝါက ယခင်ကထက်ပိုပြီး တည်ငြိမ်နေသည်။

အရင်ကဆိုလျှင် မော့ဖေးက လူသတ်တော့မည့် ဓားရှည်တစ်လက်နှင့် ဆင်တူသည်။

ယခုတော့ မော့ဖေးက ဓားအိမ်ထဲထည့်ထားသည့် ဓားရှည်တစ်လက်ပမာ အေးဆေးတည်ငြိမ်နေသည်။ သို့သော် လိုအပ်သည့်အချိန်မှာတော့ ဓားက ချက်ချင်းထွက်ပေါ်လာမည်ပင်။

ခုန်မင်က မော့ဖေးကို ခေါင်းညိတ်ပြလိုက်ရင်း...

“မဆိုးဘူး... တိမ်လွှာလေပြင်းရုပ်ခန္ဓာကျင့်စဉ်က မင်းနဲ့အတော်လိုက်ဖက်တာပဲ ၊ အခု ဘယ်လောက်တိုးတက်နေပြီလဲ ၊ ဘယ်နေရာမှာ ကျင့်ကြံခြင်းတစ်ဆို့နေသေးလဲ”

မော့ဖေးက ခုန်မင်ကို ခါးကိုင်းလျှက် အရိုအသေပေးလိုက်ရင်း...

“ဒီကျင့်စဉ် သင်ကြားပေးတဲ့အတွက် ကျွန်တော် သခင်လေးရဲ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး ၊ ဒီရက်ပိုင်းအပြင်းအထန်ကျင့်ကြံလိုက်တာ... ရှေ့ပိုင်း ခန္ဓာကိုယ်ပုံစံ(၉)မျိုးထဲက (၃)မျိုးကို ကျင့်ကြံအောင်မြင်သွားပါပြီ ၊ ဒီကျင့်စဉ် ဘယ်လောက်အကျိုးရှိတယ်ဆိုတာ စကားနဲ့ထုတ်ဖော်ပြောလို့တောင် မရနိုင်ပါဘူး ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနေ့ မော့ဖေး ဒီလိုရပ်တည်နိုင်တာဟာ သခင်လေးကြောင့်ပါပဲ”

သူက ခဏနားပြီးမှ ဆက်ပြောလိုက်သည်။

“ယွဲ့အာက ကျွန်တော့်ထက်ပိုတော်ပါတယ် ၊ သူက ကျင့်စဉ် ပထမအဆင့်ရဲ့ ပုံစံ(၅)မျိုးကိုတောင် ကျင့်ကြံပြီးသွားပါပြီ ၊ မကြာခင် ပထမအဆင့်တောင် အောင်မြင်တော့မယ်ထင်တယ်”

ခုန်မင်က ပြုံးလိုက်ရင်း...

“အဲဒီ ယွဲ့အာဆိုတဲ့ကောင်မလေးက အရမ်းလည်းထက်မြက်သလို အရမ်းလည်းလိမ္မာတယ် ၊ သူ့အတွက် စိတ်ပူစရာ မရှိပါဘူး ၊ အခု အခန်းထဲမှာ သူ အိပ်ပျော်နေတယ် ၊ မနှောက်ယှက်ပါနဲ့ အနားယူခွင့်ပေးလိုက်ပါ”

သခင်လေးက ညီမလေးအပေါ် အလွန်ဂရုစိုက်ကြောင်း သိလိုက်ရတော့ မော့ဖေးရင်ထဲ လှိုက်လှိုက်လှဲလှဲပင် ကျေးဇူးတင်သွားရသည်။

ဤသို့သော သခင်လေးတစ်ယောက် ရရှိထားသည်မှာ သူတို့မောင်နှမအတွက် အကြီးကျယ်ဆုံး ကံကောင်းခြင်းပင် မဟုတ်ပါလား။

ခုန်မင်က ဖခင်ဖြစ်သူ စောင့်နေမည်ကိုသိသဖြင့် မော့ဖေးနှင့်အချိန်ဆွဲကာ စကားမပြောတော့ဘဲ ခုန်သခင်ကြီးနေထိုင်ရာ ပင်မခုန်အိမ်တော် ခြံဝင်းဆီသို့ လမ်းလျှောက်လာခဲ့သည်။

စာကြည့်ဆောင်ထဲသို့ရောက်တော့ အစ်ကိုဖြစ်သူ ခုန်ကျောင်းလည်းရှိနေသည်ကို တွေ့လိုက်ရသည်။

ခုန်မင်က ပြုံးပြနှုတ်ဆက်ရင်း အစ်ကိုဖြစ်သူဘေးတွင် ဝင်ထိုင်လိုက်သည်။

ခုန်ကျွင်းကတော့ သားဖြစ်သူအား အလွန်ဂုဏ်ယူ အလွန်ချစ်ခင်သောမျက်ဝန်းများဖြင့် ကြည့်နေလေသည်။

ပြီးမှ သူက ပြုံးလိုက်ရင်း...

“မင်အာ... အခု ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ရောက်ပြီဆိုတော့ ဘယ်လိုထူးခြားမှုတွေ ခံစားရလဲ ၊ ပြီးတော့ ကျင့်ကြံခြင်းအဆင့်တစ်ခု တက်ပြီဆိုတာနဲ့ အခြေခံတည်ငြိမ်အောင် သေချာလုပ်ရမယ်နော် ၊ ကျင့်ကြံတဲ့အခါမှာ ဘယ်တော့မှစိတ်လောလို့မရဘူး”

ခုန်မင် ခေါင်းညိတ်လိုက်သည်။

“အဖေ စိတ်ချပါ ၊ သားရဲ့အခြေအနေ အရမ်းကောင်းပါတယ် ၊ တံခါးပိတ်ကျင့်ကြံကတည်းက အခြေခံတည်ငြိမ်အောင် တစ်ခါတည်းလုပ်ထားပြီးပါပြီ ၊ ပြီးတော့ ပန်းပဲပညာ ၊ အဂ္ဂိရတ်ပညာနဲ့ပတ်သက်လို့လည်း နည်းနည်းပါးပါး သိလာတာလေးတွေရှိတယ် ၊ အဲဒါ အဖေ့ကို ပြောပြချင်လို့ပါ”

ထိုစကားကြားတော့ ခုန်သခင်ကြီး၏မျက်ဝန်းများ တောက်ပသွားသည်။

“မင်အာက အဂ္ဂိရတ်ပညာကိုတောင် သင်ယူနေပြီလား ၊ ကောင်းကင်ဘုံက ငါတို့ခုန်အိမ်တော်ကို တကယ်ကောင်းချီးပေးနေတာပဲ ၊ လက်စသတ်တော့ အဲဒီအဂ္ဂိရတ်ကျန်းက မှန်ကန်တဲ့လူလက်ထဲကို ရောက်သွားတာပဲ ၊ အခုတော့ အကျိုးအမြတ်တွေ ခံစားရတော့မယ်”

ခုန်မင် စကားမဆိုဘဲ ပြုံးရုံသာပြုံးလိုက်သည်။

ထို့နောက် သူက တိုရီယာလက်စွပ်ထဲမှ သန့်စင်ထားသည့် ကျန့်ယွမ်ဆေးလုံးနှင့် ဒြပ်စင်စွမ်းအားပြုပြင်ဆေးလုံးများကို ထုတ်ယူပြီး ခုန်ကျွင်းရှေ့မှ စားပွဲထက်သို့ တင်ပေးလိုက်သည်။

ကျန့်ယွမ်ဆေးလုံးနှင့် ဒြပ်စင်စွမ်းအားပြုပြင်ဆေးလုံးများ အားလုံးပေါင်း အလုံး(၂၀၀)ခန့် ရှိလေသည်။

ဆေးလုံးများကို အမျိုးအစားအလိုက် ကျောက်ဖြူပုလင်းများထဲတွင် ထည့်ထားခြင်းဖြစ်ရာ ၊ ဆေးပုလင်းပေါင်းများစွာက စားပွဲပေါ်တွင် ပြည့်နက်သွားတော့၏။

ခုန်သခင်ကြီး အံ့ဩသွားပြီး...

“အများကြီးပါလား...”

ခုန်ကျွင်းရော ခုန်ကျောင်းပါ ခုန်မင်ကို ထူးဆန်းစွာ ကြည့်လိုက်ကြသည်။

ခုန်မင်က ပါရမီထူးခြားသူဖြစ်သဖြင့် အဂ္ဂိရတ်ပညာကို သင်ယူရန် ပြဿနာမရှိမှန်း သားအဖနှစ်ယောက်လုံး ခန့်မှန်းထားပြီးသားပင်။

သို့သော် တံခါးပိတ်ကျင့်ကြံသည့် အချိန်(၁)လခွဲအတွင်း ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်ရုံတင်မက ဆေးလုံးများကိုလည်း တောင်လိုပုံအောင် သန့်စင်ခဲ့သေးသည်တဲ့လား။

(၁)လအတွင်း ရလဒ်က ထိုမျှကြီးမားနေသည်လား။

ဖခင်နှင့် အစ်ကို၏ ထူးဆန်းသည့်မျက်နှာအမူအရာကို ခုန်မင်က အစောကြီးကတည်းက ကြုံဖူးပြီးသားပင်။

သူက ပြုံးလိုက်ရင်း...

“တံခါးပိတ်ကျင့်ကြံနေတုန်း အနားယူတဲ့အချိန်မှာ အဂ္ဂိရတ်ပညာ လေ့လာခဲ့တာပါ ၊ ဒီမှာ ကျန့်ယွမ်ဆေးလုံး(၁၁)ပုလင်းနဲ့ ဒြပ်စင်စွမ်းအားပြုပြင်ဆေးလုံး(၇)ပုလင်း သန့်စင်ထားပါတယ် ၊ အားလုံးကို ကျွန်တော်ကိုယ်တိုင် သန့်စင်ထားတာပါ ၊ အဖေ စစ်ဆေးပြီး အဆင့်သတ်မှတ်ပေးပါဦး”

ခုန်ကျွင်းက သားငယ်၏ပါရမီကို အစကတည်းက သိပြီးသားပင်။

သိုသော် ယခုတော့ မျက်နှာထက် အံ့အားသင့်မှုများဖြင့် ပြည့်နက်နေသည်။ ခုန်မင်၏စွမ်းဆောင်ရည်က သူ့ကို အမှန်တကယ် မှင်တက်သွားစေလေသည်။

ကျန့်ယွမ်ဆေးလုံးနှင့် ဒြပ်စင်စွမ်းအားပြုပြင်ဆေးလုံးဆိုသည်က သာမန် အဆင့်နိမ့်ဆေးဝါးများ မဟုတ်ပေ။

စျေးကွက်ထဲတွင် ကျင့်ကြံသူများ အရူးအမူး အလုအယက်ဝယ်ယူကြရပြီး ဘယ်သောအခါမှ လုံလောက်စွာ မရရှိနိုင်သည့် ရတနာလို ဆေးလုံးများ ဖြစ်သည်။

ထိုသို့ တန်ဖိုးမြင့်မားသည့် ဆေးလုံးများကို မည်သည့် အသစ်စက်စက် အဂ္ဂိရတ်ပညာရှင်မှ ပြုလုပ်နိုင်စွမ်း မရှိပေ။

ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိသော အဂ္ဂိရတ်ပညာရှင်အများစုသည်ပင် တစ်ကြိမ်သန့်စင်တိုင်း အောင်မြင်ရန် အာမခံချက် မရှိလှပေ။

သို့သော် ခုန်မင်ကတော့ ပထမဆုံးအကြိမ် အဂ္ဂိရတ်ပညာကို စမ်းသပ်ကြည့်ရုံမျှဖြင့် ကျန့်ယွမ်ဆေးလုံးနှင့် ဒြပ်စင်စွမ်းအားပြုပြင်ဆေး များစွာပြုလုပ်နိုင်ခဲ့သည်။

ဒါတောင်မှ ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်သို့တက်ရောက်ရန် ကြိုးစားနေရင်း အနားယူနေချိန်တွင် ပြုလုပ်ခြင်းဟု ဆိုနေသည်။

ဆိုတော့ ခုန်မင်၏ အဂ္ဂိရတ်ပညာစွမ်းက အတွေ့အကြုံရှိသော အဂ္ဂိရတ်ပညာရှင်များစွာကိုပင် ကျော်တက်သွားပြီဟု ဆိုလိုသည်လား။

ဒီလောက်ကြီးကျ.... မလွန်လွန်းဘူးလား...။

All Chapters