အံ့သြဖွယ်ရာများစွာ
Vol. 6 Ch. 72
ခုန်ကျွင်း စိတ်ထဲမှာပင် သက်ပြင်းရှည်တစ်ချက် ချလိုက်မိသည်။
သူက ကျန့်ယွမ်ဆေးပုလင်းတစ်လုံးကို ကောက်ကိုင်လိုက်ပြီး အဖုံးဖွင့်ကာ တစ်ချက်အနံ့ခံကြည့်လိုက်သည်။
ခုန်ကျွင်းက ပါရမီရှင်တစ်ယောက် မဟုတ်သဖြင့် ကျင့်ကြံခြင်းပြုလုပ်ရာတွင် ကျန့်ယွမ်ဆေးလုံးကိုသာအားကိုးပြီး ကြိုးစားခဲ့ရခြင်း ဖြစ်သည်။
ထို့ကြောင့် သူက ဤဆေးနှင့် အလွန်ရင်းနှီးသည်ဖြစ်ရာ တစ်ချက်အနံ့ခံလိုက်သည်နှင့် ဆေးလုံးများက မည်မျှအဆင့်အတန်းမြင့်မားကြောင်း တန်းသိလိုက်သည်။
ဤဆေးလုံးများက တစ်ချိန်က ခုန်ကျွင်းကိုယ်တိုင် ငွေကြေးများစွာပေးကာ ဝယ်ယူခဲ့ရသော ဆေးလုံးများထက်ပင် အဆပေါင်းများစွာ သာလွန်လေသည်။
ဆေးအာနိသင်ကလည်း အဆပေါင်းများစွာ ပိုမိုအားကောင်းသည်။
ဤဆေးများကို တကယ်ပဲ ခုန်မင်ကိုယ်တိုင်သန့်စင်ထားသည်ဆိုလျှင်တော့... သားငယ်၏အဂ္ဂိရတ်ပညာက အတော်လေးအဆင့်မြင့်နေပြီဖြစ်ကြောင်း ခန့်မှန်းလိုက်နိုင်သည်။
သို့ပေသိ ခုန်မင်က ယခုမှ အဂ္ဂိရတ်လမ်းကြောင်းသို့ စတင်ဝင်ရောက်သူဖြစ်ရာ ၊ ကောင်းကင်ဘုံကိုဆန့်ကျင်နိုင်သည့် ပါရမီရှင်များသာလျှင် ဤအဆင့်သို့ရောက်နိုင်မည် မဟုတ်ပါလား။
ခုန်မင်၏အရည်အချင်းများက ခုန်သခင်ကြီးစိတ်ကူးနိုင်သည်ထက်ပင် ကျော်လွန်သွားခဲ့သည်။
ခုန်ကျွင်း အလွန်စိတ်လှုပ်ရှားစွာဖြင့်ပင် ဒြပ်စင်စွမ်းအားပြုပြင်ဆေးလုံးပုလင်းကို ဖွင့်လိုက်ပြီး ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။
ပြုပြင်ဆေးလုံး၏အရည်အသွေးကလည်း စျေးကွက်ထဲတွင်မရှိနိုင်လောက်အောင် အရည်အသွေးမြင့်မားလွန်းသည်။
ယခု ခုန်အိမ်တော်သခင်’ခုန်ကျွင်း’ သဘောပေါက်သွားပေပြီ။
ယခု ခုန်မင်တွင် ကြောက်စရာကောင်းသည့် အဂ္ဂိရတ်ပညာစွမ်း ရှိနေပေပြီ။
ယခုလို အဆင့်မြင့်ဆေးလုံးများသာ လက်ထဲတွင်ရှိနေမည်ဆိုလျှင်...
ခုန်မင် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်မလာခင်မှာပင် ခုန်အိမ်တော်၏အင်အားက များစွာတိုးတက်လာနိုင်ပေသည်။
ခုန်မင် ပန်းပဲပညာလေ့လာစဉ်က ခုန်ကျွင်း စိတ်ပူခဲ့ဖူးသည်။
ခုန်မင်သာ ပန်းပဲပညာလမ်းကြောင်းကို အာရုံစိုက်သွားလျှင် ဒြပ်စင်စွမ်းအားကျင့်ကြံခြင်းတွင် နှောင့်နှေးသွားမည်ဟု ထင်ခဲ့မိသောကြောင့်ပင်။
ယခုတော့ ထိုသို့စိုးရိမ်စရာမရှိကြောင်း သက်သေပြနိုင်ခဲ့ပြီ။
အကြောင်းမှာ ခုန်မင်က အလုံးစုံပါရမီရှင်တစ်ယောက်ပမာ သူ မလေ့လာနိုင်သည့်ပညာမရှိ ၊ သူ မလုပ်နိုင်သည့်အရာမရှိ ၊ သူ မကျွမ်းကျင်သည့်အရာ မရှိသောကြောင့်ပင်။
သားငယ်၏နားလည်နိုင်စွမ်းက သူ၏နားလည်နိုင်စွမ်းထက် များစွာသာလွန်ကြောင်း ခုန်သခင်ကြီး နားလည်သွားပြီဖြစ်၏။
ထို့ကြောင့် ခုန်မင်က နောင်တွင် မည်သည့်လမ်းကိုရွေးချယ်ပါစေ သူက ဖခင်တစ်ယောက်အနေဖြင့် ထိန်းချုပ်တော့မည် မဟုတ်ပေ။
ဖြစ်နိုင်သည်မှာ...
ခုန်မင်က သမိုင်းတွင်မရှိဖူးသေးသော ခေတ်တစ်ခေတ်ကို ပြောင်းလဲပေးနိုင်သည့် အလုံးစုံပါရမီရှင်တစ်ယောက်များလား။
ဖခင်ဖြစ်သူ၏ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ရင်း ခုန်ကျောင်းသည်လည်း ထူးခြားချက်ကိုဖတ်လိုက်နိုင်သည်။
သူက ကြွေပုလင်းလေးတစ်လုံးကို ကောက်ကိုင်လိုက်ပြီး အတွင်းမှ ဆေးလုံးများကိုစစ်ဆေးကြည့်လိုက်သည်။
ထို့နောက် ခုန်မင်ကို မယုံကြည်နိုင်စွာကြည့်ရင်း အော်ဟစ်လိုက်လေသည်။
“ညီလေး... ဒီဆေးတွေအကုန်လုံးကို မင်းတစ်ယောက်တည်းလုပ်ထားတာလား ၊ တံခါးပိတ်ကျင့်ကြံတဲ့ အချိန်(၁)လခွဲအတွင်းမှာ ဒြပ်စင်စွမ်းအားဆရာသခင် ကနဦးအဆင့်ကို ကျော်ဖြတ်ရုံတင်မကဘဲ အဂ္ဂိရတ်ပညာပါ ဒီအဆင့်ထိ ရောက်သွားတာလား ၊ ဒီဆေးတွေနဲ့သာဆိုရင် ငါတို့ခုန်အိမ်တော်… ငါတို့ခုန်အိမ်တော်…”
ခုန်ကျောင်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ဘာဆက်ပြောရမှန်းပင် မသိတော့ပေ။
အဖေနှင့်အစ်ကို ထိုမျှစိတ်လှုပ်ရှားနေသည်ကိုမြင်တော့ ခုန်မင် အနည်းငယ်ပင် ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။
သူက တည်ငြိမ်အောင်ကြိုးစားလိုက်ပြီး...
“တကယ်တော့ အဂ္ဂိရတ်ပညာက ကျွန်တော့်ကို အတော်လေးစွဲဆောင်သွားတာ ၊ စမိတာနဲ့ မရပ်ချင်တော့ဘူး ၊ အဲဒါကြောင့် ဆေးလုံးတွေအများကြီးလုပ်လိုက်မိတာပါ ၊ ကျွန်တော့်အထင်တော့ ခုန်အိမ်တော်က ကျင့်ကြံသူအားလုံးအတွက် တစ်နှစ်စာ လုံလောက်မယ်ထင်ပါတယ်”
ခုန်ကျွင်းက ခေါင်းညိတ်လိုက်သည်။
“တစ်နှစ်စာထက်တောင် ပိုသေးတယ် ၊ အဲဒီတစ်နှစ်ပြီးရင်တော့ ငါတို့ခုန်အိမ်တော်ရဲ့အင်အားက မိုးထိအောင်မြင့်မားသွားမှာပဲ”
ဤသို့သော အဆင့်မြင့်ဆေးလုံးများနှင့်ဆိုလျှင် ကျင့်ကြံခြင်းတွင် အဆပေါင်းများစွာ လွယ်ကူသွားပေမည်။
အချိန်(၁)နှစ်အတွင်း ခုန်အိမ်တော်မှ ကျင့်ကြံသူများအားလုံး တန်ခိုးစွမ်းအားမြင့်မားသွားမည်ဆိုလျှင် အိမ်တော်တစ်ခုလုံး၏စွမ်းအားသည်လည်း ဒီရေပမာ တဟုန်းဟုန်းမြင့်တက်လာမည်သာပင်။
အရေးကြီးဆုံးကတော့ ခုန်အိမ်တော်တွင် ဤသို့သော အံ့သြဖွယ်ရာဆေးလုံးများ ရှိနေကြောင်း သတင်းပျံ့သွားသည်နှင့် ခုန်အိမ်တော်အတွက် အလုပ်လုပ်ပေးချင်သည့် ပါရမီရှင်ကျင့်ကြံသူများ များပြားလာပေမည်။
တစ်ကိုယ်တော်ကျင့်ကြံသူများသည်လည်း ခုန်အိမ်တော်တံခါးဝသို့ ကိုယ်တိုင်ရောက်လာပြီး အလိုအလျောက်သစ္စာခံကြမည်သာပင်။
အချိန်ကြာလာသည်နှင့်အမျှ ခွန်းကာမြို့တွင် ခုန်အိမ်တော်နှင့်ပခုံးချင်းတန်း ရပ်တည်နိုင်မည့်အင်အားစုဆို၍ ရှိတော့မည် မဟုတ်ပေ။
ထိုသို့တွေးမိသည်နှင့် ခုန်ကျွင်းမှာ စိတ်လှုပ်ရှားစွာဖြင့် ခုန်မင်နှင့် ခုန်ကျောင်းကိုခေါ်ကာ ဘိုးဘေးခန်းမသို့ ချက်ချင်းသွားပြီး ဘိုးဘေးများ၏ဆောင်မမှုအတွက် ရှိခိုးကန်တော့ချင်စိတ်များပင် ဖြစ်လာမိသည်။
သို့ပေသိ ထိုအချိန်မှာပင် ခုန်မင်က ဖခင်ဖြစ်သူကို အံ့သြစရာနောက်တစ်ခု ထပ်မံပြသလိုက်ပြန်သည်။
ခုန်သခင်ကြီးက ဆေးလုံးများကို အဖိုးတန်ရတနာပမာ အလွန်တန်ဖိုးထားနေသည်ကိုကြည့်ရင်း ခုန်မင်က တိုရီယာလက်စွပ်ထဲမှ ဒြပ်စင်သံလိုက်ဒိုင်းများကိုထုတ်ယူလိုက်ပြီး တစ်ခုကို ဖခင်ရှေ့တွင် ချထားလိုက်သည်။
ပြီးမှ ပြုံးလိုက်ပြီး...
“အဖေ... တံခါးပိတ်ကျင့်ကြံရင်း အနားယူတဲ့အချိန်မှာ ဆေးလုံးသန့်စင်တာအပြင် ပန်းပဲပညာကိုလည်း ထပ်စမ်းကြည့်ခဲ့သေးတယ် ၊ အခု ကျွန်တော်က ဒြပ်စင်စွမ်းအားဆရာသခင်အဆင့်ကို ရောက်ပြီးတော့ ပန်းပဲပညာလည်း ပိုပြီးတိုးတက်လာတယ်လေ ၊ ဒါတွေက ကျွန်တော်သွန်းလုပ်ထားတဲ့ ဒြပ်စင်သံလိုက်ဒိုင်းတွေပါ ၊ ယွမ်ရုန်ဒူးလေးနဲ့တွဲသုံးမယ်ဆိုရင် အများကြီးတန်ဖိုးရှိပါတယ်”
ခုန်သခင်ကြီးမှာ စကားပင်မဆိုနိုင်တော့ဘဲ ပါးစပ်အဟောင်းသားဖြင့် ခုန်မင်အား ငေးစိုက်ကြည့်နေမိတော့၏။
အတန်ကြာမှ ခုန်ကျွင်းက ဒြပ်စင်သံလိုက်ဒိုင်းများကို စစ်ဆေးကြည့်ပြီး မျက်နှာထက် ပျော်ရွှင်ဝမ်းမြောက်သည့် အပြုံးတစ်ပွင့်ပေါ်လာသည်။
“ဒီဒြပ်စင်သံလိုက်ဒိုင်းတွေက တကယ်ပြီးပြည့်စုံတာပဲ ၊ ယွမ်ရုန်ဒူးလေးနဲ့တွဲလိုက်ရင် ခံစစ်တိုက်စစ် အရမ်းကောင်းသွားမယ် ၊ သိပ်ကိုလိုက်ဖက်ညီတဲ့ လက်နက်နှစ်ခု ဖြစ်သွားမယ် ၊ ငါတို့ခုန်အိမ်တော်က ကျင့်ကြံသူတိုင်းကို ဒီလိုလက်နက်တွေသာ တပ်ဆင်ပေးလိုက်မယ်ဆိုရင်... ဟား ဟား ဟား...”
ခုန်ကျွင်းမှာ စကားဆုံးအောင်ပင်မပြောနိုင်ဘဲ ဝမ်းသာအားရ ရယ်မောလိုက်တော့၏။
ဤသို့သောလက်နက်များ တပ်ဆင်ပေးနိုင်မည်ဆိုလျှင် ခုန်အိမ်တော်၏အင်အားက ကောင်းကင်အထိမြင့်တက်သွားပြီး ခွန်းကာမြို့တွင် ပြိုင်ဘက်ကင်းဖြစ်သွားမည် မဟုတ်ပါလား။
ချန်အိမ်တော်လောက်ကတော့ စကားထဲထည့်ပြောစရာပင် မလိုတော့ပေ။
ထိုအချိန် ခုန်ကျောင်းက စိုးရိမ်တကြီးဖြင့်...
“ညီလေး... မင်း ဆေးလုံးတွေလည်းသန့်စင်တယ် ၊ ပန်းပဲလည်းလုပ်တယ် ၊ ပြီးတော့ ကျင့်ကြံတာကိုလည်း ရပ်မထားဘူး ၊ ဒါဆို မင်းခန္ဓာကိုယ်အရမ်းပင်ပန်းသွားမှာပေါ့ ၊ ခုန်အိမ်တော်ရဲ့တိုးတက်မှု နောက်ကျသွာတာက ပြဿနာမရှိဘူး ၊ မင်း ကျန်းမာရေးထိခိုက်သွားလို့ မဖြစ်ဘူးလေ”
ထိုစကားကြားတော့ ခုန်မင်က ပြုံးလိုက်ရင်း...
“အစ်ကိုကြီး... စိတ်မပူပါနဲ့ ၊ ဆေးလုံးသန့်စင်တာရော ပန်းပဲပြုလုပ်တာရောက ကျွန်တော့်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ပါဘူး ၊ ဒီပညာတွေကိုအသုံးပြုတဲ့အတွက် ကျွန်တော့်ရဲ့ ဒြပ်စင်စွမ်းအားထိန်းချုပ်နိုင်စွမ်း ပိုမြင့်မားလာပြီး ကျင့်ကြံခြင်းမှာတောင် အထောက်အကူဖြစ်ပါတယ် ၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကုန်ကြမ်းအလုံအလောက်ရှိနေသရွေ့ ဆေးရော ၊ လက်နက်တွေရော ကျွန်တော် လိုသလောက် လုပ်ပေးနိုင်ပါတယ်”
ခုန်ကျွင်းက ခေါင်းညိတ်လိုက်သည်။
“မင်အာရဲ့စကားကို သံသယမရှိပါဘူး ၊ ဒါပေမဲ့ ငါတို့ဘက်က ကုန်ကြမ်းတွေ အများကြီးဝယ်လိုက်ရင် ကုန်သွယ်ရေးအသင်းချုပ်က သေချာပေါက် အာရုံစိုက်လာလိမ့်မယ် ၊ ဒါဆို ငါတို့ဝှက်ဖဲကို စောစောစီးစီး ထုတ်ပြသလို ဖြစ်သွားမှာပေါ့ ၊ နောက်တစ်ချက်က... ခွန်းကာမြို့ရဲ့ ပို့ကုန်သွင်းကုန်လမ်းကြောင်းအားလုံးကို ကုန်သွယ်ရေးအသင်းချုပ်က ထိန်းချုပ်ထားတယ် ၊ ငါတို့ခုန်အိမ်တော် တကယ်ပဲအင်အားကြီးချင်တယ်ဆိုရင် ကုန်ကြမ်းပစ္စည်းအတွက်နဲ့ သူတို့က ငါတို့ကို လည်ပင်းညှစ်လာမှာမျိုး ခွင့်ပြုလိုက်လို့မဖြစ်ဘူး”
ခုန်မင်က ခေါင်းညိတ်လိုက်ရင်း...
“အမှန်ပဲ... ကျွန်တော်တို့ခုန်အိမ်တော် တကယ်အင်အားကြီးချင်တယ်ဆိုရင် ကိုယ်ပိုင်ကုန်ကြိမ်းလမ်းကြောင်း ကိုင်ထားနိုင်မှဖြစ်မယ် ၊ ဒီအချက်ကို ကျွန်တော် အရင်ကတည်းက စဉ်းစားထားပါတယ် ၊ ခွန်းကာမြို့မှာဆိုရင် စျေးကွက်တစ်ခုလုံးကို ကုန်သွယ်ရေးအသင်းချုပ်က လက်ဝါးကြီးအုပ်ထားတယ် ၊ ကျွန်တော်တို့ဘက်က သူတို့လမ်းကြောင်းထဲကို အတင်းဝင်ပြီးထိုးဖောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ ခွန်းကာမြို့အပြင်ဘက်မှာဆိုရင်တော့ လောကကြီးက ကျယ်ပြန့်လွန်းတယ္ ၊ ခွန်းကာမြို့နဲ့သိပ်မဝေးတဲ့ တောရိုင်းဒေသဆိုရင်... အဖေကြည့်လိုက်... ဘယ်လောက်တောင် ရင်းမြစ်ပစ္စည်း ပေါများလိုက်သလဲ ၊ အဲဒီဘက်ကိုလှည့်ပြီး ကျွန်တော်တို့အတွက် လမ်းကြောင်းသစ် ရှာဖွေနိုင်တယ်”
ခုန်မင်က ဆက်ပြောလိုက်သည်။
“ဟိုတစ်ခေါက်က ကျွန်တော်နဲ့ ချီတိမျိုးနွယ်စုကလူတွေ တိုက်ရိုက်အရောင်းအဝယ်လုပ်ဖူးတယ်လေ ၊ တောရိုင်းဒေသ လူမျိုးစုတွေနဲ့ တိုက်ရိုက်အရောင်းအဝယ်လုပ်တာကို ကုန်သွယ်ရေးအသင်းချုပ်က ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူးမဟုတ်လား”
ထိုစကားကြားသည်နှင့် ခုန်ကျွင်းနှင့် ခုန်ကျောင်းတို့၏မျက်လုံးများ တောက်ပလင်းလက်သွားကြလေ၏။