← Chapters

သံမဏိမြေသားကျင့်စဉ်

Vol. 6 Ch. 73

သံမဏိမြေသားကျင့်စဉ်

Vol. 6 Ch. 73

ခုန်မင်က ချီတိမျိုးနွယ်စုနှင့် အရောင်းအဝယ်လုပ်ခဲ့စဉ်ကပင် ဤမျှအထိ ရေရှည်ကြိုမြင်ထားမည်ဟု မည်သူမှ မထင်မှတ်ခဲ့ကြပေ။

ဟုတ်ပေ၏။

ကျူးကဲလျန့်ဆိုသည်က သုံးပြည်ထောင်ခေတ် ၊ လုန်ကျုန်းမှထွက်မလာခင်ကတည်းက တိုင်းပြည်(၃)ပိုင်းကွဲမည်ကို ကြိုတင်သိမြင်ခဲ့သူဖြစ်ကြောင်း မမေ့လိုက်ပါနှင့်။

တိုင်းပြည်နှင့်ပင်ချီပြီး ကြိုတင်သိမြင်ခဲ့သူတစ်ယောက်က မြို့တစ်မြို့နှင့်ပတ်သက်သည့်အမြင်လောက်ကို ထည့်ပြောနေစရာပင်မလိုပေ။

မျိုးနွယ်တစ်ခု အင်အားကြီးမားအောင်ပြုလုပ်ခြင်းက တိုင်းပြည်တစ်ခု တည်ထောင်ခြင်းနှင့် အတူတူပဲဖြစ်သည်။ ရေရှည်ကိုမကြည့်ပါက အင်အားကြီးမားရန် အာမခံချက်ရှိမည် မဟုတ်ပေ။

တိုင်းပြည်တစ်ခုကိုပင် အမှားအယွင်းကင်းမဲ့စွာ အသေးစိတ် စီမံအုပ်ချုပ်နိုင်ခဲ့သော ခုန်မင်က အိမ်တော်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန် မလုပ်ဆောင်နိုင်ဘဲ ရှိပါမည်လား။

အိမ်တော်တစ်ခု ၊ မျိုးနွယ်တစ်ခု အင်အားကြီးရန်မှာ ဘက်ပေါင်းစုံ ၊ ရှုထောင့်ပေါင်းစုံမှ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ မည်သူကမှ မိမိပျော့ကွက်ကိုနင်းထားသည့် အနေအထားမျိုး ဖြစ်မနေသင့်ပေ။

ကုန်သွယ်ရေးအသင်းချုပ်က ခုန်အိမ်တော်၏ ကုန်ကြမ်းဝယ်ယူမှုကို အားနည်းချက်အဖြစ် ချုပ်ကိုင်ထားမည်ဆိုလျှင် ခုန်အိမ်တော် တကယ်ပဲ “အင်အားကြီးလာပြီ” ဟု ဆိုနိုင်ပါဦးမည်လား။

ခွန်းကာမြို့က မြို့ငယ်တစ်ခုသာဖြစ်ပြီး ခုန်အိမ်တော်က အသာစီးရပြီးသား အင်အားစုတစ်ခု ဖြစ်သည်။

ထိုသို့သောအခြေအနေတွင် ခုန်အိမ်တော်ကို ဒေသ၏အားအကြီးဆုံး အင်အားစုအဖြစ် တွန်းမတင်နိုင်လျှင် ခုန်မင်၏အရည်အချင်းများ အလကားဖြစ်သွားပေမည်။

ပင်မခုန်အိမ်တော်နှင့် ပြန်လည်ပူးပေါင်းနိုင်မည်ဆိုလျှင် ဂုဏ်သိက္ခာနှင့် အောင်မြင်မှု ပြန်လည်ရရှိမည်ဟု ခုန်ကျွင်းက အမြဲတွေးခဲ့သည်။

သို့သော် ခုန်မင်၏အမြင်ကတော့ ခွန်းကာမြို့မှ ခုန်အိမ်တော်အခွဲ၏အေင်မြင်မှုက ပင်မခုန်အိမ်တော်ကို ကျော်တက်သွားနိုင်မှသာ တကယ့်အောင်မြင်မှုအစစ်ကို ရရှိမည်ဖြစ်သည်။

ထျန်းယွမ်ကုန်းမြေက အဆုံးမရှိ ကျယ်ပြန့်လွန်းသည်။

အင်အားအကြီးမားဆုံးဟုဆိုနိုင်သော တိုင်းပြည်တိုင်း ၊ စွမ်းအားအကြီးဆုံးဟုဆိုနိုင်သော မျိုးနွယ်တိုင်း ၊ ပြီးတော့ မျိုးနွယ်စုတိုင်း ၊ နယ်မြေတိုင်း ၊ ဒေသတိုင်းတွင် “နံပါတ်တစ်” များ များစွာရှိနေသည်။

သွေးကြောထဲတွင်စီးဆင်းနေသည့် ခုန်မင်၏ မာန်မာနအရ သူ၏နောက်ဆုံးရည်မှန်းချက်က ထို “နံပါတ်တစ်” များအားလုံးကို သူ၏ခြေဖဝါးအောက်တွင် နင်းချေပစ်ရန် ဖြစ်သည်။

ထိုအချိန်ရောက်လျှင် သူ၏ခုန်အိမ်တော်က မိုးအောက်မြေပြင်တွင် အမှန်တကယ် ‌လောကပထမဖြစ်လာပြီး ထျန်းယွမ်ကုန်းမြေတစ်ခုလုံးတွင် ပြိုင်ဘက်မရှိ ရပ်တည်နိုင်ပေမည်။

ဟုတ်ပေ၏။

ဤသို့သော ကမ္ဘာကိုကိုင်လှုပ်မည့် ရည်မှန်းချက်ကို ခုန်သခင်ကြီးအား ပြောပြရန် မဖြစ်နိုင်သေးပေ။

သူ့အနေဖြင့် ခြေလှမ်းတစ်လှမ်းချင်းတွင် သူ၏စွမ်းရည်ကို ဆက်တိုက်ပြသပြီး ခုန်အိမ်တော်၏တိုးတက်မှု လုံးဝမရပ်တန့်စေရန် ပြုလုပ်သွားရပေမည်။

သားအဖ(၃)ယောက် အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြပြီး ခုန်အိမ်တော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗျူဟာများစွာ ချမှတ်ခဲ့ကြသည်။

ခုန်အိမ်တော်အနေဖြင့် စျေးကွက်ထဲမှ ဝိညာဉ်လည်ပြန်မြက် ၊ နှစ်တစ်ရာဂျင်ဆင်း ၊ သွေးပြဒါးသစ်သီးနှင့် အရေးကြီးသည့် ဆေးပစ္စည်းများအားလုံး... ၊

သွေးနီငွေသားသံမဏိ၊ သံမဏိသတ္တုနှစ်၊ မြောက်ပိုင်းနှင့် တောင်ပိုင်းသံလိုက်ကျောက်စသည့် ပန်းပဲကုန်ကြမ်းများအားလုံး... ၊

အဆင့်(၂)နှင့် အဆင့်(၃) မှော်ဝင်သားရဲ ပုံဆောင်ခဲအမြုတေများအားလုံးကို မည်သည့်စျေးနှုန်းဖြစ်ပါစေ ရသမျှ အကုန်ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။

တစ်ဖက်တွင်လည်း ခုန်အိမ်တော်မှ ထက်မြက်ပါးနပ်သည့်အိမ်တော်ထိန်းနှစ်ယောက်ကို တောရိုင်းဒေသသို့ လျှို့ဝှက်စေလွှတ်ပြီး အနာဂတ်စီးပွားရေးအတွက် လမ်းဖွင့်ထားမည်။

အချိန်တန်သည်နှင့် အိမ်တော်၏အင်အားကြီးမားမှုနှင့် စီးပွားရေးချုပ်ကိုင်မှုကို တပြိုင်တည်းထုတ်ပြပြီး ခွန်းကာမြို့၏ နံပါတ်(၁)နေရာအား အခိုင်အမာ သိမ်းပိုက်မည်။

ထို့နောက်မှာတော့ ပါရမီရှင်များကို ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းပြီး ခုန်အိမ်တော်၏ ဂုဏ်သတင်းကို တစ်ဆင့်ချင်း မြှင့်တင်သွားမည်။

ဤသည်က ဗျူဟာချမှတ်ခြင်းသာဖြစ်ပြီး ခုန်အိမ်တော်၏ နေ့စဉ်လုပ်ငန်းများတွင်တော့ ခုန်မင်က ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။

အကြောင်းပြချက်က ရိုးရှင်းသည်။

ခုန်အိမ်တော်၏ အိမ်တော်သခင်က ခုန်ကျွင်းဖြစ်လေရာ သူကိုယ်တိုင် နှုတ်ထွက်အမိန့်ပေးပြီး စီစဉ်စရာရှိသည်ကို စီစဉ်သည်က အသင့်တော်ဆုံးဖြစ်သောကြောင့်ပင်။

ထို့ပြင် ခုန်ကျွင်းကိုကူညီမည့် ခုန်ကျောင်းအတွက်လည်း အတွေ့အကြုံရရှိစေရန် လေ့ကျင့်ပေးရာရောက်၏။

အဘယ်ကြောင့်ဆိုသော် အနာဂတ်တွင် ခုန်အိမ်တော်ကို အမွေဆက်ခံမည့်သူက ခုန်ကျောင်းသာဖြစ်ပြီး ၊ ခုန်မင် မဟုတ်ပေ။

အစီအမံဗျူဟာများချမှတ်ပြီးသည့်နောက် ခုန်ကျွင်းနှင့် ခုန်ကျောင်းတို့က တာဝန်ယူရမည့်ကိစ္စများကိုစီစဉ်ရန် ထွက်ခွာသွားကြတော့သည်။

ခုန်မင်ကတော့ ခုန်အိမ်တော် ၊ သိုင်းကျမ်းစာကြည့်တိုက်သို့ ထွက်ခွာလာခဲ့သည်။

ယခု သူက သစ်သား - မီး - မြေ ဒြပ်စင်သုံးပါးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားပြီဖြစ်ရာ သင့်တော်သည့် မြေဒြပ်စင်ကျင့်စဉ်တစ်ခု လိုအပ်လာပေပြီ။

ခုန်အိမ်တော် ၊ သိုင်းကျမ်းစာကြည့်တိုက်တွင် စုဆောင်းထားသည့် ကျင့်စဉ်များက အတော်လေးနည်းပါးနေခြင်းကတော့ စိတ်မကောင်းစရာပင်။

ထို့ကြောင့် ခုန်မင်အတွက် ရွေးချယ်စရာသိပ်မရှိခဲ့ပေ။

ခုန်မင်က ဖခင်ဖြစ်သူကို မေးမြန်းထားပြီးဖြစ်သည်။

အိမ်တော်စာကြည့်တိုက်တွင်ရှိနေသည့် ပြီးပြည့်စုံခြင်းမရှိသော အဆင့်မြင်ကျင့်စဉ်(၂)ခုတွင် -

လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်က လွန်ခဲ့သောနှစ်ပိုင်းက ပင်မခုန်အိမ်တော်မှ ရောက်ရှိလာခြင်းဖြစ်သည်။

စိမ်းလန်းသစ်သားဒြပ်စင်ကျင့်စဉ်ကတော့ နဂိုကတည်းက ခုန်အိမ်တော်တွင် ရှိနေသည့် ကျင့်စဉ်ဖြစ်သည်။

ထိုနှစ်ခုအပြင် အခြားသော “အရှင်သခင်အဆင့်” ကျင့်စဉ်များ လုံးဝ မရှိတော့ပေ။

မပြည့်စုံသည့် အဆင့်မြင့်ကျင့်စဉ်မရှိလျှင် ခုန်မင် မည်မျှပင် ပါရမီရှိစေဦးတော့ “အရှင်သခင်အဆင့်” ကျင့်စဉ်အသစ်တစ်ခုအား ဖန်တီး၍မရနိုင်ပေ။

ယာယီအားဖြင့် စာကြည့်တိုက်ထဲမှ “ဆရာသခင်အဆင့်” ကျင့်စဉ်များဖြင့်ပင် အဆင်ပြေအောင် ကြည့်ကျက်လုပ်ရပေမည်။

ခုန်မင် စာကြည့်တိုက်ထဲမှ စာအုပ်စင်တိုင်းကို ရှာဖွေကြည့်လိုက်သည်။ သို့သော် “ဆရာသခင်အဆင့်” မြေဒြပ်စင်ကျင့်စဉ် (၃)ခုသာလျှင် တွေ့ရှိလေသည်။

ထိုကျင့်စဉ်(၃)ခုတွင် အဆင့်အမြင့်ဆုံးမှာ ဖူစန်းထားခဲ့သည့် “‌တောင်ဖြိုစည်းတံဆိပ်ကျင့်စဉ်” ပင် ဖြစ်သည်။

သို့သော် ဖူစန်းက ဒြပ်စင်စွမ်းအားဆရာသခင် အလယ်အဆင့်သာ ဖြစ်လေရာ တောင်ဖြိုစည်းတံဆိပ်ကျင့်စဉ်က သိပ်ပြီးထူးခြားမှု မရှိလှပေ။

ထို့ပြင် ဖူစန်းက ချန်အိမ်တော်မှ သူလျှိုတစ်ယောက်ဖြစ်လေရာ သူထားရစ်ခဲ့သောကျင့်စဉ်က အစစ်အမှန်ရော ဖြစ်နိုင်ပါမည်လား။

ခဏမျှစဉ်းစားပြီးနောက် ခုန်မင်က အကောင်းဆုံးနည်းလမ်းကို ရွေးချယ်လိုက်သည်။

ဆရာသခင်အဆင့် ကျင့်စဉ်သုံးခုလုံးကို အသေအချာလေ့လာပြီး အကောင်းဆုံးအချက်များကို ကောက်နှုတ်ကာ မိမိနှင့်သင့်လျော်သည့် ကျင့်စဉ်အသစ်တစ်ခုကို ပေါင်းစပ်ဖန်တီးကြည့်ရန် ဖြစ်သည်။

ခုန်မင်၏မှတ်ဉာဏ်က တစ်ခေါက်ဖတ်လျှင် အလွတ်ရသည်ဖြစ်ရာ အချိန်(၁)နာရီအတွင်း ကျင့်စဉ်(၃)ခုလုံးကို ဖတ်ရှုပြီးစီးသွားသည်။

ထို့နောက် မျက်လုံးမှိတ်လျှက် ခဏမျှ မတ်တတ်ရပ်နေရင်း သူ၏ကြီးမားထက်မြက်သော ဝိညာဉ်စွမ်းအားကိုအသုံးချကာ ကျင့်စဉ်(၃)ခု၏ အားနည်းချက် ၊ အားသာချက်များကို စတင်ခွဲခြမ်းစိတ်ဖြာလိုက်သည်။

သူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် ကျင့်စဉ်(၃)ခုက တစ်ခုပြီးတစ်ခု လှည့်ပတ်နေပြီး အဆက်မပြတ် ပြောင်းလဲရောယှက်နေသည်။

ထို့နောက် ကျင့်စဉ်များက ဖြည်းဖြည်းချင်းပေါင်းစပ်သွားပြီး လုံးဝအသစ်စက်စက် ကျင့်စဉ်အသစ်တစ်ခု ပြီးပြည့်စုံစွာ ထွက်ပေါ်လာတော့သည်။

သတိမထားမိခင်မှာပင် နေ့တစ်ဝက်ခန့်ကုန်ဆုံးသွားလေသည်။

ခုန်မင် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ကြမ်းပြင်ထက်တွင် တင်ပျဉ်ခွေထိုင်လိုက်ကာ သူဖန်တီးထား‌သော ကျင့်စဉ်အသစ်ကို စတင်ကျင့်ကြံလိုက်သည်။

သူ၏ခန္ဓာကိုယ်ထဲတွင် သစ်သား ၊ မီး ဒြပ်စင်စွမ်းအားများနှင့် တန်းတူအားကောင်းသော မြေဒြပ်စင်စွမ်းအားအသစ်တစ်ခု ရှိနေပြီးသားပင်။

ယခု မြေဒြပ်စင်ကျင့်စဉ်အသစ်အား ကျင့်ကြံလိုက်သည့်အခါ စွမ်းအားက သွေးကြောများတစ်လျှောက် သွက်လက်စွာ စီးဆင်းဝင်ရောက်လာသည်။

ခုန်မင်၏ခန္ဓာကိုယ်မှ ခပ်ဖျော့ဖျော့ အဝါရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ပါးလွှာသည့် အဝါရောင်မြူခိုးအလွှာက သူ့ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။

အတန်ကြာမှ ခုန်မင်က အသက်တစ်ချက်ရှူသွင်းလိုက်ရာ သူ့ခန္ဓာကိုယ်မှထွက်‌ပေါ်နေသည့် အဝါရောင်အလင်းတန်းများအားလုံး ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

ခုန်မင်ကိုယ်တိုင်ဖန်တီးခဲ့သောကျင့်စဉ်ကို ခုန်မင်ကိုယ်တိုင်ပင် တစ်ခဏအတွင်း ကျင့်ကြံ၍ ပြီးဆုံးသွားတော့သည်။

ခုန်မင်က သူဖန်တီးခဲ့သော ကျင့်စဉ်အသစ်ကို “သံမဏိမြေသားကျင့်စဉ်” ဟု နာမည်‌ပေးလိုက်သည်။

ဤကျင့်စဉ်က မြေဒြပ်စင်စွမ်းအား၏ ခုခံကာကွယ်မှုစွမ်းရည်ကို အဆုံးထိတွန်းတင်ပေးထားသော ဆရာသခင်အဆင့် ကျင့်စဉ်တစ်ခု ဖြစ်သည်။

ဆရာသခင်အဆင့်ကျင့်စဉ်အားလုံးထဲတွင် “သံမဏိမြေသားကျင်စဉ်” ထက် ပိုမိုအားကောင်းသည့်ကျင့်စဉ် ရှိနိုင်မည် မဟုတ်ပေ။

ကျင့်ကြံခြင်းအောင်မြင်သွားပြီဖြစ်ရာ ခုန်မင် စိတ်အာရုံတစ်ချက်ညွှတ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ထက် သန့်စင်သော မြေဒြပ်စင်စွမ်းအား ဒိုင်းကာတစ်ခု ချက်ချင်းထွက်ပေါ်လာလေသည်။

ထိုဒိုင်းကာတွင် တိုက်ခိုက်ရေးစွမ်းအား လုံးဝ မရှိပေ။

သူ၏ခန္ဓာကိုယ်ထဲမှ မြေဒြပ်စင်စွမ်းအားများအားလုံး ခုခံကာကွယ်ရေးအတွက်သာ အသုံပြုနိုင်သည်။

ရလဒ်အနေဖြင့် ခုန်မင်ထက် စွမ်းအားကြီးမားသော ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများကိုပင် “သံမဏိမြေသား” တန်ခိုးစွမ်းအားက အပြည့်အဝ ကာကွယ်ပေးနိုင်ပေသည်။

အလယ်ဆင့် ဒြပ်စင်စွမ်းအားဆရာသခင်တစ်ယောက်က အားကုန်သုံးတိုက်ခိုက်လျှင်တောင်မှ ဤဒိုင်းကာကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

သာမန်ဆရာသခင်အဆင့် ကျင့်စဉ်တစ်ခုက ဤမျှအထိ ကာကွယ်ရေးစွမ်းအား ကောင်းမွန်နေသည်ဆိုလျှင် ဤကျင့်စဉ်ကို ဆရာသခင်အဆင့်တွင် အမြင့်ဆုံးဟု သတ်မှတ်နိုင်သည်။

အလယ်အလတ် ဆရာသခင်အဆင့် မြေဒြပ်စင်ကျင့်စဉ်(၃)ခုမှ ဤသို့နှယ် အမြင်ဆုံး ဆရာသခင်အဆင့် ကျင့်စဉ်တစ်ခု ဖန်တီးနိုင်သည်ဆိုခြင်းမှာ ခုန်မင်၏ ထူးခြားသောစွမ်းရည်ကို ပြသနေပေ၏။

ဟုတ်ပေ၏။၊

စစ်ရေးဗျူဟာရှင်”ကျူးကဲလျန့်” က “အိပ်ပျော်နေသောနဂါး” ဟု နာမည်ကျော်သည်မှာ အလကားသက်သက် မဟုတ်ခဲ့ပေ။

All Chapters