← Chapters

ရတနာမြေပုံ၏လျှို့ဝှက်ချက်

Vol. 6 Ch. 74

ရတနာမြေပုံ၏လျှို့ဝှက်ချက်

Vol. 6 Ch. 74

ခုန်မင်က “သံမဏိမြေသားကျင့်စဉ်” ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးခဲ့ခြင်းဖြစ်သည်။

မြေဒြပ်စင်စွမ်းအား၏ ထူးခြားချက်ကတော့ ကာကွယ်ရေးစွမ်းအား အလွန်ကြီးမားခြင်းပင် ဖြစ်၏။

လက်ရှိတွင် အဆင့်မြင့် မြေဒြပ်စင်ကျင့်စဉ်မရှိသေးသဖြင့် အလားအလာအများဆုံးနည်းလမ်းမှာ ကာကွယ်ရေးကိုသာ အပြည့်အဝ အာရုံစိုက်လုပ်ဆောင်ရန် ဖြစ်သည်။

ကာကွယ်ရေးကို အဆုံးစွန်ထိ တွန်းတင်လိုက်သည့်အခါ ထွက်ပေါ်လာသည့်စွမ်းအားက အံ့သြစရာကောင်းလောက်အောင် ကြီးမားသွားသည်။

ကနဦးအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် ဖြစ်သော ခုန်မင်အနေဖြင့် အလယ်ဆင့် ဆရာသခင်တစ်ယောက်၏ အပြင်းထန်ဆုံးရိုက်ချက်ကိုပင် “သံမဏိမြေသားကျင့်စဉ်” အသုံးပြုပြီး ခုခံကာကွယ်နိုင်ပြီ ဖြစ်သည်။

သို့ဖြစ်ရာ ဤကျင့်စဉ်က အဆင့်မြင့်ကျင့်စဉ်တစ်ခု မဟုတ်သည့်တိုင် မည်မျှကြောက်စရာကောင်းသည်လဲ သိမြင်နိုင်သည်။

အရေးကြီးဆုံးကတော့ “သံမဏိမြေသားကျင့်စဉ်” ကို ယခင်က သူဖန်တီးခဲ့သော မီးဒြပ်စင်ကျင့်စဉ်ဖြစ်သည့် “မီးလျှံနဂါးကျင့်စဉ်” ကျင့်စဉ်ဖြင့် ပြီးပြည့်စုံစွာ ပေါင်းစပ်အသုံးပြုခြင်း ဖြစ်သည်။

ခန္ဓာကိုယ်အပြင်ဘက်အား သံမဏိမြေသားဒိုင်းဖြင့်ကာရံထားပြီး အတွင်းပိုင်းမှာတော့ အပူရှိန်ပြင်းထန်သည့်”မီးလျှံနဂါးစွမ်းအား” ကို ထုတ်ဖော်ထားနိုင်သည်။

ရန်သူက တိုက်ခိုက်လာလျှင် မြေသားဒိုင်းဖြင့်ပိတ်ဆို့ထားပြီး ရန်သူအနားကပ်လာပါက မီးလျှံနဂါးစွမ်းအားဖြင့် လောင်ကျွမ်းပစ်နိုင်သည်။

ရန်သူအနေဖြင့် တိုက်ကွက်မထိုးဖောက်နိုင်သလို ခံစစ်လည်း အရာထင်မည် မဟုတ်ပေ။

ထိုပညာရပ်နှစ်ခု ပေါင်းစပ်အသုံးချလိုက်ပါက ကျင့်ကြံခြင်းအဆင့်တူညီသူများတွင် မည်သူမှ ခုန်မင်ကို အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။

မီးလျှံနဂါးကျင့်စဉ်က သံမဏိမြေသားကျင့်စဉ်လောက် ခံစစ်စွမ်းအားမကောင်းသော်လည်း ပုန်းကွယ်တိုက်ခိုက်နိုင်သည့်စွမ်းရည်ရှိသည်။

ထိုကျင့်စဉ်စွမ်းအားက ပိုးထည်ထဲတွင်ကွယ်ဝှက်ထားသည့် အပ်ချွန်ပမာပင်။

ခုန်မင်ထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသူများအနေဖြင့် အပြင်ဘက်အလွှာဖြစ်သော သံမဏိမြေသားဒိုင်းကာကို ချိုးဖျက်နိုင်လျှင်တောင်မှ ၊ ထိုဒိုင်းကာကိုချိုးဖျက်ရန်အတွက် စွမ်းအားများစွာ အသုံးပြုရပေမည်။

သို့ဖြစ်ရာ အတွင်းဘက်အလွှာမှ မီးလျှံနဂါးစွမ်းအားထွက်ပေါ်လာလျှင် ထပ်မံချိုးဖျက်နိုင်တော့မည် မဟုတ်ပေ။

ပြီးတော့ မီးလျှံနဂါးစွမ်းအားက တန်ပြန်တိုက်ခိုက်ရာတွင် အစွမ်းထက်သည်။

ရန်သူအားကုန်နေချိန်မှာပင် မီးစွမ်းအားဖြင့် တစ်ချက်တည်းရိုက်ချလိုက်မည်ဆိုလျှင် ရန်သူအနေဖြင့် သေချာပေါက် ဒုက္ခတွေ့သွားမည် ဖြစ်၏။

ဆိုတော့ ယွမ်ရုန်ဒူးလေးနှင့် ဒြပ်စင်သံလိုက်ဒိုင်း မပါရှိဘဲ ခုန်မင်၏ပင်ကိုယ်စွမ်းအားဖြင့်ပင် မိမိထက် ကျင့်ကြံခြင်းအဆင့်မြင့်မားသောရန်သူများကို တိုက်ခိုက်အနိုင်ယူနိုင်ပေမည်။

သာမန်ကျင့်ကြံသူများအတွက် အဆင့်ကျော်ပြီးတိုက်ခိုက်နိုင်ခြင်းမှာ မဖြစ်နိုင်သလောက်ခက်ခဲပေသည်။ သို့သော် ခုန်မင်အတွက်တော့ ထမင်းစား ရေသောက်ကိစ္စ ဖြစ်နေပေ၏။

“သံမဏိမြေသားကျင့်စဉ်” ကျင့်ကြံပြီးနောက် ခုန်မင်အနေဖြင့် တခြားလုပ်စရာမရှိတော့ပေ။

သူက တစ်ချက်စဉ်းစားလိုက်ပြီး ထူးဆန်းသောအဘိုးအို’ယူဂျီးန်’ ထံမှ ရရှိထားသည့် “ရတနာမြေပုံ” ကို တိုရီယာလက်စွပ်ထဲမှ ထုတ်ယူလိုက်သည်။

နတ်မျက်စိစွမ်းအားက ဤမြေပုံအား “တန်ဖိုးခန့်မှန်း၍မရနိုင်” ဟု ဆုံးဖြတ်ခဲ့ဖူးသည်။

ဤရတနာမြေပုံက အပြင်ပန်း သာမန်ပုံစံပင်ရှိသော်လည်း တကယ်တော့ ဒဏ္ဍာရီလာနတ်နဂါး’လျိုဖုန်းရွှမ်း’ ၏အရေခွံနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး လျိုဖုန်းရွှမ်း နေထိုင်ခဲ့သည့်နေရာကိုပင် မှတ်တမ်းတင်ထားခဲ့သည်။

သို့သော် ဤရတနာမြေပုံကို ခုန်မင် အကြိမ်ကြိမ်အခါခါ စစ်ဆေးကြည့်ပြီးပြီဖြစ်သော်လည်း မည်သည့်ထူးခြားချက်မှ မတွေ့ရပေ။

အပြင်ပန်းကြည့်လျှင် အလွန်ဟောင်းနွမ်းသည့် သိုးသားရေတစ်ချပ်နှင့်ဆင်တူလေရာ နဂါးအရေခွံဟု မည်သူထင်ပါမည်နည်း။

သို့သော် နဂါးဆိုသည်က ဒဏ္ဍာရီလာမှော်ဝင်သားရဲများ ဖြစ်ကြသည်။

လျိုဖုန်းရွှမ်းကဲ့သို့ နာမည်ကြီးနတ်နဂါးတစ်ကောင်ဆိုလျှင် အနည်းဆုံး အဆင့်(၉) မှော်ဝင်သားရဲဖြစ်နိုင်သည်။ သို့မဟုတ် အဆင့်(၉)ထက်ပင်ကျော်လွန်ပြီး အဆင့်သတ်မှတ်မရနိုင်သည့် သားရဲမျိုးလည်း ဖြစ်နိုင်၏။

သာမန်နဂါးတစ်ကောင်၏ခန္ဓာကိုယ်သည်ပင်လျှင် ဓား ၊ လှံများဖြင့် ထိုးဖောက်နိုင်ခြင်းမရှိဟု ကြားဖူးလေရာ လျိုဖုန်းရွှမ်း၏ အရေခွံဆိုလျှင် မည်မျှမာကျောလိုက်ပါမည်နည်း။

ထိုမျှမာကျောသည့် နဂါးအရေခွံကို သာမန်သိုးသားရေတစ်ချပ်ပမာ ပျော့ပြောင်းချောမွေ့သွားအောင် မည်သူက သန့်စင်ပြောင်းလဲခဲ့ပါသနည်း။

ဖြစ်နိုင်သည်ကတော့ ဤနဂါးအရေခွံကို လျိုဖုန်းရွှမ်းကိုယ်တိုင် သန့်စင်ပြောင်းလဲလိုက်ခြင်း ဖြစ်နိုင်၏။ သူနေထိုင်ခဲ့သည့်နေရာကို နောင်လာနောက်သားများ ဆက်လက်အမွေထိန်းသိမ်းရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်နိုင်သည်။

နဂါးမျိုးနွယ်များက ရှားပါးထူးဆန်းသည့် ရတနာပစ္စည်းများကို စုဆောင်းတတ်သည်။

လျိုဖုန်းရွှမ်းကဲ့သို့ ဒဏ္ဍာရီလာနတ်နဂါးဆိုလျှင် သူခိုအောင်းရာနေအိမ်တွင် ရတနာပစ္စည်းများစွာ သိုဝှက်ထားနိုင်သည်။ ထိုအတွေးဖြင့်ပင် လောဘတက်ချင်စရာကောင်းလှသည်။

သို့သော် ခုန်မင်၏လက်ထဲတွင်ရှိနေသည့် ရတနာမြေပုံက သိုက်စာလိုလို ဝှက်စာလိုလို ခြစ်ရာများနှင့်သာပြည့်နက်နေလေရာ မြေပုံ၏အနက်အဓိပ္ပါယ်ကိုဖော်ထုတ်ရန် ခက်ခဲလွန်းသည်။

နဂါးသားရေထက်မှ ခြစ်ရာများက ရှုပ်ပွနေလေရာ ၊ လျှို့ဝှက်ချက်ကိုဖော်ထုတ်ရန် မည်သည့်သဲလွန်စမှ မရှိခဲ့ပေ။ မိုးကောင်းကင်ကိုဆန့်ကျင်သည့် ခုန်မင်၏စွမ်းရည်ဖြင့်ပင် ထိုရတနာမြေပုံ၏လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။

မြေပုံ၏လျှို့ဝှက်ချက်ကိုဖော်ထုတ်ရန် လွယ်ကူမည်ဆိုလျှင်လည်း ထူးဆန်းသည့်အဘိုးအို’ယူဂျီးန်’ က ဤမြေပုံကို လေလံပွဲတွင် လာရောက်ရောင်းချမည် မဟုတ်ပေ။

ထို့ပြင် ဤရတနာမြေပုံက အလွန်ရှေးကျသည်ဖြစ်ရာ မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာအတွင်း လူပေါင်းများစွာလက်ထဲ ရောက်ရှိခဲ့ပြီးဖြစ်သည်။

နဂါးအရေခွံ အလွန်တရာ ချောမွေ့နေသည်ကိုကြည့်ခြင်းအားဖြင့် သဲလွန်စရှာဖွေရန်အတွက် လူပေါင်းများစွာ၏ စူးစမ်းလေ့လာ ပွတ်တိုက်ခြင်းများကို ခံခဲ့ရဟန် ရှိသည်။

သို့သော်လျှို့ဝှက်ချက်ကိုတော့ မည်သူမှ ဖော်ထုတ်နိုင်ခဲ့ဟန်မတူပေ။

သို့ဆိုလျှင် ဤရတနာမြေပုံ၏လျှို့ဝှက်ချက်ကို မည်သို့ဖွင့်လှစ်ရပါမည်နည်း။

ခုန်မင် အတွေးထဲနစ်မြုပ်သွားသည်။

ရုတ်တရက် ခုန်မင်၏အကြည့်က သိုင်းကျမ်းစာကြည့်တိုက် အတွင်းခန်းဆီသို့ ကျရောက်သွားသည်။

စာကြည့်တိုက်အတွင်းခန်းထဲတွင် ခုန်အိမ်တော်၏ အခြေခံအုတ်မြစ်ကျင့်စဉ်ဖြစ်သော “လောင်ကျွမ်းသစ်သားဒြပ်စင်ကျင့်စဉ်” အား သိမ်းဆည်းထားပြီး အတွင်းခန်းတံခါးကိုလည်း အထူးအစီအရင်တစ်ခုဖြင့် ချိတ်ပိတ်ထားသည်။

ခုန်မျိုးနွယ် တိုက်ရိုက်အဆက်အနွယ်များ၏ သွေးစက်ဖြင့်သာ ဖွင့်လှစ်နိုင်သည်။

အတွင်းခန်းတံခါးထက်မှ အရံအတားအစီအရင်က လူသားများအာဏာရလာချိန် ကနဦးကာလကတည်းက လက်ဆင့်ကမ်းလာသော အံ့ဖွယ်အစီအရင်တစ်ခုဖြစ်သည်။

ထိုအစီအရင် မည်သည့်နေရာကဆင်းသက်လာကြောင်းကိုပင် မူလဇာစ်မြစ် မသိရှိနိုင်တော့ပေ။

ခုန်မင်ကိုယ်တိုင်လည်း ထိုသို့ သွေးမျိုးဆက်အစီအရင်၏ အံ့သြဖွယ်ရာကို ကြုံတွေ့ခဲ့ဖူးသည်ပင်။

ပြီးပြည့်စုံခြင်းမရှိသော လျှံညီးမီးတောက်ဒြပ်စင်ကျင့်စဉ်ကိုရှာတွေ့စဉ်က သစ်သားသေတ္တာထက်မှ အလားတူအစီအရင်ကို ခုန်မင်၏သွေးစက်ဖြင့် ဖွင့်ခဲ့ရဖူးသည်။

ထိုသို့တွေးမိတော့ ခုန်မင်စိတ်ထဲ ရုတ်တရက် လင်းလက်သွားသည်။

ဤသို့သော အရံအတားအစီအရင်က ချီမန်ပညာ၏လျှို့ဝှက်အရံအတားပညာဖြင့် အလွန်ဆင်တူပြီး ရှေးခေတ်မှော်ယဉ်ကျေးမှု၏ အငွေ့အသက်များပင် ပါဝင်နေသည်။

နောက်တစ်ချက်မှာ ဤသွေးမျိုးဆက်စည်းတံဆိပ်ပညာရပ်က လူသားမျိုးနွယ်များ၏ အစောပိုင်းကာလတွင် ထွက်ပေါ်လာခဲ့ပြီး ရေခဲနတ်နဂါး’လျိုဖုန်းရွှမ်း’ သည်လည်း ထိုခေတ်ကာလမှာပင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဤရတနာမြေပုံက လျိုဖုန်းရွှမ်းကိုယ်တိုင် ချန်ထားခဲ့သည့်ပစ္စည်းဆိုလျှင် မြေပုံထက်မှာ ခြစ်ရာများမှာ လျှို့ဝှက်အစီအရင်၏ အစိတ်အပိုင်းဖြစ်နေလေမည်လား။

ခုန်မင်က ချက်ချင်းပင် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သူ၏လကချောင်းထိပ်ကို သွားဖြင့်ကိုက်ဖောက်လိုက်ပြီး သွေးတစ်စက်ကို ရတနာမြေပုံထက်သို့ ချလိုက်သည်။

သွေးစက်က ရတနာမြေပုံထက်ကျရောက်သွားသည့်တိုင် မည်သည့်ထူးခြားချက်မှ ဖြစ်မလာခဲ့ပေ။

မည်သည့်ပြောင်းလဲမှုမှမရှိ ၊ မည်သည့်လှုပ်ရှားမှုမှမရှိ ၊ မည်သည့်အစီအရင်မှ အသက်ဝင်လာခြင်းမရှိ...။

ဟုတ်ပေ၏။

လျိုဖုန်းရွှမ်းက မြေပုံထက်တွင် အရံအတားအစီအရင်တစ်ခု ထားခဲ့မည်ဆိုလျှင်တောင် နဂါးသွေးဖြင့်သာ ထားခဲ့ပေလိမ့်မည်။

ခုန်မင်ကဲ့သို့ လူသားတစ်ယောက်၏သွေးက အလုပ်ဖြစ်မည် မဟုတ်ပေ။

သူက တမင်သက်သက် စမ်းကြည့်ရုံသာ ဖြစ်သည်။

သို့သော် ခုန်မင်၏လက်ချောင်းထိပ်မှ သွေးစက်အတော်များများ မြေပုံထက်ကျသွားပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် ထူးခြားချက်တစ်ခု ထွက်ပေါ်လာတော့သည်။

နဂါးမြေပုံထက်မှ ပါးလျသည့်ခြစ်ရာလေးများက မည်သည့်ပစ္စည်း ၊ မည်သို့သောနည်းလမ်းဖြင့် နဂါးအရေခွံထဲ ထည့်သွင်းထားသည်လဲ မသိနိုင်ပေ။

ထိုခြစ်ရာလေးများက ခုန်မင်၏သွေးစက်ဖြင့်ထိမိသည်နှင့် သွေးစက်တိုင်းကို ချင်းချင်းပင် စုပ်ယူလိုက်လေသည်။

သွေးစုပ်ယူလိုက်သည့်နေရာတိုင်းက ချက်ချင်းပင် သွေးနီရောင်တောက်ပလာပြီး ခြစ်ရာများကလည်း အနည်းငယ် ပိုမိုထင်ရှားလာသည်။

သွေးသောက်ပြီးနောက် အနည်းငယ် သန်မာလာသလိုမျိုး ဖြစ်သည်။

ဆိုတော့... ဤ”ရတနာမြေပုံ” က သွေးတိုက်မှသာ ပိုမိုထင်ရှားလာမည့်သဘောမျိုးလား။

All Chapters