ထူးဆန်းသည့်နေရာ
Vol. 6 Ch. 75
ထိုအချက်ကိုရှာတွေ့သွားသည်နှင့် ခုန်မင်က သွေးစက်များ ဆက်မချတော့ပေ။
နဂါးအရေပြားမြေပုံက အရမ်းမကြီးသော်လည်း သိပ်လည်းမသေးလွန်းပေ။ အကယ်၍ သွေးဖြင့်စိမ်ထားရမည်ဆိုလျှင် သွေးအတော်များများ လိုအပ်ပေမည်။
ခုန်မင်၏သွေးများကိုသာ ဆက်အသုံးပြုမည်ဆိုပါက အသက်တစ်ဝက်လောက် ပါသွားနိုင်သည်။
ခုန်မင် သိုင်းကျမ်းစာကြည့်တိုက်မှထွက်ပြီး ခုန်အိမ်တော်စားဖိုဆောင်သို့သွားရောက်ရန် ရည်ရွယ်လိုက်သည်။
ခုန်အိမ်တော်တွင် အစေခံများအပါအဝင် လူပေါင်းရာနှင့်ချီပြီး နေထိုင်သည်ဖြစ်ရာ နေ့စဉ် ဟင်းလျာချက်ပြုတ်ရန်အတွက် သိုးနှင့်ဝက်ကောင်ရေ များစွာကိုသတ်ဖြတ်ရသသည်။
သို့ဖြစ်ရာ စားဖိုဆောင်တွင် တိရိစ္ဆန်သွေး လတ်လတ်ဆတ်ဆတ်များက အမြဲတမ်းရှိနေမည်ပင်။
နဂါးအရေခွံမြေပုံထက်မှ ခြစ်ရာသေးသေးလေးများက သွေးစုပ်မှသာ ထူထဲလာသည်ဆိုလျှင် လူသွေးပဲဖြစ်ဖြစ် ၊ တိရိစ္ဆန်သွေးပဲဖြစ်ဖြစ် ကွာခြားမည်မဟုတ်ပေ။
တိရစ္ဆန်သွေးနှင့်စမ်းကြည့်၍မရတော့မှ လူသွေးနှင့်ပြန်စမ်းသပ်လျှင်လည်း ရနိုင်ပေသည်။
ခုန်မင် သိုင်းကျမ်းစာကြည့်တိုက်ထဲမှ အပြင်သို့ထွက်လိုက်သည်နှင့် ပထမတစ်ခေါက်ကလိုပင် သူ့ကိုစောင့်နေသည့် ခုန်သခင်ကြီးကို တွေ့လိုက်ရသည်။
ဖခင်ဖြစ်သူကတော့ သူ့ကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြပ်ကာကွယ်ပေးနေဆဲပင်။
ထိုအချက်ကပင် ခုန်ကျွင်းက သားဖြစ်သူကို အဘယ်မျှချစ်ခင်သည်ကို ပြသနေသည်။
ခုန်မင်က အသေးစိတ်ရှင်းမပြတော့ဘဲ အလျှင်အမြန် စကားဆိုလိုက်သည်။
“အဖေ... သား အရေးကြီးတဲ့ကိစ္စတစ်ခု ရှာတွေ့ထားလို့ ၊ ချက်ချင်းအတည်ပြုချင်တယ် ၊ အဖေလည်း စိတ်ဝင်စားရင် သားနဲ့လိုက်ခဲ့ပါလား”
ခုန်သခင်ကြီးက စကားများများမဆိုပေ။
သူက သားဖြစ်သူအပေါ် ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ”
ထို့နောက် ခုန်မင်နှင့်အတူ စားဖိုဆောင်ဆီသို့ တန်းတန်းမတ်မတ်ပင် လိုက်လာတော့သည်။
ခုန်အိမ်တော်၏စားဖိုဆောင်က အလွန်တရာကြီးမားလွန်းသည်။ စားသောက်ဆိုင်တစ်ဆိုင်၏ မီးဖိုချောင်ထက်ပင် ကြီးမားသေး၏။
ကြက် ၊ ဘဲ ၊ ဆိတ် ၊ သိုး စသည့် တိရစ္ဆန်အရှင်များကလည်း အမြဲတမ်းအသင့်ရှိနေသည်ဖြစ်ရာ ခုန်မင်က ခပ်ဝဝကြက်မကြီးတစ်ကောင်ကို ချက်ချင်းပင်သတ်ဖြတ်လိုက်ပြီး ပူပူနွေးနွေးသွေးများကို “ရတနာမြေပုံ” ထက်သို့ လောင်းချလိုက်သည်။
သို့သော် ကြက်တစ်ကောင်၏သွေးဖြင့် မလုံလောက်ပေ။
ဒုတိယတစ်ကောင် ၊ တတိယတစ်ကောင်...။
(၉)ကောင်မြောက်ကြက်ကိုသတ်ဖြတ်ပြီးချိန်မှာတော့ နဂါးအရေခွံမြေပုံတစ်ခုလုံး စိုးများဖြင့် ရွှဲရွှဲစိုသွားတော့သည်။
ထိုအခါမှ ခုန်ကျွင်းသည်လည်း လျှို့ဝှက်ချက်ကိုတွေ့မြင်လိုက်ရတော့၏။
အရင်က ရှုပ်ထွေးပြီး မည်သည့်အဓိပ္ပါယ်မှမရှိသော မြေပုံထက်မှခြစ်ရာလေးများက သွေးများအားလုံးကိုစုပ်ယူပြီး တဖြည်းဖြည်းထူထဲလာကာ သွေးနီရောင်များတောက်ပလာသည်။
နောက်ဆုံးမှာတော့ ခြစ်ရာများက မြစ်ချောင်းများ ၊ တောလမ်းများ ၊ လမ်းမကြီးများ ၊ တောင်တန်းများ ၊ ကျယ်ပြောသည့်လွင်ပြင်များအဖြစ် အသီးသီးပြောင်းလဲသွားသည်။
သုံးပြည်ထောင်ခေတ်တွင် စစ်ရေးဗျူဟာရှင်တစ်ယောက်ဖြစ်သော ခုန်မင်က အမြဲတမ်းမြေပုံများနှင့်အသားကျပြီး နားလည်လွယ်လေသည်။
ခြစ်ရာများ ဖြည်းဖြည်းချင်းပြောင်းလဲသွားစဉ်မှာပင် ဤမြေပုံက အလွန်တိကျသည့် သုံးဖက်မြင် မြေမျက်နှာသွင်ပြင်ပြ မြေပုံတစ်ခုဖြစ်ကြောင်း သူ အံ့အားသင့်စွာဖြင့် သတိထားလိုက်မိသည်။
အံ့သြစရာအကောင်းဆုံးက နယ်နိမိတ်အစွန်းပိုင်းပင် ဖြစ်သည်။
အလွန်တရာ တိုတောင်းပါးလွှာသည့်မျဉ်းကြောင်းငယ်များစွာက အစွန်းလေးဖက် ထောင့်လေးထောင့်တစ်လျှောက် ပတ်ပတ်လည်လှည့်ပတ်ပြီး အတွင်းမှ မြေမျက်နှာသွင်ပြင်ကို ဝိုင်းရံထားသည်။
ထိုသို့ ထူထပ်စွာစုပုံနေသည့် မျဉ်းကြောင်းငယ်များက ဘာကိုကိုယ်စားပြုပါသနည်း။
ခုန်မင်က မျက်မှောင်ကျုံ့လျှက် သွေးများစိုရွှဲနေသည့် နဂါးအရေပြားကို ဟိုဘက်လှည့်ကြည့် ဒီဘက်လှည့်ကြည့်လုပ်နေသော်လည်း တစ်ချက်ပင် နားလည်နိုင်စွမ်း မရှိပေ။
ခုန်ကျွင်းကတော့ ထိုပစ္စည်းမှာ မြေပုံတစ်ခုဟုသာသိရှိပြီး ၊ သူက သုံးဖက်မြင်မြေပုံလည်းမမြင်ဖူးသလို စစ်ရေးတွင်အသုံးပြုသည့် သဲစားပွဲပုံစံကိုလည်း မသုံးဖူးသည်ဖြစ်ရာ ဘာမှအကြံမပေးတတ်ပေ။
နောက်ဆုံးမှာတော့ ခုန်မင်က ဖခင်ဖြစ်သူ၏ စာကြည့်ခန်းသို့ ပြန်သွားရန်ဆုံးဖြတ်လိုက်သည်။
သူက သုံးဖက်မြင်မြေပုံကို စာရွက်တစ်ရွက်ထဲသို့ကူးမှတ်ပြီး မြေပုံ၏တည်ရောကို သားအဖနှစ်ယောက် အတူတူလေ့လာရန် စဉ်းစားထားသည်။
စာကြည့်ခန်းသို့ရောက်ရောက်ချင်း ခုန်မင်က စုတ်တံကို ကျွမ်းကျင်စွာကိုင်လိုက်ပြီး အချိန်ခဏအတွင်းမှာပင် တင့်တယ်လှပသည့် မြေပုံတစ်ခုကို ရေးဆွဲလိုက်သည်။
ထို့နောက် မြေပုံကို စားပွဲထက်သို့ ဖြန့်ချလိုက်၏။
ခုန်မင်ရေးဆွဲထားသည့် မြေပုံထက်တွင် တောင်တန်းများ ၊ မြစ်ချောင်းများ ၊ ချိုင့်ဝှမ်းလွင်ပြင်များအားလုံး သက်ဝင်လှုပ်ရှားလျှက်ရှိသည်။
သူမရေးဆွဲနိုင်ခဲ့သည့် တစ်ခုတည်းသေသာအရာမှာ နဂါးသားရေထက်ရှိ အစွန်းပတ်ပတ်လည်တွင် သေးငယ်ထူထပ်စွာရှိနေသော မျဉ်းကြောင်းလေးများသာ ဖြစ်သည်။
ထို့ကြောင့် သူက စက္ကူမြေပုံပတ်လည်တွင် နဂါးသားရေထက်မှ သေးငယ်သောမျဉ်းကြောင်းများအတိုင်း မည်းနက်သောအစက်လေးများဖြင့် အမှတ်အသားပြုလုပ်ရုံသာ တတ်နိုင်ခဲ့သည်။
ခုန်သခင်ကြီးက စက္ကူမြေပုံကိုစူးစိုက်ကြည့်နေပြီး သူသိသမျှ ပထဝီဝင်ပညာရပ်များကို ပြန်စဉ်းစားနေသည်။ ဤမြေပုံထဲတွင် သူမှတ်မိသိရှိသော ဒေသတစ်ခုခုများပါဝင်နေမည်လား မျှော်လင့်နေမိသည်။
သို့သော် ထျန်းယွမ်ကုန်းမြေက ကျယ်ပြန့်လွန်းသည်။
လောကတွင် ထျန်းယွမ်ကုန်းမြေတစ်ခုလုံးကို လျှောက်ပတ်ဖူးသူဆို၍ မရှိခဲ့ဖူးပေ။ ပြီးတော့ မြေပုံထဲတွင် နေရာအမည်များလည်း ရေးသားမထားလေရာ နေရာအတိအကျ ခွဲခြားသိရှိရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲလှ၏။
သို့သော် ခုန်မင်က မြေပုံအစွန်းများကို ထူထပ်သည့်အမည်းစက်များဖြင့် ဘောင်ခတ်လိုက်သည့်အခါ ခုန်ကျွင်း၏မျက်ဝန်းများ ရုတ်တရက် လင်းလက်သွားသည်။
သို့သော် ချက်ချင်းပင် နဖူးကြောကြီးများတွန့်သွားပြီး မျက်နှာအမူအရာသည်လည်း တည်ကြည်လေးနက်သွားသည်။
ဖခင်ဖြစ်သူ၏မျက်နှာအမူအရာပြောင်းလဲသွားသည်နှင့် ခုန်မင်က ချက်ချင်းပင် မေးမြန်းလိုက်သည်။
“အဖေ... တစ်ခုခု မှတ်မိသွားလို့လား ၊ ဒီမြေပုံမှာ တစ်ခုခုမူမမှန်တာတွေ့လို့လား”
ခုန်သခင်ကြီးက တည်ကြည်စွာခေါင်းညိတ်လိုက်ပြီး မြေပုံကို လက်ညှိုးထိုးလိုက်ရင်း...
“မင်အာ... သေချာကြည့်လိုက်... မင်းဆွဲထားတဲ့မြေပုံအရဆိုရင် တောင်တွေ ၊ မြစ်ချောင်းတွေ ၊ ချောက်နက်တွေ ၊ လွင်ပြင်တွေ အများကြီးရှိတယ် ၊ ပုံမှန်ဆိုရင် ဒါက ကုန်းမြေပေါ်က ဒေသတစ်ခုရဲ့ မြေပုံတစ်ခု ဖြစ်သင့်တယ် ၊ ဒါပေမဲ့ ပတ်ပတ်လည်မှာ မရေမတွက်နိုင်အောင် ဝိုင်းရံထားတဲ့ အမှတ်အသားတွေက ဘာတွေလဲ”
ခုန်မင်က...
“ကျွန်တော် တွေးရလွန်းလို့ခေါင်းတောင်ကိုက်နေပြီ ၊ အဲဒါတွေကို ဘယ်လိုမှနားမလည်နိုင်ဘူး ၊ ဒီအတိုင်းလျှောက်ပြီး ဘောင်ခတ်ဖို့ဆွဲထားတာဆိုရင်လည်း ဒီလောက်ထူထူထပ်ထပ်ကြီး ဖြစ်မနေသင့်ဘူးလေ”
ခုန်ကျွင်းက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး...
“ဒီမရေမတွက်နိုင်တဲ့ သေးငယ်တဲ့ မျဉ်းကြောင်းတစ်ခုချင်းစီက အရမ်းမြင့်မားတဲ့ သစ်ပင်မြင်ကြီးတွေလို့ မြင်ယောင်ကြည့်ရင်ရော ၊ အဲဒါဆိုရင် နားလည်ရလွယ်သွားမလား”
ထိုစကားကြားတော့ ခုန်မင်၏မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။
သူက မြေပုံကို နောက်တစ်ကြိမ် စေ့စေ့စပ်စပ်ကြည့်လိုက်ပြီးမှ ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်... ဒီမျဉ်းကြောင်းလေးတွေက တကယ်ပဲ သစ်ပင်တွေဖြစ်နေမယ်ဆိုရင်... ဒီ တောင်တန်းတွေ ၊ မြစ်ချောင်းတွေ ၊ ချောက်နက်တွေ ၊ လွင်ပြင်တွေအားလုံးက တောအုပ်တစ်ခုရဲ့ အနက်ဆုံးနေရာမှာ ရှိနေတာပေါ့ ၊ ဒါပေမဲ့ လေးဘက်လေးတန် တောအုပ်တွေပတ်ပတ်လည်ဝိုင်းထားတဲ့ ဒီလိုထူးဆန်းတဲ့နေရာမျိုးက ရှိနိုင်ပါ့မလား ၊ သူ့ရဲ့မြေပြင်အနေအထားက သိပ်ပြီး... သဘာဝမကျဘူးနော်”
ခုန်ကျွင်းက သက်ပြင်းချလိုက်ပြီး...
“ထျန်းယွမ်ကုန်းမြေက အကျယ်ကြီးပဲ ၊ ဒီလိုထူးဆန်းတာမျိုးတွေ မရှိဘဲနေပါ့မလား ၊ ငါတို့ ခွန်းကာမြို့နဲ့ သိပ်မဝေးတဲ့နေရာမှာတောင် တောအုပ်ကြီးတစ်ခု ရှိနေတာပဲ မဟုတ်လား”
ခုန်မင်က ဖခင်ဖြစ်သူအား စူးစိုက်ကြည့်လိုက်ရင်း...
“အဖေက တောရိုင်းဒေသကို ပြောနေတာလား...”
သူက ဆက်ပြောလိုက်သည်။
“အဖေ သိထားတာ တစ်ခုခုရှိနေတာလား ၊ ကျွန်တော့်ကို ပြောမပြဘဲ လျှို့ဝှက်ထားတာလား”
ခုန်သခင်ကြီးက အတန်ကြာတိတ်ဆိတ်နေပြီး လေးလံစွာ သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
“တချို့ကိစ္စတွေက... အင်း... မင်းနဲ့ ကျောင်းအာ နှစ်ယောက်လုံး သိသင့်တဲ့အချိန်တော့ ရောက်လာပါပြီ ၊ အစက မင်းတို့နှစ်ယောက်လုံး အရွယ်လည်းမရောက်သေးဘူး ၊ ကျင့်ကြံခြင်းအဆင့်လည်းနိမ့်သေးတာမို့ ဖိအားတွေမခံစားစေချင်ဘူး ၊ ဒါပေမဲ့ စောစောသိသွားတော့လည်း မြန်မြန်ရင့်ကျက်လာနိုင်မယ်လို့ တွေးမိတယ်”
ခုန်ကျွင်းက ဆက်ပြောလိုက်သည်။
“မင်အာ... ကျောင်းအာကို သွားခေါ်လိုက် ၊ မင်းတို့ညီအစ်ကိုနှစ်ယောက်လုံး ငါတို့ခုန်အိမ်တော်ရဲ့ လျှို့ဝှက်သမိုင်းကြောင်းကို သိရမယ့်အချိန်ရောက်ပြီ”
ဖခင်ဖြစ်သူ၏မျက်နှာက အလွန်တည်ကြည်လေးနက်နေသဖြင့် ယခုအကြောင်းအရာက သာမန်အကြောင်းအရာ မဟုတ်မှန်း ခုန်မင် သဘောပေါက်သွားသည်။
သူ စာကြည့်ခန်းထဲမှ ချက်ချင်းထွက်ခွာသွားပြီး မကြာမီ ခုန်ကျောင်းနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။
လမ်းတွင် ခုန်မင်က အကျဉ်းချုံ့ပြီးရှင်းပြထားသော်လည်း မြေပုံကိုမြင်လိုက်သည်နှင့် ခုန်ကျောင်းလည်း အံ့အားသင့်သွားသည်။
ညီအစ်ကိုနှစ်ယောက် တိတ်ဆိတ်စွာ မတ်တတ်ရပ်ရင်း ခုန်သခင်ကြီးဆိုလာမည့်စကားကို စောင့်မျှော်နေကြလေသည်။