ခုန်အိမ်တော်၏လျှို့ဝှက်ချက်
Vol. 6 Ch. 76
ခုန်သခင်ကြီးက သူ့ရှေ့တွင် မတ်တတ်ရပ်နေသည့်သားနှစ်ယောက်ကို ကြည့်လိုက်ပြီး သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
“မင်းတို့ ထိုင်ကြလေ...”
ခုန်မင်နှင့် ခုန်ကျောင်းတို့ ခုန်ကျွင်းရှေ့တွင် ထိုင်လိုက်ကြပြီးမှ သူက စကားဆက်ပြောလေသည်။
“ခွန်းကာမြို့မှာ ခုန်အိမ်တော်ကို စပြီးတည်ထောင်တဲ့သူက မင်းတို့ရဲ့ဘိုးဘေး ၊ ငါ့အဘိုးပဲ... ၊ အခုဆို စတုတ္ထမျိုးဆက်ဖြစ်တဲ့ မင်းတို့ညီအစ်ကိုလက်ထက်အထိ ရောက်လာခဲ့ပြီ ၊ ငါတို့ခုန်အိမ်တော်က ခွန်းကာမြို့ရဲ့ ပြိုင်ဘက်ကင်း အင်အားစုတစ်ခုအဖြစ် နှစ်ပေါင်းတစ်ရာကျော် ရပ်တည်ခဲ့တယ် ၊ ငါတို့ကိုလာပြီးစိန်ခေါ်ရဲတဲ့သူ တစ်ယောက်မှမရှိခဲ့ဘူး ၊ ဒါပေမဲ့ ငါတို့မှာ ဘာလို့ တိုက်ရိုက်အဆက်အနွယ် အရမ်းနည်းပါးရတာလဲ... ၊ အခုဆိုရင် တိုက်ရိုက်အဆက်အနွယ်ဆိုလို့ ငါတို့သားအဖ(၃)ယောက်ပဲ ကျန်တော့တယ်”
ခုန်ကျောင်းက အံ့အားသင့်စွာဖြင့်...
“အဖေ... ကျွန်တော်တို့မျိုးရိုးက ဆက်ခံသူတစ်ယောက်ကိုပဲ အိမ်တော်ကို အမွေလွှဲပေးတာမဟုတ်လား ၊ အဲဒါကြောင့် လူဦးရေနည်းတာ မဟုတ်ဘူးလား ၊ ဒါမှမဟုတ် တခြားအကြောင်းတွေ ရှိသေးလို့လား”
ခုန်သခင်ကြီးက အလေးအနက် ခေါင်းညိတ်လိုက်သည်။
“မင်းတို့ဘိုးဘေးဟာ ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့် အလယ်ဆင့် အထွတ်ထိပ်ကိုရောက်နေပြီဖြစ်တဲ့ ကျင့်ကြံသူပဲ ၊ သူက ခွန်းကာမြို့မှာ ငါတို့ ခုန်အိမ်တော်အခွဲကို တည်ထောင်ခဲ့တယ် ၊ အသက်(၂၀၀)အထိ နေထိုင်ခဲ့ပြီး အခုချိန်ထိ ဒီမြို့မှာ ဂုဏ်သတင်းကြီးမားနေဆဲပဲ ၊ မင်းတို့အဘိုးက မင်းတို့ဘေးတော်ရဲ့ တစ်ဦးတည်းသောသား ၊ သူက မင်းတို့ဘေးတော်လောက် မထင်ရှားပေမယ့်... သူလည်း ဒြပ်စင်စွမ်းအားအရှင်သခင် အလယ်ဆင့် အထွတ်ထိပ်အထိ တက်လှမ်းနိုင်ခဲ့တယ် ၊ ဒီလိုကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အသက်(၂၀၀)ကျော်အထိ နေနိုင်တယ် ၊ ပြောရရင် အခုချိန်ထိ အသက်ရှင်နေသင့်တယ်လေ ၊ ဒါပေမဲ့ မင်းတို့ မင်းတို့အဘိုးကို ဘာလို့ တစ်ခါမှမတွေ့ဖူးကြတာလဲ...”
ခုန်သခင်ကြီးက စကားခဏရပ်လိုက်ပြီး ထပ်မံ သက်ပြင်းချလိုက်သည်။
“ပြီးတော့ မင်းတို့အဘိုးမှာ သားဆိုလို့ ငါတစ်ယောက်တည်းရှိတာမဟုတ်ဘူး ၊ ငါ့အထက်မှာ အစ်ကိုတစ်ယောက်ရှိသေးတယ် ၊ ငါ့အောက်မှာလည်း ညီတစ်ယောက်ရှိတယ် ၊ သူတို့နှစ်ယောက်လုံးက ငါ့ထက်အဆပေါင်းများစွာတော်ကြတယ် ၊ ပုံမှန်ဆိုရင်... ခုန်အိမ်တော်သခင်နေရာကို ငါ့အနေနဲ့ ရောက်လာစရာအကြောင်း မရှိဘူး”
ထိုစကားကြားတော့ ခုန်မင်နှင့် ခုန်ကျောင်းတို့ အံ့အားသင့်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ဖခင်ဖြစ်သူတွင် ညီအစ်ကို(၂)ယောက် ရှိခဲ့ဖူးကြောင်း သူတို့ တစ်ခါမှပင် မသိခဲ့ကြပေ။
သူတို့အဖေတွင် ညီအစ်ကိုနှစ်ယောက်ရှိခဲ့ဖူးကြောင်း တစ်ခါမှပင် မသိရှိခဲ့ကြပေ။
ထို့ကြောင့်ပင် ခုန်သခင်ကြီးက ဤကိစ္စကို အလေးအနက်ထားကာ ပြောဆိုနေခြင်းဖြစ်ပေမည်။ ဤသည်က ခုန်အိမ်တော်၏ အကြီးကျယ်ဆုံး လျှို့ဝှက်ချက်တစ်ခု ဖြစ်ရပေမည်။
သားနှစ်ယောက်၏မျက်နှာထားကိုမြင်တော့ ခုန်ကျွင်းက လက်တစ်ချက်ဝှေ့ရမ်းလိုက်ရင်း...
“မင်းတို့ လျှောက်တွေးမနေကြနဲ့... ငါတို့ ညီအစ်ကို(၃)ယောက်က အရမ်းချစ်တာ ၊ မင်းတို့လိုမျိုး ညီအစ်ကိုချင်းသတ်မယ့်ကိစ္စမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးဘူး”
ထိုစကားကြားတော့ ခုန်ကျောင်း မျက်နှာနီရဲသွားပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်သည်။
ဘေးနားတွင်ရှိနေသည့် ခုန်မင်က...
“အရင်တုန်းက ကျွန်တော်ရော အစ်ကိုကြီးရောက ငယ်သေးတယ်လေ ၊ ဒါကြောင့် အမှားကျူးလွန်မိကြတာပါ ၊ အခု အမှားကိုပြင်နိုင်တာ ကောင်းတဲ့ကိစ္စပဲ မဟုတ်လား ၊ ပြီးတော့ ရန်ဖြစ်ပြီးမှ ပြန်တည့်သွားတဲ့ညီအစ်ကိုတွေက နောက်ပိုင်း ပိုတောင်ချစ်ကြသေးတယ်တဲ့ ၊ ကျွန်တော်နဲ့ အစ်ကိုကြီးကြားမှာ ဒီလိုကိစ္စမျိုးမရှိခဲ့ဘူးဆိုရင် အခုလောက်တောင် ရင်းနှီးလာကြမှာမဟုတ်ဘူး ၊ ကိုယ့်ဘာသာပဲ ကျင့်ကြံနေကြမှာ...”
ခုန်သခင်ကြီးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ညီအစ်ကိုတွေ စိတ်ထားညီရင် ဓားတောင်ကိုတောင် ကျော်ဖြတ်နိုင်တယ်တဲ့ ၊ ငါ့အစ်ကိုနဲ့ ငါ့ညီသာ အသက်ရှင်နေသေးရင် ငါတို့ခုန်အိမ်တော်က ခွန်းကာမြို့တစ်မြို့လုံးကိုတောင် သိမ်းပိုက်ပစ်ဦးမှာ ၊ ဟို သူခိုးကောင်’ချန်ရှီး’ ငါတို့ကို လိုက်မီမှာတောင် မဟုတ်ဘူး”
ထို့နောက် ခုန်ကျွင်းက ဆက်ပြောသည်။
“မင်းတို့ဘကြီး’ခုန်ကျဲ့’ က ငါ့ထက်(၁၀)နှစ်ကြီးတယ် ၊ သူက ပါရမီရှင်တစ်ယောက်ပဲ ၊ အိမ်တော်မှာ သူ့ထက်သာတဲ့သူဆိုလို့ မင်အာတစ်ယောက်ပဲ ရှိနိုင်တယ် ၊ အဲဒီတုန်းက သူ အသက်(၄၀)ပဲ ရှိသေးတယ် ၊ ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်ကိုရောက်နေပြီ ၊ သူက သေချာပေါက် အိမ်တော်သခင်နေရာကို ဆက်ခံရမယ့်သူပဲ”
“မင်းတို့ဦးလေး’ခုန်ကျီ’ ကတော့ မင်းတို့ဘကြီးကိုမမီပေမယ့် ငါ့ထက်တော့ အဆပေါင်းများစွာသာတယ် ၊ သူက ငါ့ထက်(၈)နှစ်ငယ်ပေမယ့် ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့်ကို ငါ့ထက်စောပြီး တက်ရောက်ခဲ့တာ...”
“မင်းတို့ စဉ်းစားကြည့်လေ... ငါတို့ညီအစ်ကို(၃)ယောက်ထဲမှာ အညံ့ဆုံးဆိုတဲ့ငါတောင် အခု ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့် အထွတ်ထိပ်ကို ရောက်နေပြီး ခွန်းကာမြို့ရဲ့ စွမ်းအားအကြီးမားဆုံးလို့ သတ်မှတ်ခံထားရတယ် ၊ မင်းတို့ဘကြီးနဲ့ ဦးလေးသာ အသက်ရှင်နေသေးရင် သူတို့စွမ်းအားက ငါ့ထက် အဆပေါင်းများစွာသာမှာ အမှန်ပဲ ၊ ခုန်အိမ်တော်ရဲ့ မျိုးဆက်တစ်ခုတည်းမှာတင် အရှင်သခင်အဆင့် ကျင့်ကြံသူတွေ အများကြီးထွက်ပေါ်ခဲ့မယ်ဆိုရင် ပင်မခုန်အိမ်တော်ကတောင် ငါတို့ကို မထီမဲ့မြင်ပြုရဲမှာ မဟုတ်ဘူး”
သူက စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချလိုက်ရင်း...
“ဒါပေမဲ့ လွန်ခဲ့တဲ့(၂၅)နှစ်ကသာ အဖြစ်ဆိုးကြီးနဲ့မကြုံတွေ့ခဲ့ရင်... လက်ရှိမှာ အဖေ့အနေနဲ့ ခုန်အိမ်တော်တိုးတက်ဖို့ မျှော်လင့်ချက်အားလုံးကို မင်အာရဲ့ပခုံးပေါ် တင်ထားမိမှာမဟုတ်ဘူး”
ထိုစကားကိုဆိုမိတော့ ခုန်ကျွင်း၏မျက်ဝန်းများတွင် မျက်ရည်များရစ်ဝဲလာသည်။
သူက ချောင်းတစ်ချက်ဟန့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့(၂၅)နှစ်က... ရက်ပိုင်းအတွင်းမှာပဲ ငါတို့ခုန်အိမ်တော် အားထားရတဲ့ ထောက်တိုင်(၃)ခု ဆက်တိုက်ဆိုသလို ကျဆုံးသွားခဲ့တယ် ၊ ဒြပ်စင်စွမ်းအားအရှင်သခင် အလယ်ဆင့် အထွတ်အထိပ်မှာ ရှိနေတဲ့ မင်းတို့အဘိုးရယ် ၊ ဒြပ်စင်စွမ်းအားအရှင်သခင် ကနဦးအဆင့်ကို ရောက်နေပြီဖြစ်တဲ့ မင်းတို့ဘကြီး’ခုန်ကျဲ့’ ရယ်၊ ပြီးတော့ ဒြပ်စင်စွမ်းအားဆရာသခင် နှောင်းပိုင်းအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ မင်းတို့ဦးလေးငယ်’ခုန်ကျီ’ ရယ်... ၊ တမဟုတ်ချင်းဆိုသလိုပါပဲ... ၊ ငါ... ညီအစ်ကို(၃)ယောက်ထဲမှာ အညံ့ဆုံးဖြစ်တဲ့ငါပဲ ကျန်ရစ်ခဲ့တယ် ၊ မင်းတို့အဘိုး ၊ မင်းတို့ဘကြီးနဲ့ ဦးလေးငယ်တို့ရဲ့ ပေးဆပ်မှုတွေသာ မရှိခဲ့ရင် ငါတောင် ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ကို ဘယ်တော့မှ တက်ရောက်နိုင်မှာ မဟုတ်ဘူး”
ခုန်သခင်ကြီး မျက်ရည်များကိုသုတ်ရင်း ခုန်မင်ရေးဆွဲထားသည့်မြေပုံအား စူးစိုက်ကြည့်ပြီး ထပ်မံ သက်ပြင်းချလိုက်သည်။
“မင်းတို့ဘေးတော်ရဲ့လက်ထက်ကစပြီး ငါတို့ရဲ့တိုက်ရိုက်မျိုးဆက်က သိပ်မများခဲ့ဘူး ၊ ဒါပေမဲ့ မျိုးဆက်တိုင်းက အနည်းဆုံး ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ကိုတော့ ရောက်ခဲ့ကြတယ် ၊ အညံ့ဆုံးဖြစ်တဲ့ငါတောင် ရောက်ခဲ့တာပဲ မဟုတ်လား ၊ အဲဒါ ဘာကြောင့်လဲဆိုတာ မင်းတို့နှစ်ယောက် သိကြလား”
ခုန်မင်နှင့် ခုန်ကျောင်းတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
ပြီးမှ ခုန်ကျောင်းက...
“အဲဒီလိုဖြစ်တာက... ကျွန်တော်တို့ ခုန်မျိုးနွယ်တွေရဲ့သွေးသားထဲမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုခုများ ရှိလို့လား ၊ အဲဒါက မိုးကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တဲ့ စွမ်းအားကြီးသူတွေကို မွေးထုတ်ပေးနိုင်တာမျိုးပေါ့”
ခုန်သခင်ကြီး ခေါင်းခါယမ်းလိုက်သည်။
“ထျန်းယွမ်ကုန်းမြေမှာ ‘ကျားအဖေက ခွေးသားလေးမွေးတယ်’ ဆိုတာ ဘယ်နှစ်ခုများ ရှိနိုင်မှာလဲ ၊ ပြီးတော့ ငါတို့က ပင်မခုန်အိမ်တော်ရဲ့ အခွဲလေးတစ်ခုပဲ ၊ မိုးကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့ သွေးမျိုးဆက်ကို ဘယ်လိုလုပ်ပိုင်ဆိုင်နိုင်မှာလဲ ၊ ငါတို့မျိုးဆက်(၄)ဆက်မှာ ကြောက်စရာကောင်းအောင် ထူးချွန်တဲ့သူဆိုလို့ မင်အာတစ်ယောက်ပဲ ရှိတယ် ၊ ကျန်တဲ့သူတွေအားလုံးက... မင်းတို့ဘေးတော်ကစပြီး အရည်အချင်းတွေက အမျိုးမျိုးကွဲပြားကြတယ် ၊ ငါတို့အားလုံး ဒြပ်စင်စွမ်းအားအရှင်သခင်အဆင့်ကို ရောက်မယ်ဆိုတဲ့ အာမခံချက်က ဘယ်တုန်းကမှ မရှိခဲ့ကြဘူး”
“ကျင့်စဉ်လမ်းဆိုတာ တိုင်းတာလို့မရအောင် ခက်ခဲကြမ်းတမ်းလွန်းတယ် ၊ မျိုးဆက်တိုင်းမှာ တိုက်ရိုက်မျိုးဆက်အားလုံးက ဘယ်လိုလုပ်ပြီး ဒြပ်စင်စွမ်းအားအရှင်သခင်တွေ ဖြစ်လာနိုင်မှာလဲ ၊ နန်းမြို့တော်မှာရှိတဲ့ ပင်မခုန်အိမ်တော်ကလူတွေတောင် အဲဒီလိုကိစ္စမျိုး အိပ်မက်မက်လို့မရဘူး ၊ ဒါပေမဲ့ ငါတို့အိမ်တော်ကတော့... ဘာပဲပြောပြော အောင်မြင်ခဲ့တယ်လို့ ပြောရမှာပဲ”
သူက တုန်ယင်သည့်လက်များဖြင့် ခုန်မင်ရေးဆွဲထားသည့် မြေပုံအား ခပ်လေးလေးတစ်ချက်ပုတ်လိုက်သည်။
ထို့နောက် အလေးအနက်ထားသည့်လေသံဖြင့်...
“ဘာလို့ ဒီလိုဖြစ်ရလဲဆိုတော့... အရမ်းကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေလို့ပဲ ၊ ပြီးတော့ အဲဒီလျှို့ဝှက်ချက်က တောရိုင်းဒေသမှာ တည်ရှိနေတယ်”
ဖခင်ဖြစ်သူ၏စကားကိုနားထောင်ရင် ခုန်မင်နှင့် ခုန်ကျောင်းတို့၏ မျက်နှာများ တည်ကြည်လေးနက်သွားကြသည်။
သူတို့ဖခင် ထုတ်ဖော်ပြောမည့်အရာသည် ခုန်အိမ်တော်၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ဖြစ်သည်ကို သူတို့ သိရှိကြသည်။
ခုန်ကျွင်းက ဝမ်းနည်းပူဆွေးဟန်ဖြင့် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြန်သည်။
“ဒီလျှို့ဝှက်ချက်က ငါတို့ ခုန်အိမ်တော်ရဲ့ တိုက်ရိုက်မျိုးဆက်တိုင်းကို ဒြပ်စင်စွမ်းအားအရှင်သခင် ဖြစ်စေနိုင်ခဲ့တဲ့ အကြောင်းရင်းပဲ... တစ်ချိန်တည်းမှာပဲ ဒီလျှို့ဝှက်ချက်ကြောင့် ငါတို့တွေ လုံးဝမျိုးဆက်ပြတ်တောက်လုနီးပါးဖြစ်ခဲ့ရတယ် ၊ ဒါကြောင့် ဒီနေ့မှာ ငါတို့(၃)ယောက်ပဲ ကျန်ရစ်ခဲ့ရတာပဲ”
“တောရိုင်းဒေသက အဆုံးမရှိကျယ်ပြန့်တယ် ၊ အဲဒီထဲမှာ ဖုံးကွယ်ထားတဲ့ နေရာတွေလည်း အများကြီးရှိတယ် ၊ ဒါပေမဲ့ ငါတို့ခုန်အိမ်တော်ပဲသိတဲ့ နေရာတစ်ခုလည်းရှိနေတယ် ၊ တောရိုင်းဒေသက မျိုးနွယ်စုတွေ ၊ အစွမ်းထက်ဆုံး ထိပ်တန်းမှော်ဝင်သားရဲတွေတောင်မှ ဒီလျှို့ဝှက်ဆန်းကျယ်တဲ့နေရာကို မသိကြဘူး ၊ သိရင်တောင်မှ သူတို့အနေနဲ့ ဘယ်တော့မှ အဲဒီနေရာကို ချဉ်းကပ်နိုင်မှာမဟုတ်ဘူး ၊ အထဲဝင်ဖို့ဆိုတာတော့ ဝေလာဝေးပဲ...”
ပြောပြီးသည်နှင့် ခုန်သခင်ကြီးက စားပွဲထက်မှမြေပုံအား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ထို့နောက် အလွန်လေးနက်သည့်လေသံဖြင့် စကားတစ်လုံးချင်းဆိုလာလေသည်။
“အဲဒီနေရာက... တောရိုင်းဒေသရဲ့ အတွင်းပိုင်း အနက်ရှိုင်းဆုံးမှာရှိတဲ့ မြူခိုးသစ်တောပဲ...”