← Chapters

မူလကောင်းကင်ကျမ်းစာဖြင့်ခြေရာခံခြင်း

Vol. 111 Ch. 1548

မူလကောင်းကင်ကျမ်းစာဖြင့်ခြေရာခံခြင်း

Vol. 111 Ch. 1548

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်း ၊ အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံ၊ ပြီးတော့ အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်များကြားမှတိုက်ပွဲများ ယခုထိဆက်ရှိနေခြင်းက ရန်ကျောက်ကဲနှင့် အပေါင်းပါများအတွက် ဝမ်းသာစရာကိစ္စပင်။

ဟုတ်ပေ၏။

စောစောက ပိုင်တောင်းပြောသလိုပင် သူတို့စစ်ပွဲ ဘယ်အချိန်ပြီးဆုံးမည်လဲဆိုသည်က ခန့်မှန်းမရနိုင်သည့်ကိစ်စပင်။

ရန်ကျောက်ကဲက...

“ငါတို့ လုပ်သင့်တာကို လုပ်ကြတာပေါ့”

ထို့နောက် သူက သက်ပြင်းတစ်ချက်ချရင်း ချောင်ကျယ်ကိုပြောလိုက်သည်။

“အကြီးအကဲရဲ့အချိန်တွေကို အများကြီးယူမိသွားတာ ခွင့်လွှတ်ပါ ၊ ဒီနေ့က အကြီးအကဲရဲ့ နေ့ပါပဲ ၊ အစကတည်းက ကျွန်တော်တို့ညီအစ်ကိုတွေက အကြီးအကဲကို ဂုဏ်ပြုဖို့ရောက်လာကြတာပါ”

ချောင်ကျယ်က ခေါင်းခါရမ်းလိုက်သည်။

"ကိစ္စမရှိပါဘူး"

ထို့နောက် ရန်ကျောက်ကဲက စကားဝိုင်းကိုအဆုံးသတ်လိုက်ပြီး ချောင်ကျယ်ကတော့ အပြင်ဘက်သို့သွားကာ အခြားဧည့်သည်များကို ဧည့်ခံရန် ပြင်ဆင်လိုက်သည်။

ရန်ကျောက်ကဲကတော့ အပြင်သို့မထွက်တော့ပေ။ လူအများ အာရုံစိုက်မခံချင်သောကြောင့် ဖြစ်၏။

ကောင်းရွှယ်ပေါ်က ရန်ကျောက်ကဲအနား လမ်းလျှောက်လာပြီး...

“လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ငါ့အဖေနဲ့အမေ တံခါးပိတ်ကျင့်ကြံရာက ထွက်လာတယ် ၊ အစီအရင်က ရလဒ်တစ်ခုခုပေါ်လာတာနဲ့ အချိန်မရွေး လှုပ်ရှားလို့ရတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

"ဂိုဏ်းတူအစ်မ'ယွီ'ရဲ့ အခြေအနေ ဘယ်လိုရှိလဲ ၊ ကျွန်တော်လည်း ဒီရက်ပိုင်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို မလာဖြစ်လို့”

"အခုထိ သတိမေ့နေတုန်းပဲ"

ကောင်းရွှယ်ပေါ် သက်ပြင်းချလိုက်သည်။

“သူ့ဒဏ်ရာက အရမ်းပြင်းထန်တယ်လေ ၊ မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းက တခြားသူတွေကို ရက်ရက်စက်စက် သုတ်သင်နိုင်ပေမယ့်... အဲဒီအချိန်တုန်းက ရှောင်ယဲ့ရဲ့အခြေအနေကြောင့် သူ့ကိုယ်သူပြန်ပြီး ထိခိုက်မိသွားတယ် ၊ ဒါကြောင့် ပြန်သက်သာလာဖို့ ခက်ခဲနေတာပဲ”

ရန်ကျောက်ကဲလည်း သက်ပြင်းချလိုက်မိသည်။ ထိုအကြောင်းကို သူလည်း သိထားပြီးသားပင်။

သို့ပေသိ ယွီယဲ့၏ဒဏ်ရာများ မည်မျှပင်ဆိုးရွားပါစေ ယခင်က ယင်ယွီကျန်းရရှိခဲ့သည့်ဒဏ်ရာလောက်တော့ ဆိုးရွားမည် မဟုတ်ပေ။

ကောင်းရွှယ်ပေါ်ကို အားပေးစကားဆိုပြီးသည့်နောက် ရန်ကျောက်ကဲက အခြားသူများထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။

ပြီးမှ သူက ထိုင်ခုံတွင်ပြန်ထိုင်လိုက်ပြီး မျက်လုံးများကို အသာမှေးမှိတ်လိုက်၏။

ရန်ကျောက်ကဲ မျက်လုံးမှိတ်လိုက်သည်နှင့် မူလက လင်းထိန်နေသောအခန်းက ရုတ်တရက် ဝေဝါးသွားသည်။ အခန်းပတ်ဝန်းကျင်သည်လည် ဗလာနယ်တစ်ခုပမာ တဖြည်းဖြည်း မှုန်ဝါးသွားသည်။

မြင်ကွင်းက မှုန်ဝါးသွားသည်နှင့် ရန်ကျောက်ကဲက မှိတ်ထားသည့်မျက်ဝန်းများကို ပြန်ဖွင့်လိုက်သည်။

သူ မျက်လုံးဖွင့်လိုက်သည့်တိုင် အခန်းက မူလအတိုင်း လင်းထိန်နေခြင်းမရှိတော့ဘဲ မှောင်မိုက်နေပြီး ၊ အမှောင်ထုထဲတွင် အလင်းစက်လေးတစ်ခုသာ တောက်ပနေသည်။

ထိုအလင်းစက်လေးက ညအမှောင်ထဲတွင် တောက်ပနေသည့် ဖယောင်းတိုင်တစ်ခုပမာ အလွန်အားနည်းနေပြီး အချိန်မရွေးငြိမ်းသွားတော့မည့်အလား တုန်ခါလို့နေသည်။

ရန်ကျောက်ကဲက အမှောင်ထုကိုအကဲခတ်လိုက်ပြီးနောက် မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး...

“ဘာသဲလွန်စမှမရှိဘဲ ရှာဖွေနေရတာ အလကားပဲ ၊ ငါတို့ သဲလွန်စတစ်ခု လိုအပ်တယ်”

လွန်ခဲ့သည့်နှစ်များအတွင်း ရန်ကျောက်ကဲက မူလကောင်းကင်ကျမ်းစာ(၁၀)စောင်၏ ကနဦးကောင်းကင်ကျမ်းစာ(၃)စောင်ထဲမှ အထင်ရှားဆုံးဖြစ်သော “မူလ‌ကောင်းကင်ကျမ်းစာ” ကို ကျင့်ကြံခဲ့သည်။

အခြားသော ကောင်းကင်ကျမ်းစာ(၉)စောင်ဖြင့် ပေါင်းစပ်လိုက်သည့်အခါ ရန်ကျောက်ကဲ၏ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာက ပိုမိုတိုးတက်လာခဲ့သည်။

မူလကောင်းကင်ကျမ်းစာကို ပိုမိုလေ့လာလေ ရန်ကျောက်ကဲက သူ၏ဦးခေါင်းထက်မှာရှိသော မမြင်နိုင်သည့်မျက်နှာကျက်ဖြင့် ပိုမိုနီးကပ်လာသည်ဟု ခံစားရလေ ဖြစ်သည်။

သူ၏ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ မူလကောင်းကင်ကျမ်းစာ၏ အကျိုးသက်ရောက်မှုက ပိုမိုအားကောင်းလာလေ ဖြစ်သည်။

သို့သော် မူလကောင်းကင်ကျမ်းစာက အရာအားလုံးကို တတ်စွမ်းသိမြင်နိုင်သည်တော့ မဟုတ်ပေ။

ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားလာလေ ထိုခံစားချက်က သူ့အတွက် ပိုပြီးသိသာထင်ရှားလာလေပင်။ မဟုတ်ပါက ကောင်းကင်နတ်ဘုရားအဆင့်ရှိသော ယွင်ကျုန်းကျီ အသက်ဆုံးရှုံးရမည် မဟုတ်ပေ။

သိုင်းကျင့်ကြံသူများ ကျင့်ကြံခြင်းအဆင့် ပိုမိုမြင့်မားလလေ သူတို့အောက်မှတည်ရှိမှုများကို ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်လာလေ ဖြစသည်။

သူတို့၏ ဓာတ်ရောင်ခြည်မျက်ဝန်းများမှ ပုန်းကွယ်နိုင်သည့်လျှို့ဝှက်ချက်ဆို၍ မရှိနိုင်ပေ။ နားလည်ရန်ရှုပ်ထွေးလှသည့်ကိစ္စရပ်များအားလုံးကို သူတို့ကတော့ ရှင်းလင်းစွာ နားလည်နိုင်စွမ်း ရှိလာသည်။

သို့သော် ကျင့်ကြံခြင်းအဆင့်မြင့်သူများအတွက် တန်ဖိုးရှိသောပစ္စည်းများသည်လည်း နည်းပါးလာသည်မှာ သဘာဝပင်။

ယခု ရန်ကျောက်ကဲ အာရုံစိုက်နေသည့် နတ်ဘုရားသုတ်သင်ဓားနှင့် နတ်ဘုရားအဆုံးသတ်ဓားကဲ့သို့ တည်ရှိမှုများကတော့ ရှာဖွေရန် အလွန်ခက်ခဲလှသည်။

မူလကောင်းကင်ကျမ်းစာက သေးငယ်သည့် သဲလွန်စကိုပင်ဖမ်းယူနိုင်ပြီး လိုက်လံရှာဖွေနိုင်သောစွမ်းအား ရှိလေသည်။ ထိုကျမ်းစာ၏တန်ခိုးစွမ်းအားမှ မည်သည့်အရာမှ ပြေးမလွတ်နိုင်ပေ။

သို့သော် နတ်ဘုရားသုတ်သင်ဓား(၄)လက် ကဲ့သို့သော တည်ရှိမှုများကတော့ စကြာဝဠာအာကာသထဲမှ သဲလွန်စများကိုပင် ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။

“ဒါပေမဲ့ မူလကောင်းကင်ကျမ်းစာကို သုံးတာတောင်မှ အကျိုးသက်ရောက်မှုက အတော်အားနည်းတာပဲ”

ရန်ကျောက်ကဲ နားထင်ကိုခပ်ဖွဖွပွတ်သပ်ရင်း မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ မှုန်ဝါးမှုများပျောက်ကွယ်သွားပြီး အခန်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

တဖြည်းဖြည်း အချိန်များကုန်ဆုံးသွားလေသည်။

ရန်ကျောက်ကဲက အခန်းထဲမှာပင် မျက်လုံးမှိတ်တရားထိုင်နေပြီး အပြင်ဘက်ရှိဆူညံသံများ တိတ်ဆိတ်သွားမှသာ အခန်းထဲမှ ထွက်လာခဲ့သည်။

ခဏအကြာမှာတော့ ချောင်ကျယ် ပြန်ရောက်လာလေသည်။

ပိုင်တောင်းနှင့် လျိုကျန်းကူတို့က အနောက်ဘက်ကုန်းမြေနှင့် မြောက်ဘက်ကုန်းမြေသို့ ပြန်သွားကြပြီး ကျန်လူများကတော့ နောက်ပိုင်းမှ ရန်ကျောက်ကဲနှင့်အတူ ကောင်းကင်ဘုံကမ္ဘာ ၊ အလယ်ပိုင်းကုန်းမြေရှိ ဝါဒတောင်တန်းသို့ ပြန်ကြမည်ဖြစ်၏။

အခမ်းအနားပြီးဆုံးသွားသည်နှင့် ချောင်ကျယ်က ရန်ကျောက်ကဲအား ကျင်းထင်တောင်၏ဆရာဘိုးဘိုး ယူဆောင်လာခဲ့သော တောက်ရှင်ထျန်းကျွင်း၏ ကျောက်ဂူအိမ်တော်အပျက်အဆီးများရှိရာသို့ ခေါ်ဆောင်သွားသည်။

ထိုအပျက်အဆီးများက ကျင်းထင်တောင်နှင့် တသားတည်း ပေါင်းစပ်နေပေပြီ။

ထိုအရာက ကျောက်ဂူအိမ်တော်၏ နေရာလေးတစ်ခုမျှသာဖြစ်ပြီး ထိုအရာမှ မည်သည့်ထူးခြားမှုမှ ခံစားရခြင်း မရှိပေ။

သို့သော် ရန်ကျောက်ကဲ၏မျက်ဝန်းများထဲမှာတော့ ကျောက်စိမ်းရောင်ဖျော့ဖျော့အလင်းတန်းများ တောက်ပသွားပြီး သူ၏စိတ်အာရုံထဲတွင် မတူညီသောလောကတစ်ခု၏ မြင်ကွင်းများ ထွက်ပေါ်လာသည်။

ထိုခဏတွင် ရန်ကျောက်ကဲက အချိန်ရေစီးကြောင်းပြင်ပသို့ရောက်ရှိသွားပြီး ရေစီးကြေင်းဆန့်ကျင်ဘက်သို့ ကူးခတ်နေသည့်ပမာ ခံစားလိုက်ရသည်။

ရေလှိုင်းများက သူ့မျက်လုံးရှေ့တွင် တလက်လက်တောက်ပနေပြီး များပြားလှစွာသော ရုပ်ပုံများက သူ့ဘေးမှ အလွန်လျှင်မြန်စွာ ဖြတ်သန်းသွားကြသည်။

အချိန်ကိုပြောင်းပြန်လှန်လိုက်သည့်ပမာ ရန်ကျောက်ကဲက မဟာကပ်ဘေးအချိန်ကာလဆီသို့ ပြန်ရောက်သွားခဲ့သည်။

မြင်ကွင်းများပြောင်းလဲသွားသည့်အခါ သူ့မျက်ဝန်းရှေ့တွင် လှပသည့်တောင်တစ်တောင် ထွက်ပေါ်လာလေသည်။

"ကျင်းထင်တောင် ၊ ကျောက်စိမ်းရိပ်ငြိမ်အိမ်တော်ပဲ"

ဤသည်က မဟာကပ်ဘေးကြီးမတိုင်ခင်က တောက်ရှင်ထျန်းကျွင်းနေထိုင်ခဲ့သော ကျောက်ဂူအိမ်တော်ဖြစ်ကြေင်း ရန်ကျောက်ကဲ ချကချင်းသိလိုက်၏။

သို့သော် မကြာခင်မှာပင် ရန်ကျောက်ကဲစိတ်ထဲစွဲထင်နေသော မဟာကပ်ဘေးကြီး ကျရောက်လာလေသည်။

မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ သိုင်းကျမ်းစာကြည့်တိုက်က မြင်ကွင်းနှင့်လုံးဝ ကွဲပြားနေခဲ့သည်။ ယခုမြင်ကွင်းက သူထင်ထားသည်ထက် အများကြီးပိုပြီး ဝမ်းနည်းကြေကွဲစရာ ကောင်းနေခဲ့သည်။

ကောင်းကင်က ကြွေပန်းကန်တစ်ချပ်ပမာ ကွဲကြေသွားပြီး မြေပြင်သည်လည်း ဖုန်မှုန့်များပမာ ပြိုလဲသွားသည်။

မငြိမ်သက်မှုများကြားတွင် သွေးချောင်းစီးနေသည်ကိုမတွေ့ရသည့်တိုင် သန်းနှင့်ချီသည့် သက်ရှိများ ပျောက်ကွယ်သွားခဲ့ကြသည်။

အလင်းတန်းများက ဗလာနယ်ထဲတွင် တောက်ပနေသည်ဖြစ်ရာ ရန်ကျောက်ကဲက အရာအားလုံးကို ရှင်းလင်းစွာ မတွေ့မြင်ရပေ။

သို့သော် ထိုအလင်းတန်းများကြားတွင် အကြည့်အချို့ ရှိနေလေသည်။

သူတို့က ရန်‌ကျောက်ကဲအား စူးစိုက်ကြည့်နေကြသည်။ ပြောင်းပြန်လှန်ထားသည့် အချိန်နှင့် နေရာတွင်ရှိနေသော သူ့ကို စူးစိုက်ကြည့်နေကြသည်။

"ကောင်းကင်နတ်ဘုရားအဆင့်"

ရန်ကျောက်ကဲက လုံးဝ အံ့သြသွားခြင်းမရှိပေ။

သူက ဘာကိုမှ အတင်းအကျပ်မလုပ်ဘဲ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျင်းထင်တောင် ၊ ကျောက်စိမ်းရိပ်ငြိမ်အိမ်တော်တွင် ဖြစ်ပျက်နေသည့်ပြောင်းလဲမှုများကိုသာ အာရုံစိုက်လိုက်သည်။

သူ မည်သည့်လုပ်ဆောင်ချက်ကိုမှ မတွေ့မြင်ရပေ။

တိုက်ပွဲမြင်ကွင်များကို မတွေ့မြင်ရ ၊ ဖျက်ဆီးမှုပြုလုပ်သူကို မတွေ့မြင်ရ ၊ တောက်ရှင်ထျန်းကျွင်းကိုလည်း မတွေ့မြင်ရပေ။

နောက်ဆုံးတော့ နတ်ဘုရားအဆုံးသတ်ဓားကိုလည်း တွေ့မြင်ရခြင်း မရှိပေ။

သိုသော် မြင့်မြတ်လှပသည့်နေရာများ တဖြည်းဖြည်း ပျက်ဆီးယိုယွင်း ပြောင်းလဲသွားသည်ကို သူ တွေ့မြင်နေခဲ့ရသည်။

လောကသုံးပါးကိုပင် ပြိုလဲစေခဲ့သည့် မဟာကပ်ဘေးကြီးအောက်တွင် အပျက်အဆီးများသည်ပင် တဖြည်းဖြည်းပြိုကွဲသွားပြီး အပိုင်းအစလေးများအဖြစ်သာ ကျန်ရစ်တော့သည်။

နားမလည်နိုင်သည့် အလင်းတန်းများလည်း ပျောက်ကွယ်သွားပြီး ရန်ကျောက်ကဲ၏မျက်စိရှေ့တွင် ဟင်းလင်းပြင်ကြီးသာ ကျန်ရှိနေလေသည်။

ရန်ကျောက်ကဲက အခြားအရာများကို အာရုံမစိုက်ဘဲ အပျက်အဆီးများကိုသာ အာရုံစိုက်လိုက်သည်။

အပျက်အဆီးအပိုင်းအစများ လေထုထဲလွင့်စင်သွားသည့်အခါ ရန်ကျောက်ကဲကိုယ်တိုင်သည်လည်း ထိုအပိုင်းအဆများထဲတွင် ရှိနေသလို ခံစားနေရသည်။

ထို့နောက် အပျက်အဆီးများက သူနှင့် ပို၍ပို၍ ဝေးကွာသွားလေသည်။

ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားပြီး သူက အပျက်အဆီးအကြွင်းအကျန်များကို စူးစိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူ့မျက်လုံးများကို အလင်းရောင်များဖုံးကွယ်သွားပြီး အချိန်ရေစီးကြောင်းထဲ ပြန်လည်နစ်မြုပ်သွားသလို ခံစားလိုက်ရ၏။

ရန်ကျောက်ကဲ သတိပြန်ဝင်လာပြီး မျက်လုံးများကို မှိတ်လိုက်ဖွင့်လိုက်လုပ်လိုက်သည်။ သူ့မျက်လုံးများထဲမှ ကျောက်စိမ်းရောင်အလင်းများ ပျောက်ကွယ်သွားခဲ့ပေပြီ။

သူ၏လုပ်ရပ်ကိုမြင်တော့ ချောင်ကျယ်က မေးလိုက်သည်။

"ဘယ်လိုလဲ"

"ကျွန်တော် တောက်ရှင်ထျန်းကျွင်းနဲ့ နတ်ဘုရားအဆုံးသတ်ဓားကို မမြင်ရဘူး ၊ ဒါပေမဲ့..."

ရန်ကျောက်ကဲက ခဏမျှငြိမ်သက်သွားပြီးမှ...

“သူလည်း တာအိုဆရာ’ယွိတင်’ လိုပဲ မဟာကပ်ဘေးကြီးထဲမှာ သေဆုံးသွားပြီထင်တယ်”

သူက ဆက်ပြောလိုက်သည်။

“နည်းနည်းပါးပါးတော့ သိလိုက်ရတယ် ၊ နတ်ဘုရားအဆုံးသတ်ဓားကို တိုက်ရိုက်ရှာဖွေနိုင်မှာတော့ မဟုတ်ပေမယ့်... အဲဒီနေရာတွေကို ကျွန်တော်တို့ ရှာဖွေနိုင်မယ်ဆိုရင် တောက်ရှင်ထျန်းကျွင်းရဲ့ ရုပ်အလောင်းကို ရှာတွေ့နိုင်မယ် ၊ ဒါဆို နတ်ဘုရားအဆုံးသတ်ဓားကိုရှာဖွေရာမှာ အထောက်အကူဖြစ်နိုင်သလို ကျွန်တော်တို့အစီအရင်အတွက်လည်း အကျိုးရှိနိုင်မယ်”

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်လိုက်သည်။

“အစီအစဉ်အရဆိုရင်တော့... နတ်ဘုရားသုတ်သင်ဓားကို အရင်ရှာဖို့ ကြိုးစားကြည့်တာပေါ့ ၊ အဲဒီကနေ သဲလွန်စတွေရခဲ့ရတော့ တောက်ရှင်ထျန်းကျွင်းရဲ့ ရုပ်ကြွင်းကို ရှာဖွေကြည့်ရမယ်”

All Chapters